၂၀၂၆ ၊ ဇူလိုင် ၂၄
မြိတ်ကျွန်းစုနှင့် ပင်လယ်ကမ်းစပ်ကျောက်ဂူများတွင် ကျင်လည်ကျက်စားသည့် ဇီဝဇိုးငှက်များကို ယခုအခါ ရန်ကုန်မြို့အပါအဝင် တိုင်းနှင့်ပြည်နယ်ဒေသများတွင် စီးပွားဖြစ် မွေးမြူလာကြသည်။ ထို့ကြောင့် စီးပွားဖြစ်မွေးမြူလာကြသည့် ဇီဝဇိုးငှက်အိမ်များ ဆောက်လုပ်မှုလုပ်ငန်းအခြေအနေ၊ ဈေးကွက်အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးဇော်မိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ သဘာဝအလျောက် ဇီဝဇိုးငှက်သိုက်ကုန်ကြမ်း ဖြစ်ပေါ်လာပုံအကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။
UZM ။ ။ ဇီဝဇိုးငှက်သိုက်ဖြစ်ပေါ်လာပုံက ဇီဝဇိုးငှက်ဟာ အရင်တုန်းကတော့ ပင်လယ်ကမ်းစပ် လိုဏ်ဂူထဲမှာ နေတာပေါ့။ သူတို့က အန်ဖတ်ကို ပြုလုပ်တယ်။ 'ဥ'ဥပြီးတော့ အကောင်ပေါက်တယ်။ အကောင်ပေါက်ပြီးရင် အသိုက်ကို စွန့်လွှတ်တယ်။ နောက်ထပ် ရာသီတွေကျမှ အသိုက်ကို ထပ်ပြီးလုပ်တယ်။ အဲဒီလိုမျိုး လိုဏ်ဂူထဲမှာ နေတာကနေပြီးတော့ အလွန်အကျွံ ထုတ်ယူမှုတွေများတဲ့အတွက် ဒီငှက်တွေက ကုန်းတွင်းပိုင်းကို ရောက်ရှိလာပါတယ်။ အဲဒီလိုမျိုး ဝင်ရောက်လာတဲ့အခါကျတော့ မွေးမြူတဲ့ သူတွေက အိမ်ဆောက်ပြီးတော့ မွေးမြူပေးကြတယ်။ အခုဆိုရင် ဇီဝဇိုးငှက်တွေကို ရန်ကုန်မြို့ အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ စီးပွားဖြစ် မွေးမြူလာကြပါတယ်။ ရန်ကုန်မြို့မှာတော့ ဇီဝဇိုးငှက်တွေနဲ့ပတ်သက်ပြီး သူရဲ့ ရာသီချိန်ကျမှ ကူးတယ်။ အသိုက်စွန့်မှ လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်တယ်။ အဲဒီလိုမျိုးတွေ လုပ်ပေးတဲ့အတွက် တစ်ဖက်မှာလည်း ပိုပြီး မျိုးပွားလာတာပေါ့။ အဲဒီလိုမျိုး စနစ်တကျလုပ်ဆောင်တဲ့အတွက် ရန်ကုန်မြို့မှာပဲဖြစ်ဖြစ်၊ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပဲဖြစ်ဖြစ် ငှက်အိမ်တွေကို ဆောက်လုပ်လာကြပါတယ်။ ဇီဝဇိုးငှက် သိုက်လုပ်ငန်းက အရင်တုန်းကတော့ မြိတ် ကမ်းရိုးတန်းဒေသတွေမှာ ထွန်းကားတာပေါ့။ အခုဆိုလို့ရှိရင်တော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့မှာ ရှိလာနေပါပြီ။ တချို့ကျတော့လည်း မြစ်ကြီးနားဘက်မှာလည်း ရှိလာနေပြီလို့ ပြောနေကြတာတွေလည်း ရှိတယ်။
TREND ။ ။ အခုက ဇီဝဇိုးငှက်သိုက်တွေကို စီးပွားဖြစ်မွေးမြူလာတာနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဆောင်ရွက်ပေးလျက် ရှိပါသလဲ။
UZM ။ ။ လက်ရှိမှာတော့ ရန်ကုန်မြို့မှာ ငှက်အိမ်ဆောက်နေတာတွေ ရှိပါတယ်။ ငှက်အိမ်မှာလည်း ငှက်လာနေအောင် ငှက်ကလေးအသံတွေ၊ မိတ်လိုက်တဲ့အသံတွေကို စပီကာနဲ့တစ်ရက်လုံး ဖွင့်ထားပေးရပါတယ်။ သားဖောက်ဖို့ သူတို့အာခေါင်ထဲက အာစေးနဲ့ အသိုက်လုပ်ကြပြီး အကောင်ပေါက်လို့ အသိုက်ကို စွန့်ခွာသွားတဲ့အခါ ခွာယူရောင်းချကြတာပါ။ ဒီလိုမျိုး စနစ်တကျနဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် တာဝန်ခံတွေ ထားပြီးတော့ လုပ်ဆောင်နေပါတယ်။ ပြည်တွင်းမှာလည်း ငှက်အိမ်တွေဆောက်ပြီး ထုတ်လုပ်မှုများတာတွေလည်း ရှိတယ်။ တချို့ကျတော့လည်း တစ်နိုင်တစ်ပိုင်နဲ့ လုပ်ဆောင်နေတာတွေလည်းရှိပါတယ်။ အဓိကတော့ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ် ဈေးကွက်ကို တင်ပို့နိုင်ဖို့အတွက် အစိုးရအချင်းချင်းပူးပေါင်းလုပ်ဆောင်နေတာတွေလည်းရှိပါတယ်။ တရုတ်ပြည်ဈေးကွက်ကို တင်ပို့နိုင်ဖို့က ွဗဃဃ လက်မှတ်ရရှိဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
TREND ။ ။ အခုလက်ရှိ ဇီဝဇိုးငှက်သိုက်ဈေး ကွက်အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
UZM ။ ။ ဇီဝဇိုးငှက်သိုက်ပေါက်ဈေးကတော့ ဈေးကွက်ပေါ်မူတည်ပြီးတော့ အမျိုးမျိုးရှိပါတယ်။ တချို့က ၂၂ သိန်းကနေ ၂၆ သိန်းထိ ပေါက်တာလည်း ရှိပါတယ်။ အရည်အသွေး အရမ်းကောင်းတယ်ဆိုလို့ ရှိရင်တော့ ကျပ်သိန်း ၃၀ ထိ ပေါက်တာလည်း ရှိပါတယ်။ ပြည်တွင်းဈေးကွက်အနေနဲ့ကတော့ ပြောမယ်ဆိုရင် ဈေးကွက်ရရှိမှု နည်းပါးသေးတယ်။ ဝယ်တော့ ဝယ်တယ် ရာခိုင်နှုန်းအား ဖြင့် ၂၅ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်။
TREND ။ ။ အခုက ငှက်သိုက်အိမ်တွေလည်း တည်ဆောက်ပြီး မွေးမြူလာကြပြီဆိုတော့၊ ကုန်ကြမ်းအခက်အခဲတွေလည်း မကြုံတွေ့ရတော့ဘူးလို့ ပြောလို့ရလား။
UZM ။ ။ ဟုတ်ကဲ့ ပြောလို့ရတယ်။ ဇီဝဇိုး ငှက်သိုက်ကုန်ကြမ်းကလည်း နွေရာသီပွင့်လင်းရာသီဆို တော်တော်များများ ရရှိပါပြီ။ ငှက်သိုက်ဆိုတာက လေးလတစ်ကြိမ် ခူးရတယ်ဆိုပေမယ့် အခုက ငှက်အိမ်တွေ တည်ဆောက်ထားတော့ လတိုင်းလိုလို ကုန်ကြမ်းထွက်ရှိတယ်။ အဲဒီအတွက်ကြောင့် ငှက်သိုက်ကုန်ကြမ်းက ရှားပါးမှုနဲ့ မကြုံတွေ့နိုင်ပါဘူး။ ကုန်ချောကိုဆိုရင်လည်း နှစ်မျိုး ထုတ်လုပ်လို့ရပါတယ်။ ငှက်သိုက်အရည်နဲ့ ငှက်သိုက်အချောလိုင်း၊ အကြေလိုင်းဆိုပြီး သွားလို့ရပါတယ်။ တရုတ်ပြည် ဈေးကွက်ကတော့ ပိုမိုကြီးမားပါတယ်။ ဒါကိုလည်း ရရှိအောင် အသင်းကတာဝန်ရှိ သူတွေက ကြိုးစားဆောင်ရွက်နေပါတယ်။
TREND ။ ။ မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက် လုပ်ငန်းရှင်များအသင်း တည်ထောင်ရတဲ့ ရည်ရွယ်ချက်အကြောင်း ပြောပြပေးပါဦး။
UZM ။ ။ မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက် လုပ်ငန်းရှင်များအသင်းကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ လက်အောက်မှာ ၂၀၂၆ ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ အသင်းဝင်များအား ဇီဝဇိုးငှက်မွေးမြူရေးဆိုင်ရာ ငှက်အိမ်ဒီဇိုင်း၊ ငှက်ခေါ်သံ၊ ထိန်းသိမ်းစောင့် ရှောက်ခြင်းနည်းပညာများ ဖြန့်ဝေပေးနိုင်ရန်၊ အသင်းဝင်လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်း ညိနှိုင်း၍ တွေ့ကြုံရသော အခက်အခဲများအ တွက် သင့်လျော်သော ဖြေရှင်းနည်းများကို ဖော်ထုတ်ရန်၊ ဇီဝဇိုးငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဇီဝဇိုးလုံခြုံ ရေးကိစ္စရပ်များတွင် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များ ရေးဆွဲထုတ်ပြန်နိုင်ရန်အတွက် သစ်တောဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နဲ့ ညှိနှိုင်းဆွေးနွေးရန်၊ ဇီဝဇိုးငှက်များကို ကာကွယ်စောင့်ရှောက် သောအားဖြင့် ငှက်သိုက်အတွင်း ငှက်ဥနှင့် ငှက်သားပေါက်များ မရှိတော့သည့် အချိန်ရောက်မှသာ ငှက်သိုက်ကိုခွာယူသော ကျင့်ဝတ်ကို လိုက်နာစေရေး ပညာပေးဆောင်ရွက်ရန်၊ ဇီဝဇိုးငှက်များ ကျက်စားနေထိုင်သော အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဇီဝဇိုးငှက်သိုက်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် အဆက်အသွယ်ရယူ၍ နည်းပညာဖလှယ်ခြင်းများ ဆောင်ရွက်ရန်၊ ပြည်တွင်းထွက်ငှက်သိုက်များကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြည်ပသို့ တင်ပို့ရန် ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းကို ဝင်ချင်တယ်ဆိုရင် အသင်းဝင် ဖောင်ဖြည့်ပြီးတော့ မွေး/ကုကပေးတဲ့ ဖောင်နဲ့ ဓာတ်ပုံ နှစ်ပုံရယ်၊ နောက် အသင်းဝင်ကြေးနှစ်သိန်းနဲ့ ကျွန်တော်တို့စီ လာလျှောက်လို့ရပါတယ်။
TREND ။ ။ မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက် လုပ်ငန်းရှင်များအသင်းအနေနဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေအတွက် ဘယ်လိုမျိုး ကူညီပံ့ပိုးပေးလျက် ရှိပါသလဲ။
UZM ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဇီဝဇိုး ငှက်သိုက်လုပ်ငန်းရှင်များ အသင်းအနေနဲ့လည်း လုပ်ငန်းလုပ်ကိုင်နေသူတွေကို နည်းပညာတွေ ဖြန့်ဝေပေးပါတယ်။ ငှက်အိမ်ဆောက်ခြင်း၊ အသံပိုင်းဆိုင်ရာ လုပ်ဆောင်ခြင်းတွေ၊ ဘယ်နေရာမှာ ဘယ်လိုထားသိုရမလဲဆိုတာတွေကအစ နည်းပညာတွေ ဖြန့်ဝေပေးပါတယ်။ ဒီလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအနေနဲ့လည်း အကူအညီတစ်စုံတစ်ရာ လိုအပ်တယ် ဆိုလို့ရှိရင် ကျွန်တော်တို့ အသင်းဆီကို ဆက်သွယ်ပြီးတော့ အကူအညီတောင်း ခံနိုင်ပါတယ်။ ကျွန်တော်တို့ကနေပြီးတော့ သေချာရှင်းပြပြီး ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။
TREND ။ ။ ဖြည့်စွက်ဖြေကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UZM ။ ။ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေ ကိုပြောချင်တာကလည်း ဒီငှက်သိုက်လုပ်ငန်းက ရှေ့အလားအလာရှိတဲ့ ရေရှည်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် လုပ်ကိုင်စေချင်ပါတယ်။ နောက်ပိုင်းမှာလည်း နိုင်ငံခြားငွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ရှာပေးနိုင်မယ့် လုပ်ငန်းမျိုးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဖြစ်နိုင်မယ်ဆိုရင် ရှေ့ဆက်ပြီးတော့ အရှေ့တောင်အာရှက နိုင်ငံတွေထိ ထိုးဖောက်သွား ချင်ပါတယ်။ လူတိုင်းလိုလို ငှက်အိမ် ဆောက်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေအများကြီး ရရှိလာစေမှာဖြစ်ပါတယ်။ ဇီဝဇိုးငှက်သိုက်လုပ်ငန်းနဲ့ပတ်သက်ပြီး နိုင်ငံခြားဝင်ငွေ ပိုမိုတိုးပွားရရှိစေဖို့၊ တရုတ်ဈေးကွက်ကို တင်ပို့နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးစားနေကြောင်း ပြော ကြားလိုပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )