မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကံညွန့်နှင့် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းတို့အား တွေ့ဆုံမေးမြန်းခြင်း

ပြည်တွင်း ဖိနပ်လုပ်ငန်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး စက်မှုရပ်ကွက်ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်ပေးသွားမည် . . . 

 ၂၀၂၆ ၊ ဇူလိုင် ၁၆

    ပြည်တွင်း ဖိနပ်ဝယ်လိုအားသည် ၄၅ သန်းခန့်ရှိပြီး ဖိနပ်လုပ်ငန်းရှင်များဘက်မှ ၂၅ ရာခိုင်နှုန်းသာ ထုတ်လုပ်ရောင်းချနိုင်လျက်ရှိသည်။ ထို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်မှုရပ်ကွက်ဖော် ဆောင်ရန် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် တွံတေးမြို့နယ်များတွင် စက်မှုရပ်ကွက်များ အမြန်ဆုံး ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကံညွန့်နှင့် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းတို့အား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

TREND    ။    ။ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ တိုင်းနဲ့ ပြည်နယ်လုံးဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကျင်းပရတာ နဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
UKN    ။    ။
မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ တိုင်းနဲ့ပြည်နယ်လုံးဆိုင်ရာ နှစ်ပတ်လည် အစည်း အဝေးကို ကျင်းပတာ ဖြစ်ပါတယ်။ ဖိနပ်လုပ်ငန်းရှင်တွေကို တစုတ စည်းတည်းဖြစ်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ကျင်းပတာ ဖြစ်ပါတယ်။ အခုဆိုရင် တိုင်းနဲ့ ပြည်နယ် ရှမ်းပြည်နဲ့ မော်လမြိုင်ကအစ အားလုံး တက်ရောက်ကြပါတယ်။အသင်းသူအသင်းသားပေါင်းက လေးသောင်းကျော် ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ဖိနပ်လုပ်ငန်း ပိုမိုတိုးတက် ထုတ်လုပ်နိုင်အောင် အမြဲတမ်း ကြိုးစားနေပါတယ်။ ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ရင် ပြည်တွင်းမှာရှိတဲ့ လူငယ်တွေအနေနဲ့လည်း အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

TREND    ။    ။ ပြည်တွင်း ဖိနပ်လုပ်ငန်းရှင်တွေ အဓိကလိုအပ်ချက်အနေနဲ့ ဘာတွေလိုအပ်ချက်ရှိလဲဆိုတာကိုလည်း ပြောကြားပေးပါဦး။
UKN    ။    ။
ပြည်တွင်းမှာ ဖိနပ်က တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် ဝယ်လိုအားက ၄၅ သန်းရှိတယ်။ ကျွန်တော်တို့မှာ ဝယ်လိုအားရဲ့ ၂၅ ရာခိုင်နှုန်းကိုပဲ ဖြည့်ဆည်းပေးနိုင်သေးတယ်။ ကုန်ကြမ်းက ကျွန်တော် တို့တိုင်းပြည်ထဲမှာရှိတဲ့ ကုန်ကြမ်းကို ၈၅ ရာခိုင်နှုန်းအထိ အသုံးပြုရတာပါ၊ နိုင်ငံခြားက ၁၅ ရာခိုင်နှုန်းပဲလိုအပ်ချက်ရှိတာပါ။ အခုချိန်အထိ ပြည်တွင်းလိုအပ်ချက် အပြည့်အဝကို မထုတ်လုပ်နိုင် သေးတာက နေရာလိုအပ်ချက်ကြောင့်ပါ။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကတော့ ကျွန်တော့်ကို အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုကော်မတီကိုးဦးကို ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ကိုးကွက်ပေးပြီး ကျန်တဲ့ ၁၁၂ ဦးကို စက်မှုရပ်ကွက်ဖော်ဆောင်ဖို့ တွံတေးမှာ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အကောင် အထည်တော့ မဖော်သေး ဘူး။ အဲဒီလို လုပ်ကိုင်နိုင်ပြီဆိုရင် စောစောက လိုအပ်တဲ့ ၂၅ ရာခိုင်နှုန်း ထုတ်လုပ်နိုင်တာကို နောက်ထက် ရာခိုင်နှုန်း ၅၀ ပိုပြီး တိုးထုတ်လုပ်နိုင်တယ် ဆိုတာကိုလည်း ကတိပေးပါတယ်။ ဖိနပ်ထုတ်လုပ်တာက တစုတစည်းတည်း လုပ်ရတာဖြစ်တဲ့အတွက် စက်မှုရပ် ကွက်ဖော်ဆောင်နိုင်ရင် ဘေးထွက်စွန့်ပစ်ပစ္စည်းလည်း သက်သာမှာ ဖြစ်ပါတယ်။ စက်မှုရပ်ကွက်ဖော်ဆောင်နိုင်ရင် ပြည်တွင်းဖိနပ်တွေကို ပြည်ပကို ပို့နိုင်ဖို့ကိုပါ ဆောင်ရွက်သွားမယ်။ ပြည်တွင်းထုတ်ဖိနပ်က ခိုင်ခံ့မှုအနေနဲ့ အနည်းဆုံး၊ အာမခံချက် ပေးရမယ်။ စောစောက ပြောတဲ့ ဖိနပ်ထုတ်လုပ်တဲ့ ၁၂၂ ဦးက အိမ်ငှားပြီးတော့ ထုတ်လုပ်နေတဲ့ လုပ်ငန်း ရှင်တွေအတွက်ပါ။ အိမ်ပိုင်၊ စက်ရုံ ပိုင်တဲ့သူတွေအတွက် မဟုတ်ပါဘူး။

TREND    ။    ။ ဆရာတို့ တောင်းဆိုထားတဲ့ မြေနေရာအခက်အခဲနဲ့ လိုအပ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ထပ်မံတင်ပြတောင်းဆိုပေးမယ်လို့ ပြောကြားခဲ့တယ်နော်။
UKN    ။    ။
ဟုတ်ပါတယ်။ အခုဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒါကို အမှန်အတိုင်းကူညီဆောင်ရွက်ပေးမယ်ပေါ့၊ ကျွန်တော်တို့အတွက် လွှတ်တော်ကြီးပေါ်ပေါက်လာတာလည်း ပိုမိုကောင်းမွန်ပါတယ်။ ကိုယ်စားလှယ်တွေကနေတစ်ဆင့် ပြောလို့ရ တာပေါ့။ ကျွန်တော်တို့က မြေနေရာရရှိပြီးရင် ခြောက်လအတွင်းမှာ အဆောက်အအုံတွေ ဆောက်လုပ်ပြီး လုပ်ငန်းစတင်ချိန်ကနေစပြီး နိုင်ငံတော်ရဲ့ တပ်မတော်တာဝန် နှစ်နှစ်ထမ်းဆောင်လာတဲ့လူငယ်တွေကို  ပထမဦးဆုံးအသုတ်အနေနဲ့ အယောက် ၁၀၀ ကို  အလုပ်နေရာနဲ့ ၎င်းတို့ရဲ့ ဇနီးသည် တွေကိုလည်း အလုပ်ပုံမှန် ခန့်အပ်ပေးသွားဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ 

TREND    ။    ။ ပြည်တွင်းဖိနပ်လုပ်ငန်းရှင်တွေရဲ့အခက်အခဲဖြစ်တဲ့ မြေနေရာရရှိရေးကိုလည်း ဆရာအနေနဲ့ ဘယ်လိုမျိုးဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါ လဲဆိုတာကိုလည်း ဖြေကြားပေးပါဦး။
UKN    ။    ။
ကျွန်တော်တို့အနေနဲ့ကတော့ ဒါတွေက ကူညီသင့်တဲ့အရာတွေပေါ့၊ သူတို့တွေရဲ့ အခက် အခဲတွေကြားရတာ စိတ်မကောင်းဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ်စွမ်းÓဏ်စွမ်းရှိသ၍ ကူညီသွားမယ်။ အခုအခက်အခဲဖြစ်နေတဲ့ မြေနေရာကိုလည်း ဈေးနှုန်းသက်သက်သာသာနဲ့ ရရှိသွားအောင် ကူညီပါ့မယ်။ ဘာ ကြောင့်လဲဆိုရင် ဒီလိုလုပ်ငန်းရှင်တွေ ဖွံ့ဖြိုးတိုးတက်လာရင် ကျွန်တော်တို့ နိုင်ငံရဲ့ GDP လည်း တိုးတက်လာမယ်။ ကုန်ကြမ်းလည်းရှိတယ်၊ အလုပ်သမားလည်းရှိတယ်၊ နည်းပညာလည်း ရှိတယ်။ နေရာအခက်အခဲပဲ၊ ဒါကိုရအောင် ကျွန်တော့်အနေနဲ့ ဦးဆောင်ပြီးတော့တင် ပြသွားပါ့မယ်။ ဖိနပ်ဆိုတာ ကလည်း လူတစ်ယောက်မှာ တစ်ရန်တောင် မဟုတ်ဘူး။ သုံး၊ လေးရန်လောက်အထိရှိတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ကတော့ နိုင်ငံခြားဝင်လာတဲ့ ဖိနပ်တွေနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်အောင် ထုတ်လုပ် နိုင်ရမယ်။ အခုက ဖိနပ်က ကာလအလိုက် မိုးရာသီဆို မိုးစီး၊ ဆောင်းတွင်းဆို ဆောင်းရာသီ အလျောက် ပေါ့နော် ဖိနပ်အရန်ပေါင်း လူဦးရေ သန်း ၅၀ ကို သုံးနဲ့မြှောက်ရင် သန်း ၁၅၀ လောက် လိုအပ်ပါတယ်။ ဒီလုပ်ငန်းသာအောင်မြင်သွားရင် တိုင်းပြည်ရဲ့ GDP တိုးတက်လာမယ်။ အလုပ်သမားတွေလည်း အလုပ် အကိုင်အခွင့်အလမ်းတွေ အများကြီးရရှိမှာ ဖြစ်တဲ့အတွက် ကျွန်တော် ကူညီပံ့ပိုးပေးမယ်။ မြေနေရာ ရရှိသွားတဲ့ အပေါ်ကိုလည်း ကျွန်တော်တို့ လွှတ်တော်ကနေတစ်ဆင့် မေးမြန်းသွားပါ့မယ်။ ဘယ်လိုအခြေ အနေရှိသလဲဆိုတာပေါ့၊ စီမံခန့်ခွဲမှုမှားနေတယ်ဆိုရင်လည်း ဒီ့ထက်ကောင်း တဲ့မြေနေရာပေါ့၊ ကျွန်တော်တို့ ရန်ကုန်တိုင်းမှာ မြေတွေရှိပါတယ်။ ဒီလုပ်ငန်းတွေရဲ့ သဘောသဘာဝကလည်း မြေဧကအများကြီး မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခုရပြီးသားမြေကို ရအောင်ကြိုးစားပေးမယ်၊ အဆင်မပြေလို့ တစ်ခုခုလွဲနေတယ်ဆိုရင်လည်း တခြားတစ်နေရာကို ကြိုးစားပြီး ဆောင်ရွက်ပေးသွားပါ့မယ်။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UKN    ။    ။
ကျွန်တော် ဒီနေ့ ဒီအခမ်းအနားကို လာတက်တဲ့အခါမှာကြတော့ သူတို့ရဲ့လိုအပ်ချက်တွေ၊ အခက်အခဲတွေကို သိရတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေကို အားပေးရမယ်ဆိုတဲ့အသိ ကျွန်တော့် ဆီမှာရှိပါတယ်။ ဒါမှကျွန်တော်တို့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားက ယိုပေါက်တွေကို ပိတ်ဖို့လိုပါတယ်။ နိုင်ငံတော်က သွင်းကုန်တွေကို ပိတ်ဆို့ထားပေမယ့် ကျွန်တော် တို့တိုင်းပြည်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပိတ်ပေမယ့် တရာဥပဒေ စိုးမိုးမှုမရှိတဲ့အတွက် ပိတ်ထားပေမယ့် နည်းလမ်းပေါင်းစုံကဝင်လာတာ တွေရှိတယ်။ နည်းလမ်းပေါင်းစုံနဲ့ဝင်လာတော့ တိုင်းပြည်က အခွန်လည်း မရဘူး၊ သုံးရတဲ့ ပြည်သူတွေကလည်း ဈေးကြီးပေးပြီး ဝယ်နေရတယ်၊ သွင်းတဲ့ လုပ်ငန်းရှင်ကလည်း တရားဝင်သွင်းချင်တယ်။ တရာဝင်သွင်းချင်တဲ့ ပစ္စည်းဆိုရင် တစ်ရာတန်တဲ့ ပစ္စည်းကို အခွန်က ၁၅၀ ကောက်လိုက် ဒါဆို နိုင်ငံတော်လည်း ပိုက်ဆံရမယ်၊ သွင်းတဲ့သူလည်း အေးအေးဆေးဆေး သွင်းခွင့်ရမယ်။ အခု တရားမဝင် လမ်းကြောင်းကနေ သွင်းတော့ ကွန်တိန်နာတစ်ပုံးကို ဒေါ်လာ ၂၀၀၀ လောက် ကုန်ရင်သိန်း ၁၀၀ နီးပါးက အပိုကုန်ကျနေတယ်။ အဖမ်းအဆီးတွေနဲ့တွေ့မှာလည်း ကြောက်နေတယ်။ သူတို့ကလည်း စွန့်စားလုပ်နေရတယ်။ ဒီမှာလည်း လိုအပ်ချက်ရှိတယ်။ နိုင်ငံတော်ကလည်း ပိတ်ထားတာ ဖြစ်နေတော့ တရားမဝင်နည်းနဲ့ သွင်းနေရတယ်။ သွင်းကုန်ပိတ်ထားတာကိုလည်း တချို့ပစ္စည်းတွေကို နိုင်ငံတော်အနေနဲ့လည်း အခွန်အခရမယ်၊ ပြည်တွင်းမှာလည်း လိုအပ်ချက်ကို ဖြည့်ပေးနိုင်မယ်၊ လုပ်ငန်းရှင်လည်း စိတ်ချမ်းချမ်းသာသာ သွင်းနိုင်အောင် လွှတ်တော်ကနေ တစ်ဆင့် နိုင်ငံတော်အစိုးရကို အကြံပြုသွားဖို့ ရှိပါတယ်။ အစိုးရကတော့ ဒေါ်လာတွေ ကုန်ကျမှုများမှာစိုးလို့ ပိတ်ထားပေမယ့်လည်း တကယ်တမ်းကြတော့ တရားမဝင် နည်းလမ်းကနေ နည်းလမ်းပေါင်းစုံနဲ့ ဝင်နေတာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်လည်း နစ်နာတယ်၊ သုံးစွဲတဲ့ ပြည်သူလည်း နစ်နာတဲ့အတွက် ဒါလေးတွေကို အကြံပြုတင်ပြသွားဖို့ ရှိပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်ကိုလည်း အချိန်မရွေး ဆက်သွယ်ပြီး အကူအညီတောင်းလို့ ရပါတယ်လို့ ပြောကြားချင်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်(၂၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 29

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63726

© 2022 - 2026 News. All Rights Reserved.