တောင်သူလယ်သမားဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဦးသက်ဇော်နှင့် တွေ့ဆုံခြင်း

တောင်သူ ချမ်းသာမှ နိုင်ငံ ချမ်းသာမယ် . . .

၂၀၂၆ ၊ စက်တင်ဘာ ၂၄

    တောင်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားစေရေးအတွက် တောင်သူလယ်သမားဘ၀ မြှင့်တင်ရေး အသင်းအား ယခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တောင်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မည်သို့ဆောင်ရွက်သွားမလဲနှင့် အသင်းဖွဲ့စည်း တည်ထောင်ရသည့် ရည်ရွယ်ချက်တို့အား တောင်သူလယ်သမားဘ၀ မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဦးသက်ဇော်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ တောင်သူလယ်သမားဘ၀ မြှင့်တင်ရေးအသင်း စတင်တည်ထောင်ခဲ့ပုံလေး ပြောပြပေးပါဦး။
UTZ    ။    ။
အရင်ကတော့ တောင်သူလယ် သမားရေးရာကို ဒီအတိုင်းပဲ လုပ်ခဲ့တာပေါ့။ ခုကျတော့ ကျွန်တော် တောင်သူလယ်သမားတွေရဲ့ ဘဝအတွက် ပိုပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တဲ့အတွက်ကြောင့်မို့ လူမှုစီးပွားဘ၀ အခက်အခဲရှိတာတွေကို ပိုပြီးလေ့လာလာတယ်။ တောင်သူလယ် သမားတွေရဲ့ လူမှုစီးပွားဘ၀ အခက်အခဲတွေအတွက် ကူညီပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားပါမယ်။ ဒါကြောင့်မို့ တောင်သူလယ်သမားဘ၀ မြှင့်တင်ရေး ပေါင်းစည်း အသင်းဆိုပြီးတော့ ကျွန်တော်တို့ နိုင်ငံတော်ကို တရားဝင်တင်ပြီးတော့ ဖွဲ့စည်းထားတဲ့အသင်း ဖြစ်ပါတယ်။ အရင်ကလည်း တောင်သူတွေနဲ့ ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ အခုက တရားဝင်ဖွဲ့စည်းပြီး ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ကျွန်တော်တို့ အရင်ကထက် ပိုမိုထိရောက်တဲ့ အခြေအနေမျိုးကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။


TREND    ။    ။ တောင်သူလယ်သမားဘ၀ မြှင့်တင်ရေးအသင်းရဲ့ ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။
UTZ    ။    ။
စိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံတော်ကနေ သတ်မှတ်ပေးထားတဲ့ သီးနှံကုန်ထုတ်လုပ်မှုလုပ်ငန်း လျာထားချက်များပြည့်မီအောင် ဆောင်ရွက်ရာမှာ လိုအပ်တဲ့နည်းပညာတွေ ပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေမှာ ထွက်ရှိလာတဲ့ ထွက်ကုန်များအတွက် Supply Chain တစ်ခုထူထောင်ပြီး လုပ်ဆောင်သွားနိုင်ရေး၊ တောင်သူများနဲ့ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ ဘဏ္ဍငွေ ရင်းမြစ်ရှာဖွေခြင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုများအကြား စေ့စပ်ပြီး လုပ်ငန်းများဆောင်ရွက် နိုင်ရေးအတွက် ကူညီပေးနိုင်ရေး၊ ထွက်ရှိလာတဲ့ ထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များ ရရှိရေးအတွက် ဆောင်ရွက်နိုင်ရေး၊ MSME လုပ်ငန်းများ  လုပ်ကိုင်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားရေး၊  ပြည်ပ ထွက်ကုန်များအား သတင်းနည်းပညာကို အသုံးချပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများဖြင့်တွင်တွင် ကျယ်ကျယ် ဆောင်ရွက်သွားနိုင်ရေး စတာတွေကို တောင်သူလယ်သမားဘ၀ မြှင့်တင်ရေးအတွက် ရည်မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ အများအားဖြင့် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ သိမ်းဆည်းခံ လယ်ကိစ္စတွေ ရှိတယ်။ တောင်သူလယ်သမားတွေက မြေရှိမှ စိုက်လို့ ရမယ်၊ မြေမရှိရင် စိုက်လို့မရဘူး။ သိမ်းဆည်းခံ လယ်ယာမြေတွေကို မူလလက်ဝယ် ပြန်လည်ရရှိရေး ဖြစ်ပါတယ်။ စိုက်ပျိုးရအောင်ပေါ့။ စိုက်ပျိုးရေးပြုလုပ်ချိန်မှာရှိနေတဲ့ အခက်အခဲတွေ၊ ဘာတွေရှိလဲဆိုတာ ကျွန်တော်ပြန်ပြီးတော့ လုပ်ဆောင်ဖို့ပါ။ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍတွေကို အဓိကထားပြီးတော့ သွားနေတယ်။ အဲဒီကတစ်ဆင့် ထွက်ကုန်တွေကို တန်ဖိုးမြှင့်ထွက်ကုန်ဖြစ်နိုင်အောင် သွားဖို့နဲ့ ကျွန် တော်တို့က တန်ဖိုးမြှင့်ထွက်ကုန်သီးနှံတွေကို ဈေးနှုန်းအာမခံချက်ရရှိအောင် ဆောင်ရွက်ပေးမယ်။ ကြိုးစားနေတယ်။ ပြီးတော့မှ အဲဒါတွေက ဘာနဲ့ဆက်စပ်နေလဲဆိုတော့ SME ကဏ္ဍနဲ့လည်း ဆက်စပ်ပြီးတော့မှ တစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်းလေးတွေကနေပြီးတော့မှ အဆင့်မြင့် ထွက်ကုန်တွေ ထုတ်နိုင်အောင်လို့ ကြိုးစားရင်းနဲ့ ပြည်ပဝင်ငွေလည်းရအောင် ကျွန်တော်တို့ ကြိုးစားသွား ဖို့ရှိတယ်။ ဆိုတော့ လိုအပ်မယ့်အပိုင်းတွေကတော့ အရမ်းကျယ်ပြန့်ပါတယ်။


TREND    ။    ။ တောင်သူတွေရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးအတွက် ဘယ်လိုမျိုးလုပ်ဆောင်သွားဖို့ စီစဉ်ထားပါသလဲ။
UTZ    ။    ။
အဓိက ကျွန်တော်တို့အသင်းရဲ့ ရည်ရွယ်ချက်ကတော့ Bridge Communication ပေါင်းကူးဆက်ဆံရေးပါ။ အသင်းဆိုတဲ့အခါကျတော့ ကျွန်တော်တို့က NPO ပါ၊ Non-Profit Organization ပါ။ NGO လည်း မဟုတ်ပါဘူး။ NPO ဖြစ်တဲ့အတွက်ကြောင့် မို့လို့ ပြည်တွင်းပြည်ပ တကယ်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ချင်သူတွေနဲ့၊ အဲဒီရင်းနှီးမြှုပ်နှံချင်သူတွေနဲ့ ဒီမှာရှိတဲ့ တောင်သူလယ်သမားတွေကို  ဥပမာ တောင်သူ လယ်သမားတွေက အရင်းအနှီးလိုတယ်။ ဒါကို ဘယ်လို ပေါင်းစပ်ပြီးတော့မှ Coordinate လုပ်ပေးမလဲ၊ ပေါင်းစပ်ပြီးတော့မှ ကျွန်တော်တို့က Bridge Communication လုပ်ဖို့က ကျွန်တော်တို့ အဓိက ရည်မှန်းချက်ပါ။ ဘာလို့လဲဆိုတော့ စိုက်ပျိုးရေးလုပ်ငန်းတွေက ရှေးရိုးကျနည်းလမ်းနဲ့သွားဖို့အချိန် မဟုတ်တော့ဘူးလေ။ နိုင်ငံတကာမှာ AI နည်းပညာတွေ၊ Modernized Farming တွေ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့က နိမ့်ကျလှတဲ့ လုပ်ငန်းနဲ့သွားရင် အများကြီး နောက်ကျ ကျန်ခဲ့လိမ့်မယ်။ ဘာလို့ဆို ထွက်နှုန်းတွေလည်း လျော့ကျလာနေတယ်။ ခုအချိန်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အင်အားထည့်ပြီး မလုပ်ရင် တောင်သူလယ်သမားမှာ ဘာပြဿနာရှိလဲဆိုတော့ အရင်းအနှီး ပြဿနာရှိတယ်၊ နောက်ပြီးတော့ လုပ်သားပြဿနာ၊ နည်းပညာပြဿနာရှိတယ်။ လုပ်သားပြဿနာဆိုတာလည်း စီးပွားရေးမ ပြေလည်တဲ့အတွက် ကြောင့်မို့လို့ ဒီလယ်ယာ မိသားစုတွေက အများအားဖြင့် နိုင်ငံခြားထွက်ပြီး လုပ်ကြတာရှိတယ်၊ လယ်ယာလုပ်သားစီးဆင်းမှုတွေက လျော့ကျလာတဲ့အခါကျတော့ စက်မှုလယ်ယာကလည်း ပီပီပြင်ပြင် မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ စက်သုံးဆီ လုံလုံလောက်လောက်မရရှိတဲ့ ပြဿနာကြောင့်ဖြစ်တယ်။ အဲဒီအခါကျတော့ လုပ်သားရှားပါးမှုတွေ ဖြစ်လာတယ်။ နောက်ဓာတ်မြေသြဇာဆိုရင်လည်း ဈေးကြီးမြင့်တာတို့ ဖြစ်တယ်။ ဒီလိုအခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးရမယ်။


TREND    ။    ။  လက်ရှိတောင်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေရှိရင်လည်း ပြောပြပေးပါဦး။
UTZ    ။    ။
လောလောဆယ် ဘာလုပ်ဖြစ်လဲဆိုတော့ တောင်သူလယ်သမားတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လေ။ စိုက်ပျိုးရေး Chain က အရမ်းကြီးသလို ကျယ်ပြန့်တယ်ဆိုတော့ ဘာကိုအရင်ဆုံးဦးစားပေး လုပ်ရမှာဆိုတော့ တောင်သူလယ်သမားတွေက အာမခံချက်မရှိတဲ့ စိုက်ပျိုးရေးစနစ်နဲ့ဖြစ်နေတာကို ကျွန်တော်တို့တွေ့ရပါတယ်။ စိုက်ပျိုးရေးအာမခံချက်မရှိဘူးဆိုတာ ဥပမာအားဖြင့် သဘာဝဘေးဒဏ်ကြောင့်လည်းကောင်း၊ ရေကြီးမှုကြောင့်လည်းကောင်း၊ ပိုးမွှားကျတာကြောင့်လည်းကောင်း စိုက်ပျိုးချိန်မှာ ပျက်သွားရင် အာမခံချက်မရှိတော့ နောက်တစ်ရာသီအတွက် သူတို့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် စိုက်ပျိုးရေး အာမခံချက်ရှိတဲ့ စိုက်ပျိုးရေးစနစ်ကို ကျွန်တော်တို့ ထူထောင်ဖို့လိုအပ်ပါလိမ့်မယ်။ တောင်သူလယ်သမားတွေ ဒုတိယဘာပြဿနာရှိလဲဆိုတော့ ဈေးကစားခြင်းခံရတာပါ။ အဲဒီအချိန်မှာ ကုန် သည်တွေက ဈေးနှိမ်ဝယ်တဲ့အခါကျတော့ တောင်သူတွေက ဈေးအနိမ့်ဆုံးဈေးနဲ့ ဝယ်တာခံရ တယ်၊ ဒါက ၁၉၇၀၊ ၁၉၈၀ ကတည်းက ယနေ့ထိ ပြဿနာဖြစ်တာ မဟုတ်ဘူး၊ ဒါတွေက ဘယ်သူလုပ် ခဲ့လဲဆိုတော့ ကုန်သည်ပွဲစားတွေ နှိပ်စက်တာကို တောင်သူကခံရတာ။ အဲဒီမှာ ဈေးကစားလို့ တောင်သူကလည်း စပါးထွက်တဲ့အချိန်မှာ သူက လည်ပတ်ငွေအခက်အခဲကြောင့် သူက ရောင်းမှရတော့မယ်၊ ရောင်းတဲ့အခါကျတော့ သူ့မှာ အရှုံးခံရောင်းရတယ်။ ဘယ်လောက်စိုက်စိုက် အပင်ပန်းခံရတာ သူတို့နော်၊ အဲဒီ အမြတ်ကြီးစားယူတာက ကုန်သည်ပွဲစား၊ ကျွန်တော်တို့ဆီမှာ တော်တော် ဆိုးဆိုးရွားရွား ရှိတယ်။ ရောင်းချင်ရင် အဲဒီကုန်လှောင်ရုံက ရောင်းပေးလိုက်မယ်၊ ဒါကတော့ ဈေးကွက်ချိတ်ဆက်ရေး ပါတာပေါ့၊ ရောင်းပေး လိုက်ရင်ရတဲ့ တင်း ၁၀၀၀ ဖိုးထဲက သူက စောစောက သူထုတ်ယူထားတဲ့ Financing တင်း ၆၀၀ ဖိုးကိုပြန်ဆပ်၊ နောက်ပြီးတော့ သင့်တင့်လျောက်ပတ်တဲ့ အတိုးပေါ့၊ အတိုးကြီး လုပ်လို့မရဘူး၊ စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးသက်သက်နဲ့ အတိုးနဲ့ပဲ သွားရမှာပါ။ နောက်ပြီးတော့မှ သင့်တင့်လျောက်ပတ်သော သီးနှံသိုလှောင်ခတွေ နုတ်ပြီး ကျန်တဲ့ပိုက်ဆံ သူရသွားရင် သူက အပြည့်အ၀ ရောင်းချရတဲ့ ငွေကို ရသွားလိမ့်မယ်။ ဒီလိုဆိုတော့ တောင်သူ မနစ်နာဘူး၊ အဲဒီစနစ်တွေကို ကျွန်တော် ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တောင်သူချမ်းသာမှ နိုင်ငံချမ်းသာမယ်။ တောင်သူတစ်သက်လုံး ဒုက္ခရောက် နေတယ်ဆိုရင် ဒီတောင်သူတွေကရော ဘယ်လောက် တင်းခံနိုင်မလဲပေါ့။ ဒါက စိုက်ပျိုးရေးအလားအလာတွေက ပြဿနာရှိနေပြီလို့ ပြောလိုပါတယ်။ မွေးမြူရေးကဏ္ဍ ပြောတာမဟုတ်ဘူး၊ စိုက်ပျိုးရေး အလားအလာတွေက တော်တော်ပြဿနာ ရှိနေတယ်။ နောက်တစ်ချက်က စိုက်ပျိုးရေးနည်းပညာမရှိတဲ့အတွက် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးကို အလွန်အကျွံ အသုံးပြုနေတာတွေကို စနစ်တကျနဲ့ ဆောင် ရွက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ နောက်ပြီးတော့မှ စောစောကပြောသလို့ သူ့အတွက် တွက်ခြေမကိုက်ရင် သူကကြာလာရင် ဒီအလုပ်ကို မလုပ်နိုင်တော့ဘူး၊ မလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ သူက ဘာခေါ်မလဲဆိုတော့ သူ့ရှေ့မှာရှိတဲ့ မိသားစုတွေက ပြည်ပထွက်လုပ်ကြတယ်၊ မြို့ပေါ်တက် လုပ်ကြ တယ်၊ အကုန်လုံး Labour Drain ဖြစ်တာပေါ့နော်။ အဲ့ဒါတွေကို ကျွန်တော်တို့က ဒီအတိုင်းထားရင် စက်မှုလယ်ယာစနစ်လည်း ပေါ်မလာဘူး၊ လက်မှုလယ်ယာစနစ်ကလည်း မကောင်းတော့ဘူး၊ နောက်ပြီး ကျွန်တော်တို့ နည်းပညာ ပြဿနာတွေလည်း ရှိတဲ့အခါကျတော့ ဒီဟာတွေက စဉ်ဆက်မပြတ် ထုတ်လုပ်မှုဖြစ်ဖို့ ဒါတွေကိုတော့ အရင်ပြင်သင့်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ပြင်ဖို့ကလည်း ဦးဆောင် အဖွဲ့တွေ လိုမယ်၊ ဥပဒေတွေ လိုမယ်၊ ကြေညာချက်တွေလိုမယ်၊ ညွှန်ကြားချက်တွေ လိုမယ်၊ ပေါင်းစည်း မှုတွေ လိုအပ်မယ်လို့ မြင်ပါတယ်။


TREND    ။    ။ တောင်သူတွေနဲ့ စိုက်ပျိုးရေး လုပ်ငန်းတိုးတက်လာဖို့အတွက် ဘာတွေပြောင်းလဲလာဖို့ လိုအပ်ပါသလဲ။
UTZ    ။    ။ စို
က်ပျိုးရေးနည်းစနစ်တွေလည်းအများကြီး ပြောင်းလဲသွားဖို့ လိုအပ်တယ်။ ဥပမာအားဖြင့် စပါးကဏ္ဍတင်မဟုတ် စပါးမှာလည်း Innovate လုပ်ရမယ့်နည်းတွေ အများကြီးရှိတယ်။ ဒါကို လုပ်ဆောင်ရပါမယ်။ နိုင်ငံတော်အနေနဲ့လည်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်နေတာလည်းတွေမြင်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဖြစ်စေချင်တာက ရင်ဘတ်ချင်းတူညီ သူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ ကျွန်တော်တို့နဲ့ပူးပေါင်း ပြီးတော့ လက်တွဲညီညီ ဆောင်ရွက်သွားရင် ဒီကဏ္ဍတွေက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 43

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65999

© 2022 - 2026 News. All Rights Reserved.