တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်အား ဆက်သွယ်မေး မြန်းခြင်း

၂၀၂၆ ၊ ဇွန် ၄

    ရှမ်းနီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေးအတွက် မှတ်ပုံတင်တွင် ရှမ်းနီလူမျိုး တရားဝင်သတ်မှတ်ရေး လွှတ်တော်သို့ တင်ပြသွားမည့်အခြေအနေအပါအဝင် KIA ယာယီထိန်းချုပ်ထားသော ဖားကန့်နယ်မြေက ကျောက်စိမ်းတူးဖော်မှု၊ KIA နှင့်အခြားသော လက်နက်ကိုင်အဖွဲ့များကို လုပ်ကွက်ချထားပေးမှု စသည့် အခြေအနေအချို့နှင့်ပတ်သက်၍ တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်အား ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ ရှမ်းနီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရရှိရေး မှတ်ပုံတင်မှာ ရှမ်းနီလူမျိုး တရားဝင် သတ်မှတ်ရေး လွှတ် တော်မှာ တင်ပြသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပြောပြပါဦး။
SHA     ။    ။
ရှမ်းနီလူမျိုးအမည်က တရားဝင်ရှိအောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ လူမျိုးကိုက နာမည်အမျိုးမျိုးနဲ့ ခေါ်တဲ့အခါကျတော့ ကျွန်တော်တို့မှာ လူဦးရေရှိတယ်။ လူရှိပြီးတော့ စာရင်းပျောက်နေတာပေါ့။ အဲဒီလို စာရင်းပျောက်နေတော့ စာရင်းပေါ်ဖို့အတွက်က တစ်မျိုးတည်းကို သတ်သတ်မှတ်မှတ်ရှိဖို့ လိုအပ်လာပါပြီ။ အခုက လူမျိုးများဆိုတဲ့ နေရာမှာ ရှမ်းလို့ ထည့်တာရှိတယ်။ ရှမ်း-ဗမာလို့ထည့် တာ ရှိတယ်။ ပြီးတော့ ဗမာလို့ ထည့်တာရှိတယ်။ ရှမ်း-ဗမာဆိုရင်လည်း စာရင်းကောက်တဲ့နေရာမှာ ရှမ်းလို့ဖြစ်ရင် ဖြစ်သွားတယ်၊ ဗမာစာရင်းထဲဝင်ရင် ဝင်သွားတယ်။ အဲဒီလိုဖြစ်နေတော့ ဒါက ကျွန်တော် တို့ ရှမ်းနီတိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ လူမျိုးတွေရဲ့ ဆန္ဒ‌ကိုလည်း ခံယူထားတာတွေ ရှိပါတယ်။ ဒါက လွှတ်တော်တင်ခါနီးပြီဆိုရင်လည်း ပြန်ပြီးတော့ ဆန္ဒခံယူဦးမှာပါ။ အဲဒါပြီးတာနဲ့ ရှမ်းနီလူမျိုးအမည် တရားဝင်ရှိရေး လွှတ်တော်တင်ဖို့ ပြင်ဆင်သွားမှာပါ။ လူမျိုးအမည် တရားဝင်ပေါ်ပေါက်လာမှလည်း တိုင်းရင်းသားလူမျိုးရဲ့ ခံစားပိုင်ခွင့် အခွင့်အရေးတွေကို တိတိကျကျ တောင်းပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဦးသိန်းစိန် လက်ထက်တုန်းက ဆောင် ရွက်ခဲ့တာရှိပါတယ်။ မုန်း ဝန်းမျိုးနွယ်စုတွေကို မုန်းဝန်း(ဗမာ)ဆိုပြီး  တင်သွင်းတဲ့အခါ၊ လွှတ်တော်မှာ အဆိုအောင်သွားတဲ့အခါ မုန်းဝန်း(ဗမာ)လူမျိုးဆိုပြီး သတ်မှတ်ပေးခဲ့တာရှိပါတယ်။ ဒါက သမ္မတ ဦးသိန်းစိန်လက်ထက် ပထမ လွှတ်တော်သက်တမ်းတုန်းက လူမျိုးတစ်မျိုးကို သတ်မှတ်ပေးခဲ့တဲ့ သာဓကပါ။ နောက်တစ်ခုက ၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေပုဒ်မ(၈)မှာလည်း ဘာပြဋ္ဌာန်းထားလဲဆိုတော့ လူမျိုးစုတစ် စုရဲ့အမည်ကို နိုင်ငံတော်သည် လူမျိုးအမည် သတ်မှတ်နိုင်တယ်၊ ပယ်ဖျက်နိုင်တယ်ဆိုတာ ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီအဆိုကို လွှတ်တော်မှာ တင်သွင်းပြီးလို့ အောင်မြင်သွားပြီ ဆိုရင် ကျွန်တော်တို့ရဲ့ လူမျိုးနာမည် သတ်မှတ်ခံရမှာပေါ့။ အဲဒီလူမျိုးနာမည်နဲ့ စုစုစည်းစည်းနဲ့ဆိုရင် လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ Data ထွက်လာမှာ ဖြစ်ပါတယ်။ အဲဒီထွက်လာတဲ့ Data အပေါ်ကြည့်ပြီးမှ လူမျိုးတစ်ခုရဲ့ ခံစားပိုင်ခွင့်တွေ ပြောဆိုရမှာ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ လူမျိုးနာမည် ပေါ်ပေါက်အောင် အရေးအကြီးဆုံး ကဏ္ဍတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

TREND ။        ။ လူမျိုးအမည် လွှတ်တော်တင်ဖို့ အရေးကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားလဲ။
SHA     ။    ။
၂၀၁၄ သန်းခေါင်စာရင်း မတိုင်ခင်က ညီလာခံကြီးတစ်ရပ် ကျင်းပခဲ့တယ်။ ရှမ်းနီအမျိုးသားအားလုံး၊ ရဟန်းသံဃာ အကုန်အပါအဝင် တက်ရောက်ခဲ့တယ်။ ရှမ်းနီလူမျိုးအမည် သတ်မှတ်နိုင်ရေး ညီလာခံမှာ ဆုံးဖြတ်ခဲ့ကြတော့ အဲဒါကို ကိုင်စွဲပြီးမှ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ ပြည်‌ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) မှာ တင်သွင်းခဲ့ပါသေးတယ်၊ အဲဒီတုန်းက တစ်ကြိမ်ပေါ့။  ဒီနေ့ဒီအချိန်မှာလည်း လွှတ်တော်ထဲ မတင်ခင်မှာ ပြန်ပြင်‌ဆင်ပါမယ်။ ပြင်ဆင်တာတွေကိုလည်း မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ ပြည်နယ်အလိုက် ဆောင်ရွက်ပြီးတော့  အချက်အလက်တွေကို စုစည်းပြီးမှ ကျွန်တော်တို့ လူမျိုးတွေရဲ့ ခံယူချင်တဲ့နာမည်ကို လွှတ်တော်တင်မှာဖြစ်ပါတယ်။ အခုလော လောဆယ်တော့ မတင်သေးပါဘူ၊ နောက် နှစ်နှစ်၊ သုံးနှစ်လောက်မှ တင်ဖို့ ပြင်ဆင်မှာပါ။ သေချာတာကတော့ အခုလွှတ်တော် သက်တမ်း ငါးနှစ်တာကာလအတွင်းမှာ တင်ဖြစ်အောင် တင်မှာပါ။

TREND ။        ။ လက်ရှိဒေသရဲ့ လူမှုစီးပွားအခြေ အနေတွေနဲ့ နယ်မြေအခြေအနေ ပြောပြပါဦး။
SHA     ။    ။
လက်ရှိကာလ အစိုးရက ရက် ၁၀၀ စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ကာလဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာကတော့ လူမှုစီးပွားနဲ့  နယ်မြေအခြေအနေတွေ မထူးခြားသေးတဲ့ အနေအထားလို့ ပြောရမှာပါ။ ပြည်သူတွေရဲ့ သွားရေးလာရေး စီးပွားရေးတွေကလည်း အခက်အခဲတွေ ကြုံနေရဆဲဖြစ်ပါတယ်။ လက်ရှိမှာက ဂိတ်တွေများစွာရှိလို့ ပြည်သူတွေ ဒီဂိတ်တွေကို ကျော်ဖြတ်ရတယ်။ နောက် စုဆောင်းရေးကိစ္စ၊ တပ်သားသစ် စုဆောင်းတာကလည်း လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံက စုဆောင်းနေတဲ့အခါကျတော့ အဲဒါကိုလည်း ပြည်သူတွေက ခံနေရတယ်။ အခု လယ်လုပ်ချိန် ရောက်လာပြီ။ ဆီဈေးက အဆမတန်တက်လာတော့ လယ်သမားတွေ လယ်လုပ်နိုင်မယ့်စွမ်းရည် နည်းလာကြတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တပ်သားသစ်စုဆောင်းတာတွေကြောင့်လည်း လယ်လုပ်သူရော၊ လူသားအရင်းအမြစ်တွေရော  ရှားပါးလာတယ်။ လယ်လုပ်ရင်းနဲ့ ဆုံးရှုံးမှုတွေ များနေတာကြောင့် လယ်လုပ်ချင်တဲ့သူက အင်မတန်နည်းလာတယ်။ ဒါက မြန်မာနိုင်ငံအတွက် ကြီးမားတဲ့အန္တရာယ် တစ်ခုပါ။ တောင်သူလယ်သမားတွေ လယ်မလုပ်ဘူးဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဘာနဲ့စားကြမလဲ။ ဒီအခက်အခဲတွေနဲ့ပတ်သက်ပြီးလဲ လယ်သမားတွေက တောက်လျှောက် တင်ပြလာကြပါတယ်။ ဆိုတော့ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်ဆိုရင် ငြိမ်းချမ်းရေးရမှ ဖြစ်မယ်ဆိုတာ လူတိုင်းသိနေကြပါတယ်။ ပြည်သူတွေက ဂိတ်တွေမှာ ငွေပေးပြီး ဖြတ်နေရသလို တိုက်ပွဲတွေ ဖြစ်လာရင်လည်း ပြည်သူတွေပဲ ခံကြရတာ။ ဖားကန့် ရတနာမြေမှာဆို ပိုဆိုးပါတယ်။ ဝေစားမျှစားတွေ ပေါ့။ ဖားကန့်လိုမျိုး ရွှေကိုင်ခွင့်ရတဲ့ ရတနာဆိုရင် KIA ကို ဘယ်လောက်၊ PDF ကို ဘယ်လောက်ယူ၊ ဘယ်အဖွဲ့အစည်းဆိုရင် ဘယ်လောက်ပေးဆိုတာမျိုး၊ အချိုးအစား ညီမျှစွာနဲ့ လုပ်ငန်းရှင်တွေ ကောင်းစား နေကြတယ်။ အဲဒီငွေ‌တွေက နိုင်ငံတော်က တစ်ပြားတစ်ချပ်မှ မဝင်တဲ့အခါကျတော့ နိုင်ငံတော်အကြီးအကျယ် နစ်နာပါတယ်။ နိုင်ငံတော်နစ်နာရင် ပြည်သူလည်း နစ်နာပါတယ်။ ဒါကြောင့်မို့လို့ နယ်မြေ တည် ငြိမ်အေးချမ်းရေး မြန်မြန်ဖြစ်‌စေဖို့ နိုင်ငံချစ်တဲ့ ပြည်သူတွေကိုချစ်တဲ့ တပ်မတော်သားတွေ အခုထက် ပိုပြီးတော့ များများ ပေါ်ပေါက်စေချင်ပါတယ်။ အဲဒီလို တပ်မတော်သားများများ ပေါ်ပေါက်လာပြီး ပြည်သူကို ကာကွယ်ပေးလိုက်မယ်ဆိုရင် မကြာခင်အချိန်မှာ နယ်မြေတည်ငြိမ်အေးချမ်းရေး ဖြစ်လာမယ်လို့ မြင်ပါတယ်။

TREND ။        ။ ဖားကန့်နယ်မြေရဲ့ အခြေအနေကိုလည်း သိရသလောက် ပြောပြပါဦး။
SHA     ။    ။
မြန်မာနိုင်ငံမှာက ဖားကန့်လို့ ပြောလိုက်ရင် ကျောက်စိမ်းနယ်မြေပါ။ ဒီကျောက်စိမ်း ထွက်တဲ့နယ်မြေမှာ လုပ်ကွက်တွေ လုပ်‌နေကြတယ်။ ဖားကန့်လုပ်ကွက်တွေကို နိုင်ငံတော်အစိုးရက ချပေးမထားတာ ၂၀၂၁ ကစပြီး ဒီနေ့အထိလို့ သိရတယ်။ ဒါပေမဲ့ စက်ယန္တရားကြီးငယ်တွေနဲ့ KIA ရဲ့ ခွင့်ပြုမိန့်နဲ့ ဖားကန့်မှာ ကျောက်တူးဖော်နေကြတာဟာ နိုင်ငံတော်အတွက် နစ်နာပါတယ်၊ ပြည်သူအတွက်လည်း နာပါတယ်။ ဖားကန့်နယ်‌မြေက ၂၀၂၄ လောက်ကစပြီး KIA က ယာယီစိုးမိုးထားတာပါ။ အဲဒီလို ဖားကန့်နယ်မြေ မှာစိုးမိုးထားတော့ KIA က AA နဲ့ ပေါင်းပြီး AA ကို လုပ်ကွက်ပေးထားတာရှိတယ်။ ချင်း CNF ကို ပေးထားတာရှိတယ်၊ နာဂလက်နက်ကိုင်အဖွဲ့ကို ပေးထားတာရှိတယ်၊ KIA က တခြား မဟာမိတ်လက်နက်ကိုင်တွေကို ကျောက်စိမ်းလုပ်ကွက်တွေ ပေးပြီးတော့ ဖားကန့်ကို ထိန်းချုပ်ထား တာ။ KIA က လုပ်ပိုင်ခွင့်တွေ ပေးထားတာ။ ပြောရရင် ဖားကန့်ကျောက်စိမ်းမြေဆိုတာ နိုင်ငံတော်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရန်ပုံငွေတွင်းကြီး။ ဒီကိစ္စတွေကို နိုင်ငံတော်က  မတား ဆီး မကိုင်တွယ်သေးတော့ သူတို့ ကျောက်စိမ်းတူးဖော်ခွင့်တွေကို လွတ်လွတ်လပ်လပ် လုပ်နေတာပေါ့။ ပြီးတော့ ဖားကန့်မှာသုံးတဲ့ စက်ယန္တရားကြီးတွေမှာ သုံးစွဲရတဲ့ ဆီတွေကလည်း မြန်မာပြည် တစ်နံတစ်လျားဖြတ်ပြီးမှ ဖားကန့်ကို ရောက်လာတာ။ တရုတ်ဘက်က ဝယ်တဲ့ဆီတွေ ရှိတယ်။ ယမ်းစိမ်းတွေ ရှိတယ်။ အဲဒါတွေကလည်း အဆင့်ဆင့်က ခွင့်မပြုခဲ့ဘူးဆိုရင် ဟိုကို ရောက်စရာအကြောင်း မရှိဘူး။ အမှန်တကယ်တော့ ဖားကန့်မှာ ကျောက်မတူးနိုင်အောင် စက်ယန္တရားတွေအတွက်ဆီကို ဖြတ်တောက် လိုက်မယ်ဆိုရင် သူတို့ ကျောက်တူးနိုင်စရာ အကြောင်းမရှိဘူးလေ။ ဆီမရှိရင် ကျောက်လုပ်ကွက်မှာ အသုံးပြုတဲ့ စက်ယန္တရားတွေ မောင်းလို့ရတော့မှာ မဟုတ်ဘူးလေ။ ကျောက်တောင်ကြီးတွေကို မိုင်းခွဲတဲ့ ယမ်းကားကြီးတွေဆိုရင် တရုတ်ပြည်ဘက်က တောက်လျှောက်လာတာ။ အဲဒီ ယမ်းကားကြီးတွေ လမ်းမှာ တားဆီးသင့်တယ်လို့ မြင်ပါတယ်။

TREND ။        ။ အလုပ်အကိုင်ရှားပါးတာကြောင့် အနယ်နယ်အရပ်ရပ်ကလူတွေက ဖားကန့်နယ်မြေကိုသွားပြီး အလုပ် လုပ်ကိုင်နေကြပါတယ်။ သူတို့ကို ဘယ်လိုအဖွဲ့အစည်းတွေ၊ ဘယ်လိုကုမ္ပဏီတွေက အလုပ်ပေးတာလဲ၊ ဒီလိုဆောင်ရွက်မှုတွေကရော တရားဝင်လား။
SHA     ။    ။
ကျွန်တော် သိရသလောက်ကတော့ ဖားကန့်မှာက အစိုးရထိန်းချုပ်မှုအောက်မှာရှိတဲ့ ကုမ္ပဏီတွေဆိုတာ ၂၀၂၁ ခုနှစ်‌မှာ နောက်ဆုံးပဲ၊ နိုင်ငံတော်က ခွင့်ပြုမိန့် တစ်စုံတစ်ရာ ချပေးခြင်း မရှိတော့ပါဘူး။ အဲဒီအခါကျတော့ ကုမ္ပဏီတွေက Black တွေပေါ့။ အခုနောက်ပိုင်း လုပ်တဲ့သူတွေက ဟိုတုန်းက တရားဝင်နာမည်တွေနဲ့ လုပ်တာမျိုးတော့ မဟုတ်ဘူး။ နာမည်တပ် ထားတာမျိုးလည်း မဟုတ် ဘူး။ ဟိုတုန်းက မှတ်ပုံတင်ထားတဲ့ ယာဉ်ယန္တရားတွေကိုလည်း မသုံးကြဘူး။ ယန္တရားအသစ်တွေ တင် သွင်းပြီးမှ သူတို့ အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။ ရေမဆေးရှာကြတာတွေ ရှိတယ်၊ တချို့လည်း ကုမ္ပဏီ ဝန်ထမ်းလုပ်တယ်၊ တချို့လည်း မြေစာသွန်ချတဲ့ နေရာမှာတို့၊ ရေမဆေးကျောက်ရှာတဲ့ နေရာ‌ ‌တွေမှာတို့ လုပ်ကြရတာပါ။ အဲဒါကလည်း ကျောက်ကောင်းကောင်းတွေ ရပြီဆိုရင် KIA က သတင်းရရင် အကုန်သိမ်း ပါတယ်။ ရေမဆေးရှာရတဲ့ ပြည်သူတွေမှာလည်း တော်တော် ဒုက္ခရောက်ပါတယ်။ သတင်းပေါက် ကြားသွားရင် KIA က သိမ်းတယ်။ မပေးဘူးဆိုရင် သူတို့က ရတဲ့ဈေးနဲ့ဝယ်တယ်။ ဝယ်လို့မရောင်းဘူးဆိုရင် လူကိုသတ်ပြီး ကျောက်ကို ယူသွားတာတွေ ရှိတယ်။ ဖားကန့်ဒေသတွင်းမှာက KIA ရဲ့ အဲဒီလို အနိုင်ကျင့်တာတွေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ၂၀၂၁ နောက်ပိုင်းမှာတော့ တရားဝင် လုပ်ကွက်ရယ်လို့ မရှိတဲ့အတွက်ကြောင့် KIA ကို ပေးပြီးလုပ်တာ။ အဲဒီလိုပေးပြီး စီးပွားရေးလုပ်ကြတာပါ။

TREND ။        ။ ဖားကန့်ဒေသတွင်းမှာ KIA ရဲ့ အနိုင်ကျင့်မှုတွေကရော ဘယ်လိုပုံစံမျိုးတွေရှိနေလဲ။
SHA     ။    ။
တန်ဖိုးကြီးကျောက်တွေ၊ ကျောက်ကောင်းကောင်းတွေဆိုရင် KIA က  အကုန်သိမ်းတယ် ဆိုတဲ့ ဖြစ်စဉ်တွေကတော့ လက်တွေ့ခံနေကြရတဲ့သူတွေ အများကြီး။ အဲဒီကာယကံရှင်တွေက လာပြောကြတာ။ သူ့အဖေ ဖားကန့်မှာ ကျောက်ရလို့ KIA က လာပစ်သွားတယ်‌ဆိုတာတွေက ဖြစ်စဉ်တွေ အများကြီးရှိနေပါတယ်။ အဓိကတော့ ကြီးပွားချင်လို့ ဖားကန့်ကိုသွားပြီး ကျောက်ရှာတာ၊ ကျောက်ရလာတော့လည်း အပစ်ခံရတယ်ဆိုတော့ အသက်ပါ ဆုံးရှုံးရတယ်ဆိုတော့ မိသားစုဝင်တွေ ရင်ကျိုးရတာပေါ့ဗျာ။ ပြီးတော့ အဲဒီမှာက လူငယ်လူရွယ်တွေ မူးယစ်သားကောင် ဖြစ်လို့ဖြစ်၊ အဲဒီအထဲမှာ တပ်သားသစ်စုဆောင်းရေး အဆွဲခံရလို့ခံရနဲ့ ကြုံနေရတယ်။ ဟိုတစ်လောတုန်းကဆိုရင် ရေမဆေးရှာတဲ့နေရာမှာ KIA လူစုဆောင်းရေးဆွဲလို့ ရေမဆေးသမားတွေ စုပေါင်းပြီးတော့ KIA ကို ဝိုင်းရိုက်တဲ့အဆင့်အထိ ဖြစ်ခဲ့တာ။ ုှုဗ ရဲ့ အနိုင်ကျင့်မှုတွေကို မခံနိုင်ကြတော့ဘူးလေ၊ ဒါကြောင့် အဲဒီလောက်အဆင့်အထိ ဖြစ်လာတဲ့ အခြေအနေတွေ အများကြီး ရှိလာတာပေါ့။ ကျောက်စိမ်း ကိစ္စတွေမှာလည်း ရေမဆေးသမားတွေ KIA ကို ဝိုင်းရိုက်ကြတဲ့ ဖြစ်စဉ်တွေဟာ ဖားကန့်ဒေသမှာ မကြာမကြာ ဖြစ်နေတာ တွေ့ရတယ်။ ပြီးတော့ ဥပဒေစိုးမိုးမှု မရှိတော့ လမ်းပေါ်မှာ ပစ်သတ်သွားတယ်၊ ပစ်သတ်ခံရတဲ့ အလောင်းတွေကလည်း မကြာခဏ တွေ့နေရတော့ လူထုမှာတော့ ဖားကန့်မှာ အနိဋ္ဌာရုံတွေပဲ မြင်နေရတာ။ ဒါက ဥပဒေလည်း စိုးမိုးမှုမရှိဘူးဆိုတော့ အဓိကလုပ်နေတာက KIA နဲ့ PDF တွေပေါ့။ မကြာသော ရက်ပိုင်းအတွင်းကလည်း KIA နဲ့ PDF အချင်းချင်းတောင် ပစ်ကြတဲ့အဆင့်ကို ရောက်တဲ့ ဖြစ်စဉ်‌လည်းရှိနေတယ်။ ဒါကြောင့် ဖားကန့် ဒေသကမှာတော့ အားလုံးက အကျိုးစီးပွားပဲ ကြည့်ကြတာပဲ များပါတယ်။

TREND ။       ။ KIA အပါအဝင် တိုင်းရင်းသားအမည်ခံထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ သက်ဆိုင်ရာလူမျိုးတွေ ဒေသခံ တွေရဲ့ အကျိုးကို ဖော်ဆောင်ပေးတယ်၊ အကျိုးဖြစ်ထွန်း‌စေတယ်ဆိုတာမျိုး ကြားမိလား။
SHA     ။    ။
KIA ထိန်းချုပ်ထားတာကတော့ ဒေသအတွက်ရော  ဘယ်လိုမှ အကျိုးမပြုဘူး။ သူ့လူမျိုးအတွက်တော့ အကျိုးပြုကောင်း ပြုလုပ်မယ်။ ဒေသကို အကျိုးမပြုဘူးဆိုတာလည်း ဒေသခံတွေဆီကပဲ ကြားသိနေရတယ်။ သူတို့နယ်မြေထိန်းချုပ်တယ်ဆိုတဲ့ ကဏ္ဍမှာကတော့ ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမဆို ပြည်သူအတွက် အကျိုးမပြုဘူး။ အဲဒီတိုင်းရင်းသား အမည်ခံထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဆိုတာ သူ့လူမျိုးအတွက် မဟုတ်ဘူး။ သူတို့ကိုယ်ကျိုးအတွက်ကို နံပါတ်(၁) ဦးစားပေး ပြီးမှ လုပ်ကြတာများပါတယ်။ လူမျိုးအမည်ခံထားပေမယ့် လူထုက အသုံးချခံတွေ ဖြစ်နေတာပါ။ သူတို့ နယ်မြေတစ်ခုကို စိုးမိုးပြီ၊ နိုင်ငံတော်အစိုးရရဲ့ အာဏာစက် မသက်ရောက်တဲ့ အခြေအနေ ရှိလာချိန်မှာ ရွှေထွက်ရင် ရွှေတွင်းဖွင့်တယ်၊ ကျောက်စိမ်းထွက်ရင် ကျောက်စိမ်း ဖွင့်တယ်။ အဲဒါတွေကတော့ နိုင်ငံ တော်အတွက် မကောင်းတဲ့အခြေအနေပါ။ KIA ဆိုရင် လွန်ခဲ့တဲ့ နှစ်တွေကစပြီး ရွှေကူမြို့ အနီးနားဝန်းကျင် သ‌င်္ဘောတွေ ‌ထောင်ချီနဲ့ ရွှေတူးတာတွေ လုပ်ခဲ့ကြတာ။ အဲဒီလိုလုပ်ခဲ့ကြလို့ ကျွန်တော်တို့ရဲ့ အထွတ်အမြတ်ထားရာ၊ ကိုးကွယ်ရာ ရွှေပေါ်ကျွန်း စေတီတော်ကြီးတောင်မှ ရေလမ်းကြောင်းလွှဲ၊ မြစ်ကြောင်း ပြောင်းသွားတဲ့အဆင့်ကို ရောက်ခဲ့တယ်။ အဲဒီလို ရွှေတူးခဲ့လို့ လမ်းမှာ ဆွမ်းခံကြွဖို့ လုပ်ထားတဲ့ နေရာတွေလည်း အကုန်လုံး ပြိုကျခဲ့ရတယ်။ ကိုယ့်လူမျိုး လွတ်မြောက်အောင် လုပ်ပေးပါမယ်ဆိုတဲ့ တိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးကို မကာကွယ်နိုင်ပါဘူး။ အကျိုးမပြုကြပါဘူး။ ဒေသခံလူထုတွေက ရွှေတူးတာတွေ မလုပ်ပါ နဲ့လို့ တောင်းဆိုတာတောင်မှ ကန့်ကွက်ရဲတဲ့ကောင် ကန့်ကွက်ကြည့်ဆိုပြီး အဲဒီလက်နက်ကိုင်တွေက ခြိမ်းခြောက်ပြီး တူးတာ။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆိုတာ ဘယ်လူမျိုးအမည်ပဲ ခံထားခံထား သူတို့ကိုယ်ကျိုးအတွက်ပဲ လုပ်နေကြတယ်ဆိုတာ ပြည်သူတွေ သိသင့်ပါပြီ။

 

TREND ။        ။ ကျောက်စိမ်းတူးဖော်နေတာတွေကို တားဆီးနိုင်ဖို့ ဖားကန့်နယ်ဟာ နိုင်ငံတော်ကို အကျိုးဖြစ်ထွန်းမှုတွေပေးနိုင်ဖို့ ဘယ်လိုကိုင်တွယ်သင့်လဲ။ ဖြည့်စွက်ပြောကြားပေးပါဦး။
SHA     ။    ။
အဓိကကတော့ စစ်ရေးပေါ့။ စစ်ရေးအသာစီးရအောင် ကြိုးစားရမယ်။ တပ်မတော်က စစ်ရေးအသာစီးရပြီဆိုရင် သိပ်မကြာပါဘူး။ တပ်မတော်က စစ်ရေးအရ အသာစီးရအောင် လုပ်မယ်။ ပြီးရင် တရားဥပဒေစိုးမိုးဖို့ကို ဒုတိယအချက်အနေနဲ့ လုပ်ရမယ်။ အဲဒီလို လုပ်နိုင်မှသာ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းလာမှာပါ။ အဓိကကတော့ ဒီကျောက်စိမ်း တွင်းကြီးကို ကာကွယ်နိုင်ဖို့ မြန်မာ့တပ်မ တော်က စစ်ရေးနိုင်အောင် တိုက်ရမှာပါ။ စစ်ရေးနိုင်အောင်လုပ်ပြီး ဥပဒေစိုးမိုးမှုတွေ ရှိလာပြီဆိုရင် စနစ်တကျ တူးဖော်မှု ကြမယ်ဆိုရင် နိုင်ငံအတွက်လည်း အကျိုးရှိမယ်၊ ပြည်သူတွေအတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။ အခုက တိုင်းရင်းသားလက်နက်ကိုင်တွေက ကျောက်စိမ်းရောင်းလို့ရတဲ့ ငွေနဲ့လက်နက် ဝယ်၊ အဲဒီလက်နက်နဲ့ ပြည်သူကို ပြန်သတ်ဆိုတဲ့ အဖြစ်မျိုးတွေ ရှိနေတဲ့အခါကျတော့ ဒီဖားကန့် ရတနာတွင်းကြီးက ပြည်သူတွေအတွက် အန္တရာယ်တွင်းကြီးလို ဖြစ်နေတာ၊ ပြည်သူတွေကို ဒုက္ခပေးတဲ့နေရာလို ဖြစ်နေတာ၊ အမှန်ကတော့ ပြည်သူကို အကျိုးပြုတဲ့နေရာ ဖြစ်ရမှာပါ။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 47

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62637

© 2022 - 2026 News. All Rights Reserved.