၂၀၂၆ ၊ ဩဂုတ် ၆
သြဂုတ် ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်ဖြစ်သူ Mr. Arnaude de Baecque က လာရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အစိုးရမှ သတင်းထုတ်ပြန်သည့်အပေါ် နိုင်ငံတကာမီဒီယာများနှင့် ပြည်တွင်းမီဒီယာများက သတင်းထူးအဖြစ် ဖော်ပြခဲ့ကြသည်။ ထိုကဲ့သို့ တွေ့ဆုံခွင့်ပြုခဲ့သည့်အပေါ် NLD ပါတီဝင်ဟောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါ်စန္ဒာမင်း၏ အမြင်အချို့ကို ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။
TREND ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က လာရောက်တွေ့ဆုံခဲ့တယ်လို့ နိုင်ငံတော်အစိုးရက သတင်းထုတ်ပြန်တဲ့အပေါ် ဘာများပြောချင်လဲ။
DSDM ။ ။ ဒီတွေ့ဆုံမှုအပေါ်မှာ ဝမ်းသာတယ်၊ ကြိုဆိုတယ်။ ဘာလို့လဲဆိုတော့ ဒီလိုတွေ့ဆုံခွင့်ပေးမှုတွေက အစောကြီးကတည်းက မျှော်လင့်ထားသလို ဖြစ်သင့်ခဲ့တာပါ။ နိုင်ငံတကာရဲ့ ယုံကြည်မှု ပိုတိုးလာအောင် တွေ့ဆုံမှုပေးဖို့ အရင်ကတည်းက မျှော်လင့်ခဲ့တာပါ။ ICRC ဆိုတာက အကျဉ်းကျနေတဲ့ အချိန်မှာလည်း တွေ့ခွင့်ရပါတယ်။ ICRC နဲ့ ပေးတွေ့တာဟာ တခြားလူတွေနဲ့ ပေးတွေ့တာထက်စာရင် ပိုပြီးသင့်တော်တယ်။ နောက်ပြီးတော့ ICRC ဆိုတာက ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင်မို့လို့ ဒီအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ လာတွေ့တယ်ဆိုရင် သူတို့ရဲ့ ထုတ်ပြန်ချက်တွေက တစ်ဖက်သတ်မဖြစ်ဘူး။နောက်ပြီးတော့ ယုံကြည်ရတဲ့ သတင်းမှန်ကို ရရှိမှာပါ။ ဒါကြောင့် ဒီမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ မတောင်းဆိုခင် ကတည်းက ICRC နဲ့ ပုံမှန်ပေးတွေ့ပြီး ပုံမှန်လေးသတင်း ထုတ်ပြန်ပေးနေရင် ဘာပြဿနာမှ မရှိလောက် ဘူးလို့ ထင်ပါတယ်။ အခုလို မထုတ်ပြန်ခင်ကာလတွေမှာဆိုရင် ကျွန်မတို့တောင် ကောလာဟလတွေ ဖတ်မိပြီး စိုးရိမ်မိခဲ့တာပေါ့လေ။ တကယ်ရော သက်ရှိထင်ရှားရှိသေးရဲ့လားပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နဲ့ အဆက်အသွယ်မရှိတာ အတော်လေးကြာခဲ့ပြီ။ ခုကြတော့ ICRC နဲ့ ပေးတွေ့တယ်။ နောက်ပေးတွေ့တဲ့နေရာကလည်း သူ့ကို ထားတဲ့နေရာလို့ ယူဆရတယ်။ ဒါဆိုရင် ကျွန်မတို့အနေနဲ့ စိတ်ချမ်းသာတယ်။ ဒီလိုမျိုး ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာနဲ့ တွေ့ရတယ်။ နောက်ပြီး ICRC နဲ့ တွေ့ရတာဖြစ်တဲ့အတွက် ကျွန်မတို့ အရမ်း ဝမ်းသာမိပါတယ်။
TREND ။ ။ ခုလိုတွေ့ဆုံမှုမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူက မကြာခဏဆိုသလို သူ့ရဲ့မိခင် သက်ရှိထင်ရှားရှိသေးကြောင်း သက်သေပြပေးဖို့ တောင်းဆိုတာရှိပါတယ်။ ဒီတွေ့ဆုံမှုပေးပြီး အစိုးရက ထုတ်ပြန်တာဟာ လုံလောက်တဲ့ သက်သေပြချက်လို့ ပြောနိုင်မလားဗျ။
DSDM ။ ။ ဒါက အကောင်းဆုံးသက်သေဆိုတာ မှန်ပါတယ်။ ပြောရရင် ကျွန်မနဲ့ ဒေါ်အောင်ဆန်း စုကြည် ပထမဆုံး တွေ့ခွင့်ရတယ်။ ကျွန်မကဒေါ်အောင်ဆန်းစုကြည်ရဲ့ တားဆီးမှုကြောင့် ကျွန်မသတင်းထုတ်ပြန်တာ လုပ်လို့မရခဲ့ဘူး။ ဒုတိယအကြိမ်မှာ ထိုင်းရဲ့နိုင် ငံခြားရေးဝန်ကြီးဟောင်းနဲ့ တွေ့ရတယ်။ သူကလည်း သတင်းထုတ်ပြန်မှုကို လုံး၀မလုပ်ဘူးပေါ့နော်။ ဒီတော့ တွေ့ဆုံမှုတွေအပေါ် သို့လော သို့လောဖြစ်ကြတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ICRC နဲ့ ပေးတွေ့တယ်ဆိုတာက အကောင်းဆုံးပဲလို့ ကျွန်မပြောချင်ပါတယ်။ ကျွန်မ ပြောခဲ့သလိုပဲ ICRC နဲ့ ပေးတွေ့ခြင်းအားဖြင့် သူ့ရဲ့ ကျန်းမာရေးအခြေ အနေ၊ သူရဲ့ Condition အားလုံးကို သိချင်တဲ့ပြည်သူကလည်း အမှန်အတိုင်း သိကြတာမျိုးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး နိုင်ငံတကာကရော သူ့ရဲ့အခြေအနေကို သိချင်တယ်။ ပြည်တွင်းကလည်း သူ့အခြေအနေကို သိချင်တယ်။ အဲဒီတော့ အခုလို တွေ့ဆုံခွင့်ပေးပြီး ထုတ်ပြလိုက်တာဟာ မှန်ကန်တဲ့လုပ်ရပ်လို့ ကျွန်မကတော့ ပြောချင်တယ်။
TREND ။ ။ ဒီတွေ့ဆုံမှုမတိုင်ခင်မှာ အာဆီယံကလည်း တွေ့ဆုံခွင့်ရဖို့ မကြာခဏ တောင်းဆိုတာရှိတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေကို တွေ့ဆုံခွင့် ပေးသင့်၊ မပေးသင့် ဘယ်လိုမြင်ပါသလဲ။
DSDM ။ ။ ကျွန်မအမြင်ကတော့ ခုအခြေအနေမှာ တွေ့ဆုံလိုက်လို့လည်း ဘာမှပြဿနာမရှိဘူးလို့ မြင်တယ်။ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်တို့၊ အာဆီယံက မြန်မာနဲ့ပတ်သက်တဲ့ ကိုယ်စားလှယ်တို့ဆိုရင် ပေးတွေ့သင့်တယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်။ ဒီလိုပေးတွေ့ လိုက်ခြင်းအားဖြင့် ကမ္ဘာကို အမှန်တရား ချပြနိုင်တယ်လို့ မြင်ပါတယ်။ အခုတောင် ICRC နဲ့တွေ့တဲ့အခါမှာ တစ်ယောက်တည်း တွေ့တာမျိုး ကျွန်မတွေ့ရတယ်။ အခုလို တစ်ယောက်တည်း ပေးတွေ့တာထက်စာရင် တစ်ဖွဲ့ကို နှစ်ယောက်လောက်အနည်းဆုံး တွေ့ရရင်ပိုပြီးတော့ ယုံကြည်ရတဲ့ သတင်းတွေ ထွက် နိုင်တာပေါ့နော်။ တစ်ယောက်တည်း ပေးတွေ့တာထက်စာရင် နောက် ပေးတွေ့ဖို့ရှိရင်လည်း တစ်ခါတွေ့ရင် နှစ်ယောက်လောက် ပေးတွေ့ခြင်းအားဖြင့် ပိုမိုကောင်းမွန်တယ်လို့ ပြောချင်တယ်။ အာဆီယံရော၊ ကုလ သမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ပါ ပေးတွေ့သင့်တယ်လို့ ကျွန်မမြင်ပါတယ်။

TREND ။ ။ ဒီလို နိုင်ငံတာကာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ပြုလိုက်ရင် ဘယ်လို အလားအလာတွေများ ရှိလာနိုင်ပါသလဲ။
DSDM ။ ။ ပေးတွေ့ခြင်းအားဖြင့် သတင်းမှားထုတ်လွှင့်မှုတွေကို ချေဖျက်ပြီးသား ဖြစ်တာပေါ့။ နံပါတ်(၁)ကတော့ ဒေါ်အောင်ဆန်းစုကြည် မသေဘူး။ အကျဉ်းချခံစဉ်မှာ နှိပ်စက်လို့ပဲသေသလိုလို၊ ရောဂါတွေ ပဲဖြစ်နေသလိုလိုပြောတဲ့ မဟုတ်တဲ့သတင်းတွေကို ချေဖျက်ရာ ရောက်တယ်လို့ ကျွန်မက ပြောချင်တယ်။ နောက်တစ်ခု ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်အကျဉ်းသားတစ်ဦးလည်း မဟုတ်ပါဘူး။ တစ်ချိန်က နိုင်ငံ့ခေါင်းဆောင်မှုမှာ ပါဝင်ဖူးပြီး အကျဉ်းကျနေတဲ့သူတစ်ယောက်သာ ဖြစ်ပါတယ်။ ဒီလိုလူတစ်ယောက်ကို နိုင်ငံတကာက စောင့်ကြည့်နေဆဲမှာ သူ့ကို အချိန်ကာလတစ်ခုအထိ နှိပ်စက်ညှင်းပန်းပြီး အကျဉ်းချထားတာ မဟုတ်ပါဘူးဆိုတဲ့ အရာကိုလည်း ပြသရာ ရောက်ပါတယ်။ ဒါက အခြေအနေအကြောင်းအရာတစ်ခုကြောင့် ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် ကမ္ဘာကသိထားတဲ့ ကော လာဟလသတင်းတွေကိုလည်း ချေဖျက်ရာကျပါတယ်လို့ ပြောချင်ပါတယ်။
TREND ။ ။ ဒီတွေ့ဆုံမှုဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရတဲ့ ဖြစ်စဉ်ဖြစ်တယ်။ ဒါကြောင့် အစိုးရသစ်ရဲ့ လိုက်လျောမှုကိုရော ဘာများပြောချင်ပါသလဲ။
DSDM ။ ။ ဒါနဲ့ပတ်သက်ပြီး အစိုးရသစ်ကို ပြောချင်တာက ပေးတွေ့ခွင့်ပြုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက အစိုးရသစ်အနေနဲ့လည်း ရွေးကောက်ခံအစိုးရတစ်ရပ် ဖြစ်သွားပြီဆိုရင် ကျွန်မတို့အရင်က သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး အကျဉ်းကျခံနေရသူ တွေကို ဖြေလျှော့ပေးတာတွေ ရှိခဲ့ပါတယ်။ အခု ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရသစ် ဖြစ်တယ်။ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရသစ်ဖြစ်တဲ့အတွက် အရင်က တပ်မတော်က နိုင်ငံ့အာဏာကို ထိန်းထားတဲ့ကာလမှာ ထိန်းသိမ်းထားတာကို လက်ခံပေမယ့် ပြည်သူကရွေးချယ်လိုက်လို့ ပြည်သူ့အစိုးရတစ် ရပ်ဖြစ်လာပြီဆိုတော့ နိုင်ငံရေးအရ အကျဉ်းကျနေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ ဒီလို ကိစ္စတွေကို ဆက်လက်ပြီး လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် ပြည်သူက သဘောကျထောက်ခံတဲ့ အစိုးရအဖြစ် ဆက်လက် ရပ်တည်သွားမှာပါလို့ ပြောချင်ပါတယ်။
TREND ။ ။ ဒီတွေ့ဆုံမှုက လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်ပါသလဲ။
DSDM ။ ။ အများကြီး သက်ရောက်မှုရှိတာပေါ့။ ခုချိန်မှာ အာဆီယံကလည်း ကျွန်မတို့မြန်မာနိုင်ငံအပေါ် ဖိအားပေးနေတာမျိုးတွေရှိတယ်။ နောက် ၉ လပိုင်းထဲမှာ ကုလသမဂ္ဂက ကော်မတီတစ်ခုက မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်ချမှာတွေရှိတော့ ဒါကြောင့်မို့လို ဒီကိစ္စတွေအပေါ်မှာ အကျိုးအများကြီး သက်ရောက်လာနိုင်တယ်လို့ ကျွန်မကတော့ ပြောနိုင်တယ်။
TREND ။ ။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ကလည်း နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင်ပြီးတဲ့အချိန်ကစပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက်ပြောဆိုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာကလည်း နိုင်ငံရေးအရ ချန်လှပ်ထားလို့ မရဘူးလို့ သုံးသပ်ကြတော့ ရှေ့အလားအလာမှာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
DSDM ။ ။ ခုဆိုရင် နိုင်ငံတော်သမ္မတကြီးက ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သည့်လက်နက် ကိုင်အဖွဲ့ကိုမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘဲ ငြိမ်းချမ်းရေးကမ်းလှမ်းနေတာကိုလည်း တွေ့ရပါတယ်။ ဘာကန့်သတ်ချက်မှမရှိဘဲလာပြီး ဆွေးနွေးပါလို့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေ ရှိနေတယ်။ ဒါဟာ ရှေ့လျှောက် မြန်မာနိုင်ငံအတွက် စစ်ဘေးဒုက္ခတွေကနေ ငြိမ်းချမ်းသွားအောင်ဆိုပြီး ငြိမ်းချမ်းရေး ဆွေး နွေးပွဲတွေကို လုပ်နေတာဖြစ်တယ်။ ဒီတော့ လက်နက်ကိုင်ပြီး နိုင်ငံတော် အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကိုတောင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာကြောင့် ဒေါ်အောင်ဆန်းစု ကြည်နဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးစေချင်ပါတယ်။ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဆွေးနွေးရင်အများကြီး ထိရောက်မယ့်ကိစ္စကို အကြံပြုပြောချင်ပါတယ်။ ပြောချင်တာက လက်နက်ကိုင်အဖွဲ့တွေနဲ့တောင် ဆွေး နွေးလို့ရတာပဲလေ။ ဒါကြောင့် ဆွေးနွေးနိုင်တယ်ဆိုရင် အများကြီး အကျိုးရှိနိုင်ပါတယ်။
TREND ။ ။ လက်ရှိနိုင်ငံတော်သမ္မတကြီးကိုရော နိုင်ငံရေးအရ ဘာများအကြံပြုချင်တာမျိုးရှိလဲ၊ ဘယ်လိုသတင်းစကားတွေများ ပါးချင်ပါသလဲ။
DSDM ။ ။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ နိုင်ငံတော်သမ္မတကြီးအဖြစ် ကျွန်မတို့က အသိအမှတ်ပြုထားတာပါ။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပေးပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ် သက်ပြီး အမြင်ချင်းတွေ ဖလှယ်ပေးပါ။ ဒါမှလည်း ကမ္ဘာကရော၊ မြန်မာနိုင်ငံက နိုင်ငံရေးအသိုက်အဝန်း အားလုံးကရော ဒီ့ထက် ပိုမိုယုံကြည်တဲ့ သမ္မတကြီး ဖြစ်လာပါလိမ့်မယ်လို့ ပြောချင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )