မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးကျော်မျိုးထိုက်နှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ ဇွန် ၁၂
    မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်နှင့် အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မကြာမီ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ရန်အတွက် နိုင်ငံတကာခရီးသွားပြပွဲကို ဇွန် ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပြည်တွင်း၌ ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် အခက်အခဲများကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)ဥက္ကဋ္ဌ ဦးကျော်မျိုးထိုက်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။


TREND    ။    ။ လက်ရှိ မန္တလေးတိုင်းဒေသကြီးရဲ့ ပြည်တွင်းပြည်ပ ခရီးသွားကဏ္ဍ အခြေအနေလေးကို ပြောပြပေးပါဦး။
UKMH    ။    ။
မန္တလေးတိုင်းမှာ ခရီးသွားက ပြည်တွင်းခရီးသွားအနေနဲ့ သွားလာနေကြတယ်။ ပြည်ပ ခရီးသွားအနေနဲ့ကတော့ အခုက မိုးတွင်းကာလလည်း ဖြစ်တဲ့အတွက်ကြောင့် အနည်းငယ်တော့ ရှိပါတယ်။ ပွင့်လင်းရာသီ ရောက်ရင် ပိုမိုများပြားလာမယ်လို့ မျှော်လင့်လို့ရပါတယ်။ ပိတ်ရက်တွေဆိုရင် ပြည်တွင်းခရီးသွားတွေနဲ့ အမြဲတမ်းတော့ စည်ကားနေပါတယ်။

TREND    ။    ။ ခရီးသွားကဏ္ဍနဲ့ ပတ်သက်ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ အခုနောက်ပိုင်းမှာ ဆောင်ရွက်ပေးမှုလေးတွေ တော်တော်လေးများတယ်။ ဒီအပေါ်ဆရာ့အမြင်လေး ပြောပြပေးပါဦး။ 
UKMH    ။    ။
အခုဝန်ကြီးဌာနမှာ ဝန်ကြီးကလည်း အသစ်ရောက်လာတယ်။  အသစ်ရောက်လာပေမယ့် ခရီးသွားကဏ္ဍနဲ့ပတ်သက်ပြီး စိတ်ဝင်တစားနဲ့ အားကြိုးမာန်တက် ဆောင်ရွက်ပေးတယ်။ ဒုဝန်ကြီးကတော့ အရင်ကတည်းက ဝန်ကြီးဖြစ်တယ်။ ဒုဝန်ကြီးကလည်း အရင်ကတည်းက ခရီးသွားကဏ္ဍမှာ ဆွဲဆောင်မှုရှိအောင် ကြိုးစားဆောင်ရွက်ပေးပါတယ်။ မကြာခင်ကလည်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၊ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့ရဲ့ နန်းတော်ရာ၊ အနော်ရထာမင်းရဲ့ ရွှေနန်းတော်ကြီး၊ ရှေးခေတ်ရေလမ်းကြောင်းများ လှည့်လည်စစ်ဆေးပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်အသင်းအဖွဲ့များနဲ့ တွေ့ဆုံခြင်း၊ ယွန်းထည်လုပ်ငန်းနဲ့ ပုဂံမြို့ဟောင်း Bagan Information and Training Center သို့ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်တွင်းမှာ ခရီးသွားကဏ္ဍနဲ့ ပတ်သက်ပြီး ဇွန် ၁၂ ရက်မှာလည်း ဆီဒိုးနားဟိုတယ်မှာလည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေပြီး ခရီးသွားပြပွဲကို ပြသဖို့ရှိပါတယ်။ အဲဒီမှာ နိုင်ငံပေါင်း မြောက်မြားစွာကနေပြီး ခရီးသွားကဏ္ဍနဲ့ပတ် သက်ပြီးတော့ ပြသသွားဖို့ရှိပါတယ်။

TREND    ။    ။ မန္တလေးမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတိုးတက်ဖို့ ခရီးသွားဇုန်လေးတွေဖော်ဆောင်ဖို့ရောရှိလား။ ပြည်ပက ဧည့်သည်တွေကရော ဘယ်လိုနေရာမျိုးတွေဆို ပိုပြီးသဘောကျကြလဲ။
UKMH    ။    ။
ခရီးသွားကဏ္ဍအနေနဲ့ ဇုန်လေးတွေဖော်ဆောင်ဖို့က အရင်တုန်းက CBD ပေါ့။ CBD အနေနဲ့က မင်းကွန်း၊ ကျောက်မြောင်းဘက်က ရွာတွေ မှာလုပ်ဆောင်သွားဖို့တော့ အစီအစဉ်ရှိပါတယ်။ အဲဒီဘက်မှာ ငြိမ်ငြိမ်းချမ်းချမ်း ဖြစ်သွားရင် ပြန်ပြီးတော့ ဖော်ဆောင်သွားဖို့ ရှိပါတယ်။

TREND    ။    ။ အခုရက် ၁၀၀ အတွင်းမှာ ဆောင်ရွက်နေမှုအပိုင်းလေးကိုလည်း ပြောပြပေးပါဦး။
UKMH    ။    ။
ရက် ၁၀၀ အတွင်းမှာလည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(ဗဟို)က နေပြီးတော့ ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ခရီးသွားပြပွဲတွေကို ကျင်းပမယ်။ မကြာသေးခင်ကလည်း လေကြောင်းလိုင်းတွေနဲ့လည်း ဆွေနွေးပွဲတွေကျင်းပခဲ့တယ်။ ဝန်ကြီးဌာနကလည်း ကျွန်တော်တို့ ဘာပဲလိုလို လိုအပ်တာတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးတယ်။ အဲ့ဒီတော့ ဘာပဲပြောပြော ကျွန်တော်တို့ လုပ်ငန်းရှင်အသင်း အဖွဲ့တွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ရတာ အားရှိတာပေါ့။ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် မိခင်ဌာနကတော့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်။ ဒီကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့က ပေါင်းစပ်ဆောင်ရွက်မှရမယ်။ မပေါင်းစပ်လို့မရဘူး။

TREND    ။    ။ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုကဏ္ဍတွေကို ပံ့ပိုးပေးဖို့လိုအပ်လဲ။
UKMH    ။    ။
ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်က နိုင်ငံတော်ကနေဦးဆောင်ပြီးတော့ ခရီးသွားပြပွဲတွေ မကြာမကြာကျင်းပပေးဖို့ လိုအပ်တယ်။ ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကအသင်းအဖွဲ့တွေ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပြီး  ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်မှုရှိအောင် ဒစ်ဂျစ်တယ်နည်း ပညာစနစ်နဲ့ ကြော်ငြာပေးသင့်တယ်။ ဒါလေးတွေ ပံ့ပိုးစေချင်ပါတယ်။ ပြည်တွင်းခရီးသွားကဏ္ဍက အဓိကတော့ ဧည့်သည်လာဖို့ပဲ။ အခုဆိုရင် တရုတ်ကို ဆိုက်ရောက်ဗီဇာကင်းလွတ်ခွင့်ကို သက်တမ်းတိုးပေးထားတယ်။ ကျွန်တော်တို့က ကျန်တဲ့နိုင်ငံတွေကိုလည်း ဆိုက်ရောက်ဗီဇာ ကိစ္စကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်ပေးစေချင်ပါတယ်။ ပြည်တွင်းက ခရီးသွားကုမ္ပဏီတွေကလည်း ဧည့်သည်တွေများလာရင် ခရီးသွားဧည့်လမ်းညွှန်တွေ လောက်လောက်ငင ရှိဖို့လိုတယ်၊ အင်တာနေရှင်နယ် အဆင့် လက်ခံလို့ရတဲ့ ဟိုတယ်တွေ လုံလုံလောက်လောက် ရှိဖို့လိုအပ်ပါတယ်။ သွားလာရလွယ်ကူစေရန်အ တွက် ကားတွေ ကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ ဒါလေးတွေ ပြင်ဆင်ထားသင့်ပါတယ်။

TREND    ။    ။ လာမယ့်ပွင့်လင်းရာသီမှာ ခရီးသွားကဏ္ဍက ဘယ်လောက်အထိ တိုးတက်လာမယ်လို့ ခန့်မှန်းလို့ရသလဲ။
UKMH    ။    ။
ခရီးသွားကဏ္ဍက လာမယ့်ပွင့် လင်းရာသီတွေထက် အခြေအနေ နှစ်ဆလောက် ပိုကောင်းလာနိုင်ပါတယ်။ မန္တလေးကို ပြည်ပကအလာများတာ တရုတ်၊ ထိုင်း၊ ရုရှား၊ အိန္ဒိယ၊ စပိန်၊ ပြင်သစ်၊ သြစတြေးလျဘက်ကလည်း လာတယ်။ တော်တော် များများဧည်သည့်က မန္တလေးကို အလာများပါတယ်။

TREND    ။    ။ အခုအချိန်အခါက ခရီးသွားလုပ်ငန်းတိုးတက်ဖို့ဆောင်ရွက်နေပေမယ့်၊ တစ်ခါတလေ လူမှုကွန်ရက်မှာတက်လာတဲ့ အချက်အလက်တွေကြောင့် ခရီးသွားကဏ္ဍကို ထိခိုက်မှုတွေရှိတော့ ဒီအပိုင်းကိုလည်း နည်းနည်းလေး ပြောပြပေးပါဦး။
UKMH    ။    ။
ဟုတ်ပါတယ်။ လူမှုကွန်ရက်၊ အဲဒီမှာက တစ်ခါတလေ ခရီးသွားကဏ္ဍကိုထိခိုက်တဲ့ အပိုင်း ကောလာဟလလေးတွေ တက်လာတာတွေ တွေ့ရပါတယ်။ ဥပမာ ပုဂံဒေသဘက်ပေါ့။ လူမှုကွန်ရက်မှာ ဖြစ်ပေါ်နေတဲ့ ကောလာဟလကြောင့် ခရီးသွားကုမ္ပဏီတွေက လက်မှတ်ရောင်းရမလား၊ မရောင်းရဘူးလားဆိုတဲ့ ပုံစံမျိုးတွေရှိတယ်။ ခရီးသွားတွေလာရင် စိတ်ချရလား၊ စိတ်မချရဘူးလားဆိုတဲ့ စိုးရိမ်စိတ်တွေတော့ ရှိပါတယ်။ ဒါတွေက အမြဲတမ်းဖြစ်နေတာမဟုတ်ပါဘူး။ ကောလာဟလတွေ ဖြစ်တဲ့ အထိတော့ မရှိပါဘူး၊ ပြီးတော့လည်း ပြီးသွားတာပဲ။ စိုးရိမ်စရာမရှိပါဘူး။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးတွေရှိရင် ပြောကြားပေးပါဦး။
UKMH    ။    ။
ခရီးသွားလုပ်ငန်းကို တိုးတက်ဖို့အတွက် အားလုံးကို နိုင်ငံတော်ဘက်ကပဲ ဆောင်ရွက်လို့မရပါဘူး။ ခရီးသွားလုပ်ငန်းရှင်ဘက်ကပါ အားလုံး ဝိုင်းဝန်းပြီးတော့ အတူတကွ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းရှင်ဘက်က ဘယ်လောက်လုပ်လုပ် နိုင်ငံတော်ဘက်က လိုအပ်တာကို ပံ့ပိုးပေးမှုမရှိရင်လည်း အရွေ့တစ်ခု မရောက်နိုင်ဘူး။ ဟန်ချက်ညီညီနဲ့ လုပ်ဆောင်ပေးဖို့လိုတယ်။ မကြာခင်မှာလည်း နိုင်ငံတော် ဘက်ကနေပြီး ဒုတိယသမ္မတ(၁) ကနေပြီး ဦးဆောင်ပြီးတော့ ခရီးသွားဖိုရမ်ပုံစံ ဆွေးနွေးပွဲပေါ့ 'မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆွေးနွေးပွဲ'ကို ဆောင်ရွက်ပေးဖို့ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 21

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62800

© 2022 - 2026 News. All Rights Reserved.