Breaking

ရွေးကောက်ပွဲကြီးအောင်မြင်သွားရင် ငါးနှစ်ဆိုတဲ့ အစိုးရသက်တမ်းတစ်ခုမှာ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်ပြီး အများကြီး ပြောင်းလဲသွားနိုင်ပါတယ် . . . ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူလင်းသက်အား ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ၊ ဒီဇင်ဘာ ၁၂

    မျိုးဆက်သစ်ရဲ့ စွမ်းအား၊ ခိုင်မာတဲ့ ကတိ၊ အင်းလေးဒေသရဲ့ အနာဂတ်ကို ပိုမိုတောက်ပအောင် ဖန်တီးမည်ဟူသော မဲဆွယ်ဆောင်ပုဒ်ဖြင့် ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူလင်းသက်က မဲဆွယ်စည်းရုံးလျက်ရှိသည်။ ၎င်းသည် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်မည်ဖြစ်သည်။ လွှတ်တော် နိုင်ငံ ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းလာသည့် ညောင်ရွှွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဖြူလင်းသက် (USDP) ၏ ရွေးကောက်ပွဲအပေါ် အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်ကို ဦးစွာပြောပါပြဦး။
DPLT    ။        ။
လာမယ့်ရွေးကောက်ပွဲက အသစ်ပေါ်ပေါက်လာမယ့် အစိုးရတစ်ရပ်နဲ့ တိုင်းပြည်အရွေ့ အတွက်ဖြစ်တယ်။ ဒီအခင်းအကျင်းမှာ ကျွန်မတို့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်ရမယ်။ နောက်တခြားပါတီတွေလည်း ဒီအခင်းအကျင်းမှာ ပါဝင်ယှဉ်ပြိုင်ကြမယ်၊ ပါတီစုံပေါ့။ ဒါကြောင့် ရွေးကောက်ပွဲ ဝင်ခဲ့တာပါ။ ဒါက ၂၀၂၀ ပြီးကတည်းက နိုင်ငံတော်အစိုးရအနေနဲ့က ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြိုပြီး အသိပေးထားတာဖြစ်တယ်။ ဒီတစ်ခေါက်ရွေးကောက်ပွဲစနစ်ကလည်း အရင်စနစ်တွေနဲ့ မတူဘူးဆိုတာ သိထားတယ်။ အဲဒီအတွက်ကြောင့်ရယ်၊ ပြီးတော့ လုံခြုံရေးအရ ပြောရရင် ကိုယ်စားလှယ်လောင်းတွေ အားလုံးကလည်း ဒီလိုနိုင်ငံရေးအခြေအနေမှာ အန္တရာယ်ရှိတဲ့အနေ အထားမျိုးမှာ ဝင်ပြိုင်ရတာ ဖြစ်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့  အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက်ရော၊ ပါဝင်ကြတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးကိုရော ဂုဏ်ယူမိပါတယ်။ လေးစားပါတယ်။ ကျွန်မဆိုရင်လည်း ကျွန်မဒေ သမှာ အရမ်းကြီး အေးချမ်းနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး၊‌ အေးတော့ အေးချမ်းပါတယ်။ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း အခြေအနေ ရှိတယ်။ ဒီလိုမျိုး အကျပ်အတည်းတွေ၊ ခြိမ်းခြောက်မှုတွေ ကြားထဲကနေ ကျွန်မတို့အတူတူ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရတာ နည်းနည်း စွန့်စားရတယ်လို့ မြင်တယ်။ ကျွန်မကတော့ ယုံကြည်မှုပေါ့။ ကိုယ်ရွေးချယ်လိုက်တဲ့ဒေသရဲ့ အနေအထားကိုလည်း ကြည့်တာပေါ့။ ကျွန်မတို့ လူကြီးတွေကလည်း လုံခြုံရေးကို အဓိကထားဖို့ မှာထားတော့ အစစအရာရာ သတိနဲ့နေထိုင်ရပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့က ကြောက်စိတ်ဖြစ်သလားဆိုတော့ မဖြစ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကိုယ်က ကိုယ့်ဒေသအတွက် ကိုယ်ကျိုးမဖက်ဘဲနဲ့ အများပြည်သူ ကောင်းကျိုးအတွက် ဝိုင်းဝန်းကြိုးစားပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အဖျက်အမှောင့်တွေ ဘယ်လိုပဲရှိရှိ ကိုယ့်ယုံကြည်ချက်နဲ့ရအောင် လုပ်မယ်၊ ရွေးကောက်ပွဲ အောင်မြင်လည်း အောင်မြင်ရမယ်၊ မဲပေးတဲ့ ပြည်သူတွေလည်း အန္တရာယ်ကင်းကင်း၊ ကိုယ်စားလှယ် လောင်းတွေလည်း အန္တရာယ်ကင်းကင်းနဲ့ပဲ ဖြစ်သွားစေချင်တယ်။ ကြောက်လားဆိုတာ လူတိုင်းတော့ စိုးရိမ်တာပေါ့။ ဒါပေမဲ့ သူတို့ကိုကြောက်နေလို့ ဘာမှမလုပ်ဘဲ ထိုင်နေလို့မရဘူးလေ။ ဒီလိုအနေအထား မျိုးမှာဘာကြောင့် ဝင်ပြိင်ရသလဲဆိုတာလေးကို ပြန်ဆက်ရရင် ကျွန်မတို့ ပါတီဝင်တွေဆိုရင် ၂၀၂၀ နောက်ပိုင်းမှာ ပါတီ ဝင်ပေါင်း ၁၀၀၀ ကျော် လုပ်ကြံသတ်ဖြတ်ခံရတာ။ အဲဒီအတွက် ကျွန်မတို့ပါတီဌာန ချုပ် မှာဆိုရင် ကျောက်တိုင်နဲ့ ကမ္ပည်းထိုးပြီးထားတာ။ အဲဒီတော့ အသက်စွန့်သွားတဲ့ ကျွန်မပါတီဝင်တွေ ကိုယ်စား သူတို့ရဲ့တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ချင်လို့ ရွေးကောက်ပွဲဝင်ခဲ့တာပါ။ ပါတီဝင်တွေရဲ့ ကိုယ်စား သူတို့ ပြီးဆုံးအောင် မထမ်းဆောင်ခဲ့ရတဲ့ တာဝန်တွေကို ဆက်ပြီးတော့ ထမ်းဆောင်ပေးရတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်။

TREND ။        ။ အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ရွေးကောက်ပွဲ အခင်းအကျင်းအ‌ပေါ် ဘယ်လိုသုံးသပ်မိလဲ။
DPLT    ။        ။
ရွေးကောက်ပွဲ‌ဆိုတာကတော့ တိုင်းပြည်ရဲ့အနာဂတ်ကို ပြည်သူလူထုတွေကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ပေးတဲ့ အရေးအကြီးဆုံး ဒီမိုကရေစီ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်သူရဲ့အသံကို နိုင်ငံတော်အဆင့်ထိ ရောက်အောင် လွှတ်တော်ကနေပြီးတော့ လုပ်ဆောင်ပေးသွားနိုင်တယ်။ ဒါကြောင့်  ရွေးကောက်ပွဲတွေဟာ အရေးကြီးပါတယ်။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ပေးတဲ့ အစိုးရတစ် တစ်ရပ် ပေါ်ပေါက်လာမယ်ဆိုရင်လည်း အခြေခံအားဖြင့်တော့ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အလုပ်အကိုင်အခွင့်အ လမ်းနဲ့ လတ်တလော အများပြည် သူလိုလားနေတဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး စသည်ဖြင့်ပေါ့။ ဒီကဏ္ဍအသီးသီးဟာ အစိုးရသက်တမ်းတစ်ခု အတွင်းမှာ သိသိသာသာလေး တိုးတက်ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ပါတီအနေနဲ့ ပြောရမယ်ဆိုရင်လည်း အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် ပါတီကနေပြီးတော့ ရွေးကောက်ပွဲ ကတိကဝတ်တွေ ပေးထား တာရှိတဲ့အတိုင်း အကောင်အထည်ဖော်ပြီးတော့ အကောင်းဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက် တစ်ခု အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ အမျိုးသမီးတွေက မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတာ ဖြစ်တယ်။ ဒါကြောင့် အမျိုး သမီးကိုယ်စားလှယ်လောင်းတွေ ဒီလိုမျိုး အများအပြား ပါဝင်လာခြင်းအားဖြင့် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကဏ္ဍ‌တွေမှာ အမျိုးသမီးတွေရဲ့ စွမ်း ဆောင်ရည်တွေက ပိုမို ပေါ်လွင်လာစေတယ်။ 
    နောက်တစ်ခုက အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ပေါ်ပေါက်လာခြင်းအားဖြင့် နိုင်ငံရေးမှာ အမျိုးသမီးတွေလည်း ပါဝင်ဆောင်ရွက်နိုင်တယ်၊ အကောင်အထည် ဖော်နိုင်တယ်၊ အောင်မြင်တယ်ဆိုတဲ့ Message တွေကို လူငယ်နဲ့ လူလတ်ပိုင်း အနာဂတ်အမျိုးသမီးတွေအတွက်ကိုလည်း ဒီ Message ပေးပြီးသား ဖြစ်သလို နောင်အနာဂတ်တွေမှာလည်း ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေနေရာမှာရော၊ တော်တော်များများ နိုင်ငံ့တာဝန်ထမ်းဆောင်တဲ့ နေရာတွေမှာရော၊ အမျိုးသမီးအခွင့်အရေးတွေနဲ့ အခန်းကဏ္ဍတွေ ပိုမိုမြင့်မားလာစေမယ်လို့ မြင်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲကလည်း လွတ်လပ်ပြီးတရားမျှတဲ့ ရွေး ကောက်ပွဲဖြစ်ဖို့ နိုင် ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ပါတယ်။
    မဲပေးခြင်းကနေတစ်ဆင့် ပြည်သူကနေ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာဖို့နဲ့ မှန်ကန်တဲ့ ရွေးချယ်မှုရှိဖို့ လိုအပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ‌ ဆိုရင်လည်း နိုင်ငံသားတိုင်းက အခြေခံအခွင့်အရေးဖြစ်တဲ့ မဲပေးရွေးချယ်ခွင့်နဲ့ ကိုယ်တိုင် ရွေးကောက်ခံနိုင်ခွင့်ဆိုတာ သတ်မှတ်ပေးပြီးသား ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေက ရွေးကောက်ပွဲမှာ ပါဝင်မဲ‌ပေးခြင်းအားဖြင့် မိမိတို့ကိုယ်တိုင်အပါအဝင် အနာဂတ် မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်အတွက် ပိုမိုကောင်းမွန်ပြည့်စုံတဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်ပေးသင့်တယ်။ ဒါကြောင့် မဲပေးသင့်ပါတယ်။ ဒါကလည်း တိုင်းပြည်အတွက် အရေးကြီးတဲ့ ဒီမိုကရေစီနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

TREND ။        ။ လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေ ဘာကြောင့်မဲပေးသင့်လဲ။
DPLT    ။        ။
ကျွန်မက ကွင်းဆင်းတဲ့အခါမှာ အဓိက ပြည်သူ့ရဲ့အသံကို အဓိက နားထောင်တာပါ။ ပြည်သူရဲ့လိုအပ်ချက်က ဘာလဲ။ လက်ရှိအနေအထားမှာ ရေဘေး၊ ငလျင်ဘေး အစရှိသည်ဖြင့်ပေါ့။ ဒီဒဏ်တွေကို ပြည်သူတွေ ခံစားနေရတယ်၊ လတ်တလော သူတို့ရဲ့ ဒုက္ခပေါ့။ ကျွန်မ အများဆုံး ကွင်း ဆင်းတဲ့နေရာတွေမှာ သူတို့အခက်အခဲ ပြဿနာတွေက ဒါတွေပါလို့ ပြောကြတယ်။ အဲဒီတော့ ကျွန်မ တို့ရောက်ဖြစ်တဲ့ နေရာတိုင်းမှာ ပြည်သူတွေရဲ့လိုအပ်ချက်ကို အရင်မေးတယ်။ ပြည်သူက ဘာဖြစ်ချင်တာလဲ။ ဘာတွေ လိုအပ်နေတာလဲ၊ ဘာတွေ အခက်အခဲ ရှိတာလဲဆိုတာကို အရင်မေးပါတယ်။ ကျွန်မတို့ပါတီ အစိုးရဖွဲ့နိုင်လို့ရှိရင်၊ လွှတ်တော်ကိုယ်စား လှယ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့မယ် ဆိုရင် ဒါ‌တွေ လုပ်ပေးမယ်ပေါ့။ ဒါမဖြစ်မနေ သူတို့အတွက် အရေးကြီးတဲ့ကိစ္စလို့ တင်ပြထားတာဖြစ်တဲ့အတွက် သူတို့ရဲ့လိုအပ်ချက်တွေကို အရင်ဦးဆုံး ဆောင်ရွက်ပေးဖို့ အတွက်ကို ရည်ရွယ်ပါတယ်။ နောက် ကျွန်မရဲ့ Professional ဖြစ်တဲ့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စကတော့ ကိုယ့်ပြည်နယ်ရဲ့ အနေအထားအရ ပြုပြင်သင့်တဲ့ ဥပဒေပိုင်းဆိုင်ရာကိစ္စတွေကို ကျွန်မတတ်တဲ့ပညာနဲ့ ပံ့ပိုးဆောင်ရွက်သွားဖို့ မျှော်မှန်းထား ပါတယ်။ လာမယ့်‌ ရွေးကောက်ပွဲမှာ အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်ဖို့အတွက်က  နိုင်ငံရေးပါတီ အသီးသီးမှာရှိကြတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူက ရွေးချယ်ရတယ်။ အဲဒီလိုမျိုး ရွေးချယ်ပေးခြင်းအားဖြင့် ဒီရွေးချယ်ပေးလိုက်တဲ့ မဲတစ်ပြားကြောင့် ကောင်းမွန်ပြည့်စုံတဲ့ အစိုးရတစ်ရပ်ဖြစ်လာခဲ့မယ်ဆိုရင် အခု No Vote လို့ ပြောနေကြတဲ့သူတွေမှာလည်း မိသားစုဝင်တွေရှိတယ်။ သူတို့ရဲ့ သားသမီး၊ မြေးမြစ်တွေရဲ့ အနာဂတ်အတွက် ကိုယ်က မိဘတစ်ယောက် အနေနဲ့သော်လည်းကောင်း၊ အိမ်ထောင် ဦးစီးတစ် ယောက်အနေနဲ့သော်လည်းကောင်း မဲပေးရွေးချယ်ပေး ရမယ့် တာဝန်ရှိတယ်လို့ ယူဆတယ်။ ဘယ်သူတက်တက်၊ ဘယ်အစိုးရတက်တက် ကိုယ်နဲ့မဆိုင်ဘူးဆိုရင်တော့ တက်လာတဲ့ အစိုးရရဲ့ ကောင်းခြင်း ဆိုးခြင်းကို တစ်ဦးတစ်ယောက်တည်း ခံစားရမှာ မဟုတ်ဘူးလေ။ ပြည်သူတွေ အများစုက မှန်ကန်တဲ့ ရွေးချယ်မှုကို ရွေးချယ်နိုင်မှ၊ ဒီလို မဲပေးရွေးချယ်နိုင်တဲ့အပေါ်မှာ ကောင်းမွန်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာတယ်ဆိုရင် ဒါက ကိုယ့်မိသားစုအပါအဝင် နိုင်ငံတစ်ခုလုံးစာ ကိုယ် စားပြုပြီးတော့ ကောင်းကျိုးတွေ ဖြစ်ထွန်းစေမှာပါ။ ဒါကြောင့် မဲပေးရတယ်ဆိုတာ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေး ဖြစ်တဲ့အတွက် ဒါကို ပိတ်ပင်ခွင့်မရှိဘူး။ အခြေခံဥပဒေအရ နိုင်ငံသားတိုင်းက မဲပေးခွင့်ရှိတာကို။ ဒါက သူ့ရဲ့ အခွင့်အရေးပဲလေ။ မိမိကိုယ်တိုင်၊ မိမိ မိသားစု၊ မိမိ ရပ်ရွာ၊ မိမိမြို့နယ်၊ မိမိနိုင်ငံပေါ့ အဲဒီလို တစ်ဦးတစ်ယောက်က စပြီး မဲပေးရွေးချယ်သွားခြင်းအားဖြင့် ကိုယ့်အတွက်ရော၊ မျိုးဆက်သစ်တွေ အတွက်ရော ကောင်းမွန်တဲ့ အနာဂတ်တွေ ရွေးချယ်ပေးတာဖြစ်ပါတယ်။

TREND ။        ။ ဖြည့်စွက်ပြီး ဘာပြောချင်လဲ။
DPLT    ။        ။
လူတိုင်းကတော့ အစိုးရအမျိုးမျိုးကိုကြုံဖူး၊ ခံစားဖူးပြီးပြီပေါ့။ ပြီးတော့ ဒီငါးနှစ်တာ ကာလမှာလည်းနိုင်ငံရဲ့ အခြေအနေတွေအရ ကျွန်မတို့ပြည်သူတွေ အခက်အခဲပေါင်းများစွာ ကြုံခဲ့ရတယ်။ အဲဒီအတွက် ဒီရွေး‌ကောက်ပွဲကြီး အောင်မြင်သွားလို့ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့ပြီဆိုရင် လက်ရှိ အခြေအနေထက်အများကြီး တိုးတက်ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီလိုပဲ ပြည်သူ‌တွေအ တွက်လည်း ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လဲ ပြည်သူတွေက မဖြစ်မနေ မဲပေးပြီးတော့ ရွေးကောက်ပွဲကြီးမှာ ပါဝင်သင့်ပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58830

© 2022 - 2025 News. All Rights Reserved.