၂၀၂၅ ၊ ဒီဇင်ဘာ ၄
နိုဝင်ဘာ ၁၉ ရက်က ပြည်သူ့ပါတီအောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မဲမပေးရေး လှုံ့ဆော်နေမှုများ အပါအဝင် နိုင်ငံရေးပလက်ဖောင်းကို မဖျက်ဆီးဖို့၊ လော်ဘီတွေ သတိ ထားဖို့ စသည်ဖြင့် ပြောကြားချက်များနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ ထိုပြောဆိုချက်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပြောဟန်၊ ဗိုလ်ချုပ်အောင်ဆန်း လေသံ၊ စကားလုံး သုံးပြီး ပြောကြားသည်ဟူ၍လည်း ဝေဖန်ထောက်ပြကြသည်။ ထိုဝေဖန်မှုများနှင့်ပတ်သက်၍ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၏ သဘောထားကို တွေ့ဆုံမေးမြန်းထားပါသည်။
TREND ။ ။ ရန်ကုန်တိုင်း ပြည်သူ့ပါတီ အောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနား ပြောကြားချက်တွေနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြတာ တွေရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလေသံ မိန့်ခွန်းပြောဟန်အတိုင်း၊ လေသံစကားလုံး သုံးတယ်ပေါ့။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
UKKG ။ ။ ကျွန်တော်ကတော့ မိန့်ခွန်းပြောတဲ့အခါ ဘယ်သူနဲ့တူအောင်ဆိုပြီး စဉ်းစားပြောတာတော့ တစ်ခါမှမရှိဘူးဗျ။ အဲဒီတော့ ကိုယ့်ရဲ့ပင်ကိုအတိုင်းပဲ ပြောလိုက်တာပဲ။ အဲဒီလို ပြောတဲ့နေရာမှာလည်း တစ်ခုတော့ ရှိတာပေါ့။ ကျွန်တော်တို့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မိန့်ခွန်းဆိုရင် နားစွဲတာကတော့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကတော့ အများစု ကျွန်တော်တို့ နားထောင်ဖြစ်တာပေါ့။ ကျန်တဲ့သူတွေရဲ့ မိန့်ခွန်းတွေကို နားထဲစွဲလောက်အောင် မဖြစ်ခဲ့ဘူးလေ။ ဒါတော့ ထူးခြားတာပေါ့။ ပြောရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးသမိုင်းက လူငယ်တွေအပေါ်မှာ ၈၈ ကတည်းက လွှမ်းမိုးမှုရှိခဲ့တာတော့ အမှန်ပဲ။ သို့သော် မတူ၊ တူအောင် လုပ်မယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ကျွန်တော့်ပင်ကိုအတိုင်းပဲ ပြောရိုး ပြောစဉ်အတိုင်းပဲ ပြောလိုက်တာပါ။ နောက်တစ်ခုကတော့ မီဒီယာတွေနဲ့ပတ်သက်တဲ့ အပိုင်းမှာ ကျွန်တော်က မီဒီယာကို Professional ဖြစ်စေချင်တယ်။ မီဒီယာဆိုတာက သတင်းအချက်အလက်ကို အမှန်အ တိုင်း ပြည်သူတွေကို ပေးရမယ်။ နောက်တစ်ခုက အကြောင်းအရာ တစ်ခုအပေါ်မှာ မတူညီတဲ့သဘော ထားတွေကို စုစည်းပြီးတော့ ပြည်သူတွေက နားထောင်မယ်။ ရွေးချယ်မယ်၊ ဆုံးဖြတ်ခွင့် ရှိရမယ် ဆိုတာမျိုး ဖြစ်ရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ တစ်ယောက်ယောက်အတွက်၊ တစ်စုတစ်ဖွဲ့အတွက် လော်ဘီလုပ် ပြီးတော့ တစ်ဖက်ဖက်ကို တိုက်ခိုက်မယ်၊ ချိုးနှိမ်မယ်ဆိုတာမျိုး ဖြစ်လာရင် သူက မီဒီယာမဟုတ်တော့ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်ပြောတဲ့အခါမှာ လော်ဘီလို့ပြောတာ။ ကျွန်တော်က မီဒီယာတွေကို ပြောတာ မဟုတ်ဘူး။ ကျွန်တော်သိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် မီဒီယာတွေကို တန်ဖိုး ထားတယ်။ အခုဟာက ဒီကာလကြီးတစ်ခုလုံးမှာ မီဒီယာဆိုတာ ပျောက်သွားတယ်။ ဟိုဘက်အစွန်းနဲ့ ဒီဘက်အစွန်းနဲ့ ဖြစ်သွားတယ်။ တကယ်ကတော့ ကျွန်တော်လည်း Journalism ကို အများကြီး လေ့လာခဲ့ ဖူးသလို ပြန်ပြီးတော့လည်း ပို့ချခဲ့တယ်။ မျှဝေခဲ့တာ ရှိတယ်။ Positive? Sensitive Journalism ဆိုတာ ရှိတယ်။ ပဋိပက္ခဖြစ်တဲ့အချိန်မှာ အကဲဆတ်တဲ့ကိစ္စတွေ သတိထားရတယ်။ နောက်တစ်ခုက ပဋိပက္ခကို ပိုမို ကြီးထွားအောင် မီဒီယာက မလုပ်ရဘူး။ မီဒီယာရဲ့ Ethic ကျင့်ဝတ်လို့ သင်ခဲ့ရတယ်။ ဒါကြောင့် မို့လို့ အခုဖြစ်နေတာက ပဋိပက္ခကို၊ အစွန်းတွေကို ရောက်သည်ထက် ရောက်အောင် မီဒီယာ နာမည်ခံပြီး တော့ မီးထိုးပေးသလိုမျိုး ဖြစ်နေတာ။ အဲဒါကို အခုအချိန်မှာကတည်းက မတားရင် ကျွန်တော်တို့က ရွေး ကောက်ပွဲလမ်း ဆိုတာက ပဋိပက္ခဖြေရှင်းဖို့ ကြိုးစားနေတာ။ အဲဒီတော့ ပဋိပက္ခဖြေရှင်းဖို့ ကြိုးစားနေတဲ့ တစ်လျှောက်လုံးမှာ ကျွန်တော်တို့က တက်ကြွလှုပ်ရှားသူအဖြစ်နဲ့ ဖြတ်သန်းခဲ့တာ။ ဒီအချိန်မှာ တိုင်းပြည် အခြေအနေက အင်မတန်ကို အရေးကြီးတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် အကြမ်းမဖက် နိုင်ငံရေးနည်း လမ်းကို ရွေးချယ်တယ်။ ရွေးကောက်ပွဲဖြတ်သန်းဖို့ လုပ်တဲ့သူတွေကိုပါ မီဒီယာနာမည်ခံပြီးတော့ တိုက် ခိုက်တာ မီဒီယာမဟုတ်တော့ဘူးဗျာ၊ တရားရုံးမှာဆိုရင် ဆွဲချပေါ့။ အဲဒါ မျိုး လုပ်လာတာကျတော့ တာဝန်ရှိတဲ့သူတွေ ကိုယ်တိုင်ကလည်း ဒါကို ခွင့်ပြုထားလို့ မရဘူး။ ဒါလေးကို သတိ ပြုစေချင်တဲ့ အတွက်ကြောင့် ကျွန်တော် ရန်ကုန်တိုင်း ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်တဲ့ အခမ်းအနားမှာ ပြော လိုက်တာ။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ရှိနေတဲ့ မီဒီယာတွေဆိုတာ ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြု ထားလို့ ရပ်တည်နေတာ။ ဆိုတော့ ပြန်ကြားရေးဝန် ကြီးဌာနကလည်း အဲဒီလိုမျိုး မီဒီယာမဟုတ် တော့ဘဲနဲ့ လော်ဘီဖြစ်နေတဲ့ ဟာတွေကို ထိန်းကျောင်းဖို့ တာဝန်ရှိတယ်။ ဒါလေးကို တာဝန်ရှိသူတွေ သတိပြုမိအောင် Public ကနေ ပြောလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်ဆိုရင် မျိုးချစ်လွန်းအားကြီးလို့ ဒီနိုင်ငံကတစ်ဖဝါးမှ မခွာဘဲနဲ့ လုပ်နေတာ။ ဒီလိုမျိုးချစ်တဲ့ အခါမှာလည်း မှန်မှန်ကန်ကန်နဲ့ ချစ်ဖို့လိုတယ်။ ပဋိပက္ခကို မီးထိုးပေးမယ့် မျိုးချစ်မျိုးက တိုင်းပြည်အတွက် အင်မတန် အန္တရာယ်ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မျိုးချစ်တဲ့အတွက်ကြောင့် တစ်ကမ္ဘာလုံးမှာ ပတ်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ပတ် သက်ပြီး ခုခံကာကွယ် ပြောဆိုခဲ့တယ်။ ရခိုင်ပြဿနာဆိုရင် ကျွန်တော်ကိုယ်တိုင် ပဋိပက္ခစုံစမ်း စစ်ဆေးရေးကော်မရှင်မှာ ပါဝင်ခဲ့တယ်။ အဲဒီတော့ အစွန်းရောက်ပြီးတော့ တိုက်ခိုက်ချေမှုန်းမယ်ဆိုတဲ့ အယူ အဆမျိုးဟာ ရွေးကောက်ပွဲနည်းလမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့အတွက်ကို ဒါအန္တရာယ်ပဲလို့မြင်တယ်။ အဲဒီလို အန္တရာယ်ပြုနေတဲ့ ကိစ္စတွေကို လူကြီးတွေ၊ တာဝန်ရှိတဲ့သူတွေ သတိပြုမိအောင်၊ ထိန်းသိမ်းနိုင်အောင် ကျွန်တော်က ပြောဆိုရတာ ဖြစ်ပါတယ်။

TREND ။ ။ နိုငံရေးပလက်ဖောင်း ပြန်အားကောင်းဖို့ လိုတယ်။ နိုင်ငံရေးပလက်ဖောင်းကို မဖျက်ဆီးပစ်ပါနဲ့ဆိုပြီး အတိုက် အခံအင်အားစုတွေ၊ ရွေးကောက်ပွဲဆန့်ကျင်တဲ့ အုပ်စုတွေကို ပြောသွားတာ တွေ့ရပါတယ်။ အဲဒီအုပ်စုတွေကို ဘယ်လို Message ပေးချင်လဲ။
UKKG ။ ။ ကျွန်တော်ကိုယ်တိုင်က ပြဿနာတွေ ဖြေရှင်းလို့ရှိရင် အတတ်နိုင်ဆုံး မျှမျှတတ ဖြေရှင်းနိုင်ဖို့ ကြိုးစားတယ်။ ဒါကြောင့်မို့လို့ လက်နက်ကိုင်တာ၊ ပြည်ပထွက်ခွာတာ မလုပ်ဘဲနဲ့ ဒီအထဲမှာ တစိုက်မတ်မတ် ရပ်တည်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်ပြောတဲ့အခါမှာ အစွန်းတရားနှစ်ပါးလုံးကို ပြောတာ။ ဒီဘက် အစွန်းမှာက လော်ဘီတွေ၊ ပြောရရင် လူကြီးတွေဘယ် လိုစဉ်းစားလို့၊ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာတောင် နားမလည်တော့ဘဲနဲ့ မျက်နှာလို မျက်နှာရလုပ်နေတဲ့အုပ်စုတွေ ဒါကို ကျွန်တော် တားတယ်။ တစ်ဖက်ကလည်းပဲ ရွေးကောက်ပွဲမဲမပေးနဲ့၊ ဒီရွေးကောက်ပွဲကို ကန့်ကွက်ကြ၊ ဆန့်ကျင်ကြဆိုတဲ့ ကိစ္စတွေက သူတို့မှာ ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ပါလို့ ပြောပြီးတော့ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းလည်း ခိုင်ခိုင်မာမာ ချမပြနိုင်ဘဲနဲ့ ရွေးကောက်ပွဲကလည်း ပျက်သွားမှာမဟုတ်ဘူး၊ ဖြစ်သွားမှာ။ အဲဒီလို အစွန်းတစ်ဖက်ကိုလည်း တည့်ပဲမေးတယ်၊ ခင်ဗျားတို့ ဘာဖြစ်ချင်တာလဲ။ ကဲ ရွေးကောက်ပွဲက ဖြစ်သွားပြီ၊ ဖြစ်သွားရင် ဘယ်လိုရလဒ်မျိုးကို လိုချင်တာလဲ။ အဲဒီလို ကျွန်တော်က ပြောတဲ့အခါမှာ အစွန်းတရားတွေကို လျော့ပါးသွားအောင်၊ မဇ္ဈိမပဋိပဒါ လမ်းကြောင်းပေါ် ရောက်အောင် ပြောတဲ့အခါကျတော့ အစွန်းနှစ်ဖက်လုံးက ကျွန်တော့်ကို တိုက်တယ်။အဲဒီတော့ မြန်မာနိုင်ငံမှာ တကယ့် အခြေခံ မြန်မာ့လူ့ အဖွဲ့အစည်းအယူအဆဟာ မဇ္ဈိမပဋိပဒါ။ သို့သော် အခုဟာက စာရွက်ထဲမှာပဲ ရှိတော့တယ်။ မြေပြင်ပေါ်မှာက မဇ္ဈိမပဋိပဒါဆိုတဲ့ အလယ်အလတ် မျှမျှတတ စဉ်းစားနိုင်တဲ့ အခြေအနေ မရှိတော့ဘဲနဲ့ နှစ်ဖက်စလုံးက မီးလောင်ရာလေပင့် ဝိုင်းပြီးတော့ သွေးထိုးလှုံ့ဆော်နေတာတွေချည်း ပဲကိုတော့ ကျွန်တော့်အနေနဲ့ တားဖို့လိုတယ်လို့ မြင်တဲ့အတွက်ကြောင့် ပြောတဲ့အခါမှာ အစွန်းတရား နှစ်ပါးလုံးကို ပြောတယ်။ ပြည်သူလည်းပဲ နားမယောင်ကြဖို့ မေတ္တာရပ်ခံတယ်၊ တိုက်တွန်းတယ်။ အဲဒါက နိုင်ငံရေးပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပြီးတော့ နိုင်ငံတော် ပြန်လည်စုစည်းတည် ဆောက်နိုင်ဖို့ ဆိုတဲ့ အခြေခံကနေပြီးတော့ တိုက်တွန်းပြောဆိုနေတာ ဖြစ်ပါတယ်။ ကျွန်တော်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ပြောတဲ့အခါကျတော့ စောစောက တစ်ဖက်လော်ဘီတွေက အကြမ်းဖက်ကိစ္စကို ထောက်ခံနေတယ်၊ ဘာညာဆိုပြီး တစ်ခါတိုက်ခိုက်ကြတာတွေ ရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်က နိုင်ငံ ရေးအကျဉ်းသားအဖြစ် နှစ်ပေါင်းများစွာ ကျွန်တော်တို့ နေခဲ့ကြရတယ်။ အဲဒီတော့ ကိုယ့်ယုံကြည်ချက် ကြောင့်မို့လို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာသည် နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တယ်။ အဲဒါအထိလိုက်ပြီး တိုက်ခိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့က ပြန်ရင်ကြားစေ့ဖို့ သိပ်ခက်သွားမယ်လို့ မြင်တယ်။ တကယ့်တကယ်က နှစ်ဖက်သေကျေပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး နာကြည်းမှုတွေက အရမ်း ကြီးထွားနေတယ်။ တကယ်က အဲဒါတွေကို ဖြေဖျောက်ဖို့အတွက် ပင်ပင်ပန်းပန်း ကျွန်တော်တို့ ကြိုးစား ကြရဦးမှာ၊ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ဖက်နဲ့တစ်ဖက် လူကုန်အောင်ချမယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံက ဘယ်လိုမှ ငြိမ်းချမ်းရေး၊ ပြန်လည်တည် ဆောက်ရေးဆိုတဲ့ အခြေအနေ တွေကို ရောက်လာမှာ မဟုတ်ဘူးလို့ မြင်တယ်။ အဲဒီတော့ လက်နက်ကိုင်နည်းလမ်းနဲ့ ပတ်သက်လို့ ရှိရင်လည်း အခုကျွန်တော် တို့ မြင်နေရတာပဲ။ လားရှိုးဖြစ်စဉ်ကနေပြီးတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် အစရှိသဖြင့်ပေါ့၊ အဲဒီလက်နက်ကိုင်နည်းရဲ့ အလားအလာကို ကျွန်တော်တို့အားလုံး မြင်နေရပြီ။ အခုဆိုရင်လည်း မိုးကုတ် ကနေ ဆုတ်ခွာတယ်ဆိုပြီးတော့ သပိတ်ကျင်းမှာ တိုက်ပွဲတွေ ဖြစ်တော့မယ်ဆိုပြီးတော့ အခု စစ်ဘေး ရှောင်ရတဲ့ ပြဿနာတွေ၊ အရင်က မရှောင်ရဘူး။ ရှောင်တဲ့သူရှောင်ပြီးတော့ ကျားကုတ်ကျားခဲ ကပ် ပြီးတော့ နေတဲ့သူတွေတောင် အခု ထွက်ပြေးတာတွေ ဖြစ်လာပြန်ပြီ။ အဲဒီတော့ ဒီအခြေအနေကြီးကို ဘယ်လောက်ကြာကြာ ဆက်သွားမှာလဲ။ အဖြေမရှိတဲ့ လမ်းကြောင်းကြီးကို ပြန်သုံးသပ်တာမလုပ်ဘဲ ဇွတ်တိုးတဲ့ ကိစ္စကိုတော့ ကျွန်တော်က ရဲရဲရင့်ရင့် တားရလိမ့်မယ်လို့ မြင်တယ်။
TREND ။ ။ အဖြေမရှိတဲ့ လမ်းကြောင်း၊ လက်နက်ကိုင်နည်းရဲ့ အလားအလာက ဘယ်ကိုဦးတည်နေပြီလို့ သုံးသပ်ချင်လဲ။
UKKG ။ ။ စစ်မြေပြင်ဆိုတာက အခိုက်အတန့်တစ်ခုမှာ အားသာတဲ့သူက တိုက်လို့ရှိရင် တစ်ဖက်က ဆုတ်ပေးတယ်။ ဝင်တိုက်တဲ့အချိန်မှာလည်း အဲဒီဒေသ၊ အဲဒီရွာ ဖွတ်ဖွတ်ညက်ညက် ကြေသွားတာပဲ။ တစ်ဖက်ကလည်း အားပြန်စုပြီးရင် ဒီအတိုင်းတော့ တစ်သက်လုံးကြည့်မနေဘူး။ သူ အားပြန်စုပြီး ပြန်တိုက်မှာပဲ။ လမ်းကြိတ်စက်လိုပဲ အဝင်တစ်ခါကြိတ် အထွက်တစ်ခါ ကြိတ်ကြေမွသွားမှာပဲ။ အခု အညာဆိုတာ ဖွတ်ဖွတ်ညက်ညက် ကြေနေပြီ။ စုတ်ပြတ်နေပြီ။ အခုရခိုင်လည်း နယ်မြေ သိမ်းတယ်တာ ပြောတာ၊ ရခိုင်မှာ လူတော်တော်နည်းသွားပြီ။ အကုန်လုံး စစ်ဘေးရှောင်တွေ ဖြစ်နေပြီ။ ဒီအခြေအနေကြီးဟာ လက်နက်ကိုင်နည်းလမ်းနဲ့ နိုင်ငံရေးအရ ခိုင်မာမှု၊ တရားဝင်မှု မဖြစ်နိုင်ဘူးဆိုတာ ဒါရှင်းတယ်။ ဒါကြောင့်မို့လို့ အခု လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အင်အားစုတွေလည်း စကားပြောကြရမှာပဲ။ ဆွေးနွေး ကြရမှာပဲ။ ဒါကြောင့်တစ်ဖက်က ဖွဲ့စည်းပုံ ဥပဒေပြုပြင်ရေးကိစ္စတွေ ဆက်တိုက်ကြိုးစားနေတယ်ဆိုတာက တိုင်းရင်းသားတန်းတူညီမျှရေးကို တရားဝင်ခိုင်ခိုင်မာမာ ရရှိလာဖို့အတွက်ကိုလည်း ပြည်သူ့ပါတီက ကြိုးစားနေတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်ကတော့ အမုန်းအာဃာတတရားကို လှုံ့ဆော်တဲ့ အခါကျ တော့ ပွင့်ပွင့်လင်းလင်းပြောရရင် တပ်မတော်မုန်းတီးရေးကို လှုံ့ဆော်နေတဲ့အခါကျတော့ တပ်မတော်နဲ့ မတူတဲ့ဘက်က ဘာလုပ်လုပ် မှန်တယ်ဆိုတာမျိုး ဖြစ်နေတယ်။ လက်တွေ့မှာလည်းကျရော အခု တပ်မတော် ဆုတ်ခွာတဲ့နေ ရာတွေမှာ ရာဇဝတ်မှုတွေ အများကြီးပဲ။ ပြန်ပေးဆွဲတာတွေရော၊ ဆက်ကြေး ကောက်တာတွေရော၊ လူသစ်စု ဆောင်းတာတွေရော၊ သယံဇာတ တူးတာတွေရော အခုဟာက စာရင်းပျောက်၊ အင်းပျောက် အဂတိလိုက်စားတာတွေ အများကြီးဖြစ်နေပြီ။ တရားဥပဒေစိုးမိုးမှု ပျက်သွားတာပဲ။ ဒါကြောင့်မို့လို့ တပ်မတော်မုန်းတီးရေး တစ်ခုတည်းနဲ့ ပြဿနာတွေကို ဖြေရှင်းလို့မရဘူး။ တပ်ထဲမှာ ည်းပဲ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ သိတဲ့အစိတ်အပိုင်းတွေ အများကြီးရှိတယ်။ တကယ့်ကို တိုင်းပြည် ပြိုကွဲမှာစိုးရိမ်တဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်တယ်ဆိုတာကို သိတဲ့အစိတ်အပိုင်းတွေ အများကြီးရှိတယ်။
ဒါကြောင့်မို့လို့ ပြုပြင်ပြောင်းလဲရေးသမားတွေ ဘက်အသီးသီးက လူတွေအလယ်မှာ လာဆုံဖို့လို တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ငါမဟုတ်ရင် နင်ပဲဆိုတာမျိုး ရန်ငါဖြတ်ပစ်လိုက်ရင်တော့ အလယ်မှာ မရှိတော့ဘူး။ ပြောရရင် ပျော့ပျောင်းတဲ့သူတွေကိုယ်တိုင်က ကိုယ့်ခြံစည်းရိုးကို ပြန်ဝင်ရတော့တယ်။ ဘာကြောင့် လဲဆိုတော့ သူက ပျော့ပျောင်းတဲ့သူတွေကိုပါ တိုက်နေပြီဆိုရင် သူက ပြန်ခုခံရတော့မယ့် အခြေအနေ ရောက်လာတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့က ရန်သူနဲ့ ငါနဲ့ စည်းဖြတ်တဲ့ ကိစ္စဟာ တစ်ဖက်ဖက်က ပြတ်သွားရင်တော့ တစ်မျိုးပေါ့။အဲဒီတော့ နှစ် ၈၀ မှာ မပြတ်ဘူး၊ မပြုတ်ဘူးဆိုတာလည်း ဒါထင်ရှားနေပြီ။ အဲဒီတော့ ဒီအယူအဆကြီးသာ ဆက်ပြီး ကိုင်စွဲနေမယ်ဆိုရင် ဘယ်သူပြတ်မလဲဆိုတော့ ကြာ ကြာဆက်ပြီး စစ်မတိုက်နိုင်တဲ့သူက ပြတ်သွားတာပဲ။ စစ်တိုက်တယ်ဆိုတာ နောက်ဆုံးကျန်တဲ့သူ နိုင်တယ်။ စောစောစီးစီး ကျည်ဆန်ပြတ်သွားတဲ့သူ ရှုံးတယ်၊ ရိက္ခာပြတ်သွားတဲ့သူ ရှုံးတယ်။ လူမရှိတော့ တဲ့သူရှုံးတယ်။ စစ်တိုက်တယ်ဆိုတဲ့ကိစ္စသည် နောက်ဆုံးကျန်တဲ့သူ နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က အလားအလာတွေကို တွက်ဆကြည့်လို့ရတယ်။ ဒါကြောင့်မို့လို့ ဇွတ်တိုးပြီး လုပ်တာထက်စာရင် နိုင်ငံရေးလမ်းကြောင်းပေါ်ကို ဘယ်လိုပြန်တက်မလဲဆိုတာကို လက်နက်ကိုင်နည်းနဲ့ သွားနေတဲ့သူတွေ နည်းလမ်းရှာဖွေသင့်တယ်လို့ မြင်တယ်။ ကျွန်တော်က အမှန်၊ အမှားကို နိုင်ငံရေးမှာ လွယ်လွယ်လေး မပြောချင်ဘူး။ ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်ကြတာ။ သို့သော်ရလဒ်က ရလဒ် ကောင်းထွက် လာသလား၊ အထူးသဖြင့် ပြည်သူကို ဦးတည်တဲ့အခါမှာ ကိုယ်လုပ်လိုက်တဲ့ အကျိုးဆက်ကြောင့်မို့လို့ ပြည်သူတွေအတွက် လက်ရှိအခြေအနေထက် ပိုကောင်းသွားသလား အဲဒါဆိုရင်လုပ်ပေါ့။ ကျွန်တော်က တော့ ကျွန်တော့်ကြောင့်မို့လို့ သေတာကျေတာ၊ ဖမ်းဆီးခံရတာ၊ ဆုံးရှုံး ပျက်စီးတာ မရှိတာကိုဘဲ ဂုဏ်ယူတယ်။ ကျွန်တော်ထိခိုက်ရင် ထိခိုက်ပါစေ၊ ကျွန်တော် အဖမ်းခံရတယ်၊ အဲဒီဟာကို ပုဂ္ဂိုလ်ရေးအရတော့ ဖြတ်သန်းမယ်။ သို့သော် ကျွန်တော်မလုပ်နိုင်တဲ့ကိစ္စကို သူများကို မြှောက်ပေးတဲ့ကိစ္စမျိုး မလုပ်ဘူး။ ဥပမာအားဖြင့် ကိုယ်ကိုယ်တိုင် သေနတ်ကိုင်ပြီး ရှေ့တန်းထွက်တိုက်နိုင်ရင် သေနတ်ကိုင်ကြ၊ တိုက်ကြလို့ ကျွန်တော်တိုက်တွန်းမယ်။ ကိုယ်တိုင်သေနတ်မကိုင်ဘဲနဲ့၊ ရှေ့တန်းမထွက်နိုင်ဘဲနဲ့ ကျန်တဲ့သူတွေကို မြှောက်ပေးတာမျိုး ကျွန်တော်မလုပ်ဘူး။ ဒါက ကျွန်တော့်ရပ်တည်ချက်ပဲ။ အဲဒီတော့ နိုင်ငံရေးမှာ မှန်တယ်၊ မှားတယ်လို့ဆိုတာကို လွယ်လွယ်မပြောချင်ဘူး။ ရလဒ်က ကိုယ်လုပ်လိုက်လို့ အခြေအနေ ပိုကောင်းသွားသလား၊ လူထုအတွက် တိုးတက်လာတယ်၊ ကောင်းမွန်လာတယ်ဆိုရင် ကျွန်တော်က တော့ မှန်တယ်လို့ပဲ ပြည်သူနဲ့ပဲတိုင်းတယ်။ ပြည်သူက စိုးရိမ် ထိတ်လန့်မှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ဖြစ်နေတယ်။ ဟုတ်ပြီဖြစ်တဲ့ကိစ္စက အခိုက်အတန့်ဆိုရင် တစ်မျိုးပေါ့။ တစ်ပတ်ဆိုပြီးပြီ၊ နှစ်ပတ်ဆိုပြီး ပြီနဲ့ အခုဆိုရင် ငါးနှစ်ရောက်လာပြီ။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့က အရေးအကြီး ဆုံးပဲ။ ပြောရရင် နိုင်ငံရေးက စင်းလုံးချော ရာနှုန်းပြည့် မှန်တယ်၊ မှားတယ်ဆိုတာကတော့ ဘယ်ဘက်မှာမှ မရှိဘူး။ အဲဒီအထဲကနေ အကောင်းဆုံးကို ရွေးချယ်ကြရတာပဲလို့ မြင်ပါတယ်။
TREND ။ ။ ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲဆိုတဲ့ အသုံးအနှုန်းနဲ့ ဆန့်ကျင်ပြောဆို လှုံဆော်နေကြတာတွေ ရှိပါတယ်။ ဒီအပေါ် ဘာပြောချင်လဲ။
UKKG ။ ။ လက်ရှိ တပ်မတော်က ရာခိုင်နှုန်း ၂၀ ပဲ ထိန်းချုပ်ထားနိုင်တော့တယ်တို့၊ ၃၀ ပဲ ထိန်း ချုပ်ထားနိုင်တယ်တို့ဆိုတာ လိုင်းပေါ်မှာ တွေ့နေ့ရတာပဲ။ အတုအယောင် ရွေးကောက်ပွဲဆိုရင် အခု လက်နက်ကိုင်အဖွဲ့တွေ သိမ်းထားတာနယ်မြေ ရာခိုင်နှုန်း ၆၀ တို့၊ ၇၀ တို့ လိုင်းပေါ်မှာ တွေ့နေရတာပဲ၊ အဲဒီဒေသတွေမှာ အစစ်အမှန် ရွေးကောက်ပွဲ လုပ်လိုက်ပေါ့။ အဲဒါဆိုရင် ကျွန်တော်တို့လည်း အတုအယောင်ရွေး ကောက်ပွဲဆိုတာကို လက်မခံတော့ဘူးပေါ့။ ကျွန်တော်ကတော့ စကားလုံးတွေနဲ့ ရင်မခုန်ဘူး။
TREND ။ ။ No Vote တို့၊ မဲမပေးနဲ့လို့ ပြည်သူကို လှုံ့ဆော်နေကြတာတွေနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
UKKG ။ ။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်နေရတာက မဲမပေးလည်း ရွေးကောက်ပွဲက မပျက်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ပထမဆုံးရွေးကောက်ပွဲဟာ လူ ၁၀၀ မှာ ခုနစ်ယောက်တောင် မပြည့်ဘူး။ မဲပေးတာ။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးဆောင်ပြီးတော့ ယှဉ် ပြိုင်ခဲ့တဲ့ ၁၉၄၇ ရွေး ကောက်ပွဲမှာ မဲပေးတာက လူ ၁၀၀ မှာ ၅၀ မပြည့်ဘူး။ အဲဒီတော့ မဲပေးတာက ဘယ်လောက်ရာခိုင် နှုန်းပြည့်မှ ရွေး ကောက်ပွဲ အထမြောက်မယ်ဆိုတာ မရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲက ဖြစ်သွားမှာပဲ။ ဖြစ်သွားရင် ကိုယ့်မှာ ငါးနှစ်မှာ တစ်ရက်ပဲရတဲ့အခွင့် အရေးကို စွန့်လွှတ်လိုက်ရင် သူများ ဆုံးဖြတ်တာ ကိုယ်ခံရမှာ။ ကိုယ့်ဆုံးဖြတ်ခွင့်ကို စွန့်လွှတ်လိုက်ရင် ကိုယ်သဘောမတူတဲ့၊ ကိုယ်မနှစ်သက်တဲ့ မဲပေးရွေး ချယ်မှုကို နောက်ထပ်ငါးနှစ် ကျွန်တော်တို့ ခံရမယ်၊ ဒါက ရှင်းနေပါတယ်။ ကျွန်တော်ပြောချင်တာက ကိုယ်ယုံကြည်တာကို ကိုယ်ပြောခွင့် ရှိတယ်။ မဲမပေးကြ နဲ့လို့ပြောပြီဆိုရင် ကျွန်တော်တို့မှာ ဘယ်လို အစီအမံတွေရှိတာကို တစ်ဆက်တည်းချပြ။ ခင်ဗျားတို့ မဲမပေးနဲ့ ဖြစ်လာမယ့်ရလဒ်ကို ကျွန်တော်တို့ တာဝန်ယူတယ်။ ကျွန်တော်တို့မှာ အစီအစဉ်တွေ ရှိတယ်။ ဘယ်လိုဆောင်ရွက် သွားမယ်၊ ဘယ်လို ဖြေရှင်းသွားမယ်ဆိုတာ ချပြ။ အဲဒီလိုချပြမှ တရားမှာပေါ့။ ဒီနည်းလမ်းမဟုတ်ရင် ဘယ်နည်းလမ်းပါလို့ဆိုတာ ချမပြဘဲနဲ့ ဒီနည်းလမ်းကို ဖျက်ဆီးပစ်တာမျိုးက ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးမှာ တောက်လျှောက် ကြုံခဲ့ရတယ်။ ငြင်းရုံပဲ ငြင်းတယ်။ ငြင်းပြီး ဘာလုပ်မယ်ဆိုတာကို မပြနိုင်ဘဲနဲ့ အခုဆိုရင် ကလေးတွေ၊ လူငယ်တွေ သေကျေပျက်စီးတာတွေရော၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းတာရော အကျဉ်း ထောင်တွေထဲမှာ အချိန်တွေ အလဟဿ ဖြစ်နေရော။ အပြင်မှာလည်းပဲ ကျောင်းမတက်ရတဲ့ ကလေးတွေ၊ ငါးနှစ်အောက်ကလေးတွေ ကာကွယ်ဆေးထိုးဖို့ကိစ္စတွေ ပျက် ကွက်နေတာတွေ တစ်နိုင်ငံလုံးက မျိုးဆက်နဲ့ချီပြီး ပျက်စီးနေပြီ။ အဲဒါကြောင့် ခင်ဗျားတို့ ဘာဖြစ်ချင်တာလဲ။ ခင်ဗျားတို့ နိုင်ငံအပေါ်မှာ ဘယ်လောက် စေတနာထားလဲ။ ကျွန်တော်က မေးရတော့မယ်။ ကျွန်တော်တို့က မတရားတာ၊ တွန်းလှန်တာ ဘာညာ ဒီလိုစကားလုံးနဲ့ မပြောနဲ့။ နိုင်ငံရေးဆိုတာ ရလဒ်ကို ခိုင်ခိုင်မာမာ ပြနိုင်ရမယ်။ ကိုယ့် မှာခိုင်မာတဲ့ အစီအမံတွေ ရှိတယ်ဆိုတာကို ပြသနိုင်ရမယ်။ မပြသနိုင်ဘဲနဲ့ ပြောကောင်းတိုင်း လျှောက် ပြော နေတဲ့ကိစ္စ၊ အဲဒါကို ပြည်သူတွေက နားယောင်နေတယ်၊ ရင်ခုန်နေတယ်ဆိုရင်တော့ ပြည်သူတွေပဲ နစ်နာမှာပါ။ ကျွန်တော်တော့ ဒါပဲ ပြောချင်ပါတယ်။
TREND ။ ။ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်ဝော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မယ့် ဦးကိုကိုကြီးအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဘယ်လိုမဲဆွယ် ကတိစကား ပြောကြားချင်လဲ။
UKKG ။ ။ ကျွန်တော်တို့မှာ ရွေးကောက်ပွဲကြေညာစာတမ်း ထုတ်ပြန်ထားတယ်။ အဲဒီအထဲမှာ ၂၀၂၅ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် ရွေးချယ်ခံရလို့ရှိရင် ဦးစားပေးဆောင်ရွက်မယ့်ကိစ္စတွေ ဒါတွေအားလုံး ဖော် ပြထားတယ်။ အဲဒီအထဲမှာ အဓိကကတော့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်လို့မရဘူး။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး နိုင်ငံတော် ပြန်လည်စုစည်းတည် ဆောက်ရေးဆိုတဲ့အမြင်ကို မျက်ခြည်မပြတ်ဖို့လိုတယ်။ တချို့က ငြိမ်းချမ်းရေးလို့ပြောရင် အကုန်တိုက်လိုက်ရင်လည်း ပြီး သွားတာပဲဆိုတာ လက်တွေ့မှာ မပြီးဘူး။ ဖြစ်လည်း မဖြစ်ခဲ့ဘူး။ စိတ်ဆိုးတဲ့အချိန် ဒေါသဖြစ်တဲ့အချိန်မှာ ဆဲကြဆိုကြ၊ ပေါက်ကွဲကြပေမယ့်လို့ တစ်ချိန်မှာ နိုင်ငံ တော်ကို ပြန်လည်စုစည်းဖို့ လိုအပ်တယ်ဆိုတဲ့အမြင်ကို မျက်ခြည်မပြတ်ဖို့လိုတယ်။ ဒါကြောင့် ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်ဆုံဆည်းဖို့၊ အခုဆိုရင် အကျဉ်းသားလွတ်မြောက်ရေး ဖြစ်လာတယ်။ ဒါကျွန်တော် တို့လည်း တောက်လျှောက်တိုက်တွန်းခဲ့၊ ပြောဆိုခဲ့တဲ့ကိစ္စတွေ အခုလို ဖြစ်လာတာ ဝမ်းသာပါတယ်။ အဲဒီတော့ ပြည်ပရောက်နေတဲ့သူတွေ၊ လက်နက်ကိုင်တော်လှန်ရေးထဲမှာ မပါဝင်ဘဲနဲ့ သက်သက်မဲ့ ဒုက္ခခံနေတဲ့သူတွေ အများကြီး ရှိတယ်။ အထူးသဖြင့် CDM တွေ၊ အခုက စိုးရိမ်နေကြတယ်။ ပြန်လာရင် အဖမ်းခံရမလား။ အဲဒါမျိုးကအစ ဖြစ်နိုင်ရင် လုံလုံခြုံခြုံနဲ့ပြန်ပြီးနေနိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ လက်ရှိအစိုးရကိုလည်း တိုက်တွန်းမယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ရွေးကောက်ပွဲ နောက်ပိုင်းမှာ အားလုံးပြန်ဆုံနိုင်ဖို့အတွက်ကို အတတ်နိုင်ဆုံး ကြိုးစားသွားမယ်။ နောက်တစ်ခုက နှိုင်းယှဉ်မှုအရ တည်ငြိမ်တဲ့နေရာတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ကိစ္စ၊ နောက်တစ်ခါပြောရရင် ပြည်ပအလုပ်လုပ်တဲ့ ကိစ္စတွေမှာလည်း တရားဝင်လုပ်ကိုင်ဆောင် ရွက် နိုင်ဖို့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အလတ်စား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ စသည်ဖြင့် ကဏ္ဍအလိုက် ပြုပြင်ဆောင်ရွက် မယ့်ကိစ္စတွေ၊ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူတွေ နိုင်ငံရေးကို ယုံပါလို့ ပြောချင်တယ်။ ပြဿနာတွေကို ဖြေရှင်း နိုင်တာ နိုင်ငံရေးနည်းလမ်းပဲရှိတယ်။ အခု ဖြတ်သန်းခဲ့ရတဲ့ အနိဋ္ဌာရုံတွေအပေါ်မှာ သင်ခန်းစာယူပြီး တော့ နိုင်ငံရေးနည်းလမ်းကို အားပေးကြပါ၊ ရွေးကောက်ပွဲ မဲပေးဖြစ်အောင်ပေးကြပါ၊ ပြည်သူ့ပါတီကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံမဲပေးကြပါလို့ ကျွန်တော်တိုက် တွန်းချင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
TREND News Journal PDF File Download Link