ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်နှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ ဩဂုတ် ၁၄

ကျောက်မျက်ရတနာဈေးကွက်က ပြည်တွင်းဈေးကွက်လည်း ဖွံ့ဖြိုးဖို့လိုသလို ပြည်ပဈေးကွက်မှာလည်း နေရာရအောင်ယူနိုင်ဖို့ လိုအပ်တယ် . . .

    ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် ပဉ္စမ အကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် ရတနာအချောထည်အရောင်းပြပွဲကို သြဂုတ် ၆ ရက်မှ ၉ ရက်ထိ ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်တွင် လေးရက်ကြာ ခင်းကျင်းပြသခဲ့သည်။ အဆိုပါပြပွဲတွင် ကျောက်မျက်ရတနာ ဆိုင်ခန်းပေါင်း ၁၅၀ ခန့် ပါဝင်ပြသခဲ့ပြီး စိတ်ပါဝင်စားသူများဖြင့် စည်ကားခဲ့သည်။  ကျောက် မျက်ရတနာ အချောထည်ပြပွဲကျင်းပရခြင်းနှင့် လတ်တလော ကျောက်မျက်ရတနာဈေးကွက် အခြေအနေများနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ 


TREND    ။    ။ ပဉ္စမအကြိမ်မြောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နဲ့ ရတနာအချောထည် အရောင်းပြပွဲကျင်းပရတဲ့ ရည်ရွယ်ချက်အကြောင်းအရာလေး ရှင်းပြပေးပါဦး။ 
UAKZ    ။    ။
ဒီကျောက်မျက်ရတနာပြပွဲ (YGJF-2026)ကို ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးပြီး လေးရက်ကြာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကျောက်မျက်ရတနာကို ချစ်မြတ်နိုးသူများ၊ ရတနာကုန်သည်များ၊ ပြည်တွင်းပြည်ပက ကျောက်မျက်ရတနာ ဝယ်ယူစုဆောင်းသူများ၊ ကျောက်မျက်နဲ့ပတ်သက်တဲ့ လူတိုင်းအတွက် များစွာ အကျိုးဖြစ်ထွန်းစေတဲ့ ပြပွဲတစ်ခုလည်း ဖြစ်ပါတယ်။  


TREND    ။    ။ ဒီပြပွဲမှာ ဆိုင်ခန်းပေါင်း ဘယ် နှခန်း ပါဝင်ပြသထားလဲဆိုတာကိုလည်း ရှင်းပြပေးပါဦး။ 
UAKZ    ။    ။
ပဉ္စမအကြိမ်မြောက်ပြပွဲမှာတော့ ဆိုင်ခန်းပေါင်း ၁၅၀ခန့် ပါဝင်ပြသခဲ့ပါတယ်။ ပြည်တွင်းက  စိတ်ပါဝင်စားသူတွေ လာရောက်လေ့လာခဲ့ပါတယ်။ နိုင်ငံတကာ ကုန်သည်တွေကိုလည်း ဖိတ်ကြားခဲ့တာတွေ ရှိပါတယ်။ ကုန်သည်တွေလည်း တော်တော်များများ စိတ်ဝင်စားကြပါတယ်။ ဒီကုန်သည် တွေအတွက်လည်း အဆင်ပြေပြေ ဝယ်ယူနိုင်အောင် သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ပြီးတော့ အားလုံး အဆင်ပြေအောင် စီစဉ်ခဲ့တာပါ။ ပြည်ပကုန်သည်ကတော့ လောလောဆယ် နည်းသေးတာပေါ့နော်။ ဒါပေမဲ့ စိတ်ဝင်စားတဲ့လူတွေ အထူးများပါတယ်။ အရှေ့အလယ်ပိုင်းတို့၊ တရုတ်တို့ကနေ လာရောက်ဖို့ ကနဦးကတည်းက စာရင်းပေးသွင်း ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ကြိုးစားပြီးတော့ ဈေးကွက်ကိုရအောင် ဆွဲယူရမယ့်အနေအထား ဖြစ်ပါတယ်။ ပြပွဲက ပြည်တွင်းအပြင် ပြည်ပဈေးကွက်ကိုပါ ကြိုးစားပြီး ဈေးကွက်ရရှိအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။


TREND    ။    ။ ဒီကျောက်မျက်ရတနာပြပွဲမှာ ဘယ်လိုမျိုး ထူးခြားတဲ့အစီအစဉ်တွေ ပါဝင်သလဲ။  
UAKZ    ။    ။
ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းကနေ ကြီးမှူး ကျင်းပတဲ့ ဒီပြပွဲကို ကျွန်တော်တို့ လေးကြိမ်ကျင်းပခဲ့ပြီးပြီပေါ့နော်။ ဒီနေ့မှာတော့ ထူးခြားစွာပဲ ပြပွဲကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအပြင် စီးပွား/ကူးသန်းရဲ့ ကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့က တာဝန်ရှိသူတွေအနေနဲ့ တက်ရောက်အားပေးပါတယ်။ ကျောက်မျက်ရတနာ အချော ထည်ဆိုတာကလည်း အမျိုးသားမဟာဗျူဟာ ပို့ကုန်ကဏ္ဍမှာလည်း ပါတာပေါ့။ ဈေးကွက် ထိုးဖောက်ဖို့ဆိုတာ ပံ့ပိုးမှုတွေအများကြီး လိုအပ်ပါတယ်။ နောက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပံ့ပိုးမှုတွေရှိတဲ့အတွက် အရင်ပွဲတွေထက် ပိုပြီးတော့ ကုန်သည်တွေရော၊ လုပ်ငန်းရှင်တွေရော၊ လေ့လာသူတွေကိုရော ပိုပြီး ဖိတ်ခေါ်နိုင်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။ 


TREND    ။    ။ ဒီပြပွဲကနေ ကျောက်မျက်ကဏ္ဍအတွက် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။ 
UAKZ    ။    ။
ကျွန်တော်တို့ Exhibition ဆိုတာက ပြပွဲ၊ ရောင်းပွဲသက်သက် ကျင်းပတဲ့ ရည်ရွယ်ချက် မျိုးထက်ပိုတဲ့ ရည်ရွယ်ချက်တွေထားဖို့ လိုအပ်ပါတယ်။ ပြပွဲဆိုတာ ရောင်းရင်းဝယ်ရင်း ဒါ Marketplace တစ်ခုလို့ အများစုက မြင်ကြတာ။ ဒီလိုမျိုး ပြပွဲလုပ်တဲ့အချိန်မှာ လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲတွေ ကျင်းပပေးတာက Industry မှာ အခြေခံလိုအပ်ချက်လေးတွေ ဖြစ်ပါတယ်။ ဒါလေးတွေကို ကြိုးပမ်းရုံတင် မကဘဲ ဈေးကွက်မြှင့်တင်ပေးမှ အရည်အသွေး မြင့်တက်လာမှာပါ။ အဓိကတော့ ဈေးကွက်တင့်တယ်ဖို့ဆိုတာ ဒီအချက်လက်တွေကို မြှင့်တင်ပေးဖို့ လိုတာပေါ့။ ပြပွဲတွေမှာဒီလိုမျိုး အချက်တွေ ထည့်သွင်းကျင်းပခြင်းက Industry Stakeholders တွေ၊ အသင်းသားတွေ၊ ဒီလုပ်ငန်းရှင်တွေ အကျိုးအများကြီးရှိစေမယ့် ကိစ္စမျိုးပေါ့နော်။ 


TREND ။    ။ လက်ဝတ်ရတနာအချောထည်တွေ ရောင်းချတာအပြင် လေလံစနစ်နဲ့ရောင်းချမယ့် အစီအစဉ်လေးအကြောင်းလည်း ပြောပြပေးပါဦး။
UAKZ    ။    ။
ဒီပြပွဲမှာ ကျွန်တော်တို့အသင်းက ရာခိုင်နှုန်းပြည့် Control လုပ်ထားတဲ့ Option လေလံ၊ ကျောက်မျက်လေလံတစ်ခု ပါပါတယ်။ အရင်လေးကြိမ်မှာလည်း ကျွန်တော်တို့က Yangon Gem Auction ဆိုပြီး လုပ်ခဲ့တာရှိတာပေါ့။ ဒီတစ်နှစ်မှာတော့ ကျွန်တော်တို့က အစည်းအဝေးရော၊ လှုပ်ရှားမှုပေါ့ Integrated လုပ်လိုက်တယ်။ ပြီးတော့ ကျွန်တော်တို့က Yangon Gem Auction ကို Myanmar Integrated Gem Auction ဆိုပြီး Inte-grated လုပ်ပြီးတော့ ဒီမှာ ထည့်သွင်းကျင်းပထားတာ ရှိပါတယ်ပေါ့။ အဲဒီမှာလည်း ကျွန်တော်တို့က အရည်အသွေးတွေကို လေလံကော်မတီက စိစစ်၊ တည်းဖြတ်ပြီးတော့မှ ကျောက်မျက်ရတနာ ချစ်သူတွေ၊ စုဆောင်းလိုသူတွေ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ပွင့်လင်းမြင်သာတဲ့ လေလံစနစ်၊ Live Competitive Auction လို့ ခေါ်တာပေါ့၊ အပြိုင်လေလံ၊ အလံထောင်လေလံစနစ်နဲ့ ကျွန်တော်တို့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီလေလံပွဲကတော့ ကျွန်တော်တို့ ၇ ရက်၊ ၈ ရက်မှာတော့ Preview လုပ်ခဲ့ပြီးတော့ ၉ ရက်မှာတော့ Sealed-bid လေလံဖွင့်တာနဲ့ ခဏ Live Com-petitive ကို ကျွန်တော်တို့ ရောင်းချခဲ့ပါတယ်။  


TREND    ။    ။ ကျောက်မျက်နဲ့ပတ်သက်တဲ့ တခြားဘယ်လိုအစီအစဉ်တွေ ပါဝင်ပါသေးလဲဆိုတာ ရှင်းပြပေးပါဦး။ 
UAKZ    ။    ။
ရန်ကုန်တိုင်းအသင်းက ကျင်းပတဲ့ပွဲတိုင်းမှာ ကျွန်တော်တို့က လူမှုအကျိုးပြု CSR Pro-gram တွေ၊ ပြီးရင် စကားဝိုင်းဆွေးနွေးပွဲ Talk Show ပေါ့နော်။ ဒီကျောက်မျက်ကလည်း ကမ္ဘာ့ဈေးကွက်မှာ ဖြစ်စဉ်တွေ၊ ဈေးကွက် သတင်းအချက်အလက်တွေ ဒါမှမဟုတ် ကျောက်မျက် ဘူမိသိပ္ပံတွေ တိုးတက်ပြောင်းလဲနေတာတွေကို မျက်ခြည်မပြတ်ဖို့ လိုတာပေါ့။ အဲဒီအတွက်လည်း ကျွန်တော်တို့ ပညာရပ် ဆိုင်ရာ ဟောပြောပို့ချမှုတွေက အရေးကြီးတယ်။ ဒီ Industry မှာ ရှိတဲ့ အသင်းသားတွေ၊ လုပ်ငန်းရှင်တွေ အတွက် Update ဖြစ်နေအောင် Exposure ပြောမလား၊ Update Information ပြောမလား၊ ဒါလေးတွေကို Talk Show တွေ၊ Panel Discussion  တွေကနေတစ်ဆင့် မျှဝေဖို့ ကြိုးစားလျက်ရှိပါတယ်။ အဲဒီ အစီအစဉ်တွေလည်း ပါဝင်ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ Talk Show ကတော့ နိုင်ငံခြားက ပညာရှင် Guild Laboratory က Mr. An-drew Lucas ဆိုသူကို ဖိတ်ထားပြီး သူကတော့ ဒီနှစ်မှာ ပြည်တွင်းဈေးကွက်မှာလည်း လူကြိုက်များ လာတဲ့ 'မြ' (Emerald) အကြောင်းကို ရှင်းလင်းပြောပြခဲ့ပါတယ်။ ကျောက်မျက်ရတနာ ဆိုတာကလည်း အသိပညာဗဟု သုတရှိပြီး ဝယ်ယူသုံးစွဲတာက ပိုအကျိုးထူးစေတာပေါ့။ လှလို့ ဝယ်လိုက်တယ်ဆိုတဲ့ သက်သက်နဲ့ ဗဟုသုတရှိပြီးတော့ ပိုင်ဆိုင်ရတာက ရတနာရဲ့တန်ဖိုးကို ပိုပြီးတော့ တင့်တယ်စေတယ်။ ပိုပြီးတော့ စိတ်ချယုံကြည်ရတယ်ဆိုတဲ့ အခြေအနေပေါ့။ အဲဒီအတွက်လည်း ကျွန်တော်တို့ Talk Show တွေ၊ Panel Discussion တွေကို ထည့်သွင်း ကျင်းပတာပါ။  ဒါဟာ ဝယ်ယူသုံးစွဲသူတွေအတွက်ရော၊ Industry Stakeholder တွေရော အကျိုးအများကြီးရှိမယ့် ဟာဖြစ်တဲ့အတွက် ထည့်သွင်းကျင်းပတာပါ။


TREND    ။    ။ ဆရာပြောတဲ့အထဲမှာလည်းပါတယ်။ ဒီပြပွဲရဲ့ ရောင်းချမှုမှာ CSR Program တွေ ပါဝင်တယ်ဆိုတာနဲ့ပတ် သက်ပြီး  ပြောပြပေးပါဦး။ 
UAKZ    ။    ။
CSR Program ဆိုတာ ကျွန်တော်တို့အသင်းက တာဝန်ယူပြီး လုပ်ပေးတာလေး ရှိပါတယ်။ အသင်းမှာ လာအပ်ပြီးတော့ ကျပ် ၁၀ သိန်းတန်၊ သိန်း ၂၀ တန် ကျောက်မျက်ရတနာလေးတွေ၊ တွင်းထွက်လေးတွေကို စိစစ်လက်ခံပြီးတော့ ကျပ် ၁၀သိန်းတန်၊ သိန်း ၂၀ တန်လေးတွေ ဝယ်ယူရရှိနိုင်အောင်၊ ပြီးတော့ ရောင်းချသူများဘက်က ၁၀ ရာခိုင်နှုန်းကို CSR Program အတွက် Funding လုပ်ပေးလိုက်ပြီးတော့ အဲဒီရရှိတဲ့ Fund ကို ကျွန်တော်တို့က လူမှုစီးပွား၊ လူမှုကျန်းမာရေးကဏ္ဍတွေမှာ မျှေ၀သုံးစွဲသွားဖို့ ရှိပါတယ်။ အဲဒါလေးကိုလည်း ကျွန်တော်တို့က ထည့်သွင်းစီစဉ်ထားတာ ရှိပါတယ်။


TREND    ။    ။ ကျောက်မျက်ရတနာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဈေးကွက်တွေကို ထိုးဖောက်ဖို့ စီစဉ်ထားရှိလဲဆိုတာလည်း သိချင်ပါတယ်။
UAKZ    ။    ။
ကျောက်စိမ်းကတော့ တရုတ် ဈေးကွက်ပေါ့လေ။ ပတ္တမြား၊ နီလာကတော့ ကမ္ဘာ့ဈေး ကွက်ရှိပါတယ်။ ဒေသတွင်းဆိုရင်တော့ ဥပမာ- ထိုင်း ဆိုရင်လည်း ကျောက်မျက်အပါအဝင် အာဖရိက ကျောက်မျက်တွေ ကုန်သွယ်ရေးဗဟိုချက်တစ်ခုလို ဖြစ်နေတာပေါ့။ ကျွန်တော်တို့ တိုင်းပြည်ကနေ အဲဒီ လိုဖြစ်လာအောင် ကြိုးစားအားထုတ်ဖို့ လိုတာပေါ့။ သယံဇာတ ထွက်ပြီးတော့ ကုန်သွယ်ရေးဗဟိုချက် တစ်ခု ဖြစ်လာမယ်ဆိုရင် နိုင်ငံတော်ရော၊ ပြည်သူရော အကျိုးရှိမယ့် ဟာမျိုးပေါ့။ ကမ္ဘာ့စီးပွားရေးကောင်း လာရင် ဒီဈေးကွက်ကြီးကလည်း အလိုလိုတက်လာတဲ့ သဘောပေါ့။ အဲဒီတော့ ကျွန်တော်တို့က ဈေးကွက်ရှိလားဆိုတဲ့နေရာမှာ နှစ်ပိုင်းရှိပါတယ်။ ပြည်တွင်းဈေးကွက်က လည်း ဖွံ့ဖြိုးဖို့လိုသလို ပြည်ပဈေး ကွက်မှာလည်း နေရာရအောင်ယူနိုင်ဖို့ လိုတယ်။ ဒီနှစ်ခုကို မျှတအောင်သွားဖို့ လိုတာပေါ့။ အဲဒါမှလည်း Sustain ဖြစ်တဲ့ Market တစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့ မြင်ပါတယ်။ 


TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UAKZ    ။    ။
ဒီကျောက်မျက်နဲ့ပတ်သက်ပြီး နိုင်ငံတကာဈေးကွက် ထိုးဖောက်ဖို့ဆိုတာ တစ်ကြိမ်တည်းနဲ့ ခရီးချက်ချင်း ရောက်သွားတာမျိုးတော့ မဟုတ်ဘူး။ အဲဒီတော့ ပုံမှန်လေး ကြိုးစားအားထုတ်မှု၊ ဝီရိယစိုက်ထုတ်မှုတွေအများကြီး လိုအပ်ပါတယ်။ ပုံမှန်လေးကြိုးစားသွားရမှာပါ။ အဲဒါဆိုရင်တော့ ရည်မှန်းထားတဲ့ ခရီးတစ်ခုကိုရောက်မယ်လို့ ယုံကြည်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 41

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64671

© 2022 - 2026 News. All Rights Reserved.