မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ မေ ၈

     မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)မှ ကြီးမှူးကျင်းပသည့် AML/CFT နှင့် "FATF" Global Standards, Methodology and Procedures ထပ်ဆင့် အသိပညာမြှင့်တင်ရေး ဆင့်ပွားသင်တန်းကို ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Sky Star Hotel  ၌ မေလ ၁ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ သည်။ အဆိုပါ AML/CFT နှင့် "FATF" Global Standards, Methodology and Procedures ထပ်ဆင့်အသိပညာမြှင့်တင်ရေး ဆင့်ပွားသင်တန်း ပို့ချရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းကြီးအနေနဲ့ ဒီကနေ့ ပွဲကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်လေးပြောပေးပါဦး။
UKMT    ။    ။
  မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းကြီးရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်း ဦးဆောင်တဲ့ အဖွဲ့ဝင်တွေက နိုင်ငံတော်က ပေးအပ်ထား တဲ့တာဝန်ဖြစ်တဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သတင်းပို့အဖွဲ့အစည်း (Reporting Entity) အိမ်ခြံမြေ အကျိုးဆောင်တွေက သတ်မှတ်ထားတဲ့ သတင်းပို့အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက်  ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းကာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး နိုင်ငံတော်အဖွဲ့အစည်းတွေနဲ့ သတင်းပေးပို့ ဆောင်ရွက် နေတာတွေကို တင်ပြခြင်းဖြစ်ပါတယ်။ နောက်တစ်ပိုင်းကတော့ FATF နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ Financial Action Task Force (FATF) ရဲ့ လမ်းညွှန်ချက် များနဲ့အညီ အိမ်ခြံမြေကဏ္ဍမှာ ငွေမည်းများ စီးဆင်းမှုမရှိစေရန်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကိစ္စတွေမှာ ထိထိမိမိနဲ့ ဆောင်ရွက်နိုင်ရေးကိစ္စတွေကို တားဆီးနိုင်ရန်အတွက် အဓိကအချက်များကို အလေးပေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတကာဆက် ဆံရေးအနေနဲ့ အာရှ-ပစိဖိတ်ဒေသတွင်း အဖွဲ့အစည်းများ (Asia/Pacific Group on Money Laundering)  နဲ့ ချိတ်ဆက်ကာ နိုင်ငံတကာအဆင့်မီ လုပ်ငန်းစဉ်များကို ဖော်ဆောင်နေပါတယ်။


TREND    ။    ။ ဒီလို ဆောင်ရွက်ခြင်းအားဖြင့် Global မှာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါ သလဲ။
UKMT    ။    ။
ကျွန်တော်တို့အနေနဲ့ Global ဖြစ်တဲ့ Asia Pacific Group အစည်းအဝေးတွေမှာ မေးခွန်းတွေ ကို ပိုင်ပိုင်နိုင်နိုင်နဲ့ လက်တွေ့ကျကျ ရလဒ်ကောင်းတွေ ဖြေကြားနိုင်ခဲ့တဲ့ ထိရောက်မှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ Black List ထဲကနေ White List ထဲ ပြန်လည်ရောက်ရှိနိုင်ဖို့အတွက် ကျွန်တော်တို့ ပူးပေါင်း ပါဝင်ပြီး အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း နိုင်ငံတော်ကို အသိပေးချင်ပါတယ်။

 


 

TREND    ။    ။ အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါသလဲ။
UKMT    ။    ။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင် မှုအသင်းကြီးအနေနဲ့ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမြဲတမ်းမပြတ် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေဆိုင်ရာ ဆွေးနွေးချက်အနေနဲ့ကတော့ အိမ်ခြံမြေဝန် ဆောင်မှုဥပဒေကို ၂၀၁၆ ခုနှစ် မတ်လမှာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာကော်မရှင်မှာ တင်သွင်းပြီးတော့ ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ အဆိုပြုနိုင်ခဲ့ပါတယ်။ အဆိုပါဥပဒေဟာ ၂၀၁၈ ခုနှစ်မှာ ပြည်သူ့လွှတ်တော်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်ပြန်တမ်းမှာလည်း မှတ်တမ်းတင် ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒီကိစ္စတွေကိုလည်း လက်စသတ်ဖို့ ရှိပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့၊ ပြည်ထောင် စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ် သူဒေါက်တာနန္ဒကျော်စွာနဲ့ တွေ့ဆုံပြီးတော့ အိမ်ခြံမြေဝန်ဆောင်မူဥပဒေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ အမြန်ဆုံး ပေါ် ပေါက်လာရေး ကိစ္စရပ်တွေကို အဓိကထား တင်ပြသွားမှာပါ။


TREND    ။    ။ ဝန်ဆောင်မှုဥပဒေရဲ့အရေးပါ မှုနဲ့ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး။
UKMT    ။    ။
AML/CFT(ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး) ကိစ္စရပ်တွေနဲ့ FATF(ငွေကြေးဆိုင်ရာ အရေးယူဆောင် ရွက်ရေးအဖွဲ့)ဆိုင်ရာ ကိစ္စရပ်တွေမှာ အာရှ-ပစိဖိတ်အဖွဲ့ (Asia-Pacific Group) ကနေပြီး မြန်မာနိုင်ငံမှာ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေနဲ့ အကျိုးဆောင် လိုင်စင်တွေ တရားဝင်ရှိ၊ မရှိ မေးမြန်းမှုတွေရှိနေတဲ့အတွက် ဒီဥပဒေဟာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေနဲ့ အကျိုးဆောင်လိုင်စင် များရှိလာပါက အကျိုးဆောင်များရဲ့ အစီရင်ခံစာများ ပိုမိုထိရောက်လာမှာ ဖြစ်ပါတယ်။ ဒီလို တရားဝင်လိုင်စင်နဲ့ ဥပဒေများရှိခြင်းကြောင့် နိုင်ငံတကာရဲ့ ယုံကြည်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ မြန်မာ့အိမ်ခြံမြေကဏ္ဍမှာ အောင်မြင်မှုနဲ့ ဂုဏ်သတင်းကောင်းမွန်သော အခြေအနေတစ်ရပ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


TREND    ။    ။ ထပ်ဆင့်မွမ်းမံသင်တန်းမှာရော သင်တန်းသားဘယ်နှဦး တက်ရောက်ခဲ့ပါသလဲ။ အစိုးရအဖွဲ့ဝင်တွေရော တက်ရောက်မှုတွေရှိလား။
UKMT    ။    ။
ဒီနေ့မှာတော့ ကျွန်တော်တို့ Sky Star Hotel မှာတင်မကဘဲ ရန်ကုန်တိုင်းဒေသကြီးရဲ့ အကျိုးဆောင် ၁၆၀၀ ခန့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုက အကျိုးဆောင် ၁၀၀၀ ခန့်ဟာ Zoom Meeting ကနေတစ်ဆင့် တက်ရောက်နားထောင်နေကြပါတယ်။ ဒီနေ့တင်ပြသွားမယ့် အကြောင်းအရာတွေကတော့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဆိုင်ရာ အိမ်ခြံမြေအကျိုးဆောင်များ၏ တာဝန်ဝတ္တ ရားများနဲ့ Asia-Pacific Group က တကယ့်လက်တွေ့ကျကျ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်အစီအစဉ် (Action Plan) များ၊ ထိုင်းနိုင်ငံ အိမ်ခြံမြေအကျိုးဆောင်များအသင်း (Thai Real Estate Broker Association) ဥက္ကဋ္ဌ Mr. Prawit က ထိုင်းနိုင်ငံရဲ့ လက်တွေ့လုပ်ဆောင်မှုအတွေ့ အကြုံများကို အသိပညာပေးမျှဝေသွားမယ်။ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ(၃) ဦးကျော်တင့်ကလည်း MREAA နှင့် FATF (ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးအဖွဲ့)ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ အစိုးရ ဌာနများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းပေါင်း ၁၂၀ ကျော် တက်ရောက်ပါတယ်။  အိမ်ခြံ မြေအကျိုးဆောင်များနဲ့ ပူးပေါင်းကာ နိုင်ငံတကာစံနှုန်းများအတိုင်း ဆောင်ရွက်နေမှုများကို တင်ပြခဲ့ကြ သည်။ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဒေါ်မြတ်မိုမိုကလည်း ၂၀၂၀ မှ ၂၀၂၆ အထိ လက်တွေ့နယ်ပယ်၌ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအဖွဲ့ရယ်၊ FATF ဆိုင်ရာ လုပ်ဆောင်ချက်များ၊ အတွေ့အကြုံများနနဲ့ ဗဟုသုတများကို မျှဝေမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းရှိ မြို့နယ် ၄၅ မြို့နယ်အနက် ၄၂ မြို့နယ်တွင် အိမ်ခြံမြေဝန်ဆောင်မှု အသင်းခွဲများ ဖွဲ့စည်းထားရှိပြီးဖြစ်တယ်။ အဲ့ဒီအထဲမှာမှမြို့နယ်အလိုက် ဥက္ကဋ္ဌများရဲ့ တင်ပြချက် လက်တွေ့လုပ် ဆောင်မှုများကို မျှဝေခဲ့ကြမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေ အကျိုးဆောင်များ၊ အွန်လိုင်းမှ တက်ရောက်လာသူ များနှင့် အစိုးရဝန်ထမ်းများအားလုံး ပူးပေါင်းပြီး နိုင်ငံတော်မှ လိုအပ်ချက်များအတိုင်း ဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သက်မှူး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61982

© 2022 - 2026 News. All Rights Reserved.