Breaking

ကျွန်တော်တို့ကို လွှတ်တော်မှာ တာဝန်သာပေးကြည့်လိုက်၊ ပြည်သူလူထု ကြီးပွားတိုးတက်အောင် လုပ်ပြမယ် . . . ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ၊ ဒီဇင်ဘာ ၂၅

    ရှမ်းပြည်နယ်အတွင်း ကျားဖြူပါတီ တည်ထောင်သူအဖြစ် ထင်ရှားသည့် ရှမ်းလူမျိုး နိုင်ငံရေးသမားဖြစ်သူ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းသည် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလောင်း (PR) အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့်တွေ့ဆုံ၍ ပါတီရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးမှုအခြေအနေအပါအဝင် ဒီမိုကရေစီအရွေ့၊ ရွေးကောက်ပွဲအလွန် အလားအလာတို့ကို မေးမြန်းထားပါသည်။


TREND ။        ။ ပါတီရဲ့ သမိုင်းကြောင်းအကျဉ်းလေး ပြောပြပါဦး။
UESP    ။    ။
အရင်တုန်းက ကျွန်တော်တို့ရဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှာပဲ ပြိုင်ခဲ့တယ်။ ၂၀၁၀ မှာ ဝင်ပြိုင်ခဲ့တာ ကချင်ပြည်နယ်နဲ့ ရှမ်း ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦး နိုင်ခဲ့တယ်။ ဦးသိန်းစိန်လက်ထက် ဝန်ကြီးခြောက်ဦး ရခဲ့တယ်။ ပြည်နယ်ဝန်ကြီး ငါးဦး၊ ပြည်ထောင်စုဒုဝန်ကြီး တစ်ဦး ရခဲ့တယ်။ နောက် ၂၀၁၅- ၂၀၂၀ လည်း ဝင်ပြိုင်ခဲ့တယ်။ နိုင်ပေမယ့် အများကြီးတော့ မဟုတ်ဘူး။ ၂၀၂၅ ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ ပြန်သုံးသပ်တယ်။ ကျားဖြူပါတီက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှာပဲ ပြိုင်မယ်ဆိုလို့ရှိရင် တိုင်းပြည် အပြောင်းအလဲ သိပ်မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ ပြန်စဉ်းစားတယ်။ ပြည်ထောင်စုကြီးပေါ် လာတာဟာ ၁၉၄၇ ပင်လုံစာချုပ်ကြောင့်၊ ရှမ်းစော်ဘွားတွေ၊ ရှမ်းခေါင်းဆောင်တွေနဲ့ ဗမာခေါင်းဆောင်ဖြစ်တဲ့ ဗိုလ် ချုပ်အောင်ဆန်းတို့ ပြည်ထောင်စုကြီးကို အတူတူလွတ်လပ်ရေးယူမယ် ဆိုပြီးတော့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးပြီးတော့ ပြည်ထောင် စုကြီး ဖြစ်ပေါ်လာတယ်။ အဲဒီတုန်းက ဗမာနဲ့ ရှမ်းပဲလားဆိုတော့ မဟုတ်ဘူး။ ချင်းလည်းပါတယ်၊ ကချင်လည်းပါတယ်။ ဒါပေမဲ့  အဲဒီအချိန်တုန်းက ချင်းပြည်နယ်လည်း မရှိသေးဘူး။ ကချင်ပြည်နယ်လည်း မရှိသေးဘူး။ အဓိကကတော့ ရှမ်းစော်ဘွားတွေ၊ ရှမ်းခေါင်းဆောင်တွေနဲ့ ဗမာခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကြောင့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာတာ။ ကျွန်တော်တို့ပြည်ထောင်စုကြီး ဖြစ်ပေါ်လာတာ နှစ်ပေါင်း ၈၀ နီးပါးပြည့်တော့ မယ်။ ကျွန်တော်တို့ တိုင်းပြည်က လက်နက်ကိုင်ပဋိပက္ခ တောက်လျှောက်ဖြစ်ပေါ်လာတယ်။ ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခ ဖြစ်လာတာ နှစ်ပေါင်း ၈၀ ရှိလာပြီ။ အရမ်းရှည်ကြာတယ်။ ကျွန်တော်တို့က ပြည်ထောင်စုကြီးကို ငြိမ်း ချမ်းစေချင်တယ်၊ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ ကျားဖြူပါတီက တစ်နိုင်ငံ လုံးဝင်ပြိုင်မှ ဖြစ်တော့မယ်ဆိုပြီး သုံးသပ်တယ်။ အဲဒီလိုသုံးသပ်ပြီးတော့ ရှမ်းပါတီကနေပြီးတော့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဆိုပြီးတော့ ပြည်ထောင်စုတစ်ဝန်းလုံးကို ပြိုင် မယ့်ပါတီအနေနဲ့ ထူထောင်ခဲ့တယ်။ 


TREND ။        ။ ပါတီအနေနဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ အခြေအနေနဲ့ မဲဆွယ်ကာလ စည်းရုံးရေး အခြေအနေသိပါရစေ။
UESP    ။    ။
 အခုလာမယ့် ရွေးကောက်ပွဲမှာ ကျားဖြူပါတီက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အဲဒီလို တိုင်း‌ဒေသကြီးနဲ့ ပြည်နယ် ၁၁ ခု ဝင်ပြိုင်မယ်။ ချင်း၊ ရခိုင်၊ ကယားနဲ့ တနင်္သာရီတိုင်းတို့ကိုတော့ ဝင်မပြိုင်ဘူး။ အခြေအနေတွေက မတည်ငြိမ်လို့ ဝင်မပြိုင်တာပါ။ လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်က ၁၅၈ ဦး၊ အမျိုးသားလွှတ်တော် ၇၃ ဦး၊ တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်က ၃၃၇ ဦး၊ နောက် တိုင်းရင်းသားရေးရာနေရာ ရှစ်ဦးဝင်ပြိုင်မှာပါ။ ကျွန်တော်တို့ ပါတီအနေနဲ့ အခြေအနေ အရမ်းကောင်းပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေး တိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်အပါ ခြောက်ခုက  အခြေအနေကောင်းတယ်။ ကျန်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေကလည်း မဆိုးဘူး။ စစ်ကိုင်းနဲ့မကွေး  နယ်မြေမတည်ငြိမ်တော့ အများကြီး မပြိုင်နိုင်ဘူး။ ကိုယ်စားလှယ်နည်းတာပေါ့။ ကချင်ပြည်နယ်လည်း လေးမြို့နယ်လောက်ပဲ ဝင်ပြိုင်နိုင်တယ်။ ဆိုတော့ တည်ငြိမ်တဲ့ တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်‌တွေမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဝက်ကျော်တော့ နိုင်မယ်လို့ မျှော်လင့်တယ်။


TREND ။        ။ ဒီမိုကရေစီ ဖော်ဆောင်ဖို့ ရွေးကောက်ပွဲမှတစ်ပါး တခြားနည်းလမ်းမရှိဆိုတဲ့ မဲဆန္ဒရှင် အသိပညာပေးနဲ့ပတ်သက်ပြီး အမြင်လေးပြောပြပါဦး။
UESP    ။    ။
ဒါက မှန်တယ်။ ဒီမိုကရေစီသွားမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ရမယ်၊ မဟုတ်ရင် ဘယ်လိုလုပ်မလဲ။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ရွေးကောက်ပွဲရှိတယ်။ ရှင်းရှင်းပြောရရင် ဒီမိုကရေစီ မဟုတ်ဘူး။ ကွန် မြူနစ်နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲရှိတာပဲ။ ဆိုရှယ်လစ်နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲ ရှိတာပဲ။ သူတို့ကလည်း ဆိုရှစ်လစ်ဒီမိုကရေစီလို့ ပြောတာပဲ။ ရွေးကောက်ပွဲလုပ်တာပဲ။ အရင်တုန်းက လမ်းစဉ်ပါတီခေတ်တုန်းကလည်း ရွေးကောက်ပွဲ လုပ်တယ်လေ။ မြို့နယ်ကောင်စီဥက္ကဋ္ဌတို့၊ ပါတီယူနစ် ဥက္ကဋ္ဌတို့ ရွေးတာပဲ။ ဒါလည်း ရွေးကောက်ပွဲ လုပ်တာပဲလေ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း မဲပေးရတယ်လေ။ လမ်းစဉ်ပါတီခေတ်က သူလည်း လွှတ်တော်ရှိခဲ့တာကိုး။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် ရွေးကောက်ပွဲက တကယ့်ကို ဖြတ်သန်းရမယ့် တံခါးပေါက်တစ်ခုပဲ။ ဖြတ်ကို ဖြတ်သန်းရမယ်၊ ရွေးကောက်ပွဲကလည်း ဖြတ်ကိုဖြတ်သန်းရမယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုရင် ရွေး ကောက်ပွဲက မရှိမဖြစ် အရမ်းကို လိုအပ်ပါတယ်။ 


TREND ။        ။ ရွေးကောက်ပွဲအလွန် အလားအလာကို ဘယ်လို ခန့်မှန်းသုံးသပ်ချင်လဲ။
UESP    ။    ။
ရွေးကောက်ပွဲ ဖြစ်သွားပြီ။ ရွေးကောက်ပွဲ အလွန်မှာကြည့်ပါ။ အခုဆိုရင် တစ်နိုင်ငံလုံးကို ပြိုင်တဲ့ပါတီက ခြောက်ပါတီပဲ ရှိတယ်။ ပြည်ခိုင်ဖြိုး၊ တစည၊ ကျားဖြူ၊ P သုံးလုံး၊ P နှစ်လုံး၊ တောင်သူလယ်သမား ခြောက်ပါတီပဲ ရှိတယ်။ အဲဒီခြောက်ပါတီက ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲပြီးရင် လွှတ်တော်ကိုယ်စားလှယ်က အနည်းနဲ့အများ ပါကြမှာပါ။ ကျွန်တော်ထင်တာ တစ်ပါတီတည်းနဲ့ Land slide အပြတ်အသတ်နိုင်မယ့် အခြေအနေမတွေ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပါတီ၊ သုံးပါတီ စုပေါင်းပြီးတော့ ညွန့်ပေါင်းသဘောမျိုး ဖြစ်လာမယ်ထင်တယ်၊ ယူဆတာပေါ့။ လွှတ်တော်ထဲမှာ အဲဒီလို နှစ်ပါတီ၊ သုံးပါတီရှိမှလည်း အတိုက်အခံသဘောမျိုး အစိုးရကို Check and Balance လုပ်လို့ရမယ်။ တစ် ပါတီတည်းနဲ့ Land slide အပြတ်အသတ် နိုင်သွားတယ်ဆိုတာက ၂၀၁၀ တုန်းကလည်း ကြုံခဲ့ပြီးပြီ။ ၂၀၁၅လည်း ကြုံခဲ့ပြီးပြီ။ ဒီတစ်ခါတော့ ၂၀၂၅ ရွေးကောက်ပွဲဟာ တစ်ပါတီတည်းနဲ့ လွှတ်တော်တို့၊ အစိုးရအဖွဲ့ထဲမှာ  ကြီးစိုးတာမျိုး မဖြစ်နိုင်တော့ဘူး။ ညွန့်ပေါင်းပေါ့၊ အနည်းဆုံးတော့ နှစ်ပါတီလောက်တော့ ပူးပေါင်းရမယ့် အခြေအနေမှာရှိမှာပေါ့။ နှစ်ပါတီရယ်၊ တပ်မတော်ရယ် အဲဒီလိုမျိုး ပါဝင်လာနိုင်တယ်။ တပ်မတော်သား ကိုယ်စားလှယ်က အမျိုးသားရော၊ ပြည်သူ့လွှတ်တော်ရော ၂၅ ရာခိုင်နှုန်းစီ ရှိနေတယ်လေ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ်ပါ ပါတီကြီးတွေ စုပေါင်းပြီးတော့ ဖွဲ့မယ်လို့ထင် မြင်မိတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲမှာက ပြည်သူလူထုအနေနဲ့ တစ်ပါတီတည်းကိုပဲ ပုံအောပြီးတော့ နိုင်စေ ချင်တဲ့သဘောတော့ ကျွန်တော် မမြင်မိဘူး။ အဲဒီတော့ ပါလာကြမှာပဲ၊ ပါတီတွေ အနည်းနဲ့အများ ပါလာကြမှာပါ။ ဘာကြောင့်လဲဆိုတော့ PR လည်းပါတယ်။ ပါတီအစုံပါမယ်။ ဒါပေမဲ့ ပါတီတွေ များလွန်းရင်လည်း သိပ်မကောင်းဘူးလို့ မြင်တယ်။


TREND ။        ။ ရွေးကောက်ပွဲဟာ လူထုအတွက် ဘယ်လို အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ သုံးသပ်မိလဲ။
UESP    ။    ။
လက်ရှိက အာဏာထိန်းထားတဲ့ကာလ။ တပ်မတော်အုပ်ချုပ်တဲ့ အစိုးရလေ။ ရွေးကောက်ပွဲဖြစ်လာရင် အရပ်သားအစိုးက ပေါ်လာမှာပေါ့။ ဒါပေမဲ့ အကုန်လုံး အရပ်သားတော့ မပါနိုင်ဘူး။ ဘာကြောင့်လဲ‌ဆိုတော့ အခြေခံဥပဒေထဲမှာ ပါထားပြီးသား။ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး သုံးဦးက တပ်မတော်ကဖြစ်ရမယ်။ နောက်ပြီးတော့ ဒုသမ္မတတစ်ဦးကလည်း တပ်ကလာမယ်။ အဲဒီလို သုံး၊ လေးဦး ပါလာမှာ။ ကျန်တာ အကုန်လုံးကတော့ အရပ်သားတွေ ဖြစ်မှာပဲ။ အဲဒါကြောင့် အပြောင်းအလဲဖြစ်မှာပါ။ ပြီးတော့ ရွေးကောက်ပွဲပြီးသွားရင် အခုလက်ရှိအခြေအနေနဲ့ အများကြီး ကောင်းလာမယ်။ ကျွန်တော် လုံး၀ယုံကြည်တယ်။ ဘာကြောင့်လဲ‌ဆိုရင် လွှတ်တော် ပေါ်လာ ပြီဆိုတော့ အစိုးရက ထင်သလိုလုပ်လို့မရဘူး။ လွှတ်တော်က ပြောနေမှာပဲ။ လွှတ်တော်က Check and Balance အမြဲတမ်းလုပ် နေမှာပဲ။ ကျွန်တော်တို့ပါတီအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ပါတီက လွှတ်တော်ထဲမှာ တော်တော်များများ နိုင်ခဲ့မယ်ဆိုရင် အပြောင်းအလဲအနေနဲ့ကတော့ ငြိမ်းချမ်းရေးရအောင် ကြိုးစားမယ်။ တစ်ပြိုင်နက်တည်းမှာပဲ တစ်နိုင်ငံလုံး ကြီးပွားတိုးတက်အောင် လုပ်မယ်။ ကျွန်တော်တို့မှာ ပေါ်လစီက ရှိထားပြီးသား။ ပြည်သူလူထုတစ်ရပ်လုံး တောင်သူလယ်သမား၊ အလုပ်သမား၊ အခြေခံ လူတန်းစား၊ ဝန်ထမ်းတွေ၊ လူလတ်တန်းစားတွေ အကုန်လုံး ပြည်သူလူထု ကြီးပွားတိုးတက်အောင် လုပ်မယ်။ ခင်ဗျား လုပ်နိုင်မလားဆိုတော့ ကျွန်တော်တို့ကို စမ်းကြည့်လိုက်၊ လွှတ်တော်မှာ တာဝန်သာ ပေးကြည့်လိုက်ပါ၊ ပြည်သူလူထု ကြီးပွားတိုးတက်အောင် လုပ်ပြမယ်။ အဲဒီအချိန်ကျ မလုပ်နိုင်ရင် ပြန်ပြီးတော့ ဖြုတ်ချလိုက်။ မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို ပြန်ရုပ်သိမ်းလိုက်။ အဲဒီလောက်တော့ ကျွန်တော် အာမခံချင်တယ်။


TREND ။        ။ မဲဆန္ဒရှင်ပြည်သူတွေ ရွေးကောက်ပွဲမှာ ဘာကြောင့် မဲပေးသင့်လဲ။
UESP    ။    ။
လုံး၀ မဲပေးသင့်တယ်၊ မဲမပေးခဲ့ဘူးဆိုရင် ကိုယ်မကြိုက်မနှစ်သက်တဲ့ပါတီ အုပ်ချုပ်သွားလိမ့်မယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ပါတီကို မဲပေးလိုက်လို့ရှိရင် အဲဒီပါတီက လွှတ်တော်ထဲကို ရောက်သွားမယ်၊ အစိုးရအဖွဲ့ထဲမှာ ပါသွားလိမ့်မယ်ပေါ့။ ဒါကြောင့် မဲပေးကို ပေးရမယ်။ ပေးသင့်တယ်။ အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း ရွေးကောက်ပွဲနေ့မှာ ထွက်ပြီးမဲပေးသင့်တယ်။ ဒါက ကိုယ့် Right၊ ကိုယ့်အခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို အဆုံးရှုံး မခံသင့်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ မဲန္ဒရှင်ပြည်သူတွေ လုံး၀ မဲပေးသင့်ပါတယ်။


TREND ။        ။ ဘယ်လိုစံနှုန်းတွေနဲ့  လေ့လာဆုံးဖြတ်ပြီး ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးသင့်လဲ။
UESP    ။    ။
တစ်နိုင်ငံလုံး ပြိုင်တဲ့ပါတီတွေက ခြောက်ပါတီ ရှိတယ်။ ပါတီလေး‌တွေက ၅၀ ကျော်ရှိတယ်။ ဘယ်ပါတီကတော့ဖြင့် ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်မယ့် ပါတီဖြစ်မလဲ‌ဆိုတာကို လေ့လာရမယ်။ သုံးသပ်ရမှာပေါ့။ ကျွန်တော်တို့ပါတီကတော့ ပြောထားပြီးသား ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးမယ့်ပါတီ။ တိုင်းပြည် အပြောင်းအလဲဖြစ်အောင်၊ ကြီးပွားတိုးတက်အောင်၊ ငြိမ်းချမ်းအောင် လုပ်မယ့်ပါတီ ဖြစ်တယ်။ အဲဒါတွေကို ဝေဖန်သုံးသပ်ပြီးတော့ ဘယ်ပါတီကို ပေးသင့်တယ်‌ဆိုတာကို ကိုယ်တိုင် စဉ်းစားဆုံးဖြတ်မဲပေးဖြစ်အောင် ပေးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။


TREND ။        ။ အရင်ရွေးကောက်ပွဲ မဲဆွယ်ကာလတွေမှာ ကတိတွေအမျိုးမျိုးပေး မဲဆွယ်သွားခဲ့ကြပေမယ့် ရွေး ကောက်ပွဲ အနိုင်လည်းရသွားရော ကိုယ့်မြို့နယ်၊ ကိုယ့်လူထုကို ပြန်မကြည့်ကြတဲ့၊ ဒေသအကျိုးကို ဖော်ဆောင်မပေးတဲ့ ကိုယ်စားလှယ်တွေ ကြုံခဲ့ဖူးတော့ ဒီတစ်ခါလည်း အဲဒီလိုဖြစ်မှာပါပဲဆိုတဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့အသံ ပြန်ကြားရပါတယ်။ မဲဆွယ်ကတိမတည်တဲ့ ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
UESP    ။    ။
အဲဒီ ကတိမတည်ခဲ့တာတွေကတော့ သူတို့ရဲ့အပိုင်းပေါ့။ ကျွန်တော်တို့ပါတီက ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်‌တော်ကိုယ် စားလှယ် ၅၈ ဦး နိုင်ခဲ့တယ်။ ဝန်ကြီးခြောက်ဦး ရခဲ့တယ်။ ကျွန်တော်တို့က သက်ဆိုင်ရာအဖွဲ့အစည်း၊ တပ်မတော်၊ ဝန်ကြီးဌာနကသိမ်းတဲ့ လယ်ယာဧက စုစုပေါင်း တစ် သောင်းကျော်ကို ပြန်ရအောင် တောင်းပေးနိုင်ခဲ့တယ်။ လာမယ့်ရွေးကောက်ပွဲကျရင်လည်း လွှတ်တော် ရောက်ရင် အဲဒါမျိုး သိမ်းထားတဲ့မြေတွေကို ရအောင်ပြန်တောင်းဖို့ ဆောင်ရွက်မယ်။    အခုထက်ထိ ရှိသေးတယ်။ တချို့လယ်မြေတွေ၊ ယာမြေတွေ၊ အဆောက်အအုံတွေကို ဝန်ကြီးဌာန‌တွေ၊ အဖွဲ့အစည်းတွေ သိမ်းထားတယ်။ ဘာမှလည်း မလုပ်ဘူးရှိတယ်၊ ကျွန်တော်တို့ကို လာပြောထားတာ တွေရှိတယ်။ လွှတ်တော်ထဲ ရောက်တဲ့အခါကျရင် အဲဒါ‌တွေကို အဆို တင်သွင်းမယ်။ ဒါကို ပြန်လုပ်ပေးဖို့ တိုက်တွန်းသွားမယ်။ စိတ်ချပါ၊ ပြည်သူအတွက် လုပ်‌ပေးသွားမယ်။ တောင်သူလယ်သမားတွေရဲ့ ယာမြေတွေ တချို့က အလကားနေရင်းနဲ့ သိမ်းသွားတာ။ ဘာပရောဂျက်၊ ညာပရောဂျက်ဆိုပြီး သိမ်းသွားတာ၊ ဘာမှလည်းမလုပ်ဘူး။ ပရောဂျက်လုပ်တဲ့ အပိုင်းယူလေ၊ မလုပ်တဲ့ အပိုင်းတွေကျ သီးစားထက် သူများကိုငှားပြီး လုပ်တဲ့ဟာတွေ အဲဒါတွေ ရှိသေးတယ်။ အဲဒါတွေကို မူရင်းပိုင်ရှင် တွေ ပြန်ရအောင် ကျွန်တော်တို့ ကြိုးစားပေးမယ်။ ဒါက ရှမ်း ပြည်နယ်မှာ ကျောက်မဲတစ်ခုတည်းတင် ဧကပေါင်း ၃၀၀၀ ကျော်တယ်။ ကျွန်တော်တို့ ပြန်တောင်းပေးခဲ့တာ၊ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၆ ကာလတွေတုန်းက။ အခုလည်း ကျန်သေး တယ်ဆိုတာက နေရာအနှံ့အပြားပဲ၊ ကျောက် မဲမှာလည်း ကျန်သေးတယ်။ ဒါတွေက ရွေးကောက်ပွဲပြီး တာနဲ့ ပြန်တောင်းပေးမှာ။ ကျွန်တော်တို့ နိုင်ခဲ့ရင်ပေါ့။ ပြည်သူက တာဝန်ပေးရင် စိတ်ချ၊ ကျွန်တော်တို့ လုပ် ပေးမှာ။ ပါတီကိုယ်စားလှယ်လောင်းတွေကိုလည်း ပြောထားတယ်။ ကိုယ့်မြို့နယ်မှာ မီးလိုသလား၊ လမ်းလိုသလား၊ ဆေးခန်းလိုသလား၊ ကျောင်းလိုသလား၊ အဲဒါ ကြည့်ထားရမယ်။ လွှတ်တော်ပေါ်လာ တာနဲ့ အဲဒါတွေကို ချက်ချင်းတင်ပြရမယ်။ ပါတီမှာလည်း ကျွန်တော်စီမံထားတာက လွှတ်တော်ပေါ် လာရင် လွှတ်တော်ကိုယ်စားလှယ်ကို အကြံပေးတဲ့ ကော်မတီဆိုတာ ပါတီအနေနဲ့ဖွဲ့ ပေးထားမယ်။ ဥပဒေကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ပေါ့။ ဘာကြောင့်လဲဆိုတော့ တချို့ လွှတ်တော်ကိုယ်စား လှယ်တွေက ပညာတတ်တာ၊ ဘွဲ့တာရတာ အ‌တွေ့အကြုံမရှိသေးဘူး။ အကြံပေးကော်မတီကနေ ဘယ်မြို့နယ်၊ ဘယ်မြို့နယ် လျှပ်စစ်မီး မရဘူးလား၊ လျှပ်စစ်မီး၊ ဘယ်လမ်းတွေ မကောင်းလဲ၊ ဘယ်မှာ ကျောင်းလိုသလဲ၊ ရေလိုသ လား၊ ကျန်းမာရေးအတွက် လိုသလား၊ အဲဒါတွေကို သိပြီးတော့ လွှတ်တော်မှာ တင်ပြမယ်။


TREND ။        ။ ပါတီရဲ့ Sologan မှာ'တိုင်းပြည် ငြိမ်းချမ်းတိုးတက်ဖို့'ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီ Sologan လေးနဲ့ ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်၊ မျှော်မှန်းချက်လေး ရှင်းပြပါဦး။
UESP    ။    ။
လွတ်လပ်ရေးရပြီးကတည်းက ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတွေ တိုက်ကြခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြ ယနေ့အထိ မပြီးကြသေးဘူး။ ဒီလိုမျိုး မိသားစုအချင်းချင်း၊ တိုင်းရင်းသားညီအစ်ကို အချင်းချင်း သတ်ကြ၊ ဖြတ်ကြတာ ကျွန်တော်တို့ မလိုလားတော့ဘူး၊ ငြိမ်းချမ်းရေးပဲ လိုချင်တယ်။ တစ်နိုင်ငံလုံး ငြိမ်းချမ်း သွားစေချင်ပါပြီ။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်နေရင် တိုင်းပြည်က မဖွံ့ဖြိုး မ တိုးတက်ဘူး။ အာဆီယံ ၁၀ နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအရှည် ကြာဆုံးက ကျွန်တော်တို့ ဗမာပြည်ပဲ။ အဲဒါကို ကျွန်တော်တို့က မလိုလားတော့ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေး လိုချင်တယ်။ ငြိမ်းချမ်းရေးမရှိရင် မိသားစုတကွဲတပြား စစ်ဘေးရှောင်၊ စီးပွားရေးမလုပ်ရ၊ ကြောက်ရ၊ ပြေးရလွှားရ၊ တချို့လည်း အသတ်ခံရ အဲဒီလိုမျိုးတွေ ရှိနေတော့ ဒီအနိဋ္ဌာရုံတွေ မမြင်ချင်တော့ဘူး။ အေးအေးချမ်းချမ်းပဲ ဖြစ်စေ ချင်တယ်။ ငြိမ်းချမ်းရေးရပြီးတာနဲ့ ကြီးပွားတိုးတက်အောင် ဘယ်လိုလုပ်ရမလဲ။ လူတန်းစားအလွှာအား လုံး ပြည်သူလူထု ကြီးပွားတိုးတက်အောင် လုပ်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာအောင် ကြိုးစားမယ်။ အခုပိတ်ဆို့နေတဲ့ စီးပွားရေးပိတ်ဆို့မှု Sanctions ပွင့်အောင် ကျွန်တော်တို့ ကြိုးစားပေးမယ်။ တကယ်လို့ ပြည်သူက တာဝန်ပေးမယ်ဆိုရင် ရအောင်ကြိုးစားမယ်။ Sanctions ပွင့်သွားမှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာမှာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာမှ ကုန်ထုတ်လုပ်မှုတွေ အများကြီး ထုတ်လုပ်နိုင်မယ်။ လူငယ်တွေလည်း အလုပ်ရမယ်။ တိုင်းပြည်စီးပွားလည်း တိုးတက်မယ်။ အဓိက အရေးအကြီးဆုံးက လျှပ်စစ်မီး လုံလုံလောက်လောက် ဖူလုံအောင် ကြိုးစားပေးမယ်။ ကုန်‌ဈေးနှုန်းက တက်နေတယ်။ စိုက်ပျိုး မွေးမြူရေးဇုန်တွေ များများလုပ် များများထုတ်၊ အရင်တုန်းက နဝတ၊ နအဖ လက်ထက်တုန်းကလို အခွန်လွတ်ဈေးတွေမှာ လိုက်ရောင်းတာမျိုးလုပ်။ သားငါးများများမွေး၊ စိုက် ပျိုးရေးများများ လုပ်ပြီးတော့ အကုန်လုံး ဈေး‌တွေမှာ ကားနဲ့ လိုက်ဖြန့်ရင် ဈေးပေါပေါ ရောင်းချပေးလိုက်ရင် ကုန်ဈေးနှုန်းကျပြီပေါ့။ လုပ်လို့ရတာပဲဗျာ။
    အဓိကကတော့ ပြည်သူလူထုကသာ ကျားဖြူပါတီကို မဲပေးခဲ့ရင် ကျွန်တော်တို့ လွှတ်တော်ထဲ ရောက်မယ်။ အစိုးကအဖွဲ့ထဲ ပါမယ်ဆိုရင် ကျွန်တော်တို့ပြောထားတဲ့ ကတိက ငြိမ်းချမ်းရေးရအောင် ကြိုးစားမယ်။ တိုင်းပြည် ကြီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ လူငယ်တွေ ပညာတတ်တွေဖြစ်အောင် ကြိုးစားပေးမယ်။ လေး၊ ငါးတန်းနဲ့ ကျောင်းထွက်သွားတဲ့ လူငယ်တွေရှိတယ်။ အဲဒါတွေမှာ သူတို့ရှေ့ရေး လုပ်ကိုင်စားသောက်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးရမယ်။ အဲ ဒါတွေမြို့ တွေမှာ လုပ်ပေးရမယ်၊ ဖွင့်ပေးရမယ်။ စဉ်းစားထားပြီးသား။ နောက် ကျွန်တော်တို့နိုင်ပြီဆိုရင် လွှတ် တော်ထဲမှာ အဆိုတစ်ခုတင်မယ်။ တစ်တန်းကနေ ၁၂ တန်းအထိ ကျောင်းတက်ခါနီး ငါးမိနစ်လောက် ငါးပါး သီလ ရွတ်ဆိုခိုင်းဖို့ပေါ့။ သူများအသက်ကို မသတ်ဖို့၊ သူများပစ္စည်း မခိုးဖို့၊ မလိမ်ဘူး၊ အရက်သေစာ သောက်စားမူးယစ်မှု မရှိဘူး၊ ကာမေသု သူများကာမပိုင်ကို မပစ်မှားဘူးဆိုတဲ့ ဒီငါးပါးသီလကို ငယ်ငယ် ကတည်းက နေ့တိုင်း‌နေ့တိုင်း ကျောင်းမှာ စာမသင်ခင် ငါးမိနစ်လောက်ပဲ ကလေးတွေရဲ့ ဦးနှောက်ထဲ ရိုက်သွင်းလိုက်တယ်ဆိုရင် သူတို့ရဲ့ မသိစိတ်ထဲဝင်သွားမယ်။ ငါးပါးသီလ လုံရမယ်။အဲဒါ‌ဆိုရင် လူက အပြစ်မကျုးလွန်ချင်တော့ဘူးလေ။သီလမြဲသွားပြီလေ။ ဒါကိုလွှတ်တော်ထဲရောက်ရင် အဆိုတင်မယ်။ ဒါက အရေးကြီးတယ်။ တိုင်းပြည်ကောင်း စားသွားမှာ ဖြစ်သလို တရားဥပဒေ စိုးမိုးမှုလည်း ရှိသွားမယ်။ အချင်းချင်း မသတ်တော့ဘူး၊ မခိုးတော့ဘူးလေ။ပြစ်မှုနည်းသွားပြီလေ။ ဒါက ဗုဒ္ဓဘာသာတစ်ခုတည်းအ တွက်မဟုတ်ဘူး။ ခရစ်ယာန်လည်း ကန့်ကွက်စရာမရှိဘူး။ အစ္စလာမ်လည်း ကန့်ကွက်စရာ မရှိဘူး။ ဟိန္ဒူလည်း ကန့်ကွက်စရာ မရှိဘူး။ ငါးပါးသီလ ဒါက Universal ကိုယ်ကျင့်တရားပဲလေ။ လူတိုင်း လက်ခံတဲ့ကိစ္စ။ ဒါကြောင့် ဒါကို အဆိုတင်သွင်းဖို့ စဉ်းစားထားတာ။


TREND ။        ။ တိုင်းပြည်ငြိမ်းချမ်းဖို့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့ ကျားဖြူပါတီဥက္ကဋ္ဌအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုပါလဲ။
UESP    ။    ။
ပါတီအနေနဲ့က ငြိမ်းချမ်းရေးလို့ ပြောထားတယ်။ ရွေး‌ကောက်ပွဲပြီးလို့ လွှတ်တော်ထဲရောက်ရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အဆိုတစ်ခု တင်သွင်းမယ်။ အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲပေးဖို့။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ ငြိမ်းချမ်းရေး ညီ လာခံတစ်ခု ခေါ်လိုက်။ အဲဒီလို ငြိမ်းချမ်းရေး ညီလာခံတစ်ခုခေါ်ဖို့ အဆိုတင်သွင်းမယ်။ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေရော၊  မထိုးတဲ့ လက်နက်ကိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဖိတ်ခေါပြီးတော့ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ခေါ်လိုက်မယ်။ ငြိမ်းချမ်းရေးညီလာခံ သဘောက တိုင်းရင်းသားတွေက ဘာလိုချင်လဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်ကို ပြောနေတယ်။ အဲဒါတွေက ငြိမ်းချမ်းရေးညီလာခံမှာ လာ‌ဆွေးနွေးလေ။ စစ်မတိုက်နဲ့၊ စစ်တိုက်ရင် သူသေလည်းမကောင်း၊ ကိုယ်သေလည်း မကောင်းဘူး။ အကုန်လုံးတိုင်းရင်းသားညီအစ်ကို အချင်းချင်းပဲ၊ မိသားစုပဲ။ လာပြီးတော့ ဆွေးနွေးဘယ်လို ဖြစ်ချင်လဲ။ အကုန်လုံး သဘောထားကြီးကြီးနဲ့ ဖိတ်ခေါ်။ တောင်သူလယ်သမားကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်၊ အမျိုးသမီးကိုယ်စားလှယ်တွေ၊ NGO တွေ၊ ပညာရှင်တွေ ခေါ်ပြီးတော့ ငြိမ်းချမ်းရေး ညီလာခံမှာဆွေးနွေး။ ငြိမ်းချမ်းရေးညီလာခံကိုလည်း အကြာကြီး လုပ်စရာ မလိုဘူး။ တစ်နှစ်‌လောက်နဲ့ ပြီးအောင်လုပ်။ ငြိမ်းချမ်းရေး ညီလာခံခေါ်တဲ့အခါမှာလည်း ပြည်ထောင်စုကြီး ငြိမ်း ချမ်းဖို့ အဲဒီရည်မှန်းချက်တစ်ခု တည်းထားပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို အချင်းချင်း လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြ။ ဘယ်လိုလုပ်ရင် တိုင်းပြည်အတွက် အေးချမ်း မလဲ။ ပြည်ထောင်စုကြီး အမြဲတမ်း တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုကြီးဖြစ်အောင်၊ တိုင်းပြည်ကြီးအေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို အဲဒီအချိန်မှာ ဆွေးနွေးကြရမယ်လို့ ပြောကြားချင်ပါတယ်။

(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59697

© 2022 - 2026 News. All Rights Reserved.