၂၀၂၆ ၊ ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အပိုင်း (၃) ဝင်ရောက်ယှဉ်ပြိုင်မည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခိုင်မျိုးစစ်အောင် နှင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပုံနှင့် ပြည်သူများအပေါ် မည်သည့် အချက်များ အဓိကထား ဆောင်ရွက်ပေး မည်များနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်၊ ဒီမိုကရေစီ နည်းလမ်းကျကျသွားမှာမို့ ဝင်ရောက်ယှဉ်ပြိုင်တာပါ . . .

TREND ။ ။ ကိုယ်တိုင်က ၂၀၂၅ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ရည်ရွယ် ချက်ကို ပြောပြပေးပါဦး။
UKMSA ။ ။ ကျွန်တော့်အနေနဲ့ ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာက လွတ်လပ်ပြီး တရားမျှတမယ်။ ဒီမိုကရေစီနည်းလမ်း ကျကျသွားမယ်လို့လည်း ကျွန်တော်မျှော်လင့်တယ်။ အဲ့ဒါကြောင့်မို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံဖြစ်တာပါ။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ကျွန်တော်ကတော့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
TREND ။ ။ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံတာက ပါတီရဲ့ ဘယ်လို မူဝါဒတွေကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာလဲ။
UKMSA ။ ။ ကျွန်တော်တို့ပါတီက တောင်သူလယ်သမားပါတီဖြစ်တဲ့အတွက် အစကတည်းက အခြေခံလူတန်းစားတွေကို ကိုယ်စား ပြုတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း နေ့စဉ်ထိတွေ့နေရတာသည် အခြေခံလူတန်းစား အများစုနဲ့ ထိတွေ့နေရတယ်။ သွားလာနေတဲ့ အချိန်မှာလည်း အခက်အခဲတွေကို မြင်တွေ့နေရတယ်။ ပါတီကလည်း ဒီလိုအခြေခံလူတန်းစားတွေကို ကိုယ်စားပြုတယ်။ သူတို့ရဲ့ အခက်အခဲတွေ ဖြေရှင်းဖို့အတွက် ဦးစားပေးအချက်အနေနဲ့ လုပ်ဆောင်ထားတယ်။ ကျွန် တော်တို့ပါတီက တောင်သူလယ်သမားတွေကို အခြေခံတဲ့ ပါတီဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေအတွက် လုပ်ဆောင်ပေးမယ့်အချက်တွေ ရှိပါတယ်။ ဗဟိုဥက္ကဋ္ဌကြီးကလည်း ပြောထားပြီးသား တောင်သူလယ်သမားတွေအတွက်ကို တောင်သူလယ်သမားဝန်ကြီးဌာန ဖြစ်လာတဲ့အထိ လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ကလည်း ပါတီထဲမဝင်ခင်ကတည်းက လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ပေးနေတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်လုပ်ဆောင်ချင်တဲ့အချက်နဲ့ ဒီပါတီရဲ့ အခြေခံအချက်က တူညီတာဖြစ်တဲ့အတွက်ကြောင့် ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
TREND ။ ။ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် ဒီမြို့နယ်က လိုအပ်ချက်တွေကို ဘာတွေလုပ်ဆောင်ပေးမလဲ။
UKMSA ။ ။ ဒီမြို့နယ်မှာ အဓိကလိုအပ်ချက်တွေကတော့ အားလုံး သိကြတဲ့အတိုင်း အရှေ့ဒဂုံက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ မီးလည်း အချိန် မှန်မရဘူး။ ရရင်လည်း မီးအား ပြည့်ပြည့်၀၀ ရကြတာ ရှားတယ်။ အဲဒီ အခြေခံအချက်တွေနဲ့ ပြည်သူတွေက လည်း လိုအပ်နေတာက သိန်းထောင်ချီ ပြီးဝယ်ရတဲ့ အိမ်တွေ၊ ကားတွေကို လိုအပ်နေတာမဟုတ်ဘူး။ သူတို့လိုချင်တာတွေက အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းကောင်းမွန်မွန်နဲ့ လုပ်ကိုင်ခွင့် ရရှိဖို့၊ လုပ်တဲ့အလုပ်နဲ့ ညီမျှတဲ့ လုပ်ခလစာတွေ အပြည့်အဝရဖို့၊ ကုန်ဈေးနှုန်း ကြီးတာတွေ၊ မြင့်တက်တာတွေကို ဈေးကျသွားအောင်လုပ်ပေးဖို့ ဒါတွေကို ကျွန်တော်တို့ ပါတီသာအနိုင်ရရှိသွားရင် ကျွန်တော်က ဒီအချက်တွေကို ဦးစားပေးလုပ်ဆောင်သွားမှာပါ။
TREND ။ ။ လူငယ်တစ်ယောက်လည်း ဖြစ်တယ်။ လူငယ်တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်ပေးသင့်လဲ။
UKMSA ။ ။ အခု ပြည်ပနိုင်ငံမှာသွားပြီး လုပ်ကိုင်ကြတယ်ဆိုတာက လစာပိုင်းမှာ ကွာခြားသွားတယ်။ ဒီမှာဆိုရင် ပညာအရည်အချင်း ဘွဲ့ရပညာတတ်တွေတောင် တစ်လကို ငါးသိန်း၊ ခြောက်သိန်းပဲ ရကြတယ်။ လက်ရှိတက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ကြတော့ မညီမျှတော့ဘူး။ အဲဒီတော့ တခြားနိုင်ငံမှာ ဘာအလုပ်ပဲ လုပ်ရလုပ်ရ လစာက ၁၀ သိန်းအထက် ရကြတယ်။ ဒီလိုပြည်ပကို သွားရောက်တဲ့ လူငယ်တွေ နည်းပါးသွားအောင် လုပ်ဆောင်ဖို့က ကျွန်တော်တို့မြို့နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးရမယ်။ ဒီမိုကရေစီစနစ်ကို အခုသွားနေတာ ဒီမိုကရေစီစနစ် အောင်မြင်လာရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်။ ဝင်လာရင် ကျွန်တော်တို့ နိုင်ငံသားတိုင်းက အလုပ်အကိုင်အခွင့်အလမ်းတွေ မရှားတော့ဘူး။ ကျွန်တော်တို့ ပါတီအနေနဲ့လည်း အခြားသော ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် လုပ်ငန်းတချို့နဲ့ စကားပြောထားတာတွေလည်း ရှိပါတယ်။ ဒီလိုဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများ ပြားလာနိုင်ပါတယ်။
TREND ။ ။ မကြာခင်ကလည်း ပြည်သူတွေအတွက် ဆန်တစ်ပြည်ကို ကျပ်နှစ်ထောင်နဲ့ ရောင်းချပေးတာတွေ တွေ့ရတယ်။
UKMSA ။ ။ ပြည်သူတွေရဲ့ စားဝတ်နေရေးကို အဆင်ပြေအောင် အဓိက ဆောင်ရွက်မယ်။ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေဖို့ကလည်း အရေးကြီးတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီကာလမှာလည်း ကျွန်တော်တို့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေနဲ့ ဆန်ဈေးနှုန်းနဲ့ပတ်သက်ပြီး ထိန်းညှိနိုင်အောင် ပြည်သူတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင်လည်း ဆန်တစ်ပြည်ကို ၂၀၀၀ နှုန်းနဲ့ ရောင်းချပေး တာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့က တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကအစပေါ့နော်။ နောက်ပိုင်းမှာလည်းအများကြီး ဆောင်ရွက်ပေးဖို့နဲ့ ပြည်သူတွေ အခက်အခဲကို ဆောင်ရွက်ပေးဖို့ အများကြီးအစီအစဉ်တွေရှိပါတယ်။
TREND ။ ။ အပိုင်း(၁)နဲ့ အပိုင်း(၂)မှာ ဆန္ မဲပေးတဲ့ ပြည်သူတွေများတယ်။ ပြည်သူတွေကလည်း အရွေ့တစ်ခုကို သွားနေတယ်လို့ ထင်လား။
UKMSA ။ ။ ဟုတ်ပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း(၁)နဲ့ အပိုင်း(၂)မှာ ပြည်သူတွေ လွတ်လပ်စွာ မဲပေးကြတာ တွေ့ရတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ အပိုင်း(၃)မှာလည်း ပြည်သူတွေအနေနဲ့ အပြောင်းအလဲနဲ့ အရွေ့တစ်ခုကိုလိုချင်ရင် ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲရုံကိုလာရောက်ပြီး ကိုယ်ရွေးချယ်ချင်တဲ့ ကိုယ်စားလှယ်ကို ဆန္ဒမဲပေးဖို့ ပြောချင်ပါတယ်။

TREND ။ ။ ပြည်သူတွေကို အဓိကပေးချင်တဲ့ Messages နဲ့ ပြည်သူတွေက မဲပေးမယ်ဆိုရင် ဘယ်လို ဘာကြောင့် မဲပေးသင့်တာလဲ။
UKMSA ။ ။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြင့် ဝင်ရောက်အရွေးချယ်ခံမယ့် ဦးခိုင်မျိုးစစ်အောင် ဖြစ်ပါတယ်။ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှာ အပိုင်း(၁)အနေနဲ့ ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်ကလည်း အပိုင်း(၂) ကို ကျင်းပခဲ့ပါတယ်။ အပိုင်း(၃)ကိုတော့ အခုလာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း အပိုင်း (၃) မှာ မဲပေးရမှာဖြစ်ပါတယ်။ ဒဂုံမြို့သစ်ပြည်သူများအနေနဲ့လည်း နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့် အရေးကို လက်လွှတ်မဆုံးရှုံးဖို့ အရေးကြီးပါတယ်။ အခုအချိန်မှာလည်း ရွေးချယ်စရာပါတီတွေလည်း အများကြီးရှိတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေလည်း စည်းရုံး နေကြတယ်။ အဲဒီမှာ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အဆင်ပြေမယ့်သူ အကျိုးပြုနိုင်မယ့်သူကို မှန်မှန်ကန်ကန် ရွေးချယ် ဖို့ အရေးကြီးပါတယ်။ ကျွန်တော့်ကို မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ရွေးချယ်လို့ လွှတ်တော်ထဲရောက်ရှိခဲ့ မယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခက်အခဲ၊ လိုအပ်ချက်တွေ ပေးအပ်မယ့်တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ပါ့မယ့်လို့ ကတိပြုပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောပေးပါဦး။
UKMSA ။ ။ ဖြည့်စွက်ပြောကြားချင်တာကတော့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မည်သည့် ပါတီကို မဆို မဲပေးနိုင်သလို၊ ကျွန်တော်တို့ ပါတီကို မဲပေးမယ် ဆိုရင် ပါတီလိုဂိုအနေနဲ့ အနီရောင်အခံမှာ နဂါးနှစ်ကောင်ရဲ့ အလယ်မှာ လူရုပ်လေးနဲ့ တံစဉ်နဲ့ စပါးနှံကို ကိုင်ထားတာ ရှိပါတယ်။ ကျွန်တော့်ကို လိုလားတယ်ဆိုရင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်အောင်၊ ကိုယ့်မြို့နယ်ကို ကူညီနိုင်အောင် ဆောင်ရွက်ပေးကြပါလို့ ပြည်သူတွေကို ပြောလိုပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )