၂၀၂၆ ၊ ဇွန် ၁၈
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ(NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ (7 EAO Alliance)တို့ ဇွန် ၉၊ ၁၀ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ထိုနှစ်ရက်တာ တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းအရ နှစ်ဖက်နားလည်မှု ပိုမိုရရှိခဲ့ပြီး ငြိမ်းချမ်းရေးအတွက်များစွာ အထောက်အကူပြုကြောင်း ကြားသိရသည်။
ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေး အလားအလာများနှင့်ပတ်သက်၍ 7 EAO Alliance အဖွဲ့ ဝင်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ စစ်ရေးချုပ် စောစိန်ဝင်းအား ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ အခုတွေ့ဆုံမှုက နှစ်ဖက်နားလည်မှု ပိုမိုရရှိခဲ့ပြီး ငြိမ်းချမ်းရေးအတွက် များစွာအထောက်အကူပြုတယ်လို့ ကြားသိရပါတယ်။ ဒီအပေါ် ဘယ်လိုမှတ်ချက်ပြုချင်လဲ။
SSW ။ ။ အခုလို နိုင်ငံတော်အစိုးရက ကမ်းလှမ်းဖိတ်ခေါ်တဲ့အပေါ် ဝမ်းသာကြိုဆိုမိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသွားမယ့် အခင်းအကျင်းအပေါ်မှာ လက်ရှိ နိုင်ငံတော်အစိုးရက ဦးတည်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဝမ်းသာကြိုဆိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာတွေကလည်း ကောင်းလာပါတယ်။ နိုင်ငံတော်အစိုးရက ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံကြဖို့ ဖိတ်ခေါ်လိုက်တဲ့ အခါကျတော့ ငြိမ်းချမ်းရေးတွေ့ဆုံမှု အခင်းအ ကျင်းက အနှေးနဲ့အမြန် ဖြစ်လာမှာပါ။ အခုကတော့ အစိုးရက ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်တယ်။ ဒါက ခရီးစဉ် တစ်ခု စတင်တဲ့ အခင်းအကျင်းပေါ့။ ရက် ၁၀၀ အတွင်းမှာကျတော့ ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး ခရီးကတော့ သွားရင်း ပြုပြင်ရင်းနဲ့ ကြိုးပမ်းကြရမှာပါ။ ခေတ်စနစ်နဲ့အညီ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲ အခင်းအကျင်းတွေအပေါ်မှာ မူတည်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ တစိုက်မတ်မတ် ကြိုးပမ်း လုပ်ဆောင်သွားရမှာပါ။ အခုလို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေခြင်းဟာ ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲသင့်တာတွေ လုပ်ဆောင်ပြီးတော့ ရေရှည်သွားမယ့် ငြိမ်းချမ်းရေးခရီးအတွက် အစပြုမှု ခြေလှမ်းလို့ မြင်ပါတယ်။
TREND ။ ။ NCA မထိုးရသေးတဲ့အဖွဲ့တွေ NCA က သွေဖည်သွားတဲ့ အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးဖို့ ဖိတ်ခေါ်ထားတော့ ဘယ်လို အခင်းအကျင်းတွေ ဖြစ်လာနိုင်လဲ။
SSW ။ ။ တွေ့ဆုံဆွေးနွေးပွဲအခင်းအကျင်းတွေ ဘယ်လိုပုံစံတွေ ပေါ်ပေါက်လာမလဲဆိုတာကတော့ တွေ့ဆုံပြီးတော့ တစ်ဖွဲ့ချင်းစီရဲ့ အမြင်သဘောတွေ စုစည်းပြီးမှ အခင်းအကျင်းတစ်ခုကို ဖန်တီးတည်ဆောက်ရမယ်လို့ မြင်ပါတယ်။ အတိအကျပြောဖို့ လောလောဆယ် ခက်နေသေးတယ်။ NCA မထိုးရသေးတဲ့အဖွဲ့တွေ ဘယ်လိုပုံစံနဲ့ ရောက်လာမလဲ၊ သူတို့ရဲ့ ရပ်တည်ချက် အနေအထားက မသိတော့ ပြောရခက်တာပါ။ အခုလက်ရှိအခြေအနေမှာ NCA ထိုးထားတဲ့ ခုနစ်ဖွဲ့နဲ့၊ NSPNC နဲ့ တွေ့ဆုံမှုသတင်း တွေကို လေ့လာပြီးတော့ သူတို့ ဘယ်လိုသုံးသပ်မလဲ၊ သူတို့ ဘယ်လိုဆုံးဖြတ်မလဲ ခန့်မှန်းရခက်ပါတယ်။ NSPNC ကတော့ မထိုးရသေးတဲ့ အဖွဲ့တွေရော၊ ထိုးပြီးမှ သွေဖည်သွားတဲ့ အဖွဲ့တွေရော အကန့်လိုက်၊ အပိုင်းလိုက် ဘယ်လိုခွဲပြီး တွေ့မလဲ၊ အစီအမံတွေ ရှိမှာပါ။ ဒီလိုအဖွဲ့တွေ နိုင်ငံရေးစားပွဲ ဝိုင်းပေါ်ရောက်လာအောင် NSPNC က ကြိုးစားအား ထုတ်ကြမယ်လို့တော့ ကြားသိရပါတယ်။
TREND ။ ။ အစိုးရသစ်မတိုင်မီ ယခင်တွေ့ဆုံခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ဘယ်လို အထောက်အပံ့ဖြစ်စေလဲ။
SSW ။ ။ အရင် နစကအစိုးရလက်ထက်မှာ တွေ့ဆုံဆွေးနွေးမှု သဘောထားတွေ စုစည်းခဲ့တယ်။ ဒီလိုသဘောတူညီပြီးတော့ စုစည်းခဲ့တဲ့ သဘောထား စုစည်းချက်တွေက အခုတစ်ခါ ပြန်လည်ပြင်ဆင်ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ပြင်ဆင်ရေးလုပ်ဆောင်နိုင်ဖို့၊ လွှတ်တော်ကိုတင်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီအချက်တွေကို လွှတ်တော်ထဲမှာ ပြန်လည်သုံးသပ် ဆွေးနွေးမှုတွေ လုပ်ပြီးမှ ပြင်ဆင်ရေး အ တွက် အကောင်အထည်ဖော် ဆောင်ရွက်တာတွေ လုပ်သွားမယ်လို့ သိရတယ်။ သဘောထားစုစည်းချက်က ၄၃ ချက်ပေါ့။ ဒီအချက် ၄၃ ချက်မှာ NSPNC နဲ့ EAO တွေနဲ့ တွေ့ဆုံညှိနှိုင်းတဲ့ အချက်တွေပါသလို တချို့အချက်တွေက နိုင်ငံရေးပါတီတွေနဲ့လည်း သဘောထား ရယူစုစည်းထားတဲ့ အချက်တွေပါတယ်။ ဒီ၄၃ ချက်ထဲမှာက EAO တွေ အဆိုပြုထားတာက ၂၁ ချက်ပါတယ်။ ကျန်တာက နိုင်ငံရေးပါတီတွေ အဆိုပြုထားတာ။ EAO တွေ အဆိုပြုတင်ပြတဲ့အချက်ကို ညှိနှိုင်းသဘောတူ ချက်တွေ ရယ်၊ နိုင်ငံရေးပါတီတွေက အဆိုပြုတင်ပြချက်တွေကို ညှိနှိုင်းသဘောတူချက်တွေပါတယ်။ အဲဒီနှစ်ခု ပေါင်းတော့ အချက် ၄၃ ချက်ဖြစ်လာတယ်။ အဲဒီအချက်တွေကို လွှတ်တော်လမ်းကြောင်းကိုတင်၊ တင်ပြီးမှ လွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဖက်ဒရယ်လမ်းကြောင်းပေါ် ရောက် နိုင်ရေး ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တဲ့ ပုဒ်မတွေကို ပြင်သွားမယ့် ပုံစံမျိုးလို့ နားလည်ပါတယ်။ ပြီးတော့ ဒီသဘောထားစု စည်းချက်တွေထဲမှာက တိုင်းရင်းသားတွေ လိုလားချက်ဖြစ်တဲ့ ပုဒ်မ ၁၈၈ ပါတယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ခြင်း မရှိဘဲနဲ့ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ပြုတယ်ဆိုတဲ့ ဥပဒေပုဒ်မပေါ့။ ဒါကြောင့် ဒါက ဖက်ဒရယ်လမ်းစဉ်အရ သက်ဆိုင်ရာ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်တိုင်းနဲ့ အခြေခံဥပဒေ ရေး ဆွဲနိုင်တဲ့ အခွင့်အလမ်း ဖော်ဆောင်နိုင်မယ်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်ဥပဒေ ပြဋ္ဌာန်းပြီးတော့မှ ဒီမိုကရေစီ ဖက်ဒ ရယ် ပြည်ထောင်စုဆီကို ချီတက်လို့ရနိုင်မယ်လို့ မြင်ပါတယ်။ ပုဒ်မ ၁၈၈ အရ အခြေခံဥပဒေ ပြဋ္ဌာန်းလို့ရပြီ ဆိုရင် ပုဒ်မ ၂၆၁ လည်း ပြင်ဆင်ရေးမှာ လိုက်ပါလာမယ်လို့ မြင်ပါတယ်။ အဓိကက အခြေခံဥပဒေရေးဆွဲခွင့် ပင်မပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက ဖက်ဒရယ်ကို သွားမယ့်အချက်အလက်တွေပါတယ်။ အခုက နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့ သွားမယ်ဆိုတဲ့အခါကျတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံမှာက တချို့ဟာတွေ ပြင်ဆင်တာ၊ ပယ်ဖျက်တာတွေ လုပ်ပြီးတော့ အစားထိုးရမယ့် အချက် အလက်တွေပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ဖက်ဒရယ်သွားနိုင်မယ့် အခြေခံဥပဒေပြင်ဆင်ရေးကို အစားထိုး ပြင်ဆင်သွားမယ်လို့ သိရပါတယ်။ တိုင်းရင်း သားတွေက ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီးတော့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ဖို့နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်တဲ့ အခြေအနေဖြစ်လာဖို့ မျှော်မှန်းခဲ့ကြတာ။ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေက ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ပေါ့။ အဓိကကတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီးတော့ တိုင်းနဲ့ပြည်နယ်တွေကို လုပ်ပိုင်ခွင့်တွေ ခွဲဝေမယ်ဆိုရင် ဒါကတစ်နေရာတည်းမှာ အားပြိုင်မှုတွေ နည်းသွားပြီးတော့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းတွေမှာ အာဏာခွဲဝေ ကျင့်သုံးတာတွေ ဖြစ်လာမယ်။ အဲဒီအခါကျတော့ အနာဂတ်မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ ဖြစ်ပေါ်လာမယ်လို့ မြင်ပါတယ်။
အဲဒီလို မျှော်မှန်းချက်တွေကလည်း ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကနေတစ်ဆင့်ပေါ့။ ဥပမာ ပြောရရင် လွှတ်တော်လမ်းကြောင်းကနေ တွေ့ဆုံဆွေးနွေး အဖြေရှာပြီးတော့ ဒီတွေ့ရှိချက်၊ သဘောထားစုစည်းချက်တွေကို လွှတ်တော်တင်၊ လွှတ်တော်ကနေ ပြင်ဆင်နိုင်ရေး ညှိနှိုင်း ဆွေးနွေးပြီး ပြဋ္ဌာန်းသင့်တာ ပြဋ္ဌာန်းပြီးတော့ အဲဒီပုံစံနဲ့ ဖက်ဒရယ်လမ်းကြောင်းပေါ်ကို သွားရမယ်လို့ မြင်တယ်။ အချိန်ကတော့ နည်းနည်းယူရမယ်ပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ရော တိုင်းရင်းသားတွေ၊ ပြည်နယ်တစ်ခုနဲ့တစ်ခုက အခြေခံရပ်တည်မှု မတူတဲ့အခါကျတော့ တွေ့ဆုံဆွေးနွေး အဖြေရှာတာ၊ လွှတ်တော်ကနေ ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပြီး ပြဋ္ဌာန်းသင့်တာ ပြဋ္ဌာန်းတာတွေ အချိန်ယူရမယ်။ သူ့ဒေသနဲ့သူ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီးတော့ တဖြည်းဖြည်းနဲ့ ပုံဖော်သွားရမယ့်အနေအထားရှိပါတယ်။
TREND ။ ။ NCA က သွေဖည်သွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြန်ပါဝင်လာနိုင်ရေး ဆွေးနွေးခဲ့ကြတော့ NCA မထိုးရေးသေးတဲ့အဖွဲ့ အပါအဝင် တခြားသော အဖွဲ့တွေ ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ် ရောက်လာအောင် ဘယ်လို ကြိုး ပမ်းမလဲ။
SSW ။ ။ လက်ရှိအခင်းအကျင်းမှာကတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် မရောက်လာသေးတဲ့ အဖွဲ့ တွေကိုလည်း ဆက်စပ်ရင် ဆက်စပ်မိသလို ငြိမ်းချမ်းရေးတွေ့ဆုံနိုင်ဖို့၊ လက်ရှိ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ သိရှိသလောက် ပြန်လည်မျှဝေပေးဖို့ရှိပါတယ်။ ပြီးတော့ လက်ရှိနိုင်ငံတော် အစိုးရနဲ့ ဆောင်ရွက်နေတဲ့ ဒေသဖွံ့ ဖြိုးရေး၊ ငြိမ်းချမ်းရေးကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က ပါဝင်ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒီအခြေအနေတွေကိုလည်း ပြန်လည် မျှဝေသွားဖို့ရှိပါတယ်။ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဆက်စပ်ရာ စိတ်ဝင်စားတဲ့အဖွဲ့တွေ ကျွန်တော်တို့ကို မေးလာရင်ပေါ့၊ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုနဲ့ မေးလာကြတာတွေ ရှိမယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကနေ တစ်ဆင့် လက်ဆင့် ကမ်းပြီးတော့ တခြားသော အဖွဲ့တွေဆီကို သတင်းစကားတွေ ရောက်အောင် ကြိုးပမ်းမှာပါ။ ဒီ သတင်း စကားတွေ ရောက်သွားရင် ရပ်တည်ချက်တွေကို ပြန်သုံးသပ်တာတွေ အနှေးနဲ့အမြန် ဖြစ်လာနိုင်တယ်။ သူတို့အနေနဲ့ ရပ်တည်ချက်တွေကို ပြန်သုံးသပ်တာတွေကတော့ သူတို့ ဘယ်လိုလုပ်မလဲ၊ တစ်ဖွဲ့ချင်းစီရဲ့အနေ အထားတွေအပေါ်မှာ မူတည်တယ်လို့မြင်တယ်။ အခုလက်ရှိ နိုင်ငံတော်အစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ၊ငြိမ်းချမ်းရေး အစီအစဉ်တွေရယ်၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဆင်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် ဥပဒေတွေ၊ နည်းဥပဒေတွေကို လွှတ်တော်လမ်းကြောင်းကနေ ပြင်ဆင်နိုင်ဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေတာတွေ ရှိလာတဲ့အခါကျတော့ တခြားသော အဖွဲ့တွေအနေနဲ့ ဒီအပေါ်မှာ စိတ်ဝင်စားလာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။
TREND ။ ။ ဇွန် ၄ ရက်က NSPNC နဲ့ ရှမ်း နီ အမျိုးသားများညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဒီတွေ့ဆုံမှုမှာ ဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရရှိလိုမှုကိစ္စ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအဖွဲ့က ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဒီလိုတွေ့ဆုံဆွေးဆွေးပြီးတော့ ဥပဒေနဲ့အညီရယူဖို့ ကြိုးပမ်းတဲ့ အခြေ အနေ အပေါ် ဘယ်လိုမြင်လဲ။
SSW ။ ။ ရှမ်းနီကလည်း သူလည်း နိုင်ငံသား တိုင်းရင်းသားတစ်ခုဖြစ်တော့ သူတို့လည်း သူတို့ရပိုင်ခွင့်၊ သူတို့ရဲ့သွားချင်တဲ့ မူဝါဒ၊ တွေ့ရှိချက်တွေကို နိုင်ငံတော်က လက်ခံဆောင်ရွက်ပေးမယ့် အခြေအနေတွေကို တင်ပြဆွေးနွေးတာပေါ့။ ဒါက ကောင်းတဲ့အလား အလာပေါ့။ အလားတူ ရှမ်းနီအပြင် တခြာလူမျိုးစုအဖွဲ့ အစည်းတွေလည်း သူတို့သက်ဆိုင်ရာ အခွင့်အရေးတွေ၊ ဆန္ဒတွေကို တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် လမ်းဖွင့်ပေးတဲ့ အခင်းအကျင်းလို့ မြင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လက်နက်ကိုင်ပြီးတော့ တိုက်နေကြတယ်ဆိုတာက ဘယ်သူပဲနိုင်နိုင်၊ ဘယ်သူပဲရှုံးရှုံး ပြည်သူ လူထုပဲ နစ်နာတာပါ။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲတွေ ကတစ်ဆင့် အဖြေရှာတဲ့ နည်းလမ်း၊ ကိုယ့်ရဲ့ လိုလားချက်တွေကို လွှတ်တော်လမ်းကြောင်းကနေ ဥပဒေနဲ့အညီ ကြိုးပမ်းတာဟာ ကောင်းမွန်တဲ့ အလားအလာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေဟာ ကိုယ့်ရဲ့အခွင့်အရေးတွေကိုရဖို့ လွှတ်တော် အခင်းအကျင်းကနေ ကြိုးပမ်းလုပ်ဆောင်မယ်ဆိုရင် ခိုင်မာမှု ပိုအားကောင်းပါတယ်။ နိုင်ငံသား တွေရဲ့ တန်းတူအခွင့်အရေးတွေရဖို့ ဥပဒေလမ်းကြောင်းကနေသွားမှ ပိုပြီး ခိုင်မာစေတဲ့သဘောလို့ မြင်ပါတယ်။
TREND ။ ။ လက်ရှိ ကရင်ပြည်နယ်ဒေသ အခြေအနေကိုလည်း ပြောပြပါဦး။
SSW ။ ။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ လက်ရှိမှာက နေရာတော်တော်များများမှာ ရှိနေသေးတော့ ပြည်သူလူထုတွေရဲ့ နေထိုင်လုပ်ကိုင် စားသောက်မှုတွေ အများကြီး အခက်အခဲရှိနေပါတယ်။ အာရှလမ်းကြီး ဖွင့်နိုင်ခဲ့ပေမယ့် ကုန်သွယ်သွားလာမှုတွေ မလုပ်နိုင်ကြသေးဘူး။ ဒေသငြိမ်းချမ်းမှသာ ကုန်စည်စီးဆင်းမှုတွေ ရှိလာမယ်၊ ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်လာမယ်။ ကုန်သွယ်ရေးလမ်းကြောင်း လည်း အေးအေးချမ်းချမ်း ကောင်းကောင်းမွန်မွန်နဲ့ အရင်ခေတ်အခြေအနေလိုမျိုး ပြန်ဖြစ်လာမှာပါ။
အဲဒီလို ဒေသငြိမ်းချမ်းသွားရင် ဒေသခံပြည် သူလူထုတွေလည်း နေထိုင်လုပ်ကိုင်စားသောက်မှု လူမှုစီးပွားဘဝတွေလည်း အများကြီး တိုးတက်လာမှာပါ။ အခုအခြေအနေမှာက တိုက်ပွဲတွေရှိနေတဲ့ နေရာတွေမှာ ပညာရေး၊ ကျန်းမာရေးကအစ အကုန်လုံး အခက်အခဲ တွေရှိနေကြတယ်။ စစ်ဘေးရှောင် နေကြရတယ်။ ဒီလို စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးကိစ္စ အရေးကြီးလို အပ်ပါတယ်။ စစ်ဘေးရှောင် တွေ ကူညီထောက်ပံ့ရေး ကိစ္စတွေကတော့ BGF အဖွဲ့တွေရော၊ PC အဖွဲ့တွေရော DKBA ရောက် သက်ဆိုင် ရာ ကိုယ့်ဒေသတွေမှာရှိနေတဲ့ စစ်ရှောင်ပြည်သူတွေကို တတ်နိုင်သမျှ အစွမ်းရှိသလောက်၊ ကိုယ့်အင် အားရှိသလောက် လုပ်နိုင်တဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ အကောင်းဆုံး ပံ့ပိုးကူ ညီနေကြပါတယ်။ ကျွန်တော်တို့လည်း နီးစပ်ရာဒေသတွေမှာ တတ်နိုင်သမျှ နေရာချထားတာတို့၊ စားနပ်ရိက္ခာ ကူညီပံ့ပိုးတာတို့ အကောင်းဆုံး လုပ်ဆောင်ပေးနေပါတယ်။ အဓိကက ဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့က တွေ့ ဆုံဆွေးနွေး အဖြေရှာတဲ့နည်းကသာ လမ်းကြောင်းအမှန်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ကိုယ့်ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံး အစိုးရနဲ့ ပူးပေါင်းဆောင် ရွက်သွားဖို့လည်း ရှိပါတယ်။
TREND ။ ။ လက်နက်ကိုင်ပဋိပက္ခ အမြန်ချုပ်ငြိမ်းပြီး စက်ဘေးစစ်ဒဏ်ကနေ ပြည်သူတွေက လွတ်မြောက်ချင်ကြပါပြီ။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေသူတစ်ဦးအနေနဲ့ ဒီအပေါ် ဘာပြောချင်လဲ။
SSW ။ ။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ ကတော့ နိုင်ငံတော်အစိုးရဘက်ကရော၊ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့တွေရော ပြည်သူတွေအတွက်ဆိုပြီး ပြည်သူကို မျက်နှာမူပြီး လုပ်ဆောင်သင့်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်တည်လာဖို့အတွက် ပြည်သူတွေ ရေငုံနှုတ်ပိတ်မနေဘဲနဲ့ ငြိမ်းချမ်းလိုကြောင်း၊ တွေ့ဆုံဆွေးနွေးရေးကို လိုလားကြောင်း အသံကိုယ်စီ ထုတ်ဖော်ပေးကြဖို့ လိုပါတယ်။ ဆိုလိုတဲ့ သဘောက ကျွန်တော်တို့ Social Media မှာ ကြည့်လိုက်ရင် ငြိမ်းချမ်းရေးဆွေး နွေးပွဲသတင်းတွေ ငြိမ်းချမ်းရေးဖော်ဆောင်မယ့် သတင်းတွေနဲ့ပတ်သက်ရင် အဆိုးမြင်တဲ့ Comment တွေက များနေပြီးတော့ အကောင်းမြင်တဲ့ Comment က နည်းနေသေးတယ်။ အကောင်းမြင်တဲ့ Comment တွေ များများ ဖြစ်တည်လာဖို့ လိုအပ်တယ်။ ဒါကြောင့် လူထုအနေနဲ့ ငြိမ်းချမ်းရေးလိုလားကြောင်း အသံတွေ များများထုတ်ပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်လာဖို့အတွက် ပြည်သူတွေ နှုတ်ဆိတ်မနေဘဲ တွေ့ဆုံဆွေးနွေးရေးကို လိုလားကြောင်း အသံကိုယ်စီ ထုတ်ဖော်ပေးဖို့ လိုပါတယ်။ ပြည်သူတွေက ဒီလို အသံတွေ ထုတ်ဖော်လာမယ်ဆိုရင် ငြိမ်းချမ်းရေးခရီး ပိုရောက်နိုင်မှာပါ။
TREND ။ ။ တွေ့ဆုံ ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြတဲ့ ပြည်သူလူ ထုရဲ့ဆန္ဒကို ဘယ်လို အကောင်အထည်ဖော် ဖြည့်ဆည်းသင့်လဲ၊ ဖြည့်စွက်ပြောကြားပေးပါဦး။
SSW ။ ။ ပြီးခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ခုမှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို အဓိက မထားဘဲနဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းကြတဲ့အခါ ကျွန်တော်တို့နိုင်ငံက တော်တော်လေး ပျက်စီးယိုယွင်းသွားတဲ့ အနေအထား ဖြစ်ခဲ့တာပေါ့။ အကြမ်းဖက်တိုက်ခိုက်တာက အဖြေမဟုတ်ဘူး၊ လက်နက် ကိုင်လမ်းစဉ်နဲ့ လုပ်ဆောင်တဲ့ အခင်းအကျင်းမှာ ဘယ်သူပဲနိုင်နိုင် နောက်ဆုံး ပြည်သူပဲ ထိခိုက်နစ်နာရတာပါ။နိုင်ငံတော်လည်း နစ်နာတယ်၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးတွေ အကုန်ဆုတ်ယုတ်သွားတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အခင်းအကျင်းကတော့ အကောင်းဆုံး လာမ်းကြေင်းဖြစ်တယ်။ တစ်ဖက်ဖက်က နိုင်ခဲ့ရင်တောင်မှ ရှုံးသွားတဲ့ တစ်ဖက်က အားပြန်ကောင်းလာရင် တုံ့ပြန်မှုတွေ ပြန်ဖြစ် လာမယ်။ တွေ့ဆုံအဖြေရှာခြင်းလမ်းကြောင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး မရှိလို့ရှိရင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ဘာတစ်ခုမှ လုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ရင် ပြေးရလွှားရ၊ စီးပွားဥစ္စာ ထိခိုက်ကြရတယ်။ ဒုက္ခတွေ ရောက်ကြရတယ်။ လက်ရှိ Social Media တွေမှာ ကြည့်မယ်ဆိုရင် စစ်ဘေးရှောင်ပြည်သူတွေရဲ့ အသံနည်းနေတယ်။ သူတို့ဆီမှာက ဖုန်းလိုင်းမရှိ၊ အင်တာနက်မရှိတော့ ဒုက္ခခံစားနေကြရတဲ့ စစ်ဘေး ရှောင် ပြည်သူတွေရဲ့အသံတွေ၊ စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ပြည်သူတွေရဲ့အသံက Social Media ပေါ်မှာ အားနည်းနေတယ်။ ဒါကြောင့် တိုက်ပွဲတွေကြောင့် ဒုက္ခပေါင်းစုံ၊ အခက်အခဲပေါင်းစုံ ကြုံနေကြရတဲ့ သူတို့ရဲ့အသံတွေ ပျံ့နှံ့ဖို့ ဖော်ဆောင်ပေးသင့်တယ်။ တိုက်ပွဲတွေ မဖြစ်ဖို့၊ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အသံတွေ များများထုတ် သင့်ပါတယ်။ မငြိမ်းချမ်းဘူးဆိုရင် နိုင်ငံက တဖြည်းဖြည်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဆီကိုပဲ ဦးတည်သွားမယ်။ ဒါကြောင့် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ပြည်သူတွေ ကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးအတွက်ဆိုပြီး ဦးတည်ပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ပါတယ်။ တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာသွား ကြမယ်ဆိုရင် ရလဒ်လည်း ထွက်မယ်၊ အနာဂတ်မြန်မာ နိုင်ငံတော်ကြီး ငြိမ်းချမ်းတဲ့လမ်းကြောင်းပေါ် မလွဲမသွေ ရောက်ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )