မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ဈေးကွက်အတွင်း အရည်အသွေးပြည့်မီသည့် ဆေးဝါးတွေရရှိစေရေး အသင်းအနေနဲ့ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

၂၀၂၆ ၊ အောက်တိုဘာ ၂၂

    မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း (၂၃) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်(UMFCCI) မင်္ဂလာ ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် တွေ့ဆုံ၍  မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအောင်မြင်စေရေးအတွက် အမျိုးသားဆေးဝါးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ အသင်းဝင်အချင်းချင်း မှန်ကန်သောအကျိုးစီးပွားဖြစ်ထွန်းစေမည့် လုပ်ဆောင်မှုများတွင် ညီညွတ်စွာပူးပေါင်းရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိခြင်း၊ လက်ရှိတွင် ဆေးဝါးများ မပြတ်လပ်စေရေး၊ ဈေးကွက်အတွင်း အရည်အသွေးပြည့်မီသည့် ဆေးဝါးတွေရရှိစေရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည်များနှင့် ပတ်သက်၍  တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။


TREND ။    ။ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးကျင်းပတာနဲ့ ပတ် သက်ပြီးတော့ ပြောပြပေးပါဦး။
UTTU    ။    ။
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း (၂၃) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်း အဝေးကို အောက်တိုဘာလ ၁၄ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်းရဲ ကျော်စွာလမ်းမှာရှိတဲ့  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာဆိုရင် အလုပ်အမှုဆောင် အဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာနဲ့ ၂၀၂၅-၂၆ ခုနှစ်အတွက် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်းကိုဖတ်ကြား တင်ပြအတည်ပြုခဲ့ပြီး ၂၀၂၄-၂၆ ခုနှစ်သက်တမ်း အလုပ်အမှုဆောင်အဖွဲ့ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ၂၀၂၆-၂၀၂၈ ခုနှစ်သက်တမ်းအတွက် ရွေးချယ်ခံရတဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့  အလုပ်အမှုဆောင်အဖွဲ့ဝင်စာရင်း ကြေညာခဲ့ပြီး အသင်းဝင်တွေကနေ ကြိုတင်ပေးပို့ထားတဲ့ မေးမြန်းချက်၊ အကြံပြုချက်တွေကို  ဖြေကြားခဲ့ပြီး တစ်ဆက်တည်းမှာပဲ အသင်းမှ ဦးဆောင်ပြုလုပ်တဲ့ ကဏ္ဍရပ်တွေမှာ ပူးပေါင်းပါဝင် ပံ့ပိုးကူညီခဲ့ကြတဲ့ အသင်းဝင်ကုမ္ပဏီတွေနဲ့ အလှူရှင်တွေကို ဂုဏ်ပြုလွှာကတ်များ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ နောက်ပြီး ဆေးဝါးနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေလည်း ရှိပါတယ်။

TREND    ။    ။ ဆွေးနွေးတဲ့အခါမှာ ဘာတွေကို အဓိကထားဆွေး နွေးခဲ့ကြလဲဆိုတာလည်း ပြောပြပေး ပါဦး။
UTTU    ။    ။
ဒီအစည်းအဝေးမှာ ဆေးဝါးတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဆေးဝါးတွေ မပြတ်လပ်စေဖို့နဲ့ ဈေးကွက်အတွင်းမှာ အရည်အသွေးပြည့်မီတဲ့ ဆေးဝါးတွေရရှိစေဖို့အတွက် အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ နောက်ထပ်လည်း အသင်းအနေနဲ့ ဝန်ကြီး ဌာနတွေနဲ့ အသင်း ဝင်တွေကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမို မြှင့်တင်သွားဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

TREND ။    ။ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရဲ့ အဓိကလုပ်ငန်းနဲ့ ဆောင်ရွက်ချက်များအကြောင်း ပြောပြပေးပါဦး။
UTTU    ။    ။
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအနေနဲ့ ချိတ်ဆက်ညှိနှိုင်းပေးခြင်း ကဏ္ဍပေါ့။ အသင်းဝင် ဆေးဝါးကုမ္ပဏီများနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားဝန်ကြီးဌာနများကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်းနဲ့ အပြန်အလှန် နားလည်မှုရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်ပြီး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ လမ်းညွှန်ချက် အသစ်တွေကို အသင်းဝင်များထံ ပိုမိုသိရှိနားလည်စေဖို့နဲ့ တိကျစွာလိုက်နာနိုင်စေရေး အဆင့်ဆင့် ရှင်းလင်းတင်ပြပေးခဲ့ပါတယ်။ လက်ရှိ ဆေးဝါးဈေးကွက်အတွင်း ကြုံတွေ့နေရသော အခက်အခဲများနဲ့ စိန်ခေါ်မှုများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကာတတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိ ပါတယ်လို့ ပြောကြားလိုပါတယ်။

TREND    ။    ။ ပြည်တွင်းဆေးနဲ့ ဆေးဝါးဈေး ကွက်အခြေအနေအပေါ် အကြံပြုပြောကြားပေးပါဦး။
UTTU    ။    ။
ပြည်တွင်းဆေးဝါးကုန်အမှတ်တံဆိပ် (Brand)နဲ့ ဆေးဝါးများကို လက်ရှိဆေးဝါးဈေးကွက်မှာ အကန့်အသတ်ရှိနေသော်လည်း ရေပန်းစားပြီးသား Brand ကောင်းများကို ရွေးချယ်ခြင်းက ပိုပြီး အဆင် ပြေစေပါတယ်။ တကယ်လို့ Brand မရွေးချယ်ဖြစ်ဘူး ဆိုရင်လည်း အရည်အသွေးပြည့်ဝပြီး ယုံကြည်စိတ်ချ ရတဲ့ Generic ဆေးဝါးတွေကို သုံးစွဲခြင်းအားဖြင့် ဈေးကွက်အတွင်း အောင်မြင်မှုရရှိနိုင်မှာ ဖြစ်ပါတယ်။  ဈေးနှုန်းကတော့ ဒေါ်လာဈေးအတက်အကျပေါ် မူတည်ပေမယ့် ကျွန်တော်တို့အနေနဲ့ကတော့ အမြဲတမ်း ဈေးနှုန်းမှန် ရရှိစေရေးကိုပဲ အဓိကထား ဆောင်ရွက်ပါတယ်။

TREND ။    ။ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းအနေနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး သိပါရစေ။
UTTU    ။    ။
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ရှေ့ဆက်မည့် အစီအစဉ်များကတော့ အသင်းအနေနဲ့ ယခုနှစ်မှာ အစည်းအဝေးများကို ပုံမှန်ထက် ပိုမိုပြုလုပ်လျက်ရှိပြီး အသင်းဝင်လုပ်ငန်းရှင်များရဲ့ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆေးဝါးကဏ္ဍ တိုး တက်မြင့်မားရေးအတွက် အဓိကထားဆောင်ရွက် လျက်ရှိပါတယ်။ အသင်းဝင်များ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ လုပ်ငန်းဆိုင်ရာ  အခက်အခဲတွေကို ဝန်ကြီးဌာနဘက်သို့ တင်ပြပေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ လိုင်စင်လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို ပိုမိုမြန် ဆန်မှန်ကန်စွာ ပြီးမြောက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ ဆေးဝါးသုံးစွဲသူ ပြည်သူလူထုထံသို့ အရည်အသွေးပြည့်မီပြီး ဘေးကင်းလုံခြုံ သောဆေးဝါးများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် အသင်းက ဦးဆောင်၍ ဆက်လက် ကြိုး ပမ်းသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

TREND    ။    ။ ဖြည့်စွက် ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။
UTTU    ။    ။
ဆေးဝါးနဲ့ ဆေးပစ္စည်းလုပ်ငန်းများသည် အခြား စီးပွားရေးလုပ်ငန်းများနဲ့မတူဘဲ ပြည်သူများရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ လုပ်ငန်းကဏ္ဍဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ဖို့အပြင် ဆေးဝါးများရဲ့ အရည်အသွေး၊ ဘေးကင်းလုံခြုံမှု၊ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ပြည်သူများလက်လှမ်းမီစွာ ရရှိရေးကို အလေးထားပါတယ်၊၊ ဆေးဝါးကဏ္ဍမှာ ယုံကြည်စိတ်ချရမှုသည် တန်ဖိုး အရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ယုံကြည်စိတ်ချရမှုနဲ့ စည်းကမ်းလိုက်နာမှုရှိသော ဆေးဝါးများသည်သာ ထိရောက်သည့်ကုသမှုကို ဖြစ်စေမည်ဖြစ်ပါတယ်။ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်များကို ရည်မှန်းချက်ရှင်းလင်းမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတို့ကိုအခြေခံပြီး အသင်းသားအားလုံး အကျိုးရှိစေမယ့် လုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
 သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 28

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67093

© 2022 - 2026 News. All Rights Reserved.