ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းအား ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ ဇွန် ၁၁
    ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးခြင်း (၄၉) နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ဇွန် ၄ ရက်က စစ်တွေမြို့ရှိ ALP စစ်ဌာနချုပ် တပ်ရင်းများတွင် ပြုလုပ်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ခိုင်မိုးလင်း ရည်မှန်းခဲ့သော ပန်းတိုင်ကို အသွင်မတူသော လမ်းကြောင်းဖြင့် ကြိုးပမ်းလျက်ရှိနေသည်ဟု ALP ထုတ်ပြန်ထားသည့် ALP ရည်မှန်းခဲ့သော ပန်းတိုင်၊ အသွင်မတူသော လမ်းကြောင်းဖြင့် ကြိုးပမ်းမှုအခြေအနေ အပါအဝင် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အ‌ပေါ် အမြင်သဘောများအား လက်ရှိ ALP ဥက္ကဋ္ဌ ‌စောမြရာဇာလင်းအား ဆက်သွယ်မေးမြန်းထားသည်။

TREND ။        ။ ALP ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးခြင်း (၄၉) နှစ်မြောက် အောက်မေ့ဖွယ် ပြုလုပ်ခဲ့ပုံနဲ့ ဥက္ကဋ္ဌ ခိုင်မိုးလင်းက ရည်မှန်းချက်ပန်းတိုင် ဘယ်လိုချမှတ်ခဲ့လဲ ပြောပြပါဦး။
SMYZL ။       
။ ALP ကို စတင် တည်ထောင်ခဲ့တာကတော့ ဥက္ကဋ္ဌ ခိုင်မိုးလင်းဖြစ်တယ်။ ဥက္ကဋ္ဌက ရည်မှန်းချက် တော်တော်ကြီးတယ်။ ရခိုင်ပြည်ရဲ့ အနေအထားက အဲဒီတုန်းက အနေအထားနဲ့ အခုအနေအထားက နည်းနည်းကွာတယ်။ အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်။ အဲဒီလိုအခြေအနေမျိုးမှာ ဥက္ကဋ္ဌတို့က တက်ကြွတဲ့ လူငယ်တွေဖြစ်တော့ တက်ကြွတဲ့ သန္နိဋ္ဌာန်တွေ ပြင်းထန်တယ်။ အဲဒီပြင်းထန်တဲ့ သန္နိဋ္ဌာန်တွေအတိုင်းပဲ အလုပ်လုပ်သွားခဲ့တာ ရှိတယ်။ ဒါကြောင့် ဒီနေ့အထိ ဥက္ကဋ္ဌအပေါ်မှာ ALP သာမက ရခိုင်ပြည်သူပြည်သားများ  အားလုံးက လေးစားကြည်ညိုမှု ရှိကြတယ်။ အခုထိဥက္ကဋ္ဌအပေါ်မှာ လွမ်းဆွတ်တမ်းတတာတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့  ရခိုင်ပြည် လွတ်မြောက်ရေးပါတီအနေနဲ့ ဥက္ကဋ္ဌ ကျဆုံးသွားတဲ့ (၄၉) နှစ်မြောက်ကို အကျဉ်းချုပ်ပြီးတော့ ပြုလုပ်ရတာ ဖြစ်တယ်။ ကာလဒေသ အခြေအနေ အမျိုးမျိုးကြောင့်ပေါ့။ အဲဒီမှာဥက္ကဋ္ဌ ပြောခဲ့တာက ရခိုင်ပြည် လွတ်လပ်ရေးရတဲ့ ရခိုင်တပ်မတော်ကို တည်ထောင်ကြရမယ်။ အဲဒီလိုမျိုး ပြောခဲ့တယ်။ ရခိုင်ပြည်လွတ် လပ်ရေးသည် လက်နက်ကိုင်တော်လှန်ရေးမှတစ်ပါး အခြားမရှိ။ ရခိုင်ပြည်လွတ်မြောက်ရေးသည် တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုအပေါ်တွင် မူတည်သည်။ ရန်သူ့ထံလက်မြှောက် အရှုံးပေးခြင်းသည် အပြစ်မဲ့ ပြည်သူများအပေါ် ခွင့်မလွှတ်နိုင်သည့် ပြစ်မှုကို ကျူးလွန်ရာရောက်တယ်။ ရခိုင်ပြည် လွတ် မြောက်ရေးအတွက် အဖိနှိပ်ခံပြီး ပြည်သူများနဲ့ လက်တွဲကြ။ ရခိုင်သားအားလုံး တစ်မိသားပမာ ချစ်ခင်ကြ။
    စသည်အားဖြင့် အချက်ခြောက်ချက်လောက်ကို ဥက္ကဋ္ဌကြီး ရေးထားခဲ့တယ်။ အဲဒါကို အခုထိ လူတွေက သတိရနေကြဆဲ အဲဒီလိုမျိုး ဖြစ်တယ်။ ဆိုတော့ အများအားဖြင့်က ရခိုင်တွေရဲ့ စိတ်ထဲမှာ၊ ရခိုင်တွေရဲ့ အာသီသထဲမှာ လွတ်လပ်ရေးဆိုတဲ့ စဉ်းစားချက်တွေကို အခုထိရှိနေကြတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ ဆိုလို့ရှိရင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို ရောက်လာတယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို ရောက်လာတာ ဘာကြောင့်ရောက် လာလဲလို့ဆိုလို့ ရှိရင် မြန်မာနိုင်ငံရဲ့သမိုင်း၊ လွတ်လပ်ရေး တိုက်ပွဲအပြီးမှာ လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ ပဋိပက္ခတွေဟာဆိုလို့ရှိရင် အခုထိ အဆုံးမသတ်သေးဘူး။ တိုင်းရင်း သားတွေကလည်း ကိုယ့်ကြမ္မာ ဖန်တီးရေးဆိုတဲ့ မူအပေါ်မှာ မူတည် ပြီးတော့ တိုင်းရင်းသားတွေ တိုက်ပွဲဝင်ကြတယ်။ တိုင်းရင်းသားတွေ တိုက်ပွဲဝင်တာကို အစိုးရဘက်က ကြည့်လိုက်ပြန်တော့လည်း ခွဲထွက်ရေးဆိုပြီးတော့မှ မြင်တယ်။ အဲဒီလို အမြင်တွေကြားမှာ ညှိနှိုင်းလို့မရခဲ့ရဘူး။ ညှိနှိုင်းလို့ မရခဲ့ကြတဲ့အတွက် တိုက်ပွဲသံသရာဟာ အများကြီး ရှည်ကြာလာတယ်။ အခုထိလည်း ရှည်ကြာနေ ဆဲဖြစ်တယ်။
    အဲဒီလို ရှည်ကြာနေတဲ့ကာလမှာပဲ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ လက်နက်ကိုင်ထား၊ ငြိမ်းချမ်းရေးစကား ပြောရအောင်ဆိုပြီးတော့မှ ငြိမ်းချမ်းရေး စကားကို ကမ်းလှမ်းလာတဲ့အခါမှာ တိုင်း ရင်းသားလက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာဆိုလို့ရှိရင်  ငြိမ်းချမ်းရေးစကားပြောမယ် ဆိုပြီး တော့မှ စားပွဲဝိုင်းကို စိတ်နှလုံးရွှင်ပြုံးစွာနဲ့ပဲ ရောက်လာခဲ့ကြတယ်။ အဲဒီလို ရောက်လာခြင်းကလည်း NCA လို့ခေါ်တဲ့ Nationwide Ceasefire Agreement ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။ အဲဒီနောက် ပိုင်းမှာ၊ ၂၀၂၀ ရဲ့ နောက်ပိုင်းမှာတော့ ပုံစံတစ်မျိုး ပြန်ဖြစ်သွားတယ်။ ဒါကို အားလုံး သုံးသပ်ကြည့် လိုက်တဲ့အခါမှာ စစ်ကို စစ်နဲ့ ဖြေရှင်းတယ်၊ စစ်ကိုစစ်နဲ့ ဖြေရှင်းတယ်ဆိုတဲ့ စဉ်းစားချက်၊ ယူဆချက်၊ လုပ်ဆောင်ချက်တွေဟာ ဆိုလို့ရှိရင် NCA ရဲ့ လမ်းကြောင်းနဲ့ သွေဖည်တယ်။ NCA ရဲ့ လမ်းကြောင်းမှာ ဆိုရင် စစ်ကိုစစ်နဲ့ မဖြေရှင်းဘူး ဆိုတဲ့အချက်က အရေးတကြီး ပါခဲ့တယ်။ ဒီနေ့ကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ အများကြီး ဖြစ်နေတယ်။ ဒါကို ကျွန်မတို့က ငြိမ်းချမ်းအောင်လုပ်ဖို့ဆိုတဲ့ စကားနဲ့ ကမ်းလှမ်းတယ်။ စည်းရုံးတယ်။ ကိုယ့်ရဲ့ အင်တာဗျူးတွေမှာလည်း ငြိမ်းချမ်းရေးအပေါ်မှာ မူတည်တယ်၊ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဖို့အတွက်ပဲ ကျွန်မတို့က အမြဲတမ်းတိုက်တွန်းတာ ရှိတယ်။ 


TREND ။        ။ ပါတီဥက္ကဋ္ဌ ခိုင်မိုးလင်းရဲ့ ပန်းတိုင်ကို အသွင်မတူသော လမ်းကြောင်းနဲ့ ALP ကြိုးပမ်းနေတယ်လို့သိရပါတယ်။ အသွင်မတူသော လမ်းကြောင်းဆိုတာက ဘယ်လိုနည်းလမ်းလဲ ရှင်းပြပေးပါဦး။
SMYZL ။        ။
ကျွန်မတို့အားလုံးက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ ကိုယ့်တိုင်းပြည်ကို ဖန်တီးနိုင်တို့ကို  ကျွန်မတို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန် မှာဆိုရင် လွတ်လပ်ရေးဆိုတဲ့ စကားကို ကျွန်မတို့ ပြောဖို့ရာထက် တိုင်းရင်းသားအားလုံးက ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကို ပြောလာကြတယ်။ ဖက်ဒရယ်စနစ်ကို အခြေခံတယ်။ ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတာကို ပြောလာကြတယ်။ ဖက်ဒရယ်ဆိုတာ ကိုယ့်ရဲ့ အဝန်းအဝိုင်းမှာ ကိုယ်လွတ်လပ်မှု ရှိတယ်။ နိုင်ငံပဲ့ထွက်သွားမှာ မဟုတ်ဘူး။ အဲဒီလို ခံယူရပ်တည်ချက်နဲ့ ပြောလာကြတော့ ဒီစကားကို ကျွန်မတို့ ဥက္ကဋ္ဌက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တယ်လို့ ပြောခဲ့ပါငြားသော်လည်း အများနဲ့ တန်းတူညီမျှဖို့ အတွက်ကို ကြိုး စားတဲ့အခါမှာ ဥက္ကဋ္ဌက ဖက်ဒရယ်စနစ်ကို မဒတ(အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု) မှာ ချခဲ့တဲ့ ခေါင်းဆောင်ထဲမှာ ကျွန်မတို့ ဥက္ကဋ္ဌ ပါခဲ့တယ်။ အဲဒီလို တပ်ပေါင်းစုမှာ ဖက်ဒရယ်စနစ်ကို ချီတက်ဖို့အတွက် စားပွဲဝိုင်းမှာ စဉ်းစားကြတဲ့အထဲမှာ ဥက္ကဋ္ဌပါခဲ့တယ်။ အဲဒါကြောင့် ဥက္ကဋ္ဌ ရဲ့ ရည်မှန်းချက်ဟာလည်း လွတ်လပ်ရေးလို့တော့ ပြော ခဲ့တာ ရှိတယ်။ တိုင်းပြည် လွတ်လပ်ဖို့အတွက်ကို အာသီသ ပြင်းပြစွာနဲ့ တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမဲ့ တစ်တိုင်းပြည်လုံးအတွက်ကို ကြည့်တဲ့အခါမှာ အဆင့်နိမ့်ခံလူတန်းစားတွေလို့ အဲဒီအချိန်က သုံးနှုန်းခဲ့ကြတယ်။ တိုင်းရင်းသားအားလုံးနဲ့ လက်တွဲရမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ တိုင်းရင်းသားအားလုံးဟာ အတူတူ တန်းတူရည်တူ အခွင့်အရေးရမယ်ဆိုတဲ့ စဉ်းစားချက်တွေဟာ ဥက္ကဋ္ဌမှာရှိခဲ့တယ်။ အဲဒါကြောင့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုကို တည်ဆောက်တဲ့အခါမှာ ဥက္ကဋ္ဌရဲ့ သဘောထားတွေနဲ့ပဲ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ အတွက်ကို အဲဒီအချိန်ကပဲ မူချမှတ်ခဲ့တယ်လို့ ကျွန်မတို့ သိရတယ်။ ‌ဒါကြောင့် ကျွန်မတို့က အမျိုးသားတစ်ရပ်လုံးက လိုလားနေကြတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ပြောတဲ့ ကိုယ့်ကြမ္မာ ဖန်တီးခွင့်ပေါ့။ အသွင်မတူတဲ့ လမ်းကြောင်းဆိုတာက ကျွန်မတို့က တိုက်ပွဲနဲ့မသွားဘူး။ ညှိနှိုင်းပြီးတော့မှ သွားမယ်။ အဓိက ပြောလိုခြင်းသည် နောင်အနာဂတ်၊ တစ်ချိန်ချိန်မှာ တိုင်းရင်းသား အားလုံး သာတူညီမျှဖြစ်မယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက် နိုင်ပြီဆိုရင် ပြည်မနဲ့ပြည်နယ်နဲ့ကြားမှာ ပဋိပက္ခဆိုတာ မရှိနိုင်တော့ဘူး။ တစ်တိုင်းပြည်လုံး အေးချမ်းသာယာနိုင်မယ့် လမ်းကြောင်းထဲမှာ ကျွန်မတို့ ပျော်ချင်တယ်။

 

TREND ။        ။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ပြောပါပြဦး။
SMYZL ။        ။
ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကတော့ တိုက်ပွဲက ပြင်းထန်ခဲ့တယ်။ အခုက ရခိုင်ရဲ့အခြေအနေက လေလှိုင်းပေါ်မှာ တိုက်ပွဲတွေကတော့ ပြင်းထန်နေတယ် ဆိုပေမယ့် မြေပြင် အဲဒီလောက်ထိ ပြင်းထန်တဲ့ အနေအထားတော့ မရှိဘူး။ ရခိုင်ပြည်သူပြည် သားတွေရဲ့ အခက်အခဲတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်ကြောင့် ဒုက္ခရောက်ရတာကို ပြည်သူအားလုံး နားလည်လာကြတယ်။ အားလုံးက စစ်ရဲ့အနိဋ္ဌာရုံတွေကို ခံစားနေကြရတယ်။ ရခိုင်ပြည် မြို့တိုင်းနီးပါးလိုလိုမှာပါ။ ကျွန်မတို့ ဆိုလို့ရှိရင် အခု စစ်တွေမြို့မှာ အခြေစိုက်တယ်။ စစ်တွေမြို့မှာ အခြေစိုက်ပေမယ့် စစ်ဘေးဒဏ်ကို စစ်တွေမြို့က ခံရတယ်။ ကုန်ဈေးနှုန်းက အဆမတန်ကြီးတယ်။ ပြည်သူတွေက လုပ်ကိုင်စားသောက်စရာ နေရာမရှိဘူး။ အဲဒါတွေအားလုံးဟာ စစ်ရဲ့ဒဏ်ဖြစ်တယ်။ ဒါပေမဲ့ စစ်ဘေးစစ်ဒဏ် ခံစားနေကြရတယ် လို့ပြောရင် အဲဒါကို စစ်ကို တပ်မက်မက်မောတဲ့ လူတွေက စစ်ကြောင့်ဖြစ်တယ်ဆိုတာကို လက်မခံဘူး။ ရခိုင်မှာက စစ်ကိုမုန်းတီးဖို့ ပြောတယ်ဆိုရင် အဲဒီလို ပြောတဲ့လူတွေကိုပဲ အဓိက မုန်းတီး နေကြတာ။ ပြည်သူကြားမှာက အခက်အခဲတွေ အများကြီး ဖြစ်နေကတော့ ငြိမ်းချမ်းရေးကို အားလုံးက လိုလားရလိမ့်မယ်လို့ ယုံကြည်တယ်။ စစ်ကို ဘယ်လောက်ပဲ တိုက်ချင်ပါတယ်လို့၊ စစ်ပွဲကို မက်မောတဲ့ လူတွေ ဘယ်လိုပဲပြောပြော အဲဒီလို ပြောနေတဲ့သူတွေက Online သုံးဖို့ ရနေတဲ့ နယ်စပ်‌ဒေသတွေမှာ ရောက်နေကြတယ်၊ နိုင်ငံခြားမှာ ရောက်နေကြတယ်။ အဲဒီလို နိုင်ငံခြားတို့၊ နယ်စပ်တို့ ရောက်နေကြတဲ့ သူတွေကပဲ စစ်ကိုပံ့ပိုးပေးနေတာ။ ရခိုင်ပြည်သူတွေက စစ်ကို မလိုလားတော့ဘူး၊ စစ်ရဲ့ဒဏ်ကို ပြည်သူအားလုံးက ခံစားနေကြရတယ်။ ငတ်မွတ်ခေါင်းပါးမှုတွေ အများကြီး ဖြစ်တယ်။ တွေ့ရှိသလောက်ဆိုရင် ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ အများကြီး ရင်ဆိုင်ကြရတယ်။ စီးပွားရေးအကျပ်အတည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်။ ကျန်းမာရေးအခက်အခဲတွေ အများကြီးရှိတယ်။ ကလေးသူငယ်တွေ ပညာ သင်ကြားရေးကလည်း အများကြီး အခက်အခဲရှိနေတယ်။ စစ်ကြောင့် ပြည်သူတွေက တကယ့်ကို ဒုက္ခသုက္ခတွေ ခံစားနေကြရပါတယ်။ ရခိုင်ပြည်သူ‌တွေက စစ်ပွဲကို အမြန် ပြီးချင်နေကြပြီ။  မိသားစုတွေ သေတာ၊ ကျေတာ ဘယ်လောက် ရှိနေပြီလဲ၊ ဘယ်နေရာမှာ ရောက်နေပြီလဲ၊ ကိုယ့်ရဲ့သားသမီးတွေ တကွဲတပြားစီဖြစ်ရတာ အများ ကြီး ဒုက္ခရောက်နေကြတယ်။ လူတိုင်းလူတိုင်းမှာဆိုရင် သက်တမ်းစေ့ နေချင်ကြတဲ့သူတွေချည်းပဲ။ အဲဒီအထဲမှာ စစ်ကြောင့် သေကျေပျက်စီးကြရတဲ့သူတွေဆိုတာ ရခိုင်ပြည်မှာ အများကြီး ရှိနေတယ်။ ဒါကြောင့် စစ်ကို တပ်မက် တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တွေနဲ့  စိတ်ဓာတ် ခံယူချက်အရ သွားရာလမ်းကြောင်းအရ ကျွန်မတို့ရဲ့ကြားမှာ ပဋိပက္ခရှိတယ်။

TREND ။        ။  AA ယာယီစိုးမိုးထားတဲ့ နယ်မြေက ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ အခြေအနေကို သိရသလောက် ပြောပြပါဦး။
SMYZL ။        ။
သာမန်လူတန်စားတွေကတော့ စစ်ဖြစ်တာ မကြိုက်ဘူး။ စစ်ကို မြန်မြန် ပြီးစေချင်တယ်။ ဒါပေမဲ့ နိုင်ငံရေးအရ လွှမ်းမိုးမှုတွေအောက်မှာတော့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတယ်ဆိုတဲ့ လွမ်းမိုးမှုတွေအောက်မှာ သူတို့ ရုန်းထွက်လို့ မရ ကြဘူး။

TREND ။        ။ AA သွားနေတဲ့ လမ်းကြောင်းကရော ဘာကိုဦးတည်နေလဲ သုံးသပ်ပပြါဦး။
SMYZL ။       
။ လူပြိန်းအားလုံးကတော့ သဘောကျကြပါတယ်။ သူတို့ပြောတဲ့ အာရက္ခအိပ်မက်ဆိုတာကို  သာမန်လူတန်းစားတွေ အများအားဖြင့် သဘောကျကြတယ်။ သူတို့ကလည်း ရခိုင်ပြည်လွတ်လပ်ရေးဆိုတာကို ပြောတယ်။ ‌ဒါပေမဲ့ ခွဲမထွက်ဘူးလို့ ပြောတာတွေ့ ရသလို၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတယ်လို့လည်း ပြောထားတာရှိတော့ သူတို့ရဲ့ရပ်တည်ချက်ကတော့ နှစ်မျိုးပြောတာတွေ့ ရတယ်။ တစ်ခါတစ်ခါကျတော့ ခွဲထွက်မယ်လို့ သူတို့မပြောဘူးလို့ ပြောထားတာရှိသလို ထိုနည်းလည်းကောင်းပဲ ရခိုင်ပြည်လွတ်လပ်ရမယ်ဆိုတာလည်း ပြောတာရှိတယ်။ အခုကတော့ သူတို့က တိုက်ပွဲဝင်နေတယ်။ ဆိုတော့ သူတို့ရဲ့ ဦးတည်ချက်က သူတို့ပဲသိမှာပါ။ သူတို့ရဲ့စကားကို သူတို့ရဲ့လုပ်ရပ်နဲ့ပဲ အဆုံးအဖြတ်ပေးမှာပါ။ ကျွန်မအနေနဲ့ ဆိုးသည်ကောင်းသည် မပြောလိုဘူး။ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် တိုက်ပွဲဝင်နေသူ အားလုံးသည် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စားပွဲဝိုင်းမှာတော့ အားလုံးဆုံဖို့တော့ လိုအပ်တယ်။ အားလုံးဆုံနိုင်ဖို့ အချိန်ကလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျရောက်လာလိမ့်မယ်လို့ ယုံကြည်တယ်။

TREND ။        ။ AA ငြိမ်းချမ်းရေးလမ်းကြောင်း စားပွဲဝိုင်းပေါ် ရောက်လာနိုင်ချေ ဘယ်လိုအခြေအနေမှာ ဖြစ်နိုင်မလဲ၊ 
SMYZL ။        ။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စားပွဲဝိုင်းကို ရောက်လာကြရမယ်‌ဆိုပြီးတော့ အရင်လည်း ကျွန်မ ပြောဖူးပါတယ်။ ဆိုတော့ အစိုးရဘက်ကလည်း စည်းရုံးရေး နည်းလမ်းတွေကို ဘယ်လို ချဲ့ထွင်မလဲဆိုတာတော့ မပြောနိုင်သေးဘူး။ အဓိကက AA က MNDAA တို့၊ TNLA တို့၊ KIA တို့နဲ့ မဟာမိတ်အနေနဲ့ ရှိခဲ့ကြတယ်။ ရှိခဲ့ကြတော့ အခုဆိုရင် TNLA ကလည်း အစိုးရနဲ့စကားပြောနေပြီ။ MNDAA ကလည်း အဲဒီလိုပဲ။ 'ဝ'ဆိုရင်လည်း အင်မတန် လိမ္မာပါးနပ်တယ်။ AA ခေါင်းဆောင်က ပါးနပ်သူဖြစ်တော့ သူတစ်နေ့နေ့ တစ်ချိန်ချိန်မှာ စားပွဲဝိုင်းကို မရွေးချယ်ဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ သူ့ပေါ်လစီက ဘယ်လို ပြောင်းလဲလာမလဲ မပြောနိုင်ဘူး။ ကျွန်မအနေနဲ့ကတော့ သူများ အကြောင်းကို မဝေဖန်ချင်ဘူး၊ မသုံးသပ်ချင်ပါဘူး၊ သူ့ လမ်းစဉ်နဲ့သူလို့ပဲ ပြောချင်ပါတယ်။

TREND ။        ။ ALP ကို ဝေဖန် တိုက်ခိုက်နေတာတွေ အွန်လိုင်းပေါ်မှာ မကြာခဏ တွေ့နေရပါတယ်။ ဒီအပေါ် ဘယ်လိုတုံ့ပြန်ချင်လဲ။
SMYZL ။        ။
တိုက်ခိုက်တာတွေကတော့ အများကြီးပါပဲ။ အကောင်းကို တင်လို့ရှိရင်လည်း ဟို တိုက်ခိုက်တဲ့လူကတော့ နည်းလမ်းမျိုးစုံနဲ့ ဖရုဿဝါစာပေါ့လေ။ အဲဒီလို စကားမျိုးတွေနဲ့ အများကြီး တိုက်ခိုက်တယ်။ အကောင်းတင်ရင်လည်း တိုက်ခိုက်တယ်။ မကောင်းတင်ရင်လည်း တိုက်ခိုက်တယ်။ အဲဒါကတော့ သူများဘာပဲလုပ်လုပ် မကောင်းမျက်စိနဲ့ ကြည့်နေတဲ့ အုပ်စုကြီးတစ်စုက ရခိုင်မှာရှိနေတယ်။ အဲဒီအုပ်စုကြီးက အမြဲတမ်းလိုလို ALP ဘက်ကို တိုက်ခိုက်နေတာရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ ကတော့ တိုက်ခိုက်တယ်ဆိုတာ နိုင်ငံရေးလုပ်တဲ့ ခေါင်းဆောင်တော်တော်များများခံရတဲ့ သဘော သဘာဝပဲ။ အဲဒါကြောင့် ကျွန်မတို့က တိုက်ခိုက်တဲ့လူက တိုက်ခိုက်ပါစေ။ တိုက်ခိုက်တဲ့လူတွေကို ကြည့် လိုက်တဲ့အခါမှာလည်း ဘယ်လိုလူတွေ ဖြစ်လဲဆိုတော့ ရခိုင်ပြည်ရဲ့ ပြည်ပတစ်နေရာကို ရောက်နေကြ တဲ့လူတွေ တော်တော်များတယ်။ အဲဒီလိုလူတွေက အများကြီး တိုက်ခိုက်တာတွေရှိတယ်။ ဖရုဿဝါစာပေါ့။ ပြီးရင် စာလုံးပေါင်းနဲ့ သတ်ပုံတွေကအစ မမှန်ဘူး။ အဲဒီလိုလူတွေ အများကြီးပါတယ်။ တိုက်ခိုက်နေတဲ့ ၁၀ ရာခိုင်နှုန်း လောက်ကတော့ စာတတ်ပေတတ် အသိတရားရှိတဲ့ သူ‌တွေက တိုက်ခိုက်တာတွေ ရှိတယ်။ အဲဒီလို တိုက်ခိုက်နေတာတွေကလည်း ALP ဘာပဲလုပ်လုပ်  တိုက်ခိုက်မယ်။ စောမြရာဇာလင်း လုပ်တယ်ဆိုရင် တိုက်ခိုက်မယ်။ အဲဒီလို ALP ကို တိုက်ခိုက်နေလို့ ကျွန်မတို့က ခေါင်းငိုက်သွားဖို့ မရှိဘူး။ ကိုယ်လုပ်တဲ့အလုပ်ကို လုပ်သွားမှာပဲ။ ကိုယ်ပြောရမယ့် စကားကို ပြောသွားမှာပဲ။

TREND ။        ။ ဘာကြောင့် ALP ကို တိုက်ခိုက် နေကြတာလို့ထင်လဲ။
SMYZL ။        ။
တိုက်ခိုက်တယ်ဆိုတာက ရခိုင်တော်တော်များများက လွတ်လပ်ရေးဆိုတဲ့ အာသီသအပေါ်မှာ အခြေပြုပြီးတော့မှ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားတဲ့ ALP ကို တိုက်ခိုက်တာ။ အထူးသဖြင့်ဆိုရင် ကျွန်မတို့က အစိုးရနဲ့ပူးပေါင်းပြီးတော့ သစ္စာဖောက်တယ်ပေါ့။ သစ္စာဖောက်တယ်ဆိုတာ ဘယ်လိုဟာကို ပြောတာလဲ။ ကျွန်မတို့က ဒီနေ့အထိ တိုင်းပြည်အတွက်၊ ရခိုင်ပြည်နယ်အတွက်သာမက မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့အတွက်ကို စိတ်ကောင်း၊ စေတနာကောင်းနဲ့ အလုပ်လုပ်နေကြတာ။ အဲဒါကို သူတို့တစ်တွေက မကောင်းမျက်စိနဲ့ မြင်တာ။ အဲဒီအပေါ်မှာ ကျွန်မတို့ကို တိုက်ခိုက်တာ။ အဓိက ကျွန်မတို့က တိုက်ပွဲဝင်ရမှာပေါ့လေ။ သူတို့တစ်တွေရဲ့ယူဆချက်က ကျွန်မတို့ တိုက်ပွဲဝင်ရမယ်။ လက်နက်ကိုင်တော်လှန်ရေးကို တိုက်ရမယ်၊ သွားရမယ်ဆိုတာမျိုး သူတို့တစ်တွေက ဖြစ်စေချင်တာ။ အဲဒီလို ဆန္ဒတွေကြောင့် ကျွန်မတို့ကို ဆဲနေကြတာ။ အဲဒီလို ဆဲနေကြတဲ့သူတွေက တိုက်ပွဲထဲမှာ ရှိလားဆိုတော့ မရှိဘူး။ သူတို့တစ်တွေက မြေပြင်နဲ့အဝေးကြီးကနေပြီး ပြောနေကြတာ။ ဒါပေမဲ့ ကျွန်မ တို့ကတော့ ခေါင်းမငိုက်ပါဘူး။ နိုင်ငံရေးမှာ မြင့်တဲ့ အပင်က လေတိုက်ခံရတာ သဘာဝပဲ၊ အဲဒါကို ကျွန်မ တို့က ထည့်မတွက်ဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကို တည့်တည့်လုပ်မယ်။ ကိုယ်ပြောရမယ့် စကားကို တည့် တည့်ပြောမယ်။ ဒီလို သတ္တိရှိရှိနဲ့ ရင်ဆိုင်နေတာဖြစ်တယ်။

TREND ။        ။ အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ တွေ့ဆုံဆွေးနွေးရေး အခင်းအကျင်း အလားအလာ သုံးသပ်ပြပါဦး။
SMYZL ။        ။
အစိုးရကိုရော၊ EAO? ERO တွေရော ကျွန်မအမြဲတမ်းပြောနေတဲ့စကား ရှိပါတယ်။ ကျွန်မတို့တစ်တွေ အားလုံးက ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေကို စားပွဲဝိုင်းမှာ ပြောရဲရမယ်။ စားပွဲဝိုင်းမှာတော့ မပြောဘူး။ နောက်ကွယ်မှာ တစ်မျိုးရှိတယ်။ ရှေ့မှာတော့ ပုံစံတစ်မျိုး ဖြစ်လို့တော့ မရဘူး။ ကိုယ်ပြောချင်တာ၊ ကိုယ်ဖြစ်စေချင်တာကို ပွင့်ပွင့်လင်းလင်း ပြောရမယ်။ အစိုးရဘက်ကလည်း ဘယ်လောက်ကို ပေးမယ်ဆိုတာကို အမှန်တကယ် ပြင်ဆင်ထားဖို့လိုတယ်။ အစိုးရဘက်မှာလည်း ယတိပြတ် ထွက်ဆွေးနွေးထားဖို့လိုတယ်။ အစိုးရဘက်ကလည်း လျှော့သင့်တာတွေ လျှော့ရမယ်။ EAO ဘက်ကလည်း ‌လျှော့သင့်တာကို လျှော့ရမယ်။ နှစ်ဖက်လုံး Win-Win Policy မလုပ်ဘူးဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ကတော့ ဒီအတိုင်းပဲ ဆက်သွားနေလိမ့်မယ်။ အဲဒါကြောင့်မို့လို့ ရှေ့ကို ဒီတိုင်းပြည်သာ ယာဝပြောချင်တယ်ဆိုလို့ရှိရင် ပြည်သူ့မျက်နှာကို ကြည့် ပြီးတော့မှ အစိုးရဘက်ကရော၊ EAO / ERO  တွေဘက်ကရော အားလုံးက သဘောထားကြီးစွာနဲ့ အလုပ်လုပ်မှဖြစ်မယ်။ ဘာကြောင့် ဒီလိုဖြစ်ရလဲ ဆိုလို့ရှိရင် အများအားဖြင့်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆန္ဒထဲမှာ ကိုယ်တို့တိုင်းပြည်ကို ကိုယ်တို့ စီမံခန့်ခွဲချင်တယ်၊ ကိုယ်တို့အုပ်ချုပ်ချင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲဒီအာသီသ ဖြစ်နေပြီ ဆိုလို့ရှိရင် ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်ဖို့ နည်းလမ်းပေါင်းစုံကို ရှာရမယ်။ အိန္ဒိယနိုင်ငံမှာ မဟာရာဇာပေါင်း ၅၆၀ ရှိတဲ့  ပြည်နယ်တွေကို အားလုံးကို ညှိနှိုင်းပြီးတော့မှ အိန္ဒိယဆိုတဲ့ တိုင်းပြည်ကြီးကို တည်ဆောက်နိုင်ခဲ့ကြတယ်။ ကျွန်မတို့တိုင်းပြည်မှာဆိုလို့ရှိရင် ပြည်နယ်ခုနစ်ခုပဲ ရှိတယ်။ အဲဒီပြည်နယ်တွေ အားလုံးကို ညှိနှိုင်းနိုင်ရမယ်။ လူမျိုးကြီး ရှစ်မျိုး၊ အဲဒီလူမျိုးကြီးရှစ်မျိုးက ခေါင်းဆောင်တိုင်း ခေါင်းဆောင်တိုင်း၊ တိုင်းရင်း သားခေါင်းဆောင်တွေအနေနဲ့ ကျွန်မတို့ စားပွဲဝိုင်းမှာ အတူတူထိုင်ပြီးတော့မှ ညှိနှိုင်း တယ်ဆိုလို့ရှိရင် ဒီတိုင်းပြည်ကြီးက မပြိုပျက်ဘူး။ ကိုယ့်အတ္တ၊ သူ့အတ္တတွေနဲ့ သွားနေမယ် ဆိုလို့ရှိရင်တော့ ဒီတိုင်းပြည်ရဲ့ အနာဂတ်က အခက်အခဲရှိပါတယ်။ ဒီတိုင်း ပြည်ကို သတ္တိရှိရှိနဲ့ ပြောင်းလဲဖို့ လိုပါတယ်။ သတ္တိရှိရှိနဲ့ ပြောင်းလဲဖို့အတွက်ကို ကျွန်မတို့ ပါဝင်ပတ်သက်နေတဲ့ လူတွေအားလုံးကို ကျွန်မက တိုက်တွန်းပါတယ်။ စိတ်ရှည်ဖို့တော့ လိုပါတယ်။ ရက် ၁၀၀ အတွင်း မှာကတော့ အားလုံး အကောင်အထည်ပေါ်လာနိုင်ဖို့တော့ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ရက် ၁၀၀ နဲ့ မပြီးဘူးဆိုရင် ရက်ဘယ်လောက်ထားမလဲ၊ ဒါကို နိုင်ငံတော်အစိုးရဘက်က ရေရှည်လုပ်ငန်းတွေ ရှိမှာပါ။ Option တွေ အစိုးရဘက်မှာ ရှိပါလိမ့်မယ်။ ရက် ၁၀၀ နဲ့ မရဘူးဆိုရင် နောက် Option က ဘာရှိမှာလဲ။ အဲဒါမျိုးတွေ အစိုးရဘက်မှာ စဉ်းစားထားတာတွေ ရှိမှာပါ။ ပြီးတော့ ရက် ၁၀၀ အတွင်း မပြီးဘူးဆိုတာ အစိုးရဘက်က မသိတာမဟုတ်ဘူး။ သိတယ်၊ ဒါပေမဲ့ ဒါက အစိုးရက ထုတ်ပြလိုက်တာ ပေါ့။ ရက် ၁၀၀ အတွင်းမှာ ဘယ်လောက်အထိ လာကြမလဲ၊ မလာနိုင်ဘူးဆိုတာလည်း သူတို့သိတယ်။ ဒါပေမဲ့ ရှေ့ကို ဘယ်လို Option တွေ သုံးလာမလဲဆိုတာ အစိုးရမှာ တွက်ချက်ထားတာ ရှိလာနိုင်တယ်လို့ ကျွန်မခံယူထားတယ်။ ရက် ၁၀၀ မရရင် ရက် ၂၀၀ လား၊ ရက် ၃၀၀ လား စသည်အားဖြင့် ဥပမာ တစ်နှစ်လား အဲဒီလို အနေအထားအထိ ပုံစံမျိုးစုံနဲ့ EAO? ERO  တွေကို ချဉ်းကပ်ဖို့အတွက် အစိုးရမှာ စဉ်းစားထားတာတွေ ရှိနိုင်ပါတယ်လို့ သုံးသပ်ချင်ပါတယ်။  ညီသစ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 41

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62791

© 2022 - 2026 News. All Rights Reserved.