ရက် ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အစိုးရဘက်က ကြိုးစားမှုသည် ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရနေပြီလို့ ပြောလို့ရပါတယ် . . . ရခိုင့်ဦးဆောင်ပါတီ (ALP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း . . .

၂၀၂၆ ၊ ဇူလိုင် ၃၀

    နိုင်ငံတော်အစိုးရ၏ ငြိမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ (ALP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါသည်။


TREND ။        ။ အစိုးရသစ်ရဲ့ ရက် ၁၀၀ ကာလ ငြိမ်းချမ်းရေးကြိုးပမ်းမှုက ဘယ်အတိုင်းအတာထိ ခရီးရောက်ခဲ့တယ်ဆိုတာ သုံးသပ်ပေးစေလိုပါတယ်။
Dr. A M ။        ။
ငြိမ်းချမ်းရေးကြိုးပမ်းမှုကတော့  ရာနှုန်းပြည့်နီးပါး အောင်မြင်နေတာ တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းနဲ့ စပြောရမှာပေါ့ဗျာ။ သမ္မတကြီးဖိတ်ခေါ်တာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအပေါင်း PDF ကို ငြိမ်းချမ်းရေး ဆွေးနွေးကြရအောင်ဆိုပြီး ဖိတ်ခေါ်တယ်။ နောက်ပြီး NSPNC ဘက်က ထုတ်ပြန်လိုက်တဲ့အခါကျတော့ ကြိုတင်သတ်မှတ်ချက် မရှိဘဲနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ကမ်းလှမ်းချက်တွေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် NSPNC ဘက်က ကြိုးပမ်းလာတာ တွေ့ရပါတယ်။ ဖိတ်ခေါ်တဲ့အတွက်ကြောင့် NCA ထိုးထားတဲ့ အဖွဲ့တွေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရော၊ NCA မထိုးထားသေးပေမယ့်လို့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားတဲ့ အဖွဲ့တွေကရော ငြိမ်းချမ်းရေးကို စိတ်ဝင်စားလာကြတာပေါ့။ ဒီတော့ ပထမ ငြိမ်းချမ်းရေးကွင်းဖွင့်တာက ရှမ်းနီ SNA နဲ့ စဖွင့်တာပေါ့။ အဲဒီနောက်မှာ တွေ့ဆုံမှုတွေ အလီလီ ဖြစ်လာတယ်။ ငြိမ်းချမ်းရေးကို အရှိန်မြှင့်စေတာကို ဗိုလ်ချုပ် ကြီးရာပြည့်တို့၊ ဗိုလ်ချုပ်ကြီးမင်းနိုင်တို့ ဦးဆောင်တဲ့အဖွဲ့ NDAA ဘက်၊ မိုင်းလားဘက် ခရီးစဉ်ပေါ့ဗျာ။ အဲဒီ နောက်မှာ 'ဝ'နဲ့ တွေ့ကြပြုကြတယ်။ နောက်ဖြစ်စဉ်လေးတွေက အဆင်ပိုချောလာတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ကာလက အိန္ဒိယဘက်ကလာတဲ့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ NCA ထိုးပြီးသားအဖွဲ့တွေနဲ့ တစ်ခေါက်ပြန်ဆုံကြတာပေါ့။ အဲဒီနောက်ပိုင်းမှာ TNLA နဲ့ စဖွင့် တာပေါ့။ နောက်ထပ် 'ဝ'တို့၊ မိုင်းလားတို့နဲ့ လာမယ်ဆိုတာ တွေ့နေရတဲ့အခါ ကြတော့ အောင်မြင်တဲ့ ရာခိုင်နှုန်းက ပိုများတာပေါ့။ ဒါကြောင့် ငြိမ်းချမ်းမှုဖြစ်စဉ်မှာ အောင်မြင်မှုမရသေးဘူးဆိုပေမယ့် ကြိုးစား မှုဖြစ်စဉ်မှာ ရာနှုန်းပြည့်နီးပါးလောက် အစိုးရဘက် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဦးတည်ရေးကို သွားနေတာ တွေ့ရပါတယ်။


TREND ။        ။ နိုင်ငံတော် သမ္မတကြီးကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အားထည့်လုပ်ဆောင်တာတွေ၊ အလျဉ်းသင့်သလို ငြိမ်းချမ်းရေးစကား ပြောတာတွေရှိတယ်။ သမ္မတကြီးကိုယ်တိုင်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ၁၅ နှစ်တာလောက် ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်။ ခု သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးက ဘယ်အ တိုင်းအတာလောက်အထိ ရောက်နိုင်မလဲဗျ။
Dr. A M ။        ။
ငြိမ်းချမ်းရေးအကြောင်း ပြောရရင် ကျွန်တော်တို့ နောက်ကြောင်းပြန်ပြီး အဖြေထုတ်ကြတာပေါ့ဗျာ။ ဘာကြောင့် ငြိမ်းချမ်းမှုရှိဖို့ လိုအပ်သလဲဆို တာ တစ်ခုဖြစ်လာမှာပေါ့။ ဆိုတော့ ဘာကြောင့် မငြိမ်းချမ်းမှုဖြစ်စေခဲ့သလဲဆိုတဲ့ အကြောင်းအရင်းကို ရှာကြတာပေါ့။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီး ဘက်က နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာရော၊ နှုတ်နဲ့ဖွင့်ဟတာတွေရော  ဒီငါးနှစ်အတွင်းမှာ ငြိမ်းချမ်းရေး မရရအောင်လုပ်မယ်လို့ သန္နိဋ္ဌာန်ချထားတာတွေကို ကျွန်တော်တို့တွေ့ရတယ်။ NSPNC ဘက်ကလည်း တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားတာ တွေ့ရပါတယ်။ သမ္မတတာဝန် ထမ်းဆောင်ချိန် ငြိမ်းချမ်းရေးကြိုး ပမ်းမှုမပြောခင် နစကလက်ထက်က   ပြန်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ် သက်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း NCA ထိုးပြီးသားအဖွဲ့တွေ နောက်နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရထားပြီးဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ၄၃ ချက်ရှိတယ်။ ဒါက NSPNC ရော၊ EAOs တွေဘက်ကရော၊ နိုင်ငံရေးပါတီတွေဘက်ကရော အားလုံးသဘောတူပြီး ဖွဲ့စည်းပုံပြင်ဆင်ဖြည့်စွက်ရေး ပုဒ်မ ၄၃ ခုပေါ့။ အဲဒီ ၄၃ ခုအပြင် နောက်တင်ပြဆဲ နောက် အချက်တွေ ရှိသေးတယ်ပေါ့ဗျာ။ ကျွန်တော်တို့သိတဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကရော၊ NLD လက်ထက်ကရော ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံတွေကနေရလာတဲ့ ဆုံးဖြတ်ချက် အချက်ပေါင်း ၅၀ ကျော်၊ ၆၀ နီးပါးလောက် ရှိတာပေါ့လေ။ အဲဒါအားလုံးကို လာမယ့်ကာလ လွှတ်တော်တွင်း ရောက်ပြီးမှအဖြေတစ်ခုထွက်လာမယ်။ လိုရင်းပြောရရင် လက်နက်ကိုင်ရတဲ့ အကြောင်းအရင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အတော်များများ ဦးတည်ချက်က ပြည်ထောင်စုက ခွဲထွက်ဖို့မဟုတ်ဘူး။ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြ ဋ္ဌာန်းပိုင်ခွင့်ဆိုတာကြောင့်  လက်နက်ကိုင်ကြတာ။ ဒါကြောင့် လက်နက်ကိုင်ကြတဲ့ အကြောင်းအရင်းကိုချုပ်ရရင် အခြေခံဥပဒေမှာ ကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းပိုင်ခွင့်ပေးရေးဘက်ကို ရောက်သွားတာပေါ့။ ဒါကြောင့် အခြေခံသည် တိုင်းရင်းသားများမျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသွားရင် လက်နက်ကိုင်ပဋိပက္ခက ချုပ်ငြိမ်းသွားနိုင်မှာပါ။
    ဒီတော့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ ပေးထားချက်တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖက်ဒရယ်ကို ရည်မှန်းတဲ့ဖွဲ့စည်းပုံဖြစ်အောင် ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်ရမယ်ဆိုပြီး မျှော်မှန်းထားတာပေါ့။ အဲဒီလိုလုပ်နိုင်ရင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းကြ ရမှာပေါ့။ အဲဒါကို ဦးတည်တဲ့အခါမှာ ကျွန်တော်တို့၊ ခင်ဗျားတို့သိထားတဲ့ ဃြဗ ပေါ့ဗျာ။ ဃြဗ ရဲ့အဓိက ဦးတည်ချက်က ကျွန်တော်တို့ နိုင်ငံတော်ကြီးကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ဖြစ်အောင် တည်ဆောက်ရေးဆိုတာ အား လုံး သဘောတူပြီးသား ဖြစ်ပါတယ်။ ဒါကို ဦးတည်ပြီးမှ တည်ဆောက်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်ကိုဦးတည် ထားသော်လည်း လက်နက် ကိုင်ပဋိပက္ခမှာပါတဲ့ အဖွဲ့တွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် လိုအပ်တာတွေ ပြင်ဆင် ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပေးထားချက်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ့်နည်း လမ်းပေါ့။ ဒီတော့ ပုဒ်မ ၄၃၆ အရ ပြင်ဆင်မှုကို လုပ်မယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခမှာပါတဲ့ ပုဂ္ဂိုလ်များ ကျေနပ်လောက်အောင် ပြင်ဆင်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ပြင်ပ နည်းလမ်းဖြစ်တဲ့ NCA နည်းလမ်း ရှိလာတာပါ။ ဒီမှာ ဆွေးနွေးပြီး၊ ဆုံးဖြတ်ပြီး လွှတ်တော်ကို တင်ပြလို့ရတဲ့နည်းလမ်းနဲ့ သွားနေတာ တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်တွင်း၊ လွှတ်တော်ပ NCA နည်းလမ်းနဲ့သွားနေတာ ပါ။ လိုရင်းက လွှတ်တော်ထဲမှာ အခြေအနေတစ်ရပ်အထိ လွှတ်တော်ထဲမှာ ပြင်နိုင်ခဲ့ရင် ရလဒ်ကောင်း တစ်ခု ထွက်လာမယ်။ ဒီလို မြန်မာနိုင်ငံတွင်းမှာ ပဋိပက္ခတွေချုပ်ငြိမ်းစေဖို့  ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို ဦးတည်တဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံအတွင်းမှာ ဆက်တိုက်လုပ်သွားနိုင်တယ်ဆိုရင် သမ္မတကြီး မျှော်မှန်းတဲ့ ငါးနှစ်တာကာလအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံး ကျွန်တော်တို့ ကြိုးစားပမ်းစားတည်ဆောက်မယ်ဆိုရင် ပြီးပြတ်သွားနိုင်ပါတယ်။ ဒါကြောင့် ရက် ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အစိုးရဘက်က ကြိုးစားမှုသည် ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရနေပြီလို့ပြော လို့ရပါတယ်။

TREND ။        ။ ဒီကာလဟာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ဟာ စုစည်းညီညွတ်မှုအားအကောင်း ဆုံးကာလလို့ ပြောလို့ရတယ်။ ဒီလိုနိုင်ငံရေးအခင်းအကျင်းမှာ ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဆောင်ရွက်ဖို့ ဘယ်လိုနည်းလမ်းမျိုးများ တွေ့မြင်နေရပါသလဲ။
Dr. A M ။        ။
ကျွန်တော်တို့က နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်မခံရခင် နစက ဥက္ကဋ္ဌအဖြစ် နိုင်ငံ့တာဝန်များကို ခေတ္တယူရတဲ့ကာလမှာ ကျွန်တော်တို့အမြင်တွေကို တင်ပြခဲ့တာ ရှိပါတယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးရပြီး နှစ် ၇၀ ကျော်ကာလမှာ ဖြတ်သန်းရတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီ။ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရဲ့တာဝန်က အင်မတန်ကြီးမားတယ်။ ဘယ်ကိုလှမ်းမှာလား၊ ညာ ကိုလှမ်းမှာလား။ တစ်နည်းအားဖြင့် နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးကို ရအောင်ယူမှာလား၊ ပြည်တွင်းပဋိပက္ခသံသရာကို ဆက်သွားကြမှာလားဆိုပြီး အဲဒီကာလက ပြောတာပါ။ လမ်းဆုံလမ်းခွကို ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအနေနဲ့ နစကကာလမှ ရောက်ရှိနေပြီ ဖြစ်တယ်။ အဲဒီကာလမှာ သုံးသပ် တာက ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို မရရအောင်ယူနိုင်မယ့် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပုံရတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ အဲဒီလိုပြောတဲ့အတိုင်းပဲ နစကအလွန် ရွေးကောက်ပွဲအပြီးမှာ ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုစွန့်ပြီး နိုင်ငံတော်သမ္မတရာထူးကို ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာလရှည် တာဝန်ကနေ ရွေးကောက်ခံ အစိုးရတစ်ရပ်ရဲ့ ခေါင်းဆောင် ဖြစ်လာတယ်။ ဒီတော့ နှစ်ပေါင်းများစွာကြာတဲ့ ပဋိပက္ခတွေကို ရပ်စေလိုတဲ့သဘောနဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းအပါအဝင် သူ့ရဲ့ ပြောကြားချက်တွေမှာ ငါးနှစ်အတွင်းမှာ ငြိမ်းချမ်းရေး မရရအောင် ယူမယ်ဆိုတာဟာ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် ရွေးကောက်ခံ သမ္မတတစ်ဦးရဲ့ ပြင်းထန်တဲ့ နိုင်ငံတော်သစ်ကို မျှော်မှန်းတဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့နိုင်ငံတော်ကို အနာဂတ်မှာ အမွေကောင်း ပေးချင်တာပါ။ အဲဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး ပြည်တွင်းပဋိပက္ခကို ရပ်ပေးမယ့် ကာကွယ်ရေဦးစီးချုပ်အငြိမ်းစား နိုင်ငံတော်အကြီးအကဲတစ်ဦးအနေနဲ့ မြန်မာ့သမိုင်းမှာရော၊ အရှေ့ တောင်အာရှ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အင်မတန်ရှည်လျားတဲ့ ပြည်တွင်းပဋိပက္ခကိုချုပ်ငြိမ်းဖို့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ အစပျိုးပြီး ငြိမ်းချမ်းရေးအစပျိုးတာဟာ အောင် မြင်မှုရာခိုင်နှုန်း အတော်များပါတယ်။
    နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲမှာပါတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိမှု၊ ပြည်ထောင်စုအစိုးရအဖွဲ့မှာ တပ်မတော်သားဝန်ကြီး သုံးပါးရှိမှု၊ တိုင်းဒေသကြီးပြည်နယ်တွေမှာ နယ်/လုံဝန်ကြီးတွေရှိမှု စသဖြင့် ပြန်ကြည့်ရင် လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့က တပ်မတော်သားများရဲ့ထောက်ခံမှုက တော်တော်အရေးကြီးတယ်။ အဲဒါကြောင့် လွှတ်တော်ပြင်ပနည်းနဲ့ နစကကာလမှာ ပြင်ဆင်ရေးအချက်တွေရဖို့ ကြိုးပမ်းခြင်းသည် ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေနဲ့ ဖွဲ့စည်း အခြေခံဥပဒေပြင်ဆင်ရေး လိုအပ်ချက်ကိုသိပြီး နက်နက်ရှိုင်းရှိုင်း၊ တာဝန်ကျေကျေ လုပ်ဆောင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လွှတ်တော်တွင်းကို ရောက်တဲ့အခါမှာ တပ်မ တော်သားတွေရဲ့ ထောက်ခံမှုနဲ့ ပြင်ဆင်နိုင်မယ့် အလားအလာဟာ မြန်မာ့သမိုင်းမှာ အကြီးမားဆုံးအောင်မြင်မှု ဖြစ်လာမယ်။ လက်ရှိ နိုင်ငံတော် သမ္မတတာဝန် ငါးနှစ်တာကာလမှာ သမိုင်းတွင်တဲ့ အောင်မြင်မှုရလာမှာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် နှစ်ရှည် ဆောင်ရွက်လာတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ ရွေးကောက်ခံနိုင်ငံတော်သမ္မတ တစ်ဦးအနေနဲ့ မြန်မာ့နိုင်ငံရေးငြိမ်းချမ်းဖို့ တစ်နည်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရေးအတွက် အင်မတန်အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေပါတယ်။

TREND ။        ။ တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်ကရော ငြိမ်းချမ်းရေးအတွက် ဘယ်လိုစဉ်းစားချက်မျိုးနဲ့ အစိုးရကို ချဉ်းကပ်ဆောင်ရွက်သင့်ပါသလဲ။
Dr. A M ။        ။
ကျွန်တော်တို့ ပြည်သူလူထုကတော့ စစ်ပန်းနေကြပြီဗျ။ လူထုဆိုတာက အစိုးရအတွက်ရော၊ လက်နက်ကိုင်အတွက်ရော အခရာကျတာကိုး။လက်နက်ကိုင်တွေဘက်ကလည်း သူ့ဆိုင်ရာ တိုင်းရင်းသားအတွက် လက်နက်ကိုင်ကြတယ်ပေါ့ဗျာ။ အဲဒီလိုပဲ နိုင်ငံတော် တည်ဆောက်တဲ့ အစိုးရများသည်လည်း လူထုရဲ့ ရွေးကောက်တင်မြှောက်ခြင်းခံရလို့ လူထုအတွက် ကောင်းမွန်တဲ့အစိုးရဖြစ်အောင် ကြိုး စားတည်ဆောက်သွားတာကိုး။ ဆိုတော့ လူထုသည် အဓိကကျတာပေါ့။ပြည်သူလူထုဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရဲ့ ဒဏ်ရာဒဏ်ချက်ကို ခံရတယ်ပေါ့။ ပြီးခဲ့တဲ့ငါးနှစ်တာကာလမှာ ဖြစ်လာတဲ့ ပဋိပက္ခတွေကလည်း ပြည်သူလူထုကို အတော်လေး လူမှုစီးပွားဘ၀ ကျဆင်းစေခဲ့တာပေါ့ဗျာ။ ဒီလိုအခြေအနေမှာ လူထုက ပဋိပက္ခတွေကို အင်မတန် ငြီးငွေ့နေပြီးတော့မှ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံကို ဦးဆောင်နိုင်တဲ့ အစိုးရတစ်ရပ်ကို လူတိုင်းနီးပါးလောက်က မျှော်လင့်နေတဲ့ကာလကို ရောက်သွားတာပေါ့။ အဲဒါကြောင့် တည်ငြိမ်တဲ့အစိုးရတစ်ရပ်ကို လိုလားတဲ့ လူထုရဲ့အားဟာ အားလုံးအပေါ်မှာ ရိုက်ခတ်တယ်။ အစိုးရ အပေါ်မှာရော၊ လက်နက်ကိုင်တွေအပေါ်မှာရောပေါ့။ ဒါကြောင့်လက်နက်ကိုင် သတိပြုရမှာက  တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ငြိမ်းချမ်းရေးကို လိုလားနေတဲ့ကာလမှာ ငြိမ်းချမ်းရေးကို လိုလားပါတယ်ဆိုတဲ့ ဘက်ကနေ တိုင်းရင်းသားအဖွဲ့အစည်းတွေ ချဉ်းကပ်ဖို့လိုပါတယ်။ ဒါကြောင့် လက်နက်နဲ့မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုကနေ အနာဂတ်ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည် ထောင်စုကြီးတည်ဆောက်ရအောင်ဆိုတဲ့ကိစ္စကို ပြောတဲ့အခါမှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနီး ပါးလောက် ပါဝင်ဆွေးနွေးညှိနှိုင်း အဖြေရအောင်လုပ်ဖို့က လက်ရှိအနေအထားမှာ တော်တော်လေးရာ ခိုင်နှုန်းများတယ်ဗျ။ ပြည်တွင်းပဋိပက္ခကို ကာလရှည်ခံလာရတဲ့ လူထုကပဲ လက်နက်ကိုင်အဖွဲ့အစည်း ကို ပြန်မောင်းနှင်လာနိုင်တဲ့ အနေအထား တွေ့လာရတယ်။ ဒါကြောင့် အားလုံးနီးပါးသော လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာဖို့ ရာခိုင်နှုန်းများတယ်။ ဘာကြောင့်လဲဆိုတော့ လက် နက်ကိုင်အဖွဲ့အစည်းတွေမှာ သက်ဆိုင်ရာလူထုရဲ့ဖိအားရှိသလို အိမ်နီးချင်းနိုင်ငံများရဲ့ ဖိအားလည်းရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ မတည်ငြိမ်မှုကြောင့် သူတို့ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေလည်း ရောင်ပြန်ဟပ်တယ်ဆိုတဲ့ဘက်နဲ့ ချဉ်းကပ်တော့ အဲဒီနိုင်ငံများရဲ့ ဖိအားလည်း လက် နက်ကိုင်အဖွဲ့များဆီမှာ ရှိတယ်။ အဲဒါကြောင့် ကျွန်တော်ထင်ပါတယ်။ လက်ရှိကာလမှာ တော်တော်များများသော လက်နက်ကိုင် အဖွဲ့အစည်းများသည် သက်ဆိုင်ရာလူထုရဲ့ ဖိအား၊ သက်ဆိုင်ရာ အိမ်နီးနားချင်းနိုင်ငံများရဲ့ဖိအားအသီးသီး ရှိကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာဖို့ များပါတယ်။ ကျန်ခဲ့ရင်တောင်မှ ဖိအားတွေကြောင့် မလွဲမသွေဖြစ်စဉ်မှာပါလာနိုင်တယ်လို့ သုံး သပ်တယ်။


TREND ။        ။ ငြိမ်းချမ်းရေးကို ပြည်သူကလည်း မျှော်လင့်တာပေါ့။ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း အကြမ်းဖက်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီ။ ဒီငါးနှစ်တာကာလကို အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို ဇောင်းပေးပြီး လုပ်ဆောင်မယ်လို့ မျှော်လင့်ထားတာကြောင့် အစိုးရကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ဘာများ တိုက်တွန်းချင်တာရှိလဲဗျ။ 
Dr. A M ။        ။
ဒီငါးနှစ်က အလွန်တရာ အရေးကြီးပါတယ်ဗျ။ အလွန်တရာအရေးကြီးလို့ အခုငါးနှစ် မတိုင်ခင်ကတည်းက ကျွန်တော်တို့က တိုက်တွန်းခဲ့တာပေါ့။ နှစ် ၈၀ နီးပါးလောက်ဖြစ်ခဲ့တဲ့ လက်နက်ကိုင် သံသရာ၊ ဒုက္ခသံသရာကြီး ရပ်တန့်သွားဖို့ ပြည်သူတွေ လိုလားတာက ပြည်တွင်းငြိမ်းချမ်းရေး။ တစ်နည်းအားဖြင့် နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ လုံခြုံမှု၊ တည်ငြိမ်မှု။ အဲဒီအတွက် အမျိုးသားပြန်လည်သင့် မြတ်ရေး ဖန်တီးပေးနိုင်တဲ့ အစိုးရဖြစ်ဖို့လိုအပ်တယ် အဲဒီအတွက် ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ နိုင်ငံရေးတည်ငြိမ်မှုရအောင် အတတ်နိုင်ဆုံး အစိုးရဘက်ကလည်း ကြိုးစားနေတာ တွေ့ရတဲ့အတွက် ကျွန်တော်တို့က အားရပါတယ်။ အစိုးရသည် အခုကာလ ငါးနှစ်မှာ ဖောင်ဒေးရှင်းကောင်းကောင်းနဲ့ ကျွန်တော်တို့ နိုင်ငံရေးတည်ငြိမ်အောင်၊ နိုင်ငံရေးညီညွတ်မှုရအောင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရအောင် တည်ဆောက်ပြီးမှ အနာဂတ်နိုင်ငံတော်၊ အနာဂတ်သားသမီးတွေ၊ အနာဂတ်မျိုးဆက်တွေအတွက် အမွေကောင်းတွေ ပေးနိုင်အောင်၊ မရရအောင် ပြည်တွင်းငြိမ်းချမ်းရေးကို ယူစေချင်တယ်။ အဲဒီလိုပဲ ကျွန်တော်တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ်နဲ့ ပတ်သက်လို့လည်း ဒီကာလမှာ ကျွန်တော်တို့အားလုံး စုပေါင်းပြီးမှ ဖော်ဆောင်သွားဖို့လိုတယ်။
 
TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 133

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64434

© 2022 - 2026 News. All Rights Reserved.