၂၀၂၆ ၊ မတ် ၁၉
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် နိုင်ငံရေးအခင်းအကျင်း၊ လွှတ်တော်အခင်းအကျင်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ သိထားသင့်သည်များ၊ ဆောင်ရန် ရှောင်ရန်တို့နှင့်ပတ်သက်၍ ရွေးကောက်ပွဲ သုံးကြိမ်ခန့် ဖြတ်သန်းခဲ့ဖူးပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်အဖြစ် အစိုးရသက်တမ်းနှစ်ခုတွင် ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သည်။
၂၀၁၅-၂၀၂၀ ခုနှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သက်တမ်းတွင်လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် မကြာခဏ ပွတ်တိုက်မှုများရှိခဲ့သူအဖြစ် ကျော်ကြားခဲ့သူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမယ့် နိုင်ငံရေးအခင်းအကျင်းအပေါ် သုံးသပ်ပြပါဦး။
DSDM ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငါးနှစ်သက်တမ်း ပြည့်သွားပြီဆိုတော့ ရွေးကောက်ပွဲ ကျင်းပပေးတယ်၊ လွှတ်တော်ခေါ်တယ်။ ပြီးရင် အစိုးရသစ် တစ်ရပ်ကို ဖွဲ့မယ်ပေါ့။ ဒါကြောင့်မို့ တပ်မတော်က အာဏာထိန်းထားရတဲ့ အုပ်ချုပ်ရေးကနေပြီးတော့ အရပ်သားအုပ်ချုပ်ရေးနဲ့ အုပ်ချုပ်မယ့် နိုင်ငံတစ်ခုအဖြစ်နဲ့ ပြောင်းလဲတယ်လို့ မြင်ပါတယ်။ အရပ်သားအုပ်ချုပ်ရေးအနေနဲ့ ပြောင်းလဲတာဖြစ်တဲ့အတွက် ဒေသတွင်းအစိုးရတွေရော၊ ကျန်တဲ့ကမ္ဘာ့နိုင်ငံအစိုးရတွေရော လေးစားကြည်ညိုသော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ အရေးကြီးပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဒေသတွင်း နိုင်ငံက ခေါင်းဆောင်ကြီးများကလည်း သိတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးများကလည်း သိတယ်။ အရပ်သားအစိုးရ ဖြစ်လာတယ်ဆိုရင် တကယ့်အရပ်သားပညာ ရှင်တွေ၊ လူငယ်ပညာတတ်တွေ နောက် တပ်မတော်ကနေ အသွင် ပြောင်းလာသော ပုဂ္ဂိုလ်များပါဝင်တဲ့ လူလေးစားခံရတဲ့ အစိုးရတစ်ရပ် ဖြစ်စေချင်ပါတယ်။ အလွှာပေါင်းစုံက ပါဝင်သော လူငယ်တွေလည်း ပါဝင်သော အရပ်သားအစိုးရ ဖြစ်စေချင်ပါတယ်။
TREND ။ ။ နိုင်ငံရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်း ဆောင်ရွက်မှုတွေမှာ ဘယ်လိုအချက်တွေက သတိထားဖို့လိုလဲ။
DSDM ။ ။ ပါတီတွေကတော့ လွှတ်တော်တွင်းမှာ ဆွေးနွေးဖို့ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေက ပါတီရဲ့မူဝါဒကို ဆန့်ကျင်လို့မရဘူး။ ပါတီက ချမှတ်ထားတဲ့ မူဝါဒရှိတယ်။ အဲဒီတော့ ဒီမူဝါဒတွေကို ကျော်လွန်ပြီးတော့ ဆောင်ရွက်လို့ မရဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ဆောင်ရွက်လို့မရဘူး။ သို့သော်လည်း တိုင်းပြည်အတွက်ကို အမှန်တကယ် ဆောင်ရွက်ရမယ်၊ တိုင်းပြည်ရဲ့ မျက်နှာကိုပဲကြည့်ပြီး မှန်မှန်ကန်ကန် ရပ်တည်ပေးဖို့ဆိုတဲ့ဟာက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်တယ်။ ဥပမာ ကျွန်မတို့ဆိုရင် ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့ရတယ်။ အဲဒီ ၂၀၁၂ နောက်ပိုင်းမှာ USDP ကနေပြီးတော့ အရည်အချင်းရှိသော ကိုယ်စားလှယ်များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရတယ်။ အရည်အချင်းရှိစွာနဲ့ တိုင်းပြည်ရဲ့မျက်နှာကိုပဲ ကြည့်ပြီးတော့ ပြောင်မြောက်စွာနဲ့ မေးခွန်းတွေ၊ အဆိုတွေကို တင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များလည်းအများကြီး တွေ့ခဲ့ရတယ်။ အဲဒီလိုပဲ လွှတ်တော်ဥက္ကဋ္ဌကြီးကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးပဲဖြစ်ဖြစ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးပဲဖြစ်ဖြစ် ဘက်လိုက်မှု မရှိဘဲနဲ့ မျှမျှတတ ဆောင်ရွက်ပေးခဲ့တာမျိုးတွေ တွေ့ခဲ့ရတယ်။ ဒါက အရေးကြီးပါတယ်။ လွှတ်တော်တစ်ခုမှာ လွှတ်တော်ဥက္ကဋ္ဌတွေဟာ ဘယ်လိုထိန်းကျောင်းသွားလဲဆိုတာ အရေးကြီးသလို အစိုးရကို ဘယ်လိုထိန်းကျောင်းသလဲဆိုတာက လွှတ်တော်ကိုယ် စားလှယ် တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်ပါတယ်။ တကယ့်ကို ထက်ထက်မြက်မြက်နဲ့ အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ် စားလှယ်ဆိုတာက သူ့မှာ နဂိုပင်ကိုဗီဇရှိထားပြီးသား။ အဲဒီတော့ ဒီလိုလူတွေ ပါလာစေချင်တယ်။ တိုင်းပြည်အတွက် ဒီလိုလူတွေရှိမှသာလျှင် တိုင်းပြည်ရဲ့ အမှန်တကယ်အရွေ့နဲ့ အပြောင်းအလဲ ဖြစ်မယ်လို့ မြင်ပါတယ်။

TREND ။ ။ လွှတ်တော်ဆိုတာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် ထိန်းကျောင်းပေးရမယ်ဆိုတာရှိထားတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီတာဝန်ကို ကျေပွန်အောင်၊ ရွေးကောက် ပွဲကတိကဝတ်တွေ အကောင်အထည်ပေါ်လာအောင် ဘယ်လိုကြိုးပမ်းဆောင်ရွက်သင့်လဲ။
DSDM ။ ။ ပါတီရဲ့မူဝါဒကို မကျော်လွန်ရဘူး။ ပါတီက ရွေးကောက်ပွဲဝင်ဖို့ ဘယ်လိုကြွေးကြော်ထားလဲ။ အဲဒါကို လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်သတိရဖို့လိုတယ်။ ငါတို့ ပြည်သူကို ပြောပြီးတော့ မဲတွေကိုယူခဲ့တာ။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဆိုပြီးတော့ မြို့နယ်ရဲ့ စည်ပင်သာယာလုပ်ငန်းလောက် လမ်းခင်းတာတို့၊ တံတားဆောက်တာတို့လောက်၊ ကျောင်းလေးဆောက်ပြတာတို့လောက် ဆိုရင် ဒါက လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်းမဟုတ်ဘူး။ တိုင်းပြည်အတွက် နစ်နာမှု မရှိအောင်၊ တိုင်းပြည်ကောင်းအောင် ဘယ်လိုဆောင်ရွက်ပေးသွားသလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ အရည်အချင်းပဲ ဖြစ်တယ်။ အဲဒီမှာ ပါတီက ဘယ်လိုပြောထားလဲ။ စော စောကပြောသလို ပြည်သူတွေဆီကမဲကို ဘယ်လိုယူသွားသလဲ၊ ဘယ်လို ကတိကဝတ်တွေပေးခဲ့လဲ ဒါတွေအားလုံးအပေါ်မှာ မူတည်ပြီးတော့ ပြန်ချိန်ဖို့လည်း လိုပါတယ်။
TREND ။ ။ လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ လွှတ်တော်အခင်းအကျင်းမှာ ဘယ်လို ကိုယ်စားလှယ်တွေ ပေါ်ထွန်းစေချင်လဲ။
DSDM ။ ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့ ပြည်သူကို ကိုယ်စားပြုပြီးတော့ ဆွေးနွေးပေးရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပဲ ဖြစ်တယ်။ ပြည်သူတွေက ရွေးချယ်ထားတယ်ဆိုလို့ရှိရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အစိုးရဆီကို တင်ပြပေးရမယ်။ နိုင်ငံ အတွက်လိုအပ်တဲ့ ဥပဒေတွေကို အတည်ပြု ပြဋ္ဌာန်းပေးရမယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ရမယ်၊ အကဲဖြတ်ရမယ်၊ ထိန်းကျောင်းပေးရမယ်။ ဒီအချက်သုံးချက်က အဓိက အရေးအကြီးဆုံးပဲ။ သို့သော်လည်း အဲဒီမှာ ဥပဒေတစ်ခုကို အတည်ပြု ပြဋ္ဌာန်းပေးမယ်ဆိုတဲ့နေရာမှာ ကျွန်မတို့ တွေ့ခဲ့ရတာက လွှတ်တော်ကိုယ်စားလှယ်တိုင်းကတော့ ဥပဒေပညာ တတ်ကျွမ်းကြတာတော့ မဟုတ်ဘူး။ ဥပဒေပညာရှင်တွေက စကားလုံးတွေ ထည့်ပေးတယ်၊ စာကြောင်းတွေ လုပ်ပေးတယ်။ လွှတ်တော်ကိုယ် စားလှယ်က နိုင်ငံရဲ့ အကျိုးစီးပွားကို မူတည်ပြီးတော့ ဒီဥပဒေတစ်ခုဟာ ပြည်သူတွေအတွက် ဘယ်လို အကျိုးပြုစေသော ဥပဒေဖြစ်မလဲ ဆိုတာကို စိတ်စေတ နာကောင်းနဲ့ ဥပဒေတစ်ခုကို ပြုပေးဖို့ လိုအပ် တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက ပြည်သူတွေ အခက်တွေ့စေမယ့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေ မယ့် ဥပဒေတွေကို မပြုမိဖို့လည်း လိုအပ်ပါတယ်။ ငါတို့ပြုလိုက်တဲ့ ဥပဒေတွေက ပြည်သူကို ဘယ်လောက် အကျိုးကျေးဇူးဖြစ်စေ မလဲဆိုတဲ့ ဥပဒေမျိုးတွေကို ပြုစုပေးနိုင်မယ့် ကိုယ်စားလှယ်ကောင်း တွေလည်းဖြစ်ဖို့ လိုအပ်ပါတယ်။ ကျွန်မဘာကြောင့် ဒီလိုပြောရလဲဆိုရင် ရင်ဆိုင်နေရတဲ့ အခုလို အခြေအနေမှာ ကျွန်မတို့တိုင်းပြည်က လူတွေအားလုံး အရမ်းဒုက္ခရောက်တယ်။ အရမ်းကျပ်တည်းတယ်။ အဲဒီလို အခြေအနေကနေပြီးတော့ သက်သာချောင်ချိစေသော ဘဝလေးတစ်ခုကို မျှော်လင့်တယ်။ ချမ်းသာဖို့ မဟုတ်ဘူးနော်၊ သာမန်ပြည်သူလူထုတွေက ငါတို့ ဘယ်လိုလေးများ နည်းနည်းလောက် အဆင်ပြေတဲ့ ဘဝလေးကို နေလို့ရမလဲဆိုတာမျိုးကို မျှော်လင့်ကြတယ်။ ဒါကြောင့် တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုး ဖြစ်စေမယ့် ဥပဒေတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ပြဋ္ဌာန်းပေးဖို့လိုပါတယ်။ အဲဒီလိုဆောင်ရွက် မယ့် လွှတ်တော်ကိုယ်စားလှယ်မျိုးတွေ ဖြစ်စေချင်ပါတယ်။ ကျွန်မဆိုရင် ကျင့်သုံးခဲ့ပါတယ်။ မိမိရဲ့နိုင်ငံနဲ့၊ ပါတီနဲ့ ယှဉ်လို့ရှိရင် နိုင်ငံ့အကျိုးကို ကျွန်မတို့ကြည့်တယ်။ နိုင်ငံအကျိုးကို ကြည့်ပြီးတော့ အဆိုတွေ၊ မေးခွန်းတွေ တင်ရတယ်။ အဲဒီလိုမျိုးပဲ အနိုင်ရပါတီ USDP မှာလည်း ဒီလိုမျိုး တိုင်းပြည်အကျိုးကို ကြည့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးပေါ်ပေါက်ခဲ့တာ တွေ့ခဲ့ပါတယ်။ အဲဒီအပြင် အခုရွေးကောက် ပွဲမှာ အကျိုးစီးပွားကို ရှေးရှုပြီးတော့ ဝင်ရောက်လာတဲ့ ပါတီတွေလည်း ရှိသလို နိုင်ငံ့အကျိုးအတွက် အမှန်တကယ် ဆောင်ရွက်ချင်သော ပါတီတွေလည်း ရှိတယ်။ ပါတီအစုံပေါ့။ ပါတီစုံကနေ ရွေးကောက်ပွဲ ဝင်ကြတာ ဖြစ်တယ်။ တချို့က လွှတ်တော်ကိုယ်စားလှယ်ကို အလုပ်လျှောက်လွှာတစ်ခုလို လျှောက်ပြီးတော့ အိမ်ဖြည့်အနေနဲ့ ရွေးကောက်ပွဲဝင်ခဲ့တာတွေလည်း တချို့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ကိုယ်စားလှယ် ဖြစ်သွားပြီဆိုရင် ပြည်သူတွေက ရွေးချယ်ထားတယ် ဆိုလို့ရှိရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အစိုးရဆီကို တင်ပြပေးတာ။ နိုင်ငံအ တွက် လိုအပ်တဲ့ဥပဒေတွေကို အတည်ပြု ပြဋ္ဌာန်းပေးတာ၊ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်အကဲဖြတ် ထိန်းကျောင်းပေးတာ စတဲ့ အဲဒီလုပ် ငန်းသုံးခုကို လုပ်ဆောင်ရမယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ပြဋ္ဌာန်းပေးတဲ့ ဥပဒေတွေကို နားလည်ထားဖို့ လိုပါတယ်။ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို ရည်စူးပြီး ပြောချင်တာက တိုင်းနဲ့ပြည်နယ်အတွက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာရှိတယ်။ ဇယား (၂) လိုဟာ မျိုးတွေ၊ အဲဒီလို ဇယား(၂)ကိုတောင် အပြည့်အစုံ မကျင့်သုံးသွားနိုင်သော တိုင်းနဲ့ပြည်နယ်တွေ အများကြီးရှိတယ်။ အထူးသဖြင့် တိုင်းလွှတ်တော်တွေက ဥပဒေတွေကို မပြဋ္ဌာန်းနိုင်ခဲ့ဘူး။ သူတို့အဓိက လုပ်ခဲ့ကြတာက မြူနီစီပယ်အလုပ်တွေကို လွှတ်တော်ကိုယ်စားလှယ်အလုပ်လို့ထင်ပြီး လုပ်နေကြတာမျိုးတွေ အရင်တိုင်း လွှတ်တော်တွေမှာ တွေ့ခဲ့ရတယ်။ အခွန်စည်းကြပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနိုင်တာတွေ မရှိဘူးဆိုတာ တွေ့ခဲ့ရတယ်။ မြို့နယ်မှာက မြို့နယ်အုပ်ချုပ်ရေး မှူးရှိတယ်။ စည်ပင်သာယာလုပ်ငန်းတွေအတွက် စည်ပင်သာယာအဖွဲ့အစည်းတွေ၊ ဌာနတွေရှိတယ်။ သူတို့လုပ်တာကို လွှတ်တော်ကိုယ်စားလှယ်က ထိန်းကျောင်းရတာမျိုးပဲ ဆောင်ရွက်သင့်တယ်။ ကိုယ်က ဝင်ပါတာမျိုး၊ ကိုယ်က အဲဒီအထဲမှာ အကျိုးစီး ပွား ဝင်လုပ်ရမယ့်ဟာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘာအလုပ်တွေ လုပ်ရမလဲဆိုတာ ပြဋ္ဌာန်းထားတဲ့ ကိစ္စတွေအားလုံးကို ပိုင်ပိုင်နိုင်နိုင်သိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ဇယား(၂)ကို ပိုင်နိုင်စွာနဲ့ အသုံးချနိုင် ပါစေလို့လည်း အကြံပြုချင်ပါတယ်။
TREND ။ ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးရော ဘယ်လို အကြံပြုချင်လဲ။
DSDM ။ ။ အဓိကကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက ကိုယ့်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ အဲဒီအခါကျတော့ ကိုယ်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်သွားရင် ကိုယ့်မြို့နယ် ကွက်ကွက်လေး တစ်ခုတည်းကိုပဲ ကိုယ်စားမပြုပါဘူး။ ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ကျွန်မတို့တိုင်းပြည်မှာ ငြိမ်းချမ်းရေး အရင်ဆောင်ရွက်သင့် တာလား။ စီးပွားရေးနဲ့ လူမှုရေး ဒုက္ခသုက္ခတွေကို ကုစားရမှာလားဆိုတာကိုလည်း ပိုင်နိုင်စွာ ဆုံးဖြတ်နိုင်ဖို့ လိုတယ်။ နိုင်ငံရဲ့ ဘတ်ဂျက် Financial ဘယ်လိုမျိုး လည်ပတ်နေတယ်ဆိုတာကိုလည်း သိထားဖို့ လိုအပ်တယ်။ ဆိုလိုချင်တာက ပြည်ထောင်စုအဆင့် တွေးတတ်ရမယ်။ ပြည် ထောင် စုအဆင့်ကို Management လုပ်တတ်ရမယ်။ ပြည်ထောင်စုအဆင့်နဲ့ပတ်သက်တဲ့ ပေါ်လစီတွေ၊ စီးပွားရေး ပေါ်လစီတွေ၊ လူမှုရေးနဲ့ ပတ်သက်တဲ့ Public ပေါ်လစီတွေကို ကောင်းကောင်း ပြင်ဆင်ချမှတ်ပေးရတာက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ပဲဖြစ်တယ်။ ကျွန်မတို့ ပြည်သူတွေက အရွေ့တစ်ခုကို သွားဖို့ သူတို့ကို လွှတ်တော်ထဲကို ထည့်ပေးလိုက်တာ။ သူတို့တစ်တွေက အရွေ့တစ်ခုကို မဆောင်ရွက်နိုင်ဘဲ၊ လက်ခုပ်တီးရုံလောက်နဲ့၊ Voting ပေးရုံလောက်နဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်ထဲမှာ သွားထိုင်ရင်တော့ အဲဒါက မဲပေးလိုက်တဲ့ ပြည်သူတွေကို စော်ကားတာပဲလို့ ပြောချင်ပါတယ်။ ပြီးတော့ ပြည်ထောင်စုအဆင့် ပါတီကြီးတွေဆိုတာက တစ်နိုင်ငံလုံးနဲ့ လွှမ်းခြုံထားတဲ့ ပေါ်လစီတွေကို ချမှတ်နိုင် တဲ့ နိုင်ငံရေးပါတီဖြစ်ပါတယ်။ တိုင်းအဆင့်ပါတီ၊ ပြည်နယ်အဆင့် ပါတီလေးတွေ မဟုတ်ဘူး။ ပြည်ထောင်စုတစ်ဝန်းစည်းရုံးမယ့် ပါတီဖြစ်တဲ့အတွက် နဂိုကတည်းကိုက ပြည်ထောင်စုအဆင့်ရဲ့ မူဝါဒတွေဟာ တစ်နိုင်ငံလုံးကို ပြုပြင်ပြောင်း လဲပေးနိုင်တဲ့ ပေါ်လစီတွေကို ချမှတ်နိုင်တဲ့ မူဝါဒတွေ ရှိရပါမယ်။ အဲဒီတော့ အဲဒီမူဝါဒတွေ၊ ကိုယ့်ရဲ့ ပါတီမူဝါဒတွေနဲ့လည်း မကွဲသွားအောင် လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ထဲမှာ ချိန်ခွင်လျှာညှိပြီးတော့ ဆောင်ရွက်ပေးနိုင်ရမယ်။ သို့သော်လည်း ပါတီရဲ့အကျိုးထက် နိုင်ငံ့အကျိုးကို ပိုကြည့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့အကျိုးကို ဦးစားပေးပြီးတော့ ကြည့်ရပါမယ်။ ပါတီမှာ ဒီလို ပြဋ္ဌာန်းထားလို့ လုပ်ခွင့်မရဘူး ဆိုရင်လည်း ဒီဟာက တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ ဒီအချက်လား၊ ဒီမူဝါဒလား၊ ဒါဆိုရင် တိုင်းပြည်အတွက် ဦးစားပေးပြီးတော့၊ နိုင်ငံအတွက်ကို ဦးစားပေးပြီးတော့ ဒီကိစ္စကို ဆောင်ရွက်ပေးရမှာပဲ။ မူဝါဒကို ပြောင်းလဲပေးရမှာပဲ။ ပါတီတိုင်း၊ ပါတီတိုင်းမှာ ပြည်ထောင်စု အဆင့် ပါတီတွေဟာ စီးပွားရေးမူဝါဒ ချမှတ်လေ့ရှိတယ်။ စီးပွားရေးမူဝါဒက တကယ်ရော တိုင်းပြည်အ တွက် လိုအပ်တဲ့မူဝါဒလား၊ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေကို မြှင့်တင်ပေးနိုင်တဲ့ စီးပွားရေးမူဝါဒလား၊ တစ်နိုင်ငံလုံးက ပြည်သူတွေ ပါဝင်ဆောင်ရွက်နိုင်တဲ့ စီးပွားရေး မူဝါဒလားဆိုတာကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက သေသေချာချာ ဆုံးဖြတ်နိုင်ရပါမယ်။ ပါတီတိုင်းပါတီတိုင်းမှာက သူ့ရဲ့အကျိုးစီး ပွားဆိုတာ ရာခိုင်နှုန်း ၅၀ တော့ ပါတာပဲ။ အဲဒီတော့ ဒီရာခိုင်နှုန်း ၅၀ ပါတီရဲ့ အကျိုးစီးပွားကို ဦးစားပေးပြီး ဆွဲထားတဲ့ မူဝါဒဖြစ်နေ တယ်ဆိုရင် နိုင်ငံ့အကျိုးကို ကြည့်မလား၊ ပါတီအကျိုးကို ကြည့်မလားဆိုတာကို ကိုယ်တိုင်သုံးသပ်ဆုံးဖြတ်ဖို့လို မယ်လို့ မြင်ပါတယ်။
TREND ။ ။ ရွေးကောက်ပွဲမှာ USDP ပါတီ က နေရာအများစုအနိုင်ရထားတော့ အစိုးရဖွဲ့တဲ့အခါမှာလည်း USDP ပါတီကိုယ်စားလှယ် အများစု ပါဝင်ဖွဲ့ စည်းတဲ့ အခင်းအကျင်း ဖြစ်လာမယ်ပေါ့။ ဒီအခြေအနေ အပေါ် အမြင်လေး ပြောပြပါဦး။
DSDM ။ ။ ဒါကတော့ လက်ခံရမှာပါ။ အများစု အနိုင်ရပါတီကပဲ အစိုးရဖွဲ့နိုင်တာပါ။ အနိုင်ရ ပါတီအနေနဲ့ကတော့ သူ့ပါတီမှာ ပါဝင်တဲ့၊ လူတွေအများစုပါဝင်တဲ့ အစိုးရတစ်ရပ်ဖြစ်တယ်ဆိုတာ ကိုတော့ လက်ခံပါတယ်။ သို့သော်လည်း နိုင်ငံတစ်ခုကို အုပ်ချုပ်တယ်ဆိုတာက နေရာလေးက နည်းနည်းလေး မဟုတ်ဘူး။ နေရာပေါင်းစုံ ထောင့်ပေါင်းစုံရှိတယ်။ လူပုဂ္ဂိုလ်ပေါင်းစုံလည်း ပါဝင်သင့်တယ်။ ဥပမာ ဒီပါတီကပဲနိုင်လို့ ဒီပါတီကလူတွေကပဲ အစိုးရအဖြစ်နဲ့ ရာခိုင်နှုန်း ၉၀ လောက် ပါဝင်တယ်ဆိုရင် ကျွန်မတို့ရဲ့ ပြောင်းလဲမှုဆိုတဲ့ဟာက ဘာလဲလို့ မေးစရာဖြစ်သွားလိမ့်မယ်။ ဒီပါတီက အနိုင်ရထားပြီး ဒီပါတီက လူတွေပဲ ၁၀၀ ရာခိုင်နှုန်းပါတယ်ဆိုရင် အပြောင်းအလဲလို့ ဘယ်ဖြစ်တော့မလဲ၊ အပြောင်းအလဲတစ်ခုကို ဖြစ်စေချင်ရင် ပါတီစုံလို့ ပြောထားတာဖြစ်တဲ့အတွက် ပါတီစုံပါသင့်တယ်။ အမှန်တကယ် ဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်သော အပြောင်းအလဲကို လုပ်ပေးနိုင်ဖို့လည်း လိုအပ်မယ်လို့ မြင်ပါတယ်။ အဓိက ကတော အစိုးရဖွဲ့တယ်ဆိုတာက ပါတီတစ်ခုက လူတွေနဲ့ပဲ စုပေါင်းပြီးဖွဲ့တယ်ဆိုရင် ဖွဲ့လို့မရဘူးလို့ ဆိုလိုတာပါ။အလွှာပေါင်းစုံက လူတွေပါဝင်စေချင်တယ်။ ဒီမိုကရက်တစ်အင်အားစုတွေ ပါဝင်စေချင်တယ်။ လူငယ်တွေ ပါဝင်စေချင်တယ်။ အထူးသဖြင့် အဂတိလိုက်စားမှု ကင်းရှင်းတဲ့လူတွေ ပါဝင်စေချင်ပါတယ်။ အဂတိကင်း စင်တယ်ဆိုတာကတော့ လူတိုင်းမှာ Zero Percent တော့ မရှိနိုင်ဘူးပေါ့။ သို့သော် လည်း နာမည်ကောင်း တွေရှိရမယ်။ ဂုဏ်သိက္ခာရှိတဲ့သူတွေလည်း ဖြစ်ရမယ်။ ပညာတတ်တဲ့သူတွေလည်း ဖြစ်ရမယ်။ ဒီလိုပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းစေချင်ပါတယ်။
TREND ။ ။ အစိုးရဖွဲ့တဲ့အခါ ဒေသတွင်း အစိုးရခေါင်းဆောင်တွေ၊ ကမ္ဘာ့နိုင်ငံအစိုးရခေါင်းဆောင်ကြီးတွေက လေးစားကြည်ညိုသော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ အရေးကြီးတယ်လို့ ရှေ့ပိုင်းမှာ ပြောသွားတာ တွေ့ရပါတယ်။ လာမယ့်လွှတ်တော်ကနေ ရွေးချယ်တာဝန်ပေးမယ့် အစိုးရသစ်မှာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ပါဝင်စေချင်လဲ။
DSDM ။ ။ အခုလက်ရှိလည်း နိုင်ငံတော်အစိုးရအဖွဲ့ အကြီးအကဲတွေက နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့လည်း ဆက်ဆံနေတယ်။ ဒီလို နိုင်ငံအကြီးအကဲ ခေါင်းဆောင်တွေကိုလည်း နိုင်ငံတကာက ခေါင်းဆောင်တွေက လက်ခံထားကြတယ်။ ဒါကြောင့် လက်ရှိအစိုးရဖွဲ့ထားတဲ့ လူကြီးတွေထဲမှာ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့၊ နိုင်ငံတကာက ခေါင်းဆောင်တွေ လက်ခံထားတဲ့ ပုဂ္ဂိုလ်တွေအများကြီး ရှိပါတယ်။ ဒီပုဂ္ဂိုလ်တွေကိုလည်း အစိုးရသစ်မှာ ပြန်ပါလာစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံ နဂိုတုန်းက သဘောတူညီမှုတွေ လုပ်ထားတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဖို့ဆိုရင် နိုင်ငံတကာက လက်ခံထားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ပါလည်း ပါဝင်စေချင်ပါတယ်။
TREND ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး အပြောချင်ဆုံးစကားလုံးက ဘာဖြစ်မလဲ၊ ဖြည့်စွက် ပြောကြားပေးပါဦး။
DSDM ။ ။ အဓိကကကတော့ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ဖို့ လိုအပ်ပါတယ်လို့ပဲ အဲဒီတစ်လုံးတည်း ပြောချင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )