ဒေါ်သူဇာဝင်း (ဒုဥက္ကဋ္ဌ) Myanwen,Chairman of Myanwen Sports Committee၊ ဦးမျိုးကျော်သူ (တွဲဖက်အတွင်း ရေးမှူး၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်) တို့နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၆ ၊ မေ ၂၂

    မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များကွန်ရက် Myanmar Women Entrepreneurs Network (MYANWEN) နှင့် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြိုင်ပွဲကို မေ ၂၃ မှ ၂၄ ရက်အထိ Myanmar Badminton Federation Court တွင် ပထမဦးဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ အကြောင်းအရာများ ကို ပြိုင်ပွဲတာဝန်ရှိသူများဖြစ်သည့် (Myanwen,Chairman of Myanwen Sports Committee)မှ ဒုတိယဥက္ကဋ္ဌ ဒေါ်သူဇာဝင်းနှင့် ဦးမျိုးကျော်သူ (တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်) တို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ အခုလို ကြက်တောင်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ကျင်းပတဲ့ရည်ရွယ်ချက်လေး ပြောပြပေးပါဦး။
DTZW    ။    ။
ဒီကြက်တောင်ပြိုင်ပွဲကြီးကို     မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ ကွန်ရက် Myanmar Women Entrepre neurs Network (MYANWEN) နဲ့ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်း ပြီးတော့ ကျင်းပတာဖြစ်ပါတယ်။ ကျင်းပရတဲ့ ရည်ရွယ် ချက်ကတော့ နိုင်ငံတော်ရဲ့ အမျိုးသားအားကစား တစ်ခုဖြစ်တဲ့ ကြက်တောင်အားကစားနည်းကို တိုးတက်စေချင်တဲ့အတွက်ရော၊ နောက်တစ်ခုက ပရော် ဖက်ရှင်နယ် Community နဲ့ Sport Community  ကို ထိစပ်ပေးချင်တာ‌ကြောင့်ရယ် အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်။ ကျွန်မတို့ပြိုင်ပွဲမှာတော့ Novice Class နဲ့ Friendship Class ဆိုပြီး ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ Friendship Class ကကျတော့ Myanwen အဖွဲ့ဝင်များနဲ့ မိတ်ဖက်အဖွဲ့အစည်းများအတွက် ဖြစ်ပြီးတော့ သူတို့တွေကိုလည်း ပါဝင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ပရော်ဖက်ရှင်နယ်တွေ ဖြစ်ပေမယ့် အားကစားကိုလည်း လုပ်လို့ရတယ်။ အားကစားပြိုင်ပွဲတွေမှာလည်း စွမ်းဆောင် နိုင်စေမယ်ဆိုတဲ့ အိုင်ဒီယာလေးတစ်ခု ထည့်ပေးချင်တာကြောင့်ဒီ Friendship Class လေးကို ထည့်သွင်းပေးတာပါ။ Novice Class ကကျတော့ အများပြည်သူအတွက်ပါ။ အသက်ကန့်သတ်ချက် မရှိဘဲ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ ကန့်သတ်ထားတာလေး တစ်ခုက ဘာလဲဆိုတော့ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်က စီစဉ်ထားတဲ့ပွဲတွေမှာ ပထမ၊ ဒုတိယ၊ တတိယဆုရဖူးတဲ့သူတွေကို ပြိုင်ပွဲပေး မပြိုင်ဘူးပေါ့။ အဲဒီ Class နှစ်ခုနဲ့ ထည့်သွင်း ကျင်းပပါမယ်။ ပြိုင်ပွဲမှာ Men’s Doubles/ Women’s Doubles နှင့် Mixed Doubles အမျိုးအစားတွေ ပါဝင်ပါမယ်။ ဆုကြေးကလည်း များတဲ့အတွက် စိတ်ဝင်စားမှုရှိမယ်၊ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ရှိမယ်ဆိုရင် Registration လုပ်စေချင်ပါတယ်။ ဒီ Myanwen Friendship Badminton Tournament 2026 ပြိုင်ပွဲ ကျင်းပရတာက ကြက်တောင်အားကစားကို လူတွေ ပိုသိစေချင်တယ်။ အဓိကရည်ရွယ်ချက်ကတော့ အခြားနိုင်ငံတွေမှာဆိုရင် ဒီလိုမျိုး အမျိုးသားအဆင့် အားကစားပွဲတွေကို စပွန်ဆာတွေ ပိုရအောင် လုပ်ကြတယ်။

TREND    ။    ။ ကြက်တောင် ကစားနည်းမှာ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေကိုရော ဘာများပြောချင်တာရှိလဲ။
DTZW    ။    ။
ဒီလိုမျိုးပြိုင်ပွဲတွေ ကျင်းပခြင်းအားဖြင့် နိုင်ငံအဆင့်အားကစားပွဲတွေမှာ လက်ရွေးစင် ကစားသမားတွေ ပေါ်ထွက်လာမယ်။ ထိုင်းတို့၊ တောင်ကိုရီးယားမှာတော့ တော်တော်လေးအောင်မြင်နေတယ်။ ကျွန်မတို့ဆီမှာတော့ နည်းနည်းလေး အလှမ်းဝေးနေသေးတယ်။ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ အဲအတွက်ကြောင့်မို့ ဒီကြက်တောင် အားကစားနည်းကို Awareness လေး ပိုရစေချင်တယ်။ ကြက် တောင်အားကစားနည်းကို ပိုပြီးဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပြိုင်ပွဲကြီးကို ကျင်းပတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးမှာ အနယ်နယ်အရပ်ရပ်က စိတ်ပါ ဝင်စားတဲ့သူတွေ၊ ရိုက်နိုင်တဲ့ သူတွေအများကြီးရှိပါတယ်။ ဆုကြေးကလည်း မြင့်မားတဲ့အတွက် ကိုယ့်ရဲ့စွမ်းရည်ကို ပြသဖို့အတွက် လက်လွှတ်မခံပါနဲ့လို့ ပြောလိုပါတယ်။

TREND    ။    ။ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ ကွန်ရက်အနေနဲ့ နောက်ပိုင်းမှာရော ပူပေါင်းဆောင်ရွက်မယ့်အစီအစဉ်ရှိရင် ပြောကြားပေးပါဦး။
DTZW    ။    ။
ကျွန်မတို့ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ ကွန်ရက်အနေနဲ့ အားကစားနဲ့ပတ်သက်တဲ့ ပွဲတော်တွေကို ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လောလောဆယ်မှာတော့ ကြက်တောင်အား ကစားပြိုင်ပွဲကိုလုပ်နေတယ်။ နောက်ပိုင်းတွေမှာတော့ အခြားအားကစားနည်းတွေကိုလည်း သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ကျင်းပဖို့လည်း ရည်ရွယ်ထားပါတယ်။

TREND    ။    ။ အခုကျင်းပမယ့် ပြိုင်ပွဲနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
DTZW    ။    ။
ဒီပြိုင်ပွဲမှာတော့ အတန်းကို Myanwen ရဲ့ဝန်ထမ်းတွေကစားဖို့အတွက် တစ်တန်း၊ လူသစ် တန်း၊ ကျား/မ အတန်းဆိုပြီး ခွဲခြားထားပါတယ်။ ပြိုင်ပွဲရဲ့ထူးခြားချက်တစ်ခုက မျိုးဆက်သစ်အတွက်ရည် ရွယ်တာကြောင့် ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ ဆုရခဲ့ဖူးတဲ့မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုထားဘဲနဲ့ မျိုးဆက်သစ်ကစားသမားတွေကိုသာ ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်။ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်‌ ပြိုင်ပွဲတိုင်း လိုလိုမှာ ဆေးအဖွဲ့ဆိုတာရှိပါတယ်။ ဒီဆေးမှူးအဖွဲ့တွေကနေ ပြိုင်ပွဲတစ်လျှောက် ထိခိုက်ဒဏ်ရာရ တယ်ဆိုရင် အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်ပေးပါမယ်။ ရာသီဥတုကလည်း ပူနေတဲ့အတွက် လိုအပ်တဲ့ ဓာတ်ဆားတို့၊ ဆေးဝါးတို့ကိုလည်း သက်သက်စီစဉ်ထားရှိပါတယ်။ 

TREND    ။    ။ ဆုကြေးသတ်မှတ်ထားတာက ဘယ်လိုသတ်မှတ်ထားထားလဲ ပြောကြားပေးပါ။
DTZW    ။    ။
အခုလုပ်တဲ့ ပြိုင်ပွဲကတော့ ဆုကြေးကတော့ အများဆုံးပဲ။ ဒီလိုမျိုးအတွက်လည်း အများကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားဆိုတာကလည်း ဆုကို မျှော် လင့်ကြတယ်။ ကိုယ်မျှော်လင့်ထားတာထက် ဆုကြေးကများတဲ့အတွက် ကစားသမား တော်တော်များ များက လက်ခံကြိုဆိုကြပါတယ်။ ကစားသမားတွေကတော့ ပြိုင်ပွဲတစ်ခု လုပ်တယ်ဆိုလို့ရှိရင် ကိုယ်နဲ့အံ ဝင်မယ့်အတန်း၊ ပြီးရင်ဆုကြေးဒါတွေကို ကြည့်တာပေါ့နော်။ ဆုကြေးကများတယ်။ ပထမဆုကို ၁၅ သိန်း၊ ဒုတိယဆုကို ၁၀ သိန်း၊ တတိယဆုကို ငါးသိန်းပေးတဲ့အတွက် တော်တော်လေး စိတ်ဝင်စားကြ ပါတယ်။ အနယ်နယ်အရပ်ရပ်က ဝင်ပြီးယှဉ်ပြိုင်ကြမယ့် ကစားသမားတွေတော်တော် များလာပါမယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ပြိုင်ပွဲ ပြိုင်လို့ ဆုကြေးရရင် စာအိတ်လေးနဲ့ထည့်ပေးတာ။ ဖွင့်ကြည့်လိုက်ရင် ဆုကြေးကသုံးထောင်၊ ငါးထောင်ပဲ ရှိတယ်။ ဒါပေမဲ့ အဲဒါကို ကျွန်တော်တို့က ပီတိဖြစ်တယ်။ ပြီးရင် ဆွဲပြားလေးတွေ၊ ဆုဖလားလေးတွေပေးမယ်။ အခုဒီ ပြိုင်ပွဲမှာလည်း ဆုကြေးငွေအပြင်ကို ဆုဖလားလည်းပေးမယ်။ ဝင်ပြိုင်မယ့်ကစားသမားတွေကိုလည်း စပို့ရှပ်အင်္ကျီတွေ ပေးမယ်ဆိုတော့ တော် တော်လေးကို အဆင်ပြေပါတယ်။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။
DTZW    ။    ။
ကျွန်တော်တို့ မြန်မာနိုင်ငံကြက် တောင်အဖွဲ့ချုပ်အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းများနဲ့ လက်တွဲပြီးတော့ ကြက်တောင်အား ကစားနည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါတယ်။ ပြိုင်ပွဲတစ်ခု လုပ်တယ်ဆိုရင် လူအား၊ ငွေအား အဘက်ဘက်ပံ့ပိုးကူညီမှုတွေ လိုအပ် ပါတယ်။ ကျွန်တော် တို့အဖွဲ့ချုပ်ကလည်း တတ်နိုင်တဲ့ဘက်ကနေ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော့ လုပ်တဲ့အတွက် ကြက်တောင်အားကစားနည်းအတွက်လည်း ပိုကောင်းတယ်။ နောက်လာမယ့် မျိုးဆက်သစ် ကစားသမားတွေ အတွက်လည်း မျှော်လင့်ချက်ရောင်ခြည်လေးတွေ သန်းလာတာပေါ့။ လက်ရှိယှဉ်ပြိုင်နေတဲ့ ကစားသမားတွေအတွက်လည်း ပိုပြီးတော့ အခွင့်အလမ်းတွေ ရရှိသွားတာပေါ့။ အခုလိုမျိုး မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီးတော့ ပြိုင်ပွဲတွေ လုပ်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်လို့ ပြောလိုပါတယ်။
သက်မှုး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 25

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62320

© 2022 - 2026 News. All Rights Reserved.