၂၀၂၆ ၊ ဧပြီ ၉
လာမည့်စာသင်နှစ်အတွင်း သီပေါဒေသတွင် အစိုးရစာသင်ကျောင်းများ အပြည့်အ၀ မဖွင့်နိုင်လျှင် ကိုးကန့်အဖွဲ့က ၎င်းတို့၏ စာသင်ကျောင်းများ လာရောက်ဖွင့်လှစ်မည်ဟူသော သတင်းများနှင့်ပတ်သက်၍ ကျားဖြူပါတီ၊ သီပေါမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် စိုင်းကောင်းသက်စံအား တွေ့ဆုံ မေးမြန်းထားသည်ကို ရေးသားဖော်ပြလိုက်ပါသည်။
TREND ။ ။ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အစိုးရစာသင်ကျောင်းတွေနေရာမှာ အစား ထိုးလာရောက် ဖွင့်လှစ်မယ်ဆိုရင် ဘယ်လိုပြဿနာ တွေရှိနိုင်လဲ။
SKTS ။ ။ အဓိကကတော့ ယဉ်ကျေးမှု (Culture) လေးတွေ။ ကျွန်တော်တို့ရဲ့ မြန်မာ့ဓလေ့ ယဉ်ကျေးမှု(Culture) လေးတွေ ပျောက်သွားမယ်။ တိုင်းရင်းသားဓလေ့၊ ရိုးရာဓလေ့တွေ ပျောက်သွားမယ်။ ဘယ်လို သင်ရိုးညွှန်းတမ်းနဲ့ သင်မှာလဲ။ မြန်မာ့သင်ရိုး ညွှန်းတမ်းကတော့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ အချက် သုံးချက်အပေါ် မူတည်တယ်။ သူတို့ သင်ရိုးညွှန်းတမ်းက ဘယ်လိုပုံစံရှိသလဲ။ ဘယ်လောက် အတိုင်းအတာအထိ သွားနိုင်လဲ။ ဘယ်သူတွေက အသိအမှတ်ပြုမှာလဲ ဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။
TREND ။ ။ အရင်တုန်းကရော အဲဒီလို လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုက သီပေါဒေသမှာ စာသင်ကျောင်း ဖွင့်ခဲ့ဖူးတဲ့ အစဉ်အလာရှိလား။
SKTS ။ ။ မရှိပါဘူး။ သီပေါမြို့နယ်မှာ ကျွန်တော်တို့ သက်တမ်းတစ်လျှောက် ၂၀၁၀ ကနေ ဒီအချိန်အထိက အဲဒီလိုဖွင့်တာတော့ တစ်ခုမှ မရှိပါဘူး။
TREND ။ ။ ကိုးကန့်က စာသင်ကျောင်းဖွင့် မယ်လို့ အသံလွှင့်တယ်။ တခြားသော လက်နက်ကိုင်တွေကရော ကျေနပ်မှုရှိပါ့မလား။ ပဋိပက္ခအသွင်ဆောင် သွားနိုင်လား။
SKTS ။ ။ ဖြစ်လာနိုင်တာပေါ့။ သူတို့ကျတော့ ဖွင့်လို့ရတယ်။ ငါတို့ကျ ဖွင့်လို့မရဘူး ဆိုတာမျိုး။ ကျွန်တော်တို့မြို့က လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့ရှိတာကိုး။ တစ်ယောက်လုပ်လို့ နောက်တစ် ယောက်က ထပ်လုပ်မယ်ဆိုရင် ကျွန်တော်တို့က စိုးရိမ်စရာကောင်း သွားတာပေါ့။ ဒီအပေါ်မှာတော့ ပဋိပက္ခ အသွင်ဆောင် သွားမှာတွေ။ တခြားသော မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာတွေ စိုးရိမ်မိ ပါတယ်။
TREND ။ ။ ဒေသတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်တဲ့ ကျောင်းပေါင်း ဘယ်လောက်ရှိလဲ။
SKTS ။ ။ အားလုံးပေါင်း ၁၄၀ ကျော်ရှိတယ်။ ဖွင့်လှစ်နိုင်တာ ဆယ်ဂဏန်းကျော်ကျော်ပဲ ရှိပါတယ်။ စာရင်းကတော့ လွှတ်တော်ကို တင်ထားပါတယ်။ ဖွင့်နိုင်တဲ့ကျောင်း၊ မဖွင့်နိုင်တဲ့ ကျောင်းဆိုပြီး ဇယားနဲ့ တင်ထားပါတယ်။

TREND ။ ။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပညာရေးနယ်ပယ် ထိခိုက်ခံစားခဲ့ရတဲ့ ကလေးတွေအတွက် အစိုးရကို ဘာများလုပ်ပေးစေချင်တာရှိလဲ။
SKTS ။ ။ အဓိကကတော့ ကြယ်ပွင့်ပြမေးခွန်းအဖြစ် တင်ထားပါတယ်။ လာမယ့် ပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေကို အခုထက်ပို ဖွင့်လှစ်နိုင်အောင်ပေါ့။ အခုဆိုရင် ကျောင်းသားဦးရေ ၇၀၀၀ ကျော်ရှိတယ်။ ဆရာ၊ ဆရာမ အင်အားနဲ့ ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်နိုင်မှသာလျှင် ကျွန်တော်တို့ ဒေသကအခြေအနေ ကောင်းမယ်။ တကယ်လို့ စာသင်ကျောင်းတွေပိတ်ထားရမယ်။ မပြည့်စုံဘူးဆိုရင် ကျွန်တော် တို့ဒေသက လူမူစီးပွားထိခိုက်စရာတွေ အများကြီးရှိတယ်။ ကျောင်းနေရမယ့်အရွယ်မှာ ကလေးတွေက ကျောင်းမနေရဘဲ ပြင်ပကို ထွက်သွားရမယ်။ လောင်းကစား၊ မူးယစ်ဆေး နွှယ်သွားတယ်။ ဒါတွေ မဖြစ် စေချင်ဘူး။ အစိုးရကို လာမယ့်ပညာသင်နှစ်မှာ ကျောင်းတွေတိုး ဖွင့်နိုင်အောင် ဆရာဆရာမအင်အား၊ ဝန်ထမ်းအင်အား အလုံအလောက် ချထား စီမံချထားပေးဖို့ တောင်းဆို ချင်ပါတယ်။
TREND ။ ။ အခုလွှတ်တော်မှာ တိုင်းနဲ့ပြည် နယ်အသီးသီးမှာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ခံစားနေရတယ်။ နယ် စပ်ဂိတ်တွေ လုံခြုံရေးအရ ပိတ်ထားရတာမျိုးလည်း ရှိတယ်လို့ ကြားသိရတယ်။ သီပေါဒေသက သီပေါတံတားကလည်း ကုန်စည်စီးဆင်းမှုကဏ္ဍမှာ အချက်အချာကျတယ်လို့ သိရတယ်။ သီပေါတံတားကို ဖွင့်မယ်ဆိုရင် ဘယ်လိုအန္တရာယ်ရှိမလဲ။ မဖွင့်ဘဲထားရင်ရော ဘယ်လို အခက်အခဲရှိနိုင်လဲ။
SKTS ။ ။ လက်ရှိ သီပေါတံတားကြီး ပိတ်ထားတာကတော့ အမြင်ရှုထောင့် နှစ်မျိုး ရှိတယ်။ တချို့ က ဒါကိုဆန့်ကျင်ဘက် အမြင်နဲ့မြင်တယ်။ တချို့က ဒါကို အရှိတိုင်းမြင်တယ်။ ကျွန်တော်ကတော့ ပိတ်ထားတာက လုံခြုံရေးဆိုင်ရာ ကိစ္စကြောင့် ပိတ်ထားတယ်လို့ နားလည်ထားတယ်။ ဖြစ်နိုင်ရင်တော့ ဖွင့်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ သီပါတံတားဖွင့်လိုက်ရင် မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင် စုလမ်းမကြီး ကုန်စည်စီးဆင်းမှု ကောင်းသွားမယ်။ ကုန်ဈေးနှုန်းတွေလည်း တော်တော်ကျသွားမယ်။ ပြီးတော့ ကျွန်တော်တို့မြို့က ခရီးသွား Toursim အပေါ် မှီခိုတဲ့ မြို့ဖြစ်ပါတယ်။ ခရီးသွားလာမှသာ ကျွန်တော်တို့မြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက လည်ပတ်လို့ရမှာပါ။ ဒါကြောင့် သီပေါတံတားကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံးဖွင့် လှစ်နိုင်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။
TREND ။ ။ သီပေါတံတား ပိတ်ထားတဲ့အတွက် တခြားသောလမ်းကြောင်းတွေက မှောင်ခိုလမ်း တွေဖြစ်ပြီး အဲဒီအပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေက အကျိုးအမြတ်တွေ ရနေတယ်လို့လည်း သိရတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။
SKTS ။ ။ တံတားပိတ်ထားတော့ အရင်ဆုံးတော့ ကုန်ဈေးနှုန်းပေါ့ဗျာ။ တရားမဝင်ကုန် တားချင်စိတ်နဲ့ ပိတ်တယ်။ သို့သော် ဘယ်လိုပဲပိတ်ပိတ် လားရှိုးဘက်က ကွေကွင်းသွားပြီးတော့ မန္တလေးအထိကို နည်းမျိုးစုံနဲ့ ရောက်တယ်။ နိုင်ငံတော်ရဲ့ အခွန်ဝင်ငွေတွေ ဆုံးရှုံးပါတယ်။ ဒါ့အပြင် ကုန်ကားသမား တွေရဲ့ဘ၀ အခန့်မသင့်ရင် အဖမ်းခံရတာတွေ၊ ခြိမ်းခြောက်မှုတွေ အများကြီး ကြုံရပါတယ်။ ဒီအပေါ်မှာ သီပေါတံတားပိတ်ခြင်း၊ မပိတ်ခြင်းဆိုတာထက် ကျွန်တော်တို့က ကုန်စည်စီးဆင်းမှုကို မြန်ဆန်စေချင်တယ်။ ဒါမှသာ ဒေသဖွံ့ဖြိုးတိုးတက်မယ်။ မှောင်ခိုဈေးကွက်လည်း ပျောက်သွားလိမ့်မယ်။ မဟုတ်ဘူးဆိုရင် မှောင်ခိုဈေးကွက်ကြီးက ကြီးထွားပြီးတော့ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုအတွက် စားပေါက်တစ် ခုခု ဖြစ်ပြီးတော့ ပြည်သူကို လည်ပင်းညှစ်တာနဲ့ အတူတူဖြစ်နေမယ်။
TREND ။ ။ ရှမ်းမြောက်ဒေသမှာ သူတစ်လူ ငါတစ်မင်းဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ဘာများပြောချင်လဲ။
SKTS ။ ။ အဓိကကတော့ ကျွန်တော်တို့ တည်ငြိမ်အေးချမ်းရေးကို လိုလားပါတယ်။ တည်ငြိမ် လာတာ လသားလေးပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ မြို့မှာ အေးအေးချမ်းချမ်း နေချင်တယ်။ အားလုံး ချစ်ချစ်ခင်ခင်ပဲ သွားချင်ပါတယ်။ ပဋိပက္ခတွေလည်း မလိုလား ပါဘူး။ ဖျက်ဆီးလိုက်တာက လေးနာရီ လောက်ပဲ ကြာပါတယ်။ ပြန်တည်ဆောက်ရမှာက ငါးနှစ်က တော်တော်လေးကို အချိန်ယူရပါတယ်။
TREND ။ ။ အခုလက်ရှိ စက်သုံးဆီဈေး မြင့်တက်နေတော့ ဒီဇယ်ဆီနဲ့ လျှပ်စစ်မီးရဖို့ လည်ပတ်ရတာ ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေမလား။
SKTS ။ ။ ပိုပြီး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟိုတစ်နေ့က စွမ်းအင်ဝန်ကြီးဌာနက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။ အောက်ခြေ သီပေါမြို့နယ်က ဌာနဆိုင်ရာတွေ တင်ပြချက်မှာ သီပေါ မြို့အတွက်က စက်သုံးဆီ ခွဲတမ်းမရပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်းအောက်ကို ကျရောက်တဲ့အတွက် စက်သုံးဆီကို ပြီးခဲ့တဲ့ ကာလတွေမှာ ဖြတ်တောက်ထားခဲ့တယ်။ အဲဒီဟာက အခုထက်ထိ မပယ်ဖျက်သေးတဲ့ အခါကျတော့ သီပေါမြို့အတွက်က ခွဲတမ်းမရဘဲနဲ့ ရတဲ့ဆိုင်ကနေ ခွဲပြီးရောင်းနေရတာ ဖြစ်တဲ့အတွက် စက်သုံးဆီက မလုံလောက်ဘူး။ ဒီအတွက် ဝန်ကြီးဌာနကို သွားပြီးတော့ သီပေါ မြို့နယ်အတွက် စက်သုံးဆီခွဲတမ်း ရရှိအောင် BOC ရယ်၊ Regency ဆိုင်နှစ်ဆိုင်ကို စက်သုံးဆီ ခွဲတမ်းရမှ သာလျှင် ဆေးရုံက မီးစက်လည်း လည်ပတ်နိုင်မယ်။ မြို့ကို သုံးနာရီခြားတစ်ခါ ပေးနေတဲ့ မီးစက်တွေလည်း လည် ပတ်နိုင်မှာ ဖြစ်တဲ့အတွက် သွားပြီးတော့ တင်ပြထားတာလေးတွေ ရှိပါတယ်။
TREND ။ ။ လျှပ်စစ်မီးရဖို့ ဘာကြောင့် အဲဒီလောက်အထိ ကြာနေတာလဲ။ ကြားမှာ ဘယ်လိုအခက်အခဲတွေရှိနေတာလဲ။
SKTS ။ ။ လျှပ်စစ်ဝန်ကြီးဌာနကလည်း ကျွန်တော်တို့ကို ပြန်ပြီးဖြေပါတယ်။ မြို့တွင်းလိုင်းက အဆင်ပြေတယ်။ အဓိက မဟာဓာတ်အားလိုင်းကို ချိတ်ဆက်နိုင်ဖို့ပါ။ အဲဒီနေရာက လက်ရှိ အစိုးရထိန်းချုပ်မှု မရှိသေးတဲ့ဒေသ ဖြစ်နေတယ်။ ဒီဓာတ်အားပေးစက်ရုံက လက်နက် ကိုင်အဖွဲ့အစည်းအောက်မှာ ရှိနေတယ်။ အဲဒီတစ်ခုကို ချိတ်ဆက်နိုင်ဖို့ တော်တော်လေးတော့ ညှိနှိုင်းယူရမယ့် အနေအထားမှာ ရှိပါတယ်။
TREND ။ ။ ရှမ်းမြောက်ဒေသမှာ မှောင်ခို လမ်းကြောင်းတွေကနေ လက်နက်ကိုင်အဖွဲ့တွေက အကျိုးအမြတ်တွေ ရနေပြီးတော့ ဒေသခံပြည်သူတွေ အတွက် ဘာအကျိုးအမြတ်မှ မရှိတဲ့အပြင် အခန့်မသင့်ရင် ခေါ်ယူစစ်ဆေး၊ ရိုက်နှက်တာမျိုးတွေ မကြာခဏ သတင်းတွေ ကြားသိနေရတယ်။ အဲဒီကိစ္စပြော ပြပါဦး။
SKTS ။ ။ အမှန်ပါပဲ။ ကုန်ကားတွေ မောင်း ကြတယ်။ ယာဉ်နောက်လိုက်တွေ ရှိတယ်။ ပိုက်ဆံက သူတို့အတွက် တစ်နေ့ကို သောင်းဂဏန်းပဲ။ ကားပေါ်မှာ တင်ဆောင်တဲ့ ကုန်ပစ္စည်းအပေါ်မူတည်ပြီး တော့ တချို့ တချို့က ဖမ်းဆီးပြီး ငွေညှစ်တယ်။ တစ်ယောက်ကို သိန်း ၇၀ နဲ့ ပြန်ရွေးခိုင်းတာတို့၊ ကုန်ကားတစ်စီးကို သိန်း ၃၀၀ နဲ့ ပြန်ရွေးခိုင်းတာတို့။ တချို့ဆိုရင် သိန်း ၁၀၀၀ လောက်နဲ့ ပြန်ရွေးခိုင်းတာတို့၊ အဲဒီ အဖြစ်အပျက်တွေကတော့ အခုထိ ဖြစ်နေဆဲပါ။ ဒီအပေါ်မှာတော့ ကျွန်တော့်အနေနဲ့ကတော့ ဒါကို ရှုတ်ချပါတယ်။ ဘာကြောင့်လဲ။ ဒါက ပြည်သူကို လည်ပင်းညှစ်တာနဲ့ အတူတူပဲ။ ဒီကိစ္စတွေက ဘာကြောင့်ဖြစ်လဲဆိုရင် တရားဝင် နိုင်ငံတော် အခွန်ဆောင်တဲ့ ကုန်သွယ်ရေးလမ်း ကြောင်းတွေ ပြန်ပွင့်မှသာ ဒီဒုက္ခတွေက လွတ်မယ်။ တကယ်လို့ ကုန်သွယ်ရေးလမ်းကြောင်းတွေ မပွင့်သရွေ့ကတော့ မှောင်ခိုက ကြီးထွားပြီးတော့ အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးရနိုင်တဲ့ အနေအထားတွေ ပြီးခဲ့တဲ့ဖြစ်စဉ် သီပေါနဲ့ ကျောက်မဲကြားမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ ကုန်ကားသမားဆိုရင် ကျည်တောင်ထိခဲ့တဲ့ အနေအထား ရှိတယ်။ ဒါတွေကို ထပ်ပြီးတော့ မဖြစ်စေချင်တော့ပါဘူး။
TREND ။ ။ တရားမဝင် လုပ်ငန်းတွေ၊ မှောင်ခိုကိစ္စတွေအဓိက ဖြစ်တဲ့နေရာက ဘယ်နေရာလဲ။ ဘယ်သူတွေ ပါဝင်ပတ်သက်နေလဲ။
SKTS ။ ။ သီပေါတံတား ပိတ်ထားတဲ့ အခါကျတော့ ကွင်းလမ်းတွေ ရှိပါတယ်။ ကွင်းလမ်းတွေက သီပေါ-ကျောက်မဲကြား။ ရွာနာ မည်တွေတော့ မပြောလိုပါဘူး။ အဲဒီဒေသတွေမှာ ထိန်းချုပ်ထားတာကတော့ အဖွဲ့အစည်းက ပေါင်းစုံပဲ။ လက်နက်ကိုင် မှန်သမျှက ဒီနေရာမှာ ရှိနေကြတယ်။ ဒီအပေါ်မှာ တရားမဝင် ကုန်စည်အပြင် တခြားသော မမြင်ရတဲ့ အန္တရာယ်တွေ ကြုံလာနိုင်တယ်။ အခု ကျွန်တော်တို့ သီပေါဆိုရင် ကျား ဖျန့်၊ မူးယစ်ဆေးကိစ္စတွေ နာမည်ကြီးနေတယ်။ ဒီဟာတွေကလည်း နောက်ဆက်တွဲ ပြဿနာတွေပါပဲ။ ဒါနဲ့အတူ ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ဘူးဆိုရင် ဒီကိစ္စက ကြီးထွားလာမယ်။ အဓိကတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါက အတွင်းလမ်းတွေ ရှိတယ်။ အတွင်း လမ်းတွေ အပေါ်မှာ အဖွဲ့အစည်းတွေက အမြတ်ထုတ်ပြီးတော့ ကိုယ်ကျိုးရှာတယ်။ မရရင် ဖမ်းတယ်။ ငွေညှစ်တယ်။ ဒီလုပ်ငန်းတွေ တော် တော်များနေပါတယ်။
ကွန်းဈာန်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )