တစ်ပါတီအာဏာရှင်စနစ်ကို တားဆီးချင်တယ်ဆိုလို့ရှိရင် ပြည်သူလူထုက မဲထွက်ပေးမှရမယ် . . . ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းအား ဆက်သွယ်မေးမြန်းခြင်း . . .

 ၂၀၂၆ ၊ ဇန်နဝါရီ ၈ 

     ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အ‌ထွေထွေရွေးကောက်ပွဲ အခင်းအကျင်း၊ နိုင်ငံရေးပါတီများ၏ လူထုစည်းရုံးလှုပ်ရှား ဆောင်ရွက်ချက်များ အပါအဝင် ရွေးကောက်ပွဲ အပိုင်း (၁) ၏ အခြေအနေ၊ မဲပေးမှု ရာခိုင်နှုန်းတို့အပေါ် ပထမအကြိမ် ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်း၏ အမြင်သဘောထား သုံးသပ်ချက်များကို ဆက်သွယ်မေးမြန်းထားပါသည်။

 

ဒေါက်တာညိုညိုသင်း၏ ကိုယ်ရေးအကျဉ်း
    ဒေါက်တာညိုညိုသင်းသည် ဥပဒေပြုပြင် ပြောင်းလဲရေးသမားနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတော် ဒီမိုကရေစီ နည်းလမ်းတကျ တိုးတက်ပြောင်းလဲရေးအတွက် ရည်မှန်းချက်ထား လုပ်ဆောင်နေသူဖြစ်ပြီး သူမ၏ အသက်မွေးဝမ်းကျောင်း တစ်လျှောက်တွင် 'ဥပဒေသည် နိုင်ငံသားတိုင်း၏ ကောင်းကျိုးအတွက်ဖြစ်ရမည်' ဟူသော ခိုင်မာသည့် ယုံကြည်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ရွေးကောက်ခံရသည့် အမျိုးသမီးခြောက် ဦးထဲမှ တစ်ဦးဖြစ်ခဲ့ပြီး လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ရန်ကုန်တိုင်း၏ ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ပညာအရည်အချင်း ဥပဒေဒေါက်တာဘွဲ့  (Doctor of Laws) - ယိုကိုဟားမား အမျိုးသားတက္ကသိုလ် (Yokohama National University)၊ ဂျပန်နိုင်ငံ ဥပဒေ မဟာဘွဲ့ (LL.M) - ယိုကိုဟားမား အမျိုးသားတက္ကသိုလ်၊ ဂျပန်နိုင်ငံ။ ဥပဒေမဟာဘွဲ့ (LL.M) - ရန်ကုန်တက္ကသိုလ်၊ မြန်မာနိုင်ငံ ဥပဒေဘွဲ့ (LL.B)-ရန်ကုန်တက္ကသိုလ်၊ မြန်မာနိုင်ငံ။ ဂျပန်ဘာသာ နှင့် ပြင်သစ်ဘာသာ ဒီပလိုမာ - နိုင်ငံခြားဘာသာတက္ကသိုလ် ((UFL)/ (2010-2015(sad) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းနှင့်အဆိုပေါင်း ၄၀၀ နီးပါး တင်သွင်းခဲ့သည့် အတက်ကြွဆုံး လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်ခဲ့သလို ၂၀၁၆ တွင် Yangon Watch ကို လည်းကောင်း၊ ၂၀၁၇ တွင် School of Law Gender & Politics (SLGP) ကိုလည်းကောင်း တည်ထောင်ခဲ့သည်။ လက်ရှိတွင် NSPNC မှ ကြီးမှူးသည့် ၂၀၂၅ ငြိမ်းချမ်းရေး ဖိုရမ်များနှင့် ၂၀၂၆ မြန်မာလူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် နည်းပညာဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

 

TREND ။        ။ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အပိုင်း (၁) ကို သုံးသပ်ပေးပါဦး။
Dr.NNT    ။    ။
တစ်ဦးတည်းအမြင်အရ ရွေး‌ကောက်ပွဲ အပိုင်း(၁) က ထင်ထားသလောက် မဆိုးဘဲနဲ့ အောင်အောင်မြင်မြင် ပြီးသွားတယ်လို့ပဲ ယေဘုယျကောက်ချက်ချရမှာပါ။ အစိုးရမျှော်လင့်ထားတဲ့အတိုင်းပဲ အရာရာရွေးကောက်ပွဲဟာ ချောချောမွေ့မွေ့ပြီး သွားတယ်လို့ပဲ မှတ်ယူရမှာပါ။ ဒါပေမဲ့ တချို့ နေရာတွေမှာတော့ အငြင်းပွားစရာတွေ ရှိတယ်။ ဒါတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က သေသေချာချာ လေ့လာသုံးသပ်မှုတွေ လုပ်ပြီးတော့ နောက်ရွေးကောက်ပွဲတွေမှာ ဒီလိုအားနည်းချက်‌တွေ မဖြစ် ပေါ်အောင် ကြိုးစားသင့်တယ်။ အဲဒါကတော့ ယေဘုယျတွေ့ရှိချက်ပေါ့။ ရလဒ်အနေနဲ့ကတော့ မျှော်လင့်ပြီးသားအတိုင်း USDP က နိုင်တယ်။ ဒီမိုကရေစီ အင်အားစုတွေဘက်က မျှော်လင့်ထားသလောက် အနိုင်ရရှိမှု မရှိဘူး။ ဒါလည်း ရွေးကောက်ပွဲ သပိတ်မှောက်စေချင်တဲ့ အင်အားစုတွေကြောင့် ဒီလိုရလဒ်ထွက်လာတယ်ဆိုတာ မဆန်းဘူးလို့ ပြောရမှာပါ။ ပြည်သူလူထုအနေနဲ့ကတော့ ဒီဟာကို သင်ခန်းစာယူပြီးတော့ ဒုတိယအကြိမ်ကျင်းပမယ့်၊ တတိယအကြိမ် ကျင်းပမယ့် မြို့နယ်‌တွေမှာ မဲထွက် ပေးသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ မဲထွက်ပေးမှသာလျှင် USDP မဟုတ်သော အခြားသော နိုင်ငံရေး ပါတီတွေ လွှတ်တော်ထဲမှာ အတန်အသင့် ရောက်လာမှာ ဖြစ်တယ်လို့ မြင်ပါတယ်။

TREND ။        ။ မြို့နယ်အများစုမှာ USDP အနိုင်ရရှိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တချို့က ကြိုတင်မဲကြောင့်၊ No Vote လှုံ့ဆော်မှုတွေကြောင့် စသည်ဖြင့် အမျိုးမျိုး ပြောကြတာတွေလည်း ရှိတယ်။ USDP အနိုင်ရရှိခဲ့တဲ့ အဓိကအကြောင်းအရင်းတွေက ဘာဖြစ်မလဲ။ 
Dr.NNT    ။    ။
ကြိုတင်မဲကြောင့် နိုင်တယ်ဆိုတာ အဲဒါက တစ်ဆင့်စကားနဲ့၊ တစ်ဆင့်နားနဲ့ လူပြော များလာတာမျိုးပဲ ကြားရတာပါ။ ကြိုတင်မဲတွေဆိုတာက ဝန်ထမ်းအများစု ဖြစ်တယ်။ ဝန်ထမ်းရိပ်သာတွေမှာ လာပြီး USDP က ကြိုတင်ပြီးတော့ ကြိုတင်မဲကောက်တာတွေ တွေ့ရတယ်။ USDP ပါတီဝင်တွေက ကြိုတင်မဲကောက်တဲ့အခါမှာ USDP ကို မဲပေးကြတာ မဆန်းပါဘူး။ အဲဒီလိုမျိုးပဲ တခြား‌သော နိုင်ငံရေး ပါတီတွေက ဘာကြောင့် မလုပ်နိုင်ရတာလဲ။ ဝန်ထမ်းဆိုပေမယ့် USDP မဟုတ်သော တခြားသောပါတီတွေကို ပေးချင်တဲ့ ဝန်ထမ်းတွေလည်း ရှိမှာပဲလေ။ ဒါပေမဲ့ အဲဒီလိုမျိုး နိုင်ငံရေးပါတီတွေက မလုပ်နိုင်တာကို တွေ့ရတယ်။ ဒါကြောင့်မို့ USDP လုပ်နိုင်သလိုမျိုး အခြားသော နိုင်ငံရေးပါတီတွေကလည်း လူထုနဲ့ထိတွေ့ပြီးတော့ မဲစာရင်းနံပါတ်တွေ ကြိုတင်ပေးထားတာမျိုး၊ ကြိုတင်မဲကောက်တဲ့နေရာမှာ အတူ တကွ လိုက်လံတာမျိုး ဒါမျိုးတွေရှိသင့်တယ်၊ တောင်းဆိုသင့်တယ်။ ကြိုတင်မဲကောက်တဲ့ လုပ်ငန်းစဉ်မှာ တခြားသော နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ဝင်ရောက်ဖို့ကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တွေကလည်း စီစဉ်သင့်တယ်လို့ မြင်တယ်။ ပါတီစုံက ကိုယ်စားလှယ်တွေ ပါပြီးတော့ ကြိုတင်မဲကောက်ခံတာမျိုးက ပိုပြီးတော့ အများအမြင်ကို သံသယရှင်းစေမယ်လို့ မြင်ပါတယ်။ ပြီးတော့ USDP နိုင်တာဟာ No Vote လှုံ့ဆော်မှု တစ်ခုတည်းကြောင့်လို့‌တော့ ပြောလို့မရဘူး။ လူထုက မဲထွက်ပေးချင်ရင်တောင်မှ လုံခြုံရေးကြောင့်တို့၊ အပြောခံရမှာ စိုးလို့တို့ပေါ့၊ No Vote တစ်ခုတည်းကြောင့် မဟုတ်ဘူး။ အဲဒီလို အမျိုးမျိုးသော အကြောင်းတရားတွေကြောင့် မဲမပေးကြတာ တွေ ရှိတယ်။ ခန့်မှန်း သုံးသပ်ရသလောက်တော့ အနည်းဆုံး ရာခိုင်နှုန်း ၅၀ ကတော့ No Vote လှုံ့ဆော်မှုတွေကြောင့် မပေးကြတာလို့ သုံးသပ်မိတယ်။

TREND ။        ။ ရွေးကောက်ပွဲ သပိတ်မှောက်စေချင်တဲ့ အင်အားစုတွေကြောင့် ဒီလိုရလဒ်ထွက်လာတာ မဆန်းဘူးလို့ သုံး သပ်ထားတော့ ဆန့်ကျင်ဘက် အုပ်စုတွေရဲ့ No Vote ကမ်ပိန်းတွေကြောင့်  နှိုးဆော်ခဲ့ ကြမှုတွေနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
Dr.NNT    ။    ။
No Vote လုပ်တဲ့ အင်အားစုတွေကို အခုမှ ဒီမေးခွန်း မေးတာမဟုတ်ဘူး။ ၂၀၁၀ တုန်း ကလည်း No Vote အင်အားစုတွေ ဒီမေးခွန်း မေးခဲ့တယ်။ ပျော်လား၊ ပျော်ကြလားပေါ့။ အခုလည်း ဒီမေးခွန်းပဲ မေးချင်တယ်။ USDP နိုင်တာ၊ ရန်ကုန်မှာ ပထမအကြိမ် ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းအပြည့် USDP နိုင်တာရယ်၊ ဒီအခြေအနေဖြစ်လာတယ်။ No Vote အင်အားစုတွေ လိုချင်တဲ့ အဖြေလား၊ ပျော်ကြရဲ့ လားလို့ မေးချင်ပါတယ်။

TREND ။        ။ နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုကိစ္စနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိသလောက်ပြောပြပါဦး။
Dr.NNT    ။    ။
USDP က နိုင်ငံရေးအတွေ့အကြုံရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်၊ အတွေ့အကြုံရှိတဲ့ သူ့ရဲ့ မူလအင်အားစုကို ကောင်းကောင်း အသုံးချနိုင်တာကို တွေ့ရတယ်။ USDP အင်အားစုမဟုတ်တဲ့ အခြားသော နိုင်ငံရေးပါတီတွေ အထူးသဖြင့် အသစ်တွေပေါ့။ အဲဒီ ပါတီအသစ်တွေက ပြည်သူနဲ့လည်း ထိတွေ့မှုရှိမထားဘူး။ ဒီကာလတွေမှာလည်း ဖိအားတွေ အင်မတန်များ တာဖြစ်တဲ့အတွက် မဲမပေးခင် ကာလမှာ ပြည်သူတွေက ကိုယ့်ပါတီကို မဲပေးချင်စိတ်ဖြစ်လာအောင် စည်းရုံးတဲ့အပိုင်းမှာ တော်တော် လေးကွာခြားနေတာတွေ့ရတယ်။ USDP အင်အားစုတွေက အရင်တွေ့ကြုံခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုပဲ ပြန်သုံး တာဖြစ်တဲ့အတွက် လူတွေကို ကောင်းကောင်းစည်းရုံးနိုင်တာကို တွေ့ရတယ်။ သူတို့နဲ့ အဆင်မပြေတဲ့ အင်အားစုတွေကိုတောင်မှ ပြုံးပြုံးရွှင်ရွှင်နဲ့ တခါတည်း အိမ်တိုင်ရာရောက် တက်ပြီးတော့ မဲဆွယ်စည်း ရုံးတာတွေ အန်တီကိုယ်တိုင်မျက်စိနဲ့ တွေ့ကြုံခဲ့ရတယ်။ စည်းရုံးလှုပ်ရှားမှုအပိုင်းမှာ USDP က တော်တော်လေးကို ရဲရဲတင်းတင်းလုပ်တယ်။ သူတို့ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်သွားတာ တွေ့ရတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီတွေကတော့ ကိုယ်စားလှယ်လောင်းကို ရှာမတွေ့ဘူး။ ပျောက်နေတာပေါ့။ မဲပေးချင်လို့တောင် ကိုယ်စားလှယ်လောင်းက ရှာမတွေ့ဘူး။  လက်ကမ်းစာစောင် ဝေတာလည်း မရှိဘူး။ တော်တော်များများ မဝေကြဘူးပေါ့။ အန်တီက အဲဒါပြောချင်တယ်။ လက်ကမ်းစာစောင် ဝေဖို့တောင်မှ မစီစဉ်နိုင်ဘူးဆိုရင် အဲဒီကိုယ်စားလှယ်လောင်း လွှတ်တော်‌ထဲရောက်သွားရင် ဘယ်လို အားကိုးရမလဲ။ ကိုယ့်ရဲ့ မဲဆန္ဒနယ်မှာ ကိုယ့်ရဲ့ Pamphlet ကို လုံလုံလောက်လောက် ဝေငှနိုင်ခြင်း စွမ်းရည်တောင် မရှိဘူးဆိုရင် သူတို့ လွှတ်တော်ထဲ ရောက်လို့ရှိရင် ပြည်သူလူထုက ဘာတွေ အားကိုးရမှာလဲ။ အဲဒါလည်း မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အားလုံး အဘက်ဘက်က နိုင်ငံရေးပါတီတွေအနေနဲ့ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ဖို့လိုမယ် မြင်ပါတယ်။

TREND ။        ။ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲက PR စနစ်ကိုလည်း စတင်ကျင့်သုံး ထားတော့ FPTP မပါရင်ရော PR မှာ ပါနိုင်လား၊ PR သမားတွေ ဘယ်လိုအခွင့်အရေးရနိုင်လဲစတဲ့ မေးခွန်း မေးနေကြတယ်။ ဒီအပေါ် သုံးသပ်ပေးပါဦး။
Dr.NNT    ။    ။
PR သမားတွေ ဘယ်လိုအခွင့် အရေးရနိုင်လဲဆိုတာက ရွေးကောက်ပွဲကော်မရှင်အပေါ် မှာ နိုင်ငံရေးပါတီတွေ မေးခွန်းကောင်းကောင်း ထုတ်နိုင်မှုအပေါ်မှာ မူတည်တယ်။ အခု နိုင်ငံရေးပါတီတွေက ဝင်သာပြိုင်နေကြတာ၊ PR စနစ်အပေါ်မှာ ရှင်းရှင်းလင်း လင်း နားလည်သဘောပေါက်မှုအပိုင်းမှာ အားနည်းနေတယ်လို့ တွေ့ရတယ်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းကိုလည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ကို မမေးရသေးဘူးလို့ ယူဆတယ်။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်ကို အခုကတည်းက မေးသင့်မေးထိုက်တာ တွေကို မေးထားမှသာ PR မှာ ရသင့်ရထိုက်တဲ့ ကိုယ်စားလှယ်တွေရမယ်လို့ သုံးသပ်မိတယ်။ အခုကတော့ ဝင်သာပြိုင်တယ်၊ PR နဲ့ပတ်သက်ပြီး သိပ်နားမလည်ကြဘူး၊ ဘယ်လို အခွင့်အရေးရတယ်ဆိုတာလည်း သိပ်မသိကြဘူး။ သက်ဆိုင်ရာ ပါတီတွေအနေနဲ့က PR နဲ့ ပတ်သက်တဲ့ လုပ်ထုံး လုပ်နည်းကို ရှင်းရှင်းလင်းလင်းသိဖို့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ကို မေးခွန်းထုတ်ဖို့ နောက် တောင်ကျနေပြီလို့ မြင်ပါတယ်။ သုံးသပ်ရသလောက် အချိုးကျစနစ်မှာ အများကြီးရမယ်လို့ မမျှော်လင့်ဘူး။ ဘာကြောင့်လဲဆိုရင် အခုမဲရလဒ်တွေက သိရသလောက် တော်တော်ကွာနေတယ်။ ထားပါတော့ ဒုတိယရတဲ့ပါတီဆိုရင် ၁၀ ဦးထက်မကျော်ဘူးလို့ ခန့်မှန်းမိတယ်။ အခု ဒီရွေးကောက်ပွဲအခင်း အကျင်းကို ကြည့် လိုက်ခြင်းအားဖြင့် ဒုတိယရတဲ့ပါတီသည် ဒုတိယရသည့် တိုင်အောင် PR မှာ သူ ၁၀ နေရာရဖို့ မလွယ်ဘူးလို့ ခန့်မှန်းမိတယ်။ ဘာပဲပြောပြော ပြည်သူလူထုတွေ အနေနဲ့က PR စနစ်ဖြစ်တဲ့ အတွက်ကြောင့် ကိုယ်ပေးတဲ့ မဲက မဆုံးရှုံးသွားဘူး။ ကိုယ်ပေးတဲ့ပါတီက ကိုယ်စား လှယ်ဟာ မနိုင်သည့် တိုင်အောင် ကိုယ်ပေးလိုက်တဲ့မဲသည် အဲဒီပါတီရဲ့ PR ကိုယ်စားလှယ်လောင်းအတွက် အများကြီး အထောက်အကူပြုရာ ရောက်မှာဖြစ်တဲ့အတွက် ပြည်သူလူထုက မဲထွက်ပေးခြင်းအားဖြင့် အခြားသော နိုင်ငံရေးပါတီတွေ လွှတ်တော်ထဲရောက်လာဖို့ကို အထောက်အကူများစွာ ပေးမှာဖြစ်တယ်။ နိုင်ငံရေး ပါတီတွေကလည်းပဲ အခု ဒုတိယအကြိမ်၊ တတိယအကြိမ်မှာ ပြည်သူလူထု မဲထွက်ပေးအောင် လုံလုံခြုံ ခြုံနဲ့ မဲပေးလို့ရမယ့် အခြေအနေတွေကို ကိုယ်စားလှယ်လောင်းတွေက စီမံပေးသင့်တယ်။ ဥပမာ ကားတွေနဲ့ ကြိုပြီး ပို့ပေးတာမျိုး၊ အသွားအပြန် ကြိုပေးတာမျိုးပေါ့။ ဒါမျိုးတွေ စီစဉ်ပေးသင့်တယ်။ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်လောင်းတွေက မစီစဉ်ပေးနိုင်ရင်လည်း ဒီမိုကရေစီကို လိုလားတဲ့၊ ချစ်မြတ်နိုး တဲ့ နိုင်ငံသားကောင်းတွေကလည်း လူထုက လုံခြုံစိတ်ချစွာနဲ့ မဲပေးတဲ့အခွင့်အရေးရဖို့ စီစဉ်ပေးသင့်တယ်။ ဝိုင်းပြီးတော့ ကူညီပေးသင့်တယ်လို့ ယူဆတယ်။ အဲဒီလို ကူညီပေးခြင်းအားဖြင့် သက်ဆိုင်ရာ ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်လာမယ်၊ လူတွေက တစ်ခဲနက် ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တွေမှာ မဲထွက်ပေးကြမယ်ဆိုရင် ပါတီကြီးတစ်ခုက ကြီးစိုးတဲ့ လွှတ်တော်တွေဖြစ်ဖို့ အခွင့်အလမ်း နည်းသွားမယ်။ ဒါပေမဲ့ အခုအခြေအနေက ကိုယ်စားလှယ်လောင်းတွေက ဝင်သာ ပြိုင်တယ်။ စည်းရုံးရေးကောင်းကောင်း မလုပ်ဘူး။ အများပြည်သူ မဲဆန္ဒပေးနိုင်အောင် လုပ်နိုင်စွမ်း၊ ကိုင်နိုင်စွမ်း အရမ်းအားနည်းတယ်။ ဒါကြောင့်လည်းပဲ USDP ကပဲ ဆက်ပြီးနိုင်မယ်လို့ တွက်ဆမိတယ်။ တခြားပါတီတွေက အခု လုပ်ပုံလုပ်နည်းအတိုင်းပဲ၊ ပထမအကြိမ် ရွေးကောက်ပွဲ လုပ်ပုံလုပ်နည်းအတိုင်းပဲ ဒီနှုန်းနဲ့ပဲ ဆက်သွားမယ်ဆိုရင်တော့ ဒုတိယအကြိမ် ရွေးကောက်ပွဲရော၊ တတိယအကြိမ် ရွေးကောက်ပွဲရော USDP ပဲ ဆက်နိုင် သွားလိမ့်မယ်လို့ တွက်ဆမိတယ်။ USDP နိုင်သည့်တိုင်အောင် USDP ကို ပြန်လည် ထိန်းကျောင်းနိုင်မယ့် အခြားသော အင်အားစုတွေ လွှတ်တော်ထဲမှာ ထိုက်သင့်သ လောက်တော့ ရှိစေချင် တယ်။ ဒါမှသာ တစ်ပါတီအာဏာ ရှင်စနစ်ကို ကာကွယ်လို့ရမှာ ဖြစ်တယ်။ နိုင်ငံရဲ့သမိုင်း ကြောင်းကို ပြန်ကြည့်ရင် တစ်ပါတီတည်းက အဲဒီလို အများစု အနိုင်ရခြင်းဟာ လွှတ်တော်မှာ Check and Balance၊ အစိုးရကို ထိန်းကျောင်းနိုင်မှုအပိုင်းမှာ အရမ်းအားနည်းခဲ့တာကို တွေ့ရပါတယ်။ NLD လက်ထက်မှာဆိုရင် အစိုးရဘာလုပ်လုပ် လွှတ်တော်က အတည်ပြုပေးရတာတွေရှိတယ်။ ဒေါ်စန္ဒာမင်းတို့လောက်ပဲ လွှတ်တော်ကို ထိန်းကျောင်းနိုင်တာ တွေ့ရတယ်။ အဲဒီလိုပဲ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာလည်းပဲ ပြည်သူ့လွှတ်တော်ကလွဲရင် တခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ USDP ပါတီလုပ်ချင်တဲ့အတိုင်း အစိုးရက လိုက်လုပ်ရတာ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာဆိုရင် ရှစ်ပါတီပါတယ်။ ဒါပေမဲ့ တကယ်တမ်းမဲခွဲတိုင်းမှာ USDP ကပဲ အမြဲတမ်းအနိုင်ရတယ်။ ပြောချင်တာက လွှတ်တော်တစ်ခုမှာ နိုင်ငံရေးပါတီ ၁၀ ခုလောက် ရောက်ရင်တောင်မှ အစိုးရကို ထိန်းကျောင်းနိုင်မှု အင်အားတွေက နည်းတယ်။ အဲဒါကို ပြောချင်တာ။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲမှာ အခြားသော ပါတီအင်အားစုတွေ များ များပါဖို့က တိုင်းပြည်ရဲ့အနာဂတ်အတွက်၊ ဒီမိုကရေစီရှင် သန်ဖို့အတွက် အင်မတန်အရေးတကြီး လိုအပ် ချက်ဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်ကို ပြည်သူလူထုက အချိန်ကိုက် ဖြည့်ပေးရမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုကို မေတ္တာရပ်ခံချင်တယ်။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တွေမှာ မဲထွက်ပေးဖြစ်အောင် ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

TREND ။        ။ နောင်လာမယ့် အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် ရွေး‌ကောက်ပွဲ အပိုင်း (၁) ကနေ ဘယ်လိုသင်ခန်းစာတွေ ယူသင့်လဲ။
Dr.NNT    ။    ။
USDP မဟုတ်သော အခြားသော နိုင်ငံရေးပါတီတွေ ဒီအပေါ်မှာ သင်ခန်းစာယူသင့်တယ်။ USDP ဟာ အနည်းနဲ့အများ ပြည်သူလူထုကြားထဲမှာ သူရဲ့အင်အားက ရှိနေတယ်ဆိုတာ ထင်ရှားတယ်။ ပြည်သူလူထုက ဘယ်လောက် USDP ကို မကြိုက်သည် ပြောပါစေ၊ USDP ထောက်ခံတဲ့ အင်အားစု အတန်အသင့် ဒီနိုင်ငံထဲမှာ ရှိနေတယ်။ နောက်ပြီးတော့ ဝန်ထမ်းတွေရဲ့ မဲတော်တော်များများ ကလည်း USDP ကိုပဲ ပေးသွားကြတာ တွေ့ရတယ်။ ဒါကြောင့် USDP မဟုတ်သော အခြားသော နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးသမားများသည့် USDP နဲ့ ယှဉ်ပြိုင်ပြီးတော့ ရွေးကောက်ပွဲ ဝင်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲကာလမဟုတ်တဲ့ အချိန်တွေမှာလည်းပဲ ပြည်သူနဲ့ စနစ်တကျ ထိတွေ့မှုတွေ၊ ပြည်သူလူထုနဲ့ အတူတူ၊ ပြည်သူလူထုရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတာမျိုးတွေ ရှိသင့်တယ်။  အန်တီလည်း မဲရုံတွေကို လေး၊ ငါး၊ ခြောက်ခုလောက် လိုက်လေ့လာခဲ့တယ်။ အဲဒီမှာ မဲပေးချင်လို့ မဲရုံရောက်သွားတဲ့ ပြည်သူတွေ အများကြီးတွေ့ခဲ့ရတယ်။ မဲပေးချင်တယ်၊ မဲရုံကိုလာတယ်၊ ဒါပေမဲ့ ဘယ်သူ့ကို ပေးရမှန်း မသိကြဘူးပေါ့။ အန်တီတို့ကျတော့ မဲရုံဧရိယာထဲဆိုတော့ ဒါမျိုးတွေက ပြောလို့မရဘူး။ အဲဒီလိုတွေ့တော့ ဘယ်သူ့ကို ပေးရမလဲ၊ ဘယ်ပါတီကို ပေးရမလဲဆိုတာ‌ လာမေးတာတွေ တွေ့ခဲ့ရတယ်။ ဒါဆိုရင် သူတို့ဆီမှာ စည်းရုံးရေး မလာကြဘူးလားဆိုပြီး မေးကြည့်တော့ တချို့နေရာတွေမှာ စည်းရုံးရေးဆင်းတဲ့ သူ မရှိဘူးဆိုပြီးပဲ လူထုဆီက ပြန်ကြားရတယ်။ ရွေးကောက်ပွဲသာ ဝင်ပြိုင်တယ်၊ စည်းရုံးရေးမလုပ်တဲ့ ကိုယ်စားလှယ်တွေလည်း အများကြီး တွေ့ရတယ်။ ဒါကြောင့် လူထုက မဲပေးချင်တာတောင်မှ ဘယ်သူ့ ကို၊ ဘယ်ပါတီကို ပေးရမှန်းမသိလို့ ပြန်သွားကြတဲ့သူတွေ အများကြီးရှိတာ တွေ့ရတယ်။ နောက်တစ်ချက်က မဲစာရင်းတွေကလည်း ဒီ့ထက်စနစ်ကျဖို့ လိုတယ်လို့ မြင်တယ်။ ရွေးကောက်ပွဲကော်မရှင်က ဘယ်လောက်ပဲ မျှတမှုရှိအောင်၊ သမာသမတ်ရှိအောင် ဆောင်ရွက်သော်လည်းပဲ အောက်ခြေမှာ တကယ်တမ်းမဲစာရင်း ပြုစုတဲ့နေရာမှာ အားနည်းချက်တွေ ရှိတတ်တယ်။ မဲစာရင်းတွေက ဟိုးယခင်တုန်းက သန်းခေါင်စာရင်းတွေ အပေါ်မှာ အခြေခံထားတာတွေ့ရတယ်။ အခုနောက်ပိုင်း ရန်ကုန်မြို့ထဲမှာက ရွှေ့ပြောင်းသွားလာသူတွေ တအားများတော့ အဲဒါတွေ အဆင်ပြေအောင် သက်ဆိုင်ရာ အာဏာပိုင်တွေက စာရင်း ပြုစုထားနိုင်တာတွေ သိပ်မတွေ့ရဘူး။
    ဧည့်စာရင်းနဲ့နေတာတွေ၊ ငါးနှစ်၊ ခြောက်နှစ် ဧည့်စာရင်းနဲ့နေတဲ့ ပြည်သူလူထုတွေ ရှိတယ်။ အဲဒီလို ဧည့်စာရင်းနဲ့နေတဲ့သူတွေလည်း မဲပေးချင်တာတောင်မှ မဲစာရင်းထဲမှာမပါတာ တွေ့ရတယ်။ အဲဒီတော့ ပြည်သူလူထုတွေအနေနဲ့ကလည်း မဲပေးတဲ့နေ့ ရွေးကောက်ပွဲနေ့ကျမှပဲ မဲရုံကို အများစုရောက် လာကြတာကို တွေ့ရတယ်။ ကြိုတင်ပြီးတော့ မဲစာရင်းကြည့်ထားတာ၊ မဲစာရင်းစစ်ထားတာ သိပ်မတွေ့ရဘူး။ မဲရုံကို မဲလာပေးကြတဲ့ သုံးပုံတစ်ပုံလောက်ကသာ ကိုယ့်ရဲ့ မဲစာရင်းနံပါတ်ကို သိပြီး လာပေးကြ တာတွေ့ရတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်သူလူထုကို မဲစာရင်း စစ်ပေးပြီးတော့ မဲစာ ရင်းရဲ့ နံပါတ်တွေကို ဝေပေးထားတာမျိုး လုပ်ပေးသင့်တယ်။ ဒါမှ လူထုက မဲသွားပေးတဲ့အခါမှာ အလွယ်တကူ မဲပေးနိုင်မယ်။ ဒါကြောင့် USDP မဟုတ်သော အခြားသော နိုင်ငံရေးပါတီတွေအနေနဲ့က ပြည် သူလူထုနဲ့ ထိတွေ့မှုကို ရွေးကောက်ပွဲအချိန်မှ ထိတွေ့တာမျိုးမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲမဟုတ်တဲ့ အချိန် တွေမှာလည်းပဲ လူထုနဲ့‌ ထိတွေ့ကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။

TREND ။        ။ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အပိုင်း (၁) မှာ မဲပေးခွင့်ရှိသူ ၁၁ ဒသမ ၆ သန်း ကျော်ရှိပြီး မဲပေးသူ ၆ ဒသမ ၀၉ သန်းကျော်နဲ့ မဲပေးမှုနှုန်း ၅၂ ရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ လူထုရဲ့ မဲပေးမှု အခြေအနေအပေါ် သုံးသပ်ပေးပါဦး။
Dr.NNT    ။    ။
၅၂ ရာခိုင်နှုန်းကျော်၊ သန်းကျော်ထွက်ပြီး မဲပေးတယ်‌ဆိုတာဟာ မဆိုးဘူးလို့ ပြောရမှာပါ။ ပြည်သူလူထူက ဒီလောက်တောင်မှ ဘက်ပေါင်းစုံက ဖိအားတွေ ရင်ဆိုင်နေရတာတောင်မှ ၅၂ ရာ ခိုင်နှုန်းကျော် ထွက်ပြီး မဲပေးတယ်ဆိုတာဟာ စဉ်းစားကြည့်ရင် အန်တီတို့မှန်းတာက USDP ရဲ့ Solid မဲက ရာခိုင်နှုန်း ၃၀ ဝန်းကျင်ပဲရှိမယ်လို့ မှန်းတယ်။ ကျန်တဲ့ရာခိုင်နှုန်း ၂၀ ပေါ့။ USDP အင်အားစုမဟုတ်‌တဲ့ သူတွေထဲက ရာခိုင်နှုန်း ၂၀ ကျော်က Silent Majority  တွေက ပထမအကြိမ်မှာ မဲထွက်ပေးတယ်လို့ ယူဆရတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ်မှာ ဒီ့ထက်အများကြီး ထွက်ပေးကြမယ်ဆိုရင် ပြောချင် တာက Silent Majority  တွေ ရာခိုင်နှုန်း ၄၀၊ ၅၀ ၊ ၇၀ ၊ ၈၀ ထွက်လာပြီဆိုရင် USDP မဟုတ်သော အခြား‌သော နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို အထိုက်အလျောက် အင်အားစု တချို့ ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

TREND ။        ။ လာမယ့် ရွေးကောက်ပွဲ အပိုင်း (၂) ၊ (၃) တို့နဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူတွေကို ဘာများ ဖြည့်စွက်ပြောကြားချင်ပါလဲ။
Dr.NNT    ။    ။
မဲဆန္ဒရှင်ပြည်သူ‌တွေကို အဓိက ပြောချင်တာက ရွေးကောက်ပွဲအပိုင်း (၁) မှာ Silent Majority က ထွက်လာတာက ရာခိုင်နှုန်း ၂၀ မကျော် ဘူးပေါ့။ ဒါကြောင့် အပိုင်း (၂၊ ၃) မှာ Silent Majority  ထဲက ရာခိုင်နှုန်း ၄၀ လောက် ထွက်လာမယ်ဆိုရင် လွှတ်တော်တွေမှာ ပါတီအစုံပါလာတဲ့ အခြေအနေဖြစ် လာမှာပေါ့။ ပါတီစုံပါလာတဲ့ အခြေအနေမျိုး ဖြစ်လာ ခြင်းအားဖြင့် လွှတ်တော်ထဲမှာ တစ်ပါတီတည်းက ကြီးစိုးတဲ့၊ တစ်ပါတီအာဏာရှင်စနစ် ကြီးစိုးတဲ့ လွှတ်တော်တွေ ဖြစ်လာတော့မှ မဟုတ်ဘူး။ ဒါကြောင့် တစ်ပါတီ အာဏာရှင်စနစ်ကို ကာကွယ်ချင်တယ်ဆိုလို့ရှိရင် ပြည်သူလူထုက မဲထွက်ပေးမှရမယ်။ ပြည်သူလူထုက မဲထွက်ပေးမှသာလျှင် တစ်ပါတီအာဏာရှင်စနစ်ကို တား ဆီးနိုင်မှာ ဖြစ်တယ်။ အထူးသဖြင့် ဒုတိယနဲ့ တတိယအပိုင်းမှာ ဘယ်လိုပါတီမျိုးကို မဲထည့်သင့်လဲ။ ဒါနဲ့ပတ်သက်ပြီး အန်တီ ကတော့ ပြတ်ပြတ်သားသား ပြောချင်တာက ဒုတိယအနိုင်ရနေတဲ့ပါတီ၊ သို့မဟုတ် တတိယအနိုင်ရ နေတဲ့ ပါတီမျိုးတွေကို ပေးသင့်တယ်လို့ အကြံပြု ချင်ပါတယ်။ တစ်သီးပုဂ္ဂလတွေထဲမှာလည်း ထူးချွန်ထက်မြက်တဲ့ တစ်သီးပုဂ္ဂလတွေရှိတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို လွှတ်တော်တွေထဲမှာ ပြချင်တဲ့ တစ်သီးပုဂ္ဂလ တွေရှိတယ်။ အဲဒီ တစ်သီးပုဂ္ဂလတွေကိုလည်း မဲပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။ အဲဒီလိုလူတွေ လွှတ်တော်ထဲရောက်သွားမှသာလျှင် တစ်ပါတီအာဏာရှင်စနစ်ကို ကာကွယ်တဲ့ လွှတ်တော်တွေ ဖြစ်လာမယ်။ မဟုတ်ရင် တစ်ပါတီအာဏာရှင်စနစ် ကြီးစိုးတဲ့ လွှတ်တော်တွေသည် အဲဒီပါတီ က သဘောအတိုင်းပဲ ဒီလွှတ်တော်တွေက အစိုးရကို ထိန်းကျောင်းမှု မရှိဘဲနဲ့ ပါတီတစ်ခုရဲ့ အလိုကျ အုပ်ချုပ်တဲ့ အစိုးရသာ ဖြစ်သွားနိုင်ပါတယ်။
    ဒါကြောင့်မို့လို့ ပြည်သူလူထုက ပါတီစုံဒီမိုက ရေစီစနစ်ဖြစ်လာအောင် ပထမပိုင်း‌ရွေးကောက်ပွဲမှာ ဒုတိယအနိုင်ရထားတဲ့ ပါတီ‌နဲ့ တတိယအနိုင်ရထားတဲ့ ပါတီတွေကို တစ်ခဲနက် ထွက်ပြီးတော့ မဲပေးကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ တစ်သီးပုဂ္ဂလတွေနိုင်ဖို့ အရေးကြီး တယ်။ အဲဒီတစ်သီး ပုဂ္ဂလတွေကိုလည်း အတတ်နိုင်ဆုံး အကုန်လုံး ထွက်ပြီးတော့  မဲပေးသင့်ပါတယ်။ တိုင်းပြည်ကို ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုက မကယ်တင်ဘူးဆိုရင် နောက်ငါးနှစ် လွှတ်တော်တွေဟာ တစ်ပါတီအာဏာရှင်စနစ် ကြီးစိုးတဲ့ လွှတ်တော်တွေ ဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် မို့လို့ ပြည်သူလူထုက တိုင်းပြည်ကို အသဲကြားက မဲတစ်ပြားနဲ့ ကယ်တင်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

TREND ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 
(ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 18

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59680

© 2022 - 2026 News. All Rights Reserved.