Breaking

တိုင်းရင်းသားပါတီငယ်တွေ လွှတ်တော်အသီးသီးကို များများရောက်သွားမှ လာမယ့်မြန်မာ့နိုင်ငံရေး အခင်းအကျင်းက အရောင်အသွေး ပိုစုံသွားမယ် . . . ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော်နှင့် ဆက်သွယ်မေးမြန်ခြင်း

၂၀၂၆ ၊ ဇန်နဝါရီ  ၂၂

    ကျားမင်းပါတီဟု ဒေသတွင်း‌ ခေါ်ဝေါ်ကြသည့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် စစ်ကိုင်းတိုင်း‌ဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ လွှတ်တော်အသီးသီးတို့တွင် အနိုင်ရရှိခဲ့သည်။
    ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေ၊ ဒေသခံများ၏ ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှုအနေအထားနှင့် ပါတီ၏ နိုင်ငံရေးမျှော်မှန်းချက်များကို ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ SSP ပါတီ ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော်အား ဆက်သွယ်မေးမြန်းထားပါသည်။

 


TREND ။        ။ ရှမ်းနီ (တိုင်းလျန်) ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနေအထား၊ အနိုင်ရရှိမှု အခြေအနေနဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေကို ပြောပြပါဦး။
USNNK     ။    ။
ကျားမင်းပါတီအနေနဲ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကိုယ်စားလှယ်လောင်း အ‌ယောက် ၄၀ နဲ့ ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ အနေအထားပါ။ လက်ရှိ အပိုင်း(၁)၊ (၂) ပြီးသွားတဲ့ အ‌ချိန်မှာတော့ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်း‌ဒေသကြီးလွှတ်တော် (FPTP)နဲ့ (PR) နှစ်ဦး၊ ပြီးတော့ စစ်ကိုင်းတိုင်း‌ဒေသကြီးရဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်ပေါ့။ အဲဒီလို ငါးနေရာလောက် အနိုင်ရထားတဲ့ အနေအထားပါ။ အပိုင်း (၃) အတွက်ကတော့ ပါတီရုံးတွေလည်း မရှိဘူး။ ပြီးတော့ ကျွန် တော်တို့က တိုင်းဒေသကြီး တစ်ခုတည်းကိုပဲ ကိုယ်စားပြုတဲ့ပါတီဖြစ်တော့ မြို့နယ် ငါးမြို့နယ်မှာပဲ ရွေး/ကော်ရဲ့ ဥပဒေနဲ့အညီ ရုံးခန်းဖွင့်ထားတာ။ ကျန်တဲ့နေ ရာတွေက ရုံးခန်း လည်း မရှိဘူး၊ ဖွဲ့စည်းပုံလည်း မရှိဘူး၊ လှုပ်ရှားမှုလည်း မရှိဘူး။ မပြိုင်ခင်ကတည်းက ပါတီကြီး တွေကို အရှုံးပေးထားရတဲ့ အနေအထား ရှိပါတယ်။ ရွေးကောက်ပွဲ အပိုင်း (၁) ၊ (၂)၊ (၃)ခွဲထားတဲ့အချိန်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကို ကိုယ်စားပြုထားတဲ့ ပါတီငယ်တွေက မြို့နယ်ငါးမြို့နယ် ရုံးခန်းဖွင့်ရမယ် လို့ ပြဋ္ဌာန်းချက်ရှိတာကိုး။ ကျွန်တော်တို့က အဓိက ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ ဖောင်းပြင်၊ တမူး စတဲ့ ကျွန်တော်တို့ ရုံးခန်းတွေရှိတဲ့ မြို့နယ်‌တွေမှာတော့ ရွေးကောက်ပွဲက ပြီးသွားပါပြီ။ ကျန်တဲ့အပိုင်း (၃) မှာ ပါတဲ့ မြို့နယ်တွေက ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီရဲ့ ပါတီရုံးခန်းတွေလည်း မရှိဘူး။ ဖွဲ့စည်းပုံလည်း မရှိဘူး။ စည်းရုံးရေးလည်းမရှိဘူး။ တည့်တည့်ပြောရရင် ဘာမှမရှိတဲ့ နေရာတွေမှာ ကျွန်တော်တို့ပါတီအနေနဲ့ ဘာမှလုပ်မထားတဲ့ နေရာတွေပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်သည် ရှမ်းနီမြေမှာ ရှမ်းနီနိုင် ရမယ်လို့ ကြွေးကြော်ထားတာ ဖြစ်တဲ့အတွက် အဓိက က ၁၀၀ မှာ ရာခိုင်နှုန်း ၈၀ လောက်ရှိနေတဲ့ ဟုမ္မလင်းဒေသမှာ ရှမ်းနီမြေမှာ ရှမ်းနီနိုင်အောင်ပဲ ဆောင်ရွက်ခဲ့ပြီးတော့ ရွေးကောက်ပွဲဝင်ခဲ့တာပါ။ ဟုမ္မလင်းဧရိယာမှာ ရာခိုင်နှုန်း ၈၀ လောက် ရှိနေတဲ့ ရှမ်းနီလူမျိုး တွေ နေထိုင်တဲ့ ဟုမ္မလင်း‌ဒေသမှာ ရှမ်းနီပါတီနိုင်ဖို့ အဓိက ရည်မှန်းချက်ပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်က ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ ကျွန်တော် တို့လူမျိုးတွေရဲ့ အရေးကိစ္စတွေကို အဓိကဦးစားပေး ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ရန်ကုန်မှာ ရှမ်းနီပါတီ မနိုင်ချင်ဘူး၊ မန္တလေးမှာလည်း ရှမ်းနီပါတီ မနိုင်ချင်ဘူး၊ ရှမ်းနီမြေမှာပဲ ရှမ်းနီပါတီ အနိုင်ရချင်တာပါ။ ကျွန်တော် တို့ပါတီရဲ့ရည်မှန်းချက်က အစိုးရဖွဲ့ဖို့မဟုတ်ဘူး၊ သမ္မတ လုပ်ဖို့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့လူမျိုးတွေအတွက် ပြောရေးဆိုခွင့် နေရာတစ်ခုကိုတော့ လိုချင်ပါတယ်။ ရှမ်းနီလူမျိုးတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးစင်မြင့်ပေါ်မှာ တရားဝင်ဥပဒေနဲ့အညီ ပြောရေးဆိုခွင့်ရနိုင်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံရေးဝင်လုပ်ခြင်း ဖြစ်ပါတယ်။

TREND ။        ။ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ (၂) အခင်းအကျင်းကို ဘယ်လိုသုံးသပ်ချင်လဲ။
USNNK     ။    ။
ဒီ‌မိုကရေစီလို့ ပြောနေတဲ့ စကားလုံးတွေကြားထဲမှာ ရွေးကောက်ပွဲကို ဖြတ်သန်းရမှာပါ။ အဲဒီရွေးကောက်ပွဲကို ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်ဖြစ်အောင် ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ရှမ်းနီဒေသကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်းပဲ အားနည်းချက် အချို့ရှိသော်လည်းပဲ ကျွန်တော်တို့ရဲ့ ရှမ်းနီဒေသမှာတော့ ရွေးကောက်ပွဲနဲ့တူတဲ့ ရွေး ကောက်ပွဲတစ်ခုကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်လို့ ကျွန်တော်က သုံးသပ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအခင်းအကျင်းနဲ့ပတ်သက်ပြီး သုံးသပ်ရရင် ကောင်းပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲ မလုပ်တာနဲ့စာရင် ရွေးကောက် ပွဲလုပ်တာက ကောင်းတယ်။ မဲမပေးတာထက်စာရင် မဲပေးရဲတဲ့ ပြည်သူတွေက ပိုပြီး ကောင်းပါတယ်။ ဒါ ကျွန်တော့်အမြင်ပါ။ ဟိုလိုလို ဒီလိုလိုနဲ့ မှိန်းနေရင် တိုင်းပြည်ကလည်း ဒီလိုပဲ ထပ်ပြီး မှိန်းနေမှာပေါ့။ ပွင့်ပွင့်လင်းလင်းပဲ၊ ကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူးပေါ့၊ ဘာဖြစ်လဲ။ ခြိမ်းခြောက်မှုတွေကြားက နိုင်ငံရေး လုပ်ရဲသူတွေရှိနေရင် မဲပေးကြမယ့် ပြည်သူတွေက လည်း ကိုယ်ကြိုက်တဲ့ပါတီကို ပေးသင့်ပါတယ်။ ဘယ်သူ့ပေး ပါလို့ ကျွန်တော်မပြောပါဘူး။ ဒါကတော့ လက်ရှိအခင်း အကျင်းအပေါ်မှာ နိုင်ငံရေးသုံးသပ်ချက်ပါ။ ကျွန်တော် တို့ကတော့ ကိုယ့်‌ဒေသကို လုံခြုံ အောင်၊ တည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင်တော့ ဆောင်ရွက်နေဦးမှာပဲ။ဆိုလိုတာက မြို့ပျက်ပြီး ပြေးသွား\ရတာထက်စာရင် ကိုယ့်ဒေသမှာ ကိုယ်နေပြီးတော့ ကိုယ့်လယ် ကိုယ်စိုက်၊ ကိုယ့်ဘုရား ကိုယ်ရှိခိုးပြီးနေရတဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့ အစည်းကလူနဲ့ ပိုတူတယ်လို့ ယူဆပါတယ်။ ဒါကြောင့်လည်းပဲ ရှမ်းနီဒေသကို ပိုပြီးတော့ လုံခြုံသည်ထက်လုံခြုံအောင်၊ တည်ငြိမ်သည်ထက် တည်ငြိမ်အောင် ဖန်တီးဆောင်ရွက်နေ ခြင်း ဖြစ်ပါတယ်။

TREND ။      ။ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတချို့ အနိုင်ရရှိခဲ့တဲ့ မြို့နယ်တွေရှိပါတယ်၊ ဒီအခြေအနေအပေါ် အမြင်လေးသိပါရစေ။
USNNK     ။    ။
ကျွန်တော်ကတော့ ဝမ်းသာပါတယ်။ မွန်ပါတီတို့၊ ပအိုဝ်းပါတီတို့ နိုင်တဲ့သတင်းတွေ အွန်လိုင်းကနေ ကြားရပါတယ်။ နောက် ကျွန်တော်တို့ရဲ့ဒေသမှာ နာဂအမျိုးသားပါတီကလည်း သူ့နာဂဒေသမှာ မဲအများဆုံးနဲ့ အနိုင်ရထားတယ်လို့ ကြားရပါတယ်။ ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသား ပါတီငယ်တွေ များများနိုင်ပြီး လွှတ်တော်အသီးသီးကို များများရောက်သွားမှ လာမယ့် မြန်မာ့နိုင်ငံရေးအခင်း အကျင်းက  အရောင်အသွေးပိုစုံသွားမယ်။ အရောင်အသွေး ပိုစုံရင် အဲဒီ ဥယျာဉ်က ပိုလှတာပေါ့။ တစ်ရောင်တည်းလွှမ်းမိုးနေတဲ့ ဥယျာဉ်ဆိုတာက အမြင်မှာ ရိုးပါတယ်။ အရောင်အသွေး ပိုစုံလေ ပိုပြီးတော့ ကျက်သရေရှိတဲ့ ဥယျာဉ်ကြီး ဖြစ်သွားမှာပါ။ အရောင်အသွေးအစုံအလင်သာ ပြောရေးဆိုခွင့် အမှန်တကယ် ဥပဒေနဲ့အညီ ရခဲ့ပြီဆိုရင် ကျွန်တော်တို့ရဲ့ လာမယ့် လွှတ်တော်အခင်းအကျင်းကလည်း တိုင်းပြည်အတွက် ကောင်းမွန်သော အနာဂတ်တွေအများကြီးကို သယ်ဆောင်လာနိုင် လိမ့်မယ်လို့ ယူဆပါတယ်။ ပြီးတော့ ကျွန်တော်ထင်ပါတယ်၊ ဒီတိုင်းရင်းသားပါတီတွေကလည်း ရှမ်းနီပါတီလိုပဲ အစိုးရဖွဲ့ဖို့၊ သမ္မတလုပ်ဖို့ သူတို့ နိုင်ငံရေးလုပ်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့ဒေသ၊ သူတို့လူမျိုး၊ သူတို့ပတ်ဝန်းကျင်အတွက် နိုင်ငံရေးစင်မြင့်ပေါ်မှာ သူတို့ရဲ့ပြောရေးဆိုခွင့် တစ်ခုကို ဖန်တီး နေကြတယ်လို့ ယူဆပါတယ်။ ဒီအခွင့်အရေးတွေကလည်း ရွေးကောက်ပွဲကို ဖြတ်သန်းပြီးမှ တိုင်းရင်း သားပါတီတွေအနေနဲ့ ရရှိမှာဖြစ်တဲ့အတွက် ဘာပဲပြောပြော ကျွန်တော်ကတော့ ဝမ်းသာပါတယ်။ 

TREND ။        ။ ရှမ်းနီ(တိုင်းလျန်)ပါတီက ငါးနေရာလောက် အနိုင်ရထားတော့ ပါတီအနေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အစီအမံတွေကိုလည်း သိပါရစေ။
USNNK     ။    ။
ကျွန်တော်တို့ရဲ့ အထက်ချင်းတွင်းမှာရှိတဲ့ ရှမ်းနီဒေသသည် ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးမှာ အဘက်ဘက်က နောက်ကျနေတဲ့ ဒေသတစ်ခုလို့ ကျွန်တော်တို့ပါတီက ခံယူပါတယ်။ အဲဒီအတွက် အခု လွှတ်တော်မစခင်မှာကိုပဲ ဆောင်ရွက်မယ့် အစီအစဉ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကယားပြည်နယ်နီးနီးလောက်ရှိတဲ့ ဟုမ္မလင်းခရိုင်ကို အားလုံးပတ်ပြီးတော့ အဓိက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ မြေပြင်အချက်အလက်အမှန်တွေကို ရရှိဖို့အတွက် ပါတီက အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ပြီးတော့ ကျွန်တော်တို့ ခရီးရှည်တစ်ခုထွက်ဖို့ စီစဉ်ထားပါတယ်။ ဒါက လွှတ်တော်မစခင် သိပ်မကြာခင်မှာ လုပ်ဆောင်မှာပါ။ အဓိကကတော့ မြေပြင်အခြေအနေကို ဆင်းပြီးတော့ ရှမ်းနီဒေသမှာ သိသိသာသာကို နောက်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အဲဒီအချက်အလက်တွေကို မြေပြင်\အချက်အလက် အမှန်တွေ ရရှိနိုင်ဖို့အတွက် လွှတ် တော်မသွားခင် အနိုင်ကိုယ်စားလှယ်တွေကို ဦးဆောင် ပြီးတော့ ရှမ်းနီဒေ သတွင်းမှာ ခရီးရှည်တစ်ခု ထွက်မှာပါ။ ဒါမှလည်း မြေပြင်အခြေအနေတွေကို သိရမှာပါ မှတ်တမ်းတွေတင်မယ်၊ အချက်အလက်တွေ ယူမယ်။ အဲဒီမှာ ဒေသရဲ့ လိုလားချက်တွေ၊ အခက်အခဲတွေ ဒါတွေပါလာမှာပါ။

TREND ။        ။ လက်ရှိ ရွေးကောက်ပွဲအပေါ် ဒေသခံလူထုရဲ့စိတ်ပါဝင်စားမှု၊ ပူးပေါင်းပါဝင်မှုနဲ့ သူတို့ ရဲ့ မဲပေးမှု နည်းလား၊ များလား။
USNNK     ။    ။
ကျွန်တော်တို့ ဒေသမှာတော့ ရွေးကောက်ပွဲနီးလေ၊ ပြည်သူတွေက ပိုပြီး စိတ်ဝင်စားလေပဲဗျ။ အဲဒီလို အနေအထား ရှိပါတယ်။ အကြောင်းအ မျိုးမျိုးကြောင့် မဲမပေးလိုက်ရတဲ့ ဒေသခံတိုင်းရင်းသားတွေလည်း ရှိပါတယ်။ ဥပမာထားပါတော့ ဟုမ္မလင်း မှာ‌ဆိုရင် ၇၈ အုပ်စုရှိတယ်။ အခုလက်ရှိ ရွေးကောက်ပွဲသည် ၂၁ အုပ်စုကိုပဲ အခြေခံပြီးတော့ ကျင်းပတာဖြစ်တဲ့အတွက် သုံးပုံတစ်ပုံကျော်ကျော် လောက်ပဲ မဲပေးခွင့်ရလိုက်တဲ့ သဘောရှိတယ်။ လုံခြုံရေးကြောင့် မဲရုံတွေ ဖန်တီးမပေးနိုင်လို့ မဲပေးခွင့်အားလုံး မရခဲ့ကြဘူး။မဲပေးချင်တဲ့ ရှမ်းနီတိုင်းရင်းသားတွေ မဲမပေးလိုက်ရတာ တွေလည်းရှိတယ်။ သို့သော်လည်း ကျွန်တော်တို့ ရှမ်းနီဒေသမှာက အားလုံးက ရွေးကောက်ပွဲကို စိတ်ဝင်တစား နဲ့ မဲပေးချင်တဲ့ ရှမ်းနီလူမျိုးတွေ အများစုက မဲပေးကြပါတယ်။ 

TREND ။        ။ ရှမ်းနီလူမျိုးတွေ စိတ်ဝင်တစားနဲ့ မဲထွက်ပေးလာကြတာက ဘယ်လိုအခြေအနေကြောင့် ဖြစ်မလဲ၊ ရွေး‌ကောက်ပွဲအပေါ် သူတို့ ဘယ်လိုမျှော်လင့်နေကြလဲ။
USNNK     ။    ။
အဓိကကတော့ ကျွန်တော်တို့ရဲ့ ကျားမင်းပါတီခေါ် ရှမ်းနီ(တိုင်းလျန်)ပါတီရဲ့ လှုံ့ဆော်မှုတွေကြောင့်လို့ ပြောရမှာပါ။ ကျွန်တော်တို့က လူမျိုးရေးကို အခြေခံထားတဲ့ တိုင်းရင်းသားပါတီတစ်ခု ဖြစ်တဲ့အတွက် ကျွန်တော်တို့ များများမဲရမှ လက်ရှိ ရွေးကောက်ပွဲ အခင်းအကျင်းအရ ကိုယ်စားလှယ်လောင်း တော်တော်များများသည် ကိုယ်စားလှယ်တွေအဖြစ်နဲ့ လွှတ်တော်အသီးသီးကို များများရောက် သွားကြမှာကိုး။ အဲဒီအတွက် အားလုံးက မဲရုံအသီးသီးသွားပြီး မဲပေးကြဖို့ ဆော်သြပါတယ်။ ကြိုက်တဲ့ပါတီကို မဲပေးကြပါလို့လည်း ဆော်သြပါတယ်။ အားလုံးကလည်း စိတ်ဝင်စားကြတယ်။ ကျွန်တော်တို့ ကျားမင်းပါတီရဲ့ စည်းရုံးရေးစကားက မဲရုံသွားပြီး မဲပေးကြပါ၊ ကြိုက်တဲ့ပါတီကို ပေးခဲ့ပါ၊ အဓိက,ကတော့ မဲပေးဖြစ်အောင် မဖြစ်မနေဆိုပြီး ဆော်သြခဲ့ပါတယ်။

TREND ။        ။ ရွေးကောက်ပွဲ အပိုင်း(၃) ကလည်း မကြာမီကာလအတွင်းမှာ ကျင်းပပြီးစီးတော့မှာ ဖြစ်တော့ ရွေး ကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းကိုရော ဘယ်လိုခန့်မှန်းသုံးသပ်ချင်လဲ။
USNNK     ။    ။
ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းကတော့ ရွေးကောက်ပွဲအပြီး သိပ်မကြာခင်မှာ လွှတ်တော်ပေါ်လာမှာပဲလေ။ လွှတ်တော်ပေါ်လာတာနဲ့ လွှတ်တော်ကနေ ရွေးချယ်အတည်ပြု လိုက်တဲ့ အစိုးရသစ်တစ်ရပ် ပေါ်လာမှာပါ။ ဆိုလိုတာက ဒီအတိုင်း မရွေ့ဘဲထိုင်နေမယ့်အစား တစ်ခုခုကို ရွေ့လိုက်တာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ရှမ်းနီတွေက အဲဒီလိုပဲ သုံးသပ်ပါတယ်။ ထိုင်နေရင် မရွေ့ဘူးလေ၊ တစ်ခုခုကို ရွေ့လိုက်တာက ရွေ့သွားမှာ။ ကျွန်တော်တို့က အဲဒီလို သုံးသပ်ပြီးတော့ ရွေးကောက်ပွဲကို အောင်မြင်အောင် တွန်းတွန်းတိုက်တိုက် ဝင်ရောက် ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ အရွေ့အပြောင်းအလဲ‌ဆိုတဲ့ နေရာမှာ နည်းနည်းလေးတစ်ခုခုကို လှုပ်ရှားပြီး ရွေ့ လိုက်ပြီဆိုရင် အရွေ့အပြောင်းအလဲ ဖြစ်လာမှာ သေချာပါတယ်။ ပါတီဥက္ကဋ္ဌတစ်ဦးအနေနဲ့ စည်းရုံးရေးကာလမှာ နယ်မြေတော်တော်များမှာ ပြောခဲ့တဲ့ စကားလေး တစ်ခွန်းရှိပါတယ်။
    ဒါကို  ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေကို ချပြတယ်။ လက်ရှိ တို့ဒေသတွေမှာ ဟုမ္မလင်း၊ ခန္တီးဒေသ‌တွေဟာ နဂိုကတည်းက ကုန်စည်စီးဆင်းမှုက ချင်းတွင်းမြစ်ကို အခြေခံပြီး စီးဆင်းရတာကိုး။ အဲဒီချင်းတွင်းမြစ်မှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းပေါင်းစုံက ခေါင်းစဉ်မျိုးစုံနဲ့ ပိတ်ဆို့တားဆီး မှုတွေ များလာတဲ့အချိန်မှာ အရင်က ကြက်ဥတစ်လုံး နှစ်ရာ၊ အခု ကြက်ဥတစ်လုံး နှစ်ထောင် ဖြစ်သွားခဲ့တယ်၊ ဟုမ္မလင်း၊ ခန္တီးမှာ။ အဲဒီလိုဖြစ်သွားခြင်းသည် ကျွန်တော်တို့ တိုင်းပြည်မှာ စစ်ဘောင်ကျယ်နေလို့ ဖြစ်သွား တာလို့ ဆွေးနွေးပြော ကြားခဲ့ပါတယ်။ စစ်ဘောင်ကျယ်နေတဲ့အတွက် ဂိတ်တွေ ပိုများလာတယ်၊ ဂိတ်တွေ ပိုများလာတဲ့အတွက် အတောင်းအရမ်းတွေ ပိုထူလာတယ်။ အဲဒီတော့ ခပ်လှမ်းလှမ်း၊ ခပ်ဝေးဝေးမှာနေရတဲ့ ကျွန်တော်တို့လို နယ်စွန်နယ်ဖျားတွေမှာနေရတဲ့ တိုင်းရင်းသားတွေအတွက်တော့ ကြက်ဥတစ်လုံး နှစ်ထောင်ဖြစ်လို့ဖြစ်၊ ဓာတ်ဆီ အောက်တိန်း ၉၂ တစ်လီတာကို တစ်သောင်းခွဲဖြစ်လို့ဖြစ် ဒီလို အခက်အခဲတွေနဲ့ တောက်လျှောက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲဒီလို ရင်ဆိုင်နေရခြင်းသည် စစ်ဘောင်ကျယ်နေသေးတဲ့အတွက်ကြောင့် ဖြစ်တာလို့ ယူဆပါတယ်။ ကျယ်နေတဲ့စစ်ဘောင်ကို ကျဉ်း မြောင်းဖို့ဆိုတာ နိုင်ငံရေးဘောင် ချဲ့ဖို့လိုမယ်။ နိုင်ငံရေးဘောင်ချဲ့ဖို့လိုမယ်ဆိုရင် သေချာပေါက် ကျွန်တော်တို့ ဖြတ်သန်း ရမှာ ရွေးကောက်ပွဲပဲ။ ရွေးကောက်ပွဲကို မဖြတ်သန်းဘဲနဲ့ နိုင်ငံရေးဘောင်ချဲ့ဖို့ တော်တော် ခဲယဉ်းပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေကို အားပေးတယ်။ သူတို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်တဲ့ပါတီကို မဲပေး၊ ငါတို့သည် နိုင်ငံရေး ဘောင်ကို ချဲ့မှရမယ်၊ နိုင်ငံရေးဘောင်ကို မချဲ့ရင် အခုကြက်ဥတစ်လုံး နှစ်ထောင်ကနေ ကြက်ဥတစ်လုံး နှစ်သောင်း ဖြစ်လာနိုင်တဲ့ သဘောပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပါတီကတော့ ရွေးကောက်ပွဲကနေ တစ်ဆင့် သေချာပေါက် အပြောင်းအလဲတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်လို့ ကျွန်တော်တို့ ရွေးကောက်ပွဲကို ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့ ယုံကြည် သလိုပဲ ကျွန်တော်တို့ရဲ့ ဒေသခံတိုင်းရင်းသားတွေကိုလည်းပဲ ဒီလိုလုပ်မှ ငါတို့သည် လက်ရှိနိုင်ငံရေး အကျပ်အတည်းကနေ ငါတို့ လွန်မြောက်နိုင်မယ် ဆိုတာကို သဘောပေါက်နားလည်အောင် ဆော်သြခဲ့ပါတယ်။

TREND ။        ။ လက်ရှိ လူမှုစီးပွား အခြေအနေတွေနဲ့ ဘယ်လို အခက်အခဲတွေ ကြုံနေရလဲ။
USNNK     ။    ။
အဓိကကတော့ ကုန်စည်စီးဆင်းမှု မချောမွေ့ဘူး။ ကျွန်တော်တို့ အထက်ချင်းတွင်းမြစ်ဒေသကို လာတဲ့ကုန်စည်တွေက အဓိကက ရေလမ်းကြောင်းက သွားရင်တော့ တန်ဆာခ၊ သယ်ဆောင် စရိတ်သက်သာတာပေါ့။ ကားလမ်းအတိုင်းလာရင်တော့ ပင်လည်ဘူးဘက်က ဖြတ်တဲ့လမ်းတွေ၊ ဗန်းမောက်ဘက်က ဖြတ်တဲ့လမ်းတွေအတိုင်း လာတဲ့လမ်းကြောင်းတွေလည်းရှိပါတယ်။ ဒါကတော့ ကုန်း လမ်းပေါ့။ သို့သော် လက်ရှိအခြေအနေမှာ ကျွန်တော်တို့ ဒေသတွေကို ရေလမ်းကရော၊ ကုန်းလမ်းကရော အားလုံးက အပိတ်အဆို့‌တွေ အင်မတန်ကို မြောက်မြားစွာပေါ့။ အဲဒီလို အပိတ်အဆို့‌ မြောက်မြားစွာ ရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ဒေသတွေမှာ တစ်သက်လုံးတစ်ခါမှ မကြားဖူးတဲ့ အဓိကကတော့ အခြေခံ စားသောက်ကုန်တွေပေါ့။ အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေရဲ့ ဒဏ်တွေကို ပြည်သူတွေက မချိမဆံ့ခံရတယ်။ အခု နောက်ဆုံးရတဲ့ Information ဆိုရင် ရွှေလုပ်ငန်းရှင်တွေ အဆင်ပြေ အောင်ဆိုပြီးတော့ စက်သုံးဆီတွေကိုတော့ သူတို့ လွှတ်ပေးတယ်လို့ ပြောတယ်၊ သူတို့ သတ်မှတ်တဲ့ အခွန်အခ ခေါ်မလား၊ ဘာခေါ်မလဲ၊ သူတို့တောင်းတဲ့ ပိုက်ဆံပေါ့။ အဲဒီလိုပေးရင်တော့ ရွှေလုပ်ငန်းရှင်တွေ အဆင်ပြေအောင် စက်သုံးဆီ မော်တော်ယာဉ်‌တွေကိုတော့ လွှတ်ပေးနေတယ်လို့ ကြားတယ်။ ဒါပေမဲ့ အခြေခံစား‌သောက် ကုန်တင်ထားတဲ့ မော်တော်တွေက မလွှတ်ဘူးဆိုတာက အဲဒီသေနတ်ကိုင်ထားတဲ့ အဖွဲ့တွေကို မေးချင်ပါတယ်။ ရွှေလုပ်ငန်းရှင်တွေကို ငွေရလို့၊ ပိုက် ဆံရလို့ မျက်နှာသာ‌ပေးပြီး စက်သုံးဆီ မော်တော်ယာဉ် တွေကို လွှတ်ပေးတဲ့အချိန်မှာ အခြေခံစားသောက်ကုန်တွေရှား ပါးအောင် လုပ်ထားခြင်းက ကျွန်တော်တို့ ဒေသက ပြည်သူလူထုကို ဒုက္ခရောက်အောင် တမင်လုပ်နေတာလားလို့ မေးချင်ပါတယ်။

TREND ။        ။ ရွှေလုပ်ငန်းရှင်တွေကို မျက်နှာသာပေးတယ်၊ စားသောက်ကုန်ကို ပိတ်ဆို့ထားပြီး စက်သုံးဆီယာဉ်တွေကို ငွေတောင်းပြီး လွှတ်ပေးတယ်ဆိုတာက ဘယ်လို အခြေအနေမျိုးလဲ၊ ပြီးတော့ အဲဒါကို လုပ်နေတဲ့  လက်နက်ကိုင်အဖွဲ့ဆိုတာက ဘယ်အဖွဲ့အစည်းလို့ သိရလဲ။
USNNK     ။    ။
ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ဂိတ်တော်တော်များများက PDF တွေပေါ့ဗျာ။ သူတို့က လုပ်နေတာ။ ရွှေလုပ်ငန်းဆိုတာက ယန္တရားသုံးရတယ်။ ယန္တရားသုံးတော့ စက်သုံးဆီ လိုအပ်တယ်။ ဒါကြောင့် စက်သုံးဆီ တင်လာတာကိုကျတော့ သူတို့သတ်မှတ်တဲ့ ဈေးနှုန်းရရင် လွှတ်ပေးတယ်လို့ ပြောတယ်။ ဆိုလိုတာက စက်သုံးဆီဆိုတာက အခြေခံလူတန်းစား စားသုံးတာ မဟုတ်ဘူးလေ။ အခု ကျွန်တော်တို့ဒေသမှာ အခြေခံလူတန်းစား အဓိကစားသုံးရတဲ့ အခြေခံစားသောက် ကုန်တွေကို သွားလာခွင့် မပေးဘဲနဲ့ ပိတ်ဆို့ထားတယ်ဆိုတာ ဒါ ဘယ်လို ရည်ရွယ်ချက်လဲ၊ ပြီးတော့ ချင်းတွင်းမြစ်က သွားလာလို့ မရတာ တော်တော်ကြာသွား ပါပြီ။ ၂၀၂၂ နှစ်လယ်လောက်ကတည်းက ချင်းတွင်းမြစ်ထဲမှာ သွားလာရေး တော်တော်ခဲယဉ်းခဲ့တာပါ။ ၂၀၂၃၊ ၂၀၂၄ လောက်မှာကျတော့ ထားပါတော့ တစ်နေရာရာ မှာပေါ့။ ပြီးခဲ့တဲ့ အခေါက်ကဆိုရင် ကလေးဝဘက်‌လောက်မှာ PDF က ပိတ်လိုက်တာ သုံးလခွဲ၊ လေးလခွဲလောက် ကြာသွားခဲ့တယ်။ အဲဒီအပေါ်မှာ တင်လာတဲ့ အခြေခံစားသောက်ကုန်တွေဆိုရင် ပုပ်သိုးတဲ့ကုန် ဆိုရင် ပုပ်သိုးကုန်ပြီပေါ့။ အလားတူပဲ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ PDF စိုးမိုးထားတဲ့နေ ရာတော်တော်များများမှာလည်းပဲ ပိတ်ဆို့မှု‌တွေနဲ့ တောင်းရမ်းမှုတွေက တော်တော်များတယ်။ ဒီလိုသာ ဆက်ပြီး ပိတ်ထားလို့ရှိရင် ကျွန်တော်တို့ ဒေသခံတိုင်းရင်း သားတွေကကြာလေ ဒုက္ခရောက်လေဖြစ်မှာပါ။ အဲဒီလို အထွေထွေဒုက္ခတွေ အများကြီးထဲမှာတော့ ကြာလာရင် ပိုးဆိုးလာနိုင်ပါတယ်။ 
    အဲဒီတော့ ကျွန်တော်သိချင်တာက ရွှေလုပ်ငန်းရှင်တွေအတွက် စက်သုံးဆီကိုတောင် လွှတ်ပေးလို့ ရသေးရင် အခြေခံစားသောက်ကုန်ကို ဘာကြောင့် လွှတ်မပေးတာလဲ၊ အဲဒါကို PDF ဆိုတဲ့ ခေါင်းဆောင်တွေကို မေးချင်ပါတယ်။ အဲဒီဒေသမှာနေတဲ့ ပြည်သူလူထု ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ တမင်လုပ်နေတာလား၊ အဲဒီလို မေးချင်ပါတယ်။

TREND ။        ။ စစ်ဘောင်ကျယ်နေတယ်၊ ဒေသမှာလည်း ဒီလိုအခြေအနေတွေ ကြုံနေရတာဆိုတော့ ဒီအကျပ်အတည်းကနေ ဘယ်လိုနည်းလမ်းတွေနဲ့ လွန်မြောက်အောင် ကြိုးပမ်းသင့်လဲ။
USNNK     ။    ။
အဓိကကတော့ စားပွဲဝိုင်းမှာ ပြောဆိုဆွေး‌နွေးပြီး ဖြေရှင်းရမှာပါ။ စားပွဲဝိုင်းမှာ ပြောဆိုဆွေး‌နွေးလို့ ပြေလည်သွားရင် အကျပ်အတည်းက လွန်မြောက်နိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲနဲ့ သွေးမြေ ကျတယ်ဆိုတာက သမိုင်းမှာလည်း ရိုင်းပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီလို သမိုင်းအဆိုးကြီးကို မရေးချင်လို့၊ စားပွဲဝိုင်းမှာ စကားပြောချင်လို့ နိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းကို သိက္ခာရှိရှိ ဖြတ်သန်းနေခြင်း ဖြစ်ပါတယ်။

TREND ။        ။ ရွေးကောက်ပွဲ အပိုင်း (၃) က နီးလာပြီဆိုတော့ မဲဆန္ဒရှင်ပြည်သူတွေအတွက် ဖြည့်စွက် ပြောကြားပေးပါဦး။
USNNK     ။    ။
အဓိကကတော့ ကျွန်တော်တို့ တိုင်းပြည်၊ ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စစ်ဘောင်ကျယ်နေခြင်းကြောင့် ရှမ်းနီ‌ဒေသအပါအဝင် တိုင်းပြည်မှာ အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကို ဖြတ်ကျော်ချင်ရင် နိုင်ငံရေးဘောင် ချဲ့ဖို့လိုပါမယ်။ နိုင်ငံရေးဘောင် ချဲ့ဖို့အတွက် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးကြရမှာပါ။ ပြီးတော့ အခုကျင်းပနေတဲ့ ရွေးကောက်ပွဲကို လက်ခံပြီးတော့ ယုံယုံကြည်ကြည်နဲ့ ဖြတ်သန်းနေခြင်းကလည်း တိုင်းပြည်ရဲ့အနာဂတ် အခုထက်ပိုပြီး လှပလာအောင်၊ စစ်ဘောင်ကို ကျဉ်းသည်ထက်ကျဉ်းအောင်၊ နိုင်ငံရေးဘောင် ကျယ်သည် ထက်ကျယ်လာအောင် ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သလို ရွေးကောက်ပွဲကနေတစ်ဆင့် လက်ရှိအခြေအနေတွေကို အမြန်ဆုံးကျော် လွှားနိုင်ပြီးတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ် လို့လည်း ရှမ်းနီပါတီအနေနဲ့ ယုံကြည်ချက်အများကြီး ရှိနေပါကြောင်း ဖြည့်စွက်ပြော ကြားလိုပါတယ်။ 

(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59875

© 2022 - 2026 News. All Rights Reserved.