မြန်မာနိုင်ငံလုံးဆိုင်ရာ MSME(Cluster) ဖိနပ်လုပ်ငန်းရှင်များ အဖွဲ့ချုပ်နာယက ဦးကြည်သိန်း နှင့် တွေ့ဆုံခြင်း

ပြည်ပကနေ ဖိနပ်တင်သွင်းမှု လျော့သွားတာနဲ့ နိုင်ငံခြားငွေစီးဆင်းမှုပါ လုံး၀လျော့သွားမယ်

၂၀၂၆ ၊ အောက်တိုဘာ ၉

    ပြည်တွင်း ဖိနပ်လုပ်ငန်းရှင်များသည် နိုင်ငံတစ်ဝန်း ပြန့်ကျဲလျက်ရှိသည်။ ထို့ကြောင့် "ပြန့်ကျဲနေတဲ့ ဖိနပ်လုပ်ငန်းလုပ်ကိုင်နေသူတွေကို စုပေါင်းပြီးတော့ အားကောင်းသွားအောင် ဦးစားပေးလုပ်မယ်။ အားကောင်းသွားလို့ရှိရင် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီတဲ့ ဖိနပ်တွေ ထုတ်လုပ်နိုင်မယ်"ဟု ပြောကြားခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ MSME(Cluster) ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်နာယက ဦးကြည်သိန်းနှင့် တွေ့ဆုံ၍ ရုံးခန်းသစ်ဖွင့်လှစ်မှုနှင့် ပြည်တွင်းဖိနပ်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့်အချက်များအား မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။ 

TREND     ။    ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်ရဲ့ ရုံးခန်းသစ်ဖွင့် လှစ်ခဲ့မှုနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
UKT    ။    ။
အဖွဲ့အစည်း အသီးသီးတွေက ဥပမာ ဆန်ကုန်သည်အသင်း၊ ဆီကုန်သည်အသင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့ ရွှေအသင်းတို့က ရုံးခန်းအသီးသီးရှိကြတယ်။ ဒီ MSME Cluster လက်အောက်ခံရဲ့ ဖိနပ်လုပ်ငန်းရှင်များအသင်းက ရုံးခန်းမရှိသေးဘူး။ မရှိတော့ လက်ရှိကျွန်တော့်မွေးနေ့ နဲ့တွဲပြီးတော့ ဒီယာယီရုံးခန်းလေး ဖွင့်လိုက်တာပေါ့။ ယာယီရုံးခန်းဖွင့်လိုက်တဲ့ ရည်ရွယ်ချက်ကလည်း  တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းအသီးသီးတွေ ချိတ်ဆက်မှုရှိရအောင်ရယ်၊ ဖိနပ်လုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ပါ။ ဖိနပ်လုပ်ငန်းရှင်ဆိုတာ တိုင်းနဲ့ ပြည်နယ်မှာ မရှိတဲ့နေရာ မရှိဘူး။ တချို့ဆို စက်ရုံ ကြီးတွေနဲ့ ထုတ်ကုန်တွေလုပ်တယ်။ တချို့ကျတော့ အလတ်စား၊ တချို့ဆို အသေးစား၊ တချို့ကျ အငယ်စား၊ တချို့ဆိုလို့ရှိရင်လည်း မိရိုးဖလာ မိမိအိမ်နီးပါးမှာလုပ်နေတာ။ ဒါပေမဲ့ သူတို့အချင်းချင်းက ချိတ် ဆက်မှုမရှိဘူးလေ။ ဒီအသင်းကို တည်ထောင်ပြီးတော့ ဖွဲ့စည်းပြီးတာနဲ့ အသင်းဝင်တွေ ခေါ်မယ်။ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဖိနပ်လုပ်ငန်းရှင်များ၊ ဖိနပ်နဲ့ဆက်စပ်သော ရော်ဘာတို့၊ ရှူးပြားတို့၊ သားရေတို့၊ ကော်တို့ စသည်ဖြင့် ဖိနပ်နဲ့ ဆက်စပ်ပစ္စည်းနဲ့ ပတ်သက်တဲ့လူတွေပါ အသင်းဝင် ခေါ်မယ်။ အသင်းဝင် ခေါပြီးတော့ တစုတစည်းတည်း ဖြစ်သွားမယ်။ တစုတစည်းတည်း ဖြစ်သွားဖို့အတွက် ရည်ရွယ်ထားပါတယ်။


TREND    ။    ။ ဖိနပ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေက အများကြီးရှိတယ်။ အဲဒီလုပ်ငန်းတွေ အဆင်ပြေအောင် ဘာတွေ ဆောင်ရွက်သွားဖို့ရှိပါသလဲ။
UKT    ။    ။
ပြန့်ကျဲနေတဲ့ ဖိနပ်လုပ်ငန်းလုပ် ကိုင်နေသူတွေကို စုပေါင်းပြီးတော့ အားကောင်းသွားအောင် ဦးစားပေးလုပ်မယ်။ အားကောင်းသွားလို့ရှိရင် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီတဲ့ ဖိနပ်တွေ ထုတ်လုပ်နိုင်မယ်။ ထုတ်လုပ်နိုင်မယ်ဆိုလို့ရှိရင် ထုတ်လုပ်ခြင်းရဲ့ နောက်မှာ Supporting ပေါ့။ Supporting ဒီအသင်းက နေပြီးတော့ သက်ဆိုင်ရာအစိုးရနဲ့ တိုင်းဒေသကြီး၊ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ လိုအပ်တဲ့ အကူအညီတွေ တောင်းခံမယ်။ သူတို့လည်းလုပ်ပေးနိုင်တဲ့ဟာ လုပ်ပေး၊ ကိုယ့်အသင်းကလည်း လုပ်ပေးနိုင်တာ လုပ်ပေးမယ် ဆိုလို့ရှိရင် ပြည်ပအစားထိုးဖိနပ်တွေ တင်သွင်းမှုလျော့သွားမယ်။ ပြည်ပကနေပြီးတော့ ဖိနပ်တွေတင်သွင်းမှု လျော့တယ်ဆိုတာနဲ့ နိုင်ငံခြားငွေစီးဆင်းမှုပါ လုံးဝလျော့သွားမယ်။ နောက် ဆုံး ဘယ်ထိရည်မှန်းထားလဲဆိုတော့ Zero level ဖြစ်အောင် လုပ်ပေးရမယ်။ ဒါမှ ကိုယ့်နိုင်ငံက ထွက်တဲ့ ဖိနပ်ကို ကိုယ့်ပြည်သူ၊ ကိုယ့်တိုင်းရင်းသားတွေက စီးမယ်။ စီးလို့ရှိရင် အဲဒီဖိနပ်က ထွက်မယ့် နိုင်ငံခြားငွေက မထွက်တော့ဘူး။ ဒါက ပထမ အဆင့်ပါ။ 


TREND    ။    ။ လူငယ်လူရွယ်တွေအတွက် အစီအစဉ်တွေရှိရင်လည်း ပြောပေးပါဦး။
UKT    ။    ။
လူငယ်လူရွယ်တွေကို နိုင်ငံတကာ  ပညာတော်သင်လွှတ်မယ်။ အခုတော့ ရထားတာက တောင်ကိုရီးယားမှာတော့ Cosmetics ပဲဖြစ်ဖြစ်၊ Design နဲ့ပဲဖြစ်ဖြစ်၊ ဖိနပ်နဲ့ပဲဖြစ်ဖြစ်ပေါ့။ ဒါက လက်ရှိနည်းနဲ့ အဆင်ပြေတယ်လေ။ အဲဒီအတွက်ကို ပညာတော်သင်လွှတ်ပြီး စက်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲပြီးတာနဲ့  ကိုယ့်နိုင်ငံရဲ့ ကုန်ကြမ်းနဲ့ထုတ်တဲ့ပစ္စည်းနဲ့ ပြည်ပနိုင်ငံကို ပြန်ပို့ဖို့ကတော့ ဒုတိယအဆင့် ဖြစ်ပါတယ်။ အဲတော့ ပြန်ပြောရင် ပြည်တွင်းမှာထုတ်ပြီးတော့ နိုင်ငံခြားငွေ စီးဆင်းမှုကိုပိတ်မယ်။ နိုင်ငံခြားငွေကို ကိုယ့်ပြည်တွင်းကို ပြန်ရအောင် ယူရပါမယ်။ အဲဒါထိ လုပ်ဆောင်ဖို့အတွက် ဒီရုံးခန်း ဖွင့်လှစ်တာဖြစ်ပါတယ်။


TREND    ။    ။ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME (Cluster) ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်ရဲ့ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။ 
UKT    ။    ။
ဒီအသင်းရဲ့ရည်ရွယ်ချက်က အရည်အသွေးမြင့်မားတဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ကလေးတွေ အများကြီးရှိတယ်။ ခေတ်ပညာတတ်လူငယ်တွေ အများကြီးရှိတယ်။ ဒီထဲမှာလည်း ဘာတွေပါလာလဲဆိုတော့ စက်မှုအင်ဂျင်နီယာတွေ ပါလာတယ်။Mechanical Engineer လည်းပါတယ်။ နောက် IT သမားတွေလည်း ပါလာတယ်။ အသင်းအဖွဲ့က လူကြီးတွေရှိသလို လူငယ်တွေကလည်း ပညာတတ်တွေ အများကြီး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကနေပြီးတော့ Supporting မလုပ်ပေးနိုင်သမျှ ကာလပတ်လုံး ကိုယ့်နိုင်ငံက ကုန်ကြမ်းပေါပြီးတော့ ပြည်ပကို ကုန်ကြမ်းဈေးနဲ့ရောင်း၊ ရောင်းပြီးလို့ရှိရင် တစ်ခါ ပြည်ပကနေပြီးတော့ ကုန်ချောတွေကို မတန်တဆ ပေးဝယ်နေရတယ်။ ပေးဝယ်ရတာ ကိုယ့်နိုင်ငံမှာ ထုတ်နိုင်မယ့်ကလေးတွေကို ပျိုးထောင်ပေးနိုင်ရင် အသင်းအနေနဲ့သော် လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း အောင်မြင်အောင် လုပ်နိုင်မယ်ဆိုလို့ရှိရင် ဒီကလေးတွေအများကြီး ဖွံဖြိုးတိုးတက်သွားမှာပါ။ စောစောက Leve-2 ကို ချက်ချင်းရောက်သွားမှာ၊ နိုင်ငံခြားကို ပြန်ပို့နိုင်မှာ၊ တင်သွင်းစရာ အကြောင်းမရှိဘူး။ ဘာလို့လဲဆိုရင် နိုင်ငံခြားက ဖိနပ်တစ်ရန်ကို သုံးသိန်းဆိုရင် ဒီမှာသူ့ပုံအတိုင်း ကျပ် ၅၀၀၀၀ နဲ့ ရောင်းလို့ရတယ်။ နည်းမျိုးစုံနဲ့ ဖိနပ်က ဝင်နေတယ်။ တကယ်ကောင်းတဲ့ ဖိနပ်ဆိုရင် အနည်းဆုံး နှစ်သိန်းခွဲလောက် ရှိနေတယ်။ ကိုယ့်နိုင်ငံမှာ ဒီအရည်အသွေးနဲ့၊ ဒီပုံနဲ့ တစ်သိန်းလောက်နဲ့ ရောင်းနိုင်မယ်ဆိုရင် ထုတ်လုပ်သူရော၊ ရောင်းချသူရော အဆင်ပြေတယ်။ စီးတဲ့သူလည်း အဆင်ပြေတယ်။ အဲဒီရည်ရွယ်ချက်နဲ့ မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမှာပါ။


TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။
UKT    ။    ။
ပြည်တွင်းဖိနပ်လုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်စေဖို့ ကိုယ့်တာဝန်ကို ကိုယ့် Level နဲ့ကိုယ်အားလုံးပံ့ပိုးပြီး ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ဘုရားဒေသနာဆို 'သမဂ္ဂါနံ တပေါ သုခေါ'ပေါ့။ သတ္တဝါတွေ ညီညွတ်မယ်၊ ညီညွတ်မယ်ဆိုလို့ရှိရင် ချမ်းသာကြမှာပါပဲ။ မညီညွတ်ဘူးဆိုလို့ရှိရင် ထားပါတော့ ဒီဖိနပ်အသင်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဘူးဆို လို့ရှိရင် တစ်ယောက်က ဖြူ၊ တစ်ယောက်က မည်းဆို အဆင်မပြေဘူး။ တစ်ယောက်ကလည်း ဖြူ၊ တစ်ယောက်က မည်းဆိုရင်လည်း ပြောင်းပြန်တွေ ဖြစ်ကုန်မှာလေ။ အဲဒီညီညွတ်မှုကို ဦးစားပေးပြီးတော့ ဒီ့ထက်အောင်မြင် ဖြစ်ထွန်းအောင် လုပ်သွားဖို့ ရှိပါတယ်။
သက်မှူး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 40

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66545

© 2022 - 2026 News. All Rights Reserved.