မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်နှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ ဩဂုတ် ၂၀

မျိုးဆက်သစ်လူငယ်လူရွယ်တွေ ပေါ်ထွန်းဖို့ နိုင်ငံအနှံ့မှာ ဘိလိယက်စင်တာတွေ၊ လေ့ကျင့်ရေးစင်တာတွေ ဖွင့်လှစ်ပေးဖို့ လိုအပ်တယ် . . . 


    ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာ အားကစားသမားများ၊ အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။ ဘိလိယက်နှင့် စနူကာ အားကစားနည်းဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍  မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ မကြာမီက ကျင်းပခဲ့တဲ့ (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားတွေကို ဆုချီးမြှင့်ခဲ့တာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
UAKK    ။    ။
အဓိက ကျွန်တော်တို့က အားကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု၊ နောက်ပြီး သူတို့ရဲ့လက်ရည် တော်တော် တိုးတက်လာတာကို တွေ့ရတယ်။ အဲဒီအတွက်ကိုလည်း ဒီပွဲကို ဆောင်ရွက်ပေး ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး ဆုချီးမြှင့်တဲ့ အခမ်းအနားကို စနစ်တကျနဲ့ အောင်မြင်စွာ ကျင်းပနိုင်တဲ့ အတွက်လည်း များစွာဂုဏ်ယူမုဒိတာ ပွားမိပါတယ်။ သူတို့ရဲ့ ကြိုးစားမှုနဲ့ လက်ရည်တိုးတက်လာတာကို တွေ့ရှိရတဲ့အခါမှာ ဒီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သူတို့ရဲ့ ဖခင်အနေနဲ့ တာဝန်ယူရတာ တကယ်ကို ထိုက်တန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားရပါတယ်။ နောက်ပြီး ချီးမြှင့်တဲ့ ဒီသိန်းတစ်ထောင်ကျော်က ဆီးဂိမ်းမှာရွှေတံဆိပ်နဲ့ အခြားဆုရခဲ့တဲ့ကစားသမား၊ အုပ်ချုပ်နည်းပြတွေကို နိုင်ငံတော်က ဆုချသလိုမျိုး ကျွန်တော်တို့ အဖွဲ့ချုပ်ကလည်း ဆုချတာပေါ့နော်။ ပြီးတော့ တရုတ်ပြည်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အဆင့် World Hight ball ပြိုင်ပွဲမှာ အားတီအနေနဲ့ အောင်မြင်မှုရရှိခဲ့တယ်။ အဲဒါက ကမ္ဘာ့အဆင့် ဒုတိယရတာပေါ့နော်။ မြန်မာပြည်အတွက် ဂုဏ်ဆောင်နိုင်တယ်။ အဲဒီအတွက်လည်း ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အဓိကကတော့ ကစားသမားတွေက အင်မတန်ကြိုးစားကြတယ်။ သူတို့ရဲ့ ကြိုးစားမှုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချင်တဲ့အတွက်ကို ဂုဏ်ပြုဆုချီးမြှင့်တာဖြစ်တယ်။

TREND    ။    ။ ဘိလိယက်နဲ့ စနူကာကစားသမား တွေရဲ့ဘ၀ တိုးတက်မြင့်မားရေးအတွက် ဘယ်လိုမျိုး ဆောင်ရွက်ပေးလျက်ရှိပါသလဲ။
UAKK    ။    ။
ကစားသမားတွေရဲ့ ဘဝလေးလည်း နည်းနည်း ရှင်းပြချင်ပါတယ်။ ကစားသမားက သူတို့ရဲ့ စားဝတ်နေရေးနဲ့အနာဂတ်ကို ပူပန်သောက ရောက်နေရတယ်ဆိုရင် မည်သည့်အားကစားသမား မဆိုပေါ့နော်၊ သူတို့ရဲ့ ကစားတဲ့ အားကစားနည်းပေါ်မှာ သူက ၁၀၀ ရာခိုင်နှုန်း အာရုံအပြည့်မစိုက်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ တာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အားကစားအဖွဲ့ ချုပ်အနေနဲ့ အားကစားသမားတွေကို အာရုံစိုက်စေချင်တာ သုံးခုပဲ။ ကျူတံရယ်၊ ဘိလိယက်ခုံနဲ့ ဘိလိယက်ခုံမှာရှိတဲ့ ဘောလုံး၊ ဒီသုံးခုကို ရာနှုန်းပြည့် အာရုံစိုက်စေချင်တဲ့ ဆန္ဒနဲ့စေတနာကြောင့် သူတို့ကို စနစ်တကျနဲ့ ပံ့ပိုးမှုတွေ လုပ်ပေးတာပေါ့နော်။ ဒါကအဓိက ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ တစ်ဆက်တည်းမှာလည်း ပြောချင်တာက အားကစားသမားတွေက တကယ်ကို မပြည့်စုံကြပါဘူး။ သူတို့ကို ကြည့်ရင် ကျွန်တော်စိတ်ထဲ မကောင်းဘူး။ သူတို့က ကိုယ်ပိုင်အိမ်တွေ၊ ကိုယ်ပိုင်ကားတွေ မရှိကြဘူး။ သူတို့သည် အားကစားဝန်ကြီး ဌာနကပေးတဲ့ လိုင်းခန်းမှာ ယာယီနေထိုင်ရင်းသော်လည်းကောင်း၊ သူတို့ရဲ့နီးစပ်တဲ့ ဆွေမျိုးမိတ်ဆွေတွေဆီမှာ နေထိုင်ရင်းသော်လည်းကောင်း နေထိုင်ရတယ်။ နောက်ပြီးတော့ ဘတ်စ်ကားတိုးစီးပြီး၊ လမ်းလျှောက်ပြီးတော့ အဖွဲ့ချုပ်မှာလာပြီးတော့ လေ့ကျင့်တာလည်း တွေ့ရတယ်။
    အဲဒီလိုလေ့ကျင့်တာတွေ့ရတော့ ကျွန်တော် သူတို့ရဲ့ဘဝကို နောက်တစ်ဆင့် မြှင့်တင်ပေးချင်တယ်။ ဒါကျွန်တော့်ရဲ့ သူတို့အပေါ်မှာ ထားရှိတဲ့ စိတ်ဓာတ်လေး ပေါ့။ ဖြည်းဖြည်းချင်းတော့ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ သူတို့ကို ဆုပေးပွဲတွေ၊ ထောက်ပံ့ကြေးတွေ လုပ်ပေးခြင်းအားဖြင့် ကစားသမား တွေက ဒီအားကစား နည်းပေါ်မှာသူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတစ်ရပ်အနေနဲ့ ယုံကြည်ရွေးချယ်လာမယ်။ နောက်ပြီး အားကစားအပေါ်မှာ တန်ဖိုးထားစိတ် ပိုမိုမြင့်မားလာအောင် ရည်ရွယ်ပါတယ်။ ဒီအားကစားက အခြားအားကစား နည်းနဲ့မတူဘူး။ ခွန်အားထက်စာရင် စိတ်ဓာတ်အင်အား ပိုလိုတယ်။

TREND    ။    ။ ဒါဆိုရင် အားကစားသမားတွေကို ကိုယ်တိုင်က ဘယ်လိုမျိုးထိန်းကျောင်းပေးနေလဲ။
UAKK ။    ။
ကျွန်တော်လည်း အားကစား သမားတစ်ယောက်ဖြစ်ခဲ့တယ်။ အားကစားနည်းက အုပ်ချုပ်ရတာ သူများနဲ့မတူဘူး။ နံပါတ်(၁) အသက်အရွယ်မတူကြဘူး။ အသက်အရွယ်ကြီးရင့်တဲ့ အားကစားသမား ကြီးတွေရှိသလို၊ အသက်အရွယ်ငယ်တဲ့ အားတီတို့လို Level လေးတွေရှိတယ်၊ အသက် ၂၀ ကျော်လေးတွေ လည်း ရှိတယ်။ နောက်ပြီး သူတို့ရဲ့ ကြီးပြင်းလာတဲ့ နောက်ခံ Background တွေ မတူကြဘူး။ သူတို့ရဲ့ ခံယူချက်၊ အလေ့အထတွေ မတူဘူးဆိုတာရှိသလို ခံစားချက်ပြင်းပြတာတွေရှိတဲ့အခါမှာ ဒီအားကစား သမားတွေကို အုပ်ချုပ်ရတာ၊ ထိန်းကျောင်းရတာ တကယ်ကိုမလွယ်ကူပါဘူး။

TREND    ။    ။ ဘိလိယက်နဲ့ စနူကာအားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဆောင်ရွက်ပေးနေလဲဆိုတာကိုလည်း ပြောပြပေးပါဦး။ 
UAKK    ။    ။
ကျွန်တော်တို့ရဲ့ မိခင်ဌာနဖြစ်တဲ့ အားကစားဝန်ကြီးဌာနဟာ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအားကစားအဖွဲ့ချုပ်တင်မက ရှိသမျှအားကစား အဖွဲ့ချုပ်တိုင်းကို လိုလေသေး မရှိအောင် စနစ်တကျ အမြဲဆိုသလိုပံ့ပိုးပေးပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ စိန်ခေါ်မှုတွေကတော့ ရှိပါတယ်။ ဘဏ္ဍာရေး လိုအပ်ချက်၊ ဒီအားကစားအဖွဲ့ချုပ်တစ်ခုလုံးကို စနစ်တကျစီမံခန့်ခွဲနိုင်မှု၊ ကျွန်တော်တို့ မျိုးဆက်သစ် လူငယ်ကစားသမားတွေကို စနစ်တကျပြုစုပျိုးထောင် နိုင်မှုဆိုတဲ့ စိန်ခေါ် ချက်သုံးခုကို တွေ့ရှိထားပါတယ်။ အဲဒီလိုမျိုး ခက်ခဲတဲ့အခြေအနေ ရှိနေပေမယ့်လည်း ဘိလိယက်အဖွဲ့သားတွေ၊ ဒီအုပ်ချုပ်နည်းပြတွေနဲ့ အားကစားသမားတွေရဲ့ စည်းလုံးညီညွတ်မှု၊ နောက်ပြီးတော့ စေတနာရှင် မိတ်ဆွေအလှူရှင်တွေရဲ့ အကူအညီ၊ အထောက်အပံ့၊ အကြံဉာဏ်တွေကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဘိလိယက်နှင့် စနူကာအားကစားကို ပြည်သူတွေကြားမှာ ရေပန်းစားတဲ့ အားကစားနည်းဖြစ်စေချင်တဲ့ ဆန္ဒလေးက စောစောကပြောတဲ့ စိန်ခေါ်မှုသုံးခုကို ကျော်လွှားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

TREND    ။    ။ ဒီအားကစားနည်းနဲ့ပတ်သက်ပြီး အနာဂတ်မျှော်မှန်းချက်တွေရှိရင် သိပါရစေ။
UAKK    ။    ။
ဘိလိယက်အားကစားကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)၊ အာရှအားကစားပြိုင်ပွဲ (Asian Games)၊ နောက်ပြီးတော့ ဘိလိယက် အင်မတန်ထွန်းကားတဲ့၊ ဆုကြေးငွေအများ ဆုံးပေးတဲ့ တစ်ကမ္ဘာလုံးမှာ ဆုကြေးငွေအများဆုံး ဒေါ်လာသန်းချီပေးတဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံပေါ့၊ ဒီသုံးနေရာမှာ မြန်မာနိုင်ငံရဲ့ အလံကိုဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူနိုင်ဖို့ ရည်မှန်းထားပါတယ်။  ရည်မှန်းချက်ပြည့် မီဖို့ဆိုတာ တစ်ဆင့်ချင်းစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားရပါမယ်။ နည်းစနစ်တွေ ပိုမိုတိုးတက်အောင် ကြိုးစားနေတယ်။ နောက်ပြီးလိုအပ်ခဲ့ရင် နိုင်ငံတကာနည်းပြတွေ ကျွန်တော်တို့ ငှားရမ်းပြီးတော့ ဇွဲရှိတဲ့ ကစားသမားတွေရဲ့ Skill တွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မယ်။ပြီးတော့ မျိုး ဆက်သစ်လူငယ် အားကစားသမားတွေကို စနစ်တကျ ပြုစုပျိုးထောင်မယ်။ အဲဒီလိုပျိုးထောင်ပေမယ့် လည်း ကစားသမားတွေက ပွဲအတွေ့အကြုံလိုသေးတယ်။ အတွေ့အကြုံတွေများဖို့အတွက် ပြည်ပ Joint Training တွေ လွှတ်ရင်းနဲ့ ပွဲအတွေ့အကြုံ ဖန်တီးပြီးတော့ စနစ်တကျဆောင်ရွက်သွားမယ်လို့ ရည်မှန်းချက်ထားပါတယ်။

TREND    ။    ။ ဘိလိယက်နဲ့ စနူကာ အားကစားနည်း ပိုမို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့အစီအစဉ်တွေရှိလည်း ပြောပြပေးပါဦး။
UAKK    ။    ။
  ဘိလိယက်နှင့် စနူကာကစားနည်း တိုးတက်အောင်မြင်ဖို့ဆိုတာ ရေရှည်စီမံကိန်းတစ် ခုဖြစ်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းသွားလို့ရ တဲ့ခရီးစဉ်မဟုတ်ပါဘူး။ စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ မျိုးဆက်သစ်လူငယ်လူရွယ်တွေ ပေါ်ထွန်းဖို့ဆိုတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ကတော့ အားကစား အဖွဲ့ချုပ်အနေနဲ့ နိုင်ငံအနှံ့မှာ ဘိလိယက်စင်တာတွေ၊ လေ့ကျင့်ရေး စင် တာတွေဖွင့်မယ်။ ဖွင့်မယ့်အစီ အစဉ်က ရေးဆွဲပြီးသားဖြစ်တယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘိလိယက် စင်တာပိုင်ရှင်တွေက အားကစားအဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ အားဖြည့်ပေးဖို့ တိုက်တွန်းလိုပါတယ်။

TREND    ။    ။ ဖြည့်စွက်ဖြေကြားချင်တာလေး ရှိရင်လည်း ပြောကြားပေးပါဦး။
UAKK    ။    ။
နောက်ပြီး ခုလို ခရီးရောက်ခဲ့တာလည်း ကျွန်တော်တစ်ယောက်တည်းရဲ့ စွမ်းအားမဟုတ်ပါဘူး။ ကျွန်တော်တို့အပေါ်မှာ ဝန်းရံပေးတဲ့၊ အားကစားကို တစ်ခဲနက်အားပေးကြတဲ့ ပရိသတ်တွေ၊ တကယ်ကို ကြိုးစားတဲ့ အားကစားသမား၊ အုပ်ချုပ်နည်းပြတွေ အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ မိတ်ဆွေကောင်းတွေ၊ အလှူရှင်တွေရဲ့ ပံ့ပိုးမှု၊ ကူညီမှုတွေကြောင့် ဒီလိုအခြေအနေအထိ တိုးတက်အောင် မြင်လာတာ ဖြစ်ပါတယ်။ နောက်ပြီး ရှေ့ဆက်ရမှာလည်း အားလုံးအတူလက်တွဲပြီးတော့ မြန်မာ့ ဘိလိယက်နှင့် စနူကာ အားကစားဟာ မြန်မာနိုင်ငံတွင်းမှာသာမက ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ဆောင် နိုင်ဖို့ အတူတူကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး မည်သည့်အားနဲ့မဆိုယူသွားပြီး မြန်မာ့ဂုဏ်ဆောင် အားကစားနည်းအဖြစ် အမြဲရပ်တည်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64671

© 2022 - 2026 News. All Rights Reserved.