လက်ရှိ နိုင်ငံရေးအခင်းအကျင်းက တိုင်းပြည် တိုးတက်ပြောင်းလဲရေးဘက်ကို ဦးတည်နေပါပြီ . . . . ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) နာယက ဒေါက်တာ မနာမ်တူးဂျာနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ ဧပြီ  ၂

    ဒေါက်တာမနာမ်တူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တွင် ၃၄ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး KIO ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့်ကာလ ၂၀၀၉ ခုနှစ်တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည့် လူသိများသော ကချင်တိုင်းရင်းသားခေါင်း ဆောင်တစ်ဦး ဖြစ်သည်။ လက်ရှိတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၏ နာယကအဖြစ် တာဝန်ယူထားသလို ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် KSPP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်း၏ နိုင်ငံရေးအတွေး အခေါ် အယူအဆအချို့နှင့် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးအလားအလာ၊ လွှတ်တော်အခင်းအကျင်း တို့အပေါ် အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။

 

TREND ။        ။ လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုသုံးသပ်မိလဲ။ 
Dr.MNTJ ။    ။
လက်ရှိ နိုင်ငံရေးအခြေအနေကတော့ အခက်အခဲအကျပ်အတည်းကာလကနေ ကျော်လွှားပြီးတော့မှ လမ်းစပွင့်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနိုင်အောင် အစိုးရသစ်၊ လွှတ်တော်သစ် ပေါ် လာအောင် လုပ်ဆောင်နေတဲ့အခါပေါ့။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါ်လာပြီ။ လွှတ်တော်သစ်လည်း ပေါ်လာပြီးနောက် အစိုးရသစ်လည်း ပေါ်လာပါပြီ။ ဒီလို ပေါ်လာပြီဖြစ်လို့ ငြိမ်း ချမ်းကိစ္စတွေရော၊ တခြား လုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စတွေရော လုပ်ဆောင်လာနိုင်တော့မယ်။ ဒါကြောင့် နိုင်ငံရေးအခြေအနေကတော့ တိုးတက်ပြောင်းလဲတဲ့ဘက်ကို ဦးတည်သွားနိုင်ပါတယ်။ ကျွန်တော်တို့က ရပ်နေတာ မဟုတ်ဘူး၊ ရှေ့ကို ခြေလှမ်းလှမ်းနေတာ။ ကျွန်တော်တို့က အဲဒီလိုရပ်နေတာမျိုး မဟုတ်ဘဲ ရှေ့ကိုခြေလှမ်းလှမ်းနိုင်အောင် လုပ်ကိုလုပ်ရတော့မှာပါ။ ပြောင်းလဲရေးမလုပ်နိုင်ဘဲ ရပ်တန့် နေတဲ့ ပုံစံမျိုးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံက အကျပ်အတည်းကာလကို ကျော်လွှားဖို့ ခက် ခဲနေဦးမယ့် သဘောမှာ ရှိတယ်။ ဒါကြောင့် အခုအချိန်အခါက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စလုပ်နေပြီ၊ စလှမ်း နေပြီပေါ့။ စလှမ်းနေပြီဆိုတော့ ဘာကို ဦးတည်နေသလဲဆိုရင် တိုင်းပြည်ရဲ့ တိုးတက်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းရေးက အဓိကကျတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတော့မှာ။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာပြီဆိုရင် ရှေ့မှာလည်းပဲ ဆက်လုပ်စရာတွေအများကြီး ပေါ်ပေါက်လာ တော့မယ်လေ။ အဲဒါကြောင့်မို့လို့ လက်ရှိနိုင်ငံရေးအခင်းအကျင်းက အပြောင်းအလဲအတွက် လမ်းစပေါ် လာပြီ၊ တိုင်းပြည် တိုးတက်ပြောင်းလဲရေးဘက်ကို ဦးတည်နေပါပြီ။

TREND ။        ။ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကရော  ဘယ်လိုအခင်းအကျင်းမျိုးတွေ ပေါ်လာနိုင်လဲ။ 
Dr.MNTJ ။    ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ဖို့ ဖိတ်သင့်ဖိတ်ထိုက်တဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ပြီးတော့မှ ဆောင်ရွက်ဖို့ပေါ့။ ငြိမ်းချမ်းရေး ရရှိဖို့ဆိုရင် တိုင်းပြည်မှာ ကျင့်သုံးတဲ့မူပေါ့။ System ပေါ့။ System ကို ဆွေးနွေးရမှာပဲ။ အဲဒါဘာလဲဆိုရင် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ဆွေးနွေးရမယ်။ ဆွေးနွေးပြီးတော့မှ တိုင်းရင်းသားတွေရော အကုန်လုံး လက်ခံနိုင်တဲ့ ပုံစံမျိုးကို ရောက်ရှိသွားပြီဆိုရင် ငြိမ်းချမ်းရေးက ရလာတော့မှာပဲလေ။ ငြိမ်းချမ်းရေးဆိုလို့ရှိရင် တခြား ထွေထွေထူးထူး မရှိပါဘူး။ ဒါက ပြည်သူလူထုတစ်ရပ်လုံးလည်း မျှော်ကိုးနေတဲ့ ငြိမ်းချမ်းရေးပေါ့။ ပြည်သူလူ ထုတစ်ရပ်လုံး ဆိုတဲ့နေရာမှာလည်း အများစုက အကောင်းမြင်ဘက်ကနေ ကြည့်ပြီးတော့မှ အားပေးနေတဲ့သဘောလည်း ရှိပါတယ်။ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ကလည်း ပြည်သူ လူထုတစ်ရပ်လုံးအပေါ်မှာ တာဝန်ရှိတယ်၊ တာဝန်ယူရမယ်ပေ့ါ။ ဒါကြောင့်မို့လို့ ပြည်သူလူ ထုတစ်ရပ်လုံး အတွက် လိုအပ်နေတာ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်တဲ့ ပြည်ထောင်စုပေါ်လာဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကတစ်ဆင့် သွားရမှာပါ။ အဲဒါက အဓိက ပါပဲ။ အဲဒီမှာ လုပ်စရာတွေကတော့ အများကြီးပေါ်လာမှာပါ။ လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ အနေနဲ့ မူကိုပဲပြောတာပါ။ အဲဒီမူကိုရအောင် အတ္တမဆန်ဖို့၊ ဘက်မလိုက်ဖို့ ပြည်သူလုထုအကျိုးကို ရှေးရှုပြီးတော့ ဘုံသဘောထားတွေနဲ့ ပြည်သူလူထုကို ငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့ ရည်ရွယ်ချက် တွေနဲ့ ပြုပြင်ပြောင်းလဲလိုစိတ်အပေါ်မှာ မူတည်တယ်။ Win-Win Solution ရောင်ပြန်ဟပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျင်းပရမယ်။ အဲဒီလိုကျင်းပတဲ့နေရာမှာ အတ္တမဆန်ဘဲနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ်။ အဲဒီလိုမျိုး အခြေအနေမျိုးတွေနဲ့ ဆွေးနွေးမှ ငြိမ်းချမ်းရေး ရရှိနိုင်မယ်။ မဟုတ်ရင် အတ္တဆန်ဆန်နဲ့ ကိုယ်လိုချင်တာပဲ ဆွေးနွေး၊ ကိုယ်လုပ်ချင်တာပဲ လုပ်နေလို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးလည်း မအောင် မြင်နိုင်ဘူး။ ဒါကြောင့်မို့လို့  အဓိကအကျဆုံးက လူထုအကျိုးကို ဝိုင်းဝန်းရှေးရှုပြီးတော့မှ လူထုဆန္ဒကို ဝိုင်းဝန်း ဖြည့်စွက်ပေးတဲ့အနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့ အနေအထားရောက်အောင် ဆွေးနွေးပွဲ ကျင်းပရမယ်။ ဒါက Win-Win Solution ရောင်ပြန်ဟပ်တဲ့၊ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်အောင် ဆွေးနွေးသွားရမှာပါ။

TREND ။        ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဘယ်လိုပုဂ္ဂိုလ်တွေ ပါဝင်သင့်ပါဝင်ထိုက်လဲ။
Dr.MNTJ ။    ။
ကျွန်တော့်အမြင်ပြောမယ်ဆိုရင် အဓိကကတော့ အစိုးရခေါင်းဆောင်တွေအနေနဲ့ ရွေးချယ်ရမှာပါ။ မပါမဖြစ်ဆိုလို့ရှိရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့။ တိုင်းရင်းသားအဖွဲ့ အစည်းခေါင်းဆောင်တွေ ပါရမယ်။ အဲဒီလို ပါပြီးတော့မှ သူတို့လိုချင်တဲ့ အပိုင်းကို တင်ပြ၊ တင်ပြပြီး ဝိုင်းဝန်းဆွေး နွေးရမယ်။ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဆိုတာကတော့ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုး ဖြစ်စေချင်တဲ့ သဘောပါ။ ပြီးတော့ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးခဲ့တယ်။ တွေ့ဆုံဆွေး နွေးကြ ဖို့လည်း ငြိမ်းချမ်းရေးတံခါး ဖွင့်ထားခဲ့တယ်။ ဒီဥစ္စာကတော့ ဖိတ်ခေါ်တဲ့အတိုင်း ဆွေးနွေးပွဲ တက်ရောက်နိုင်ဖို့က ကာယကံရှင်တွေက တာဝန်ယူကြရမှာပါ။ ဖိတ်ခေါ်ဖို့ အစိုးရတာဝန်၊ ဖိတ်ခေါ်တဲ့အတိုင်း ဆွေးနွေးပွဲ တက်ရောက်နိုင်ဖို့ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေအပေါ်မှာ မူတည်ပါတယ်။ အဲဒီလိုပဲ တခြား အထင်ကရပုဂ္ဂိုလ်၊ Stakeholders တွေရော ဥပဒေဘောင်အတွင်းမှာ နေထိုင်နေတဲ့ အခြားပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်။ပညာရှင်တွေပေါ့။ အဲဒါတွေကလည်း ပါဝင်သင့် ပါဝင်ထိုက်တဲ့အထဲမှာပါတယ်။ အဲဒီလိုမျိုး ပါဝင်ပြီးတော့ ဝိုင်းဝန်းဆွေးနွေးကြရမှာပဲ။ အဲဒီလိုမျိုး ပါဝင်ပြီးတော့ ဝိုင်းဝန်းဆွေးနွေးလို့ရှိရင် အဖြေကောင်းတွေ ထွက်လာမှာပေါ့။ အဲဒီလိုမျိုး မျှော်လင့်ပါတယ်။ ပြီးတော့ အားလုံးပါဝင်ရေးကိစ္စကလည်း ဒီအတိုင်းထိုင်ပြီး စဉ်းစားလိုက်ရင်တော့ အတိအကျ ပြောလို့မရဘူး။ တကယ်တမ်း လက်တွေ့လုပ်လာတဲ့အခါကျရင်ပေါ့၊ လုပ်နည်းလုပ်ဟန် မှန်ဖို့တော့ လိုပါတယ်။ လုပ်နည်းလုပ်ဟန် မှန်ပြီဆိုရင် အဖြေကောင်းတွေ ပေါ်ထွက်လာမှာပါ။ အားလုံးပါဝင် ရေးဖြစ်ဖို့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ထိုင်ပြီး စဉ်းစားနေတာမျိုး မဟုတ်ဘဲ လက်တွေ့ ကျကျ စေတနာမှန်မှန်နဲ့ ပြည်သူလူထုအကျိုးကို ဝိုင်းဝန်းရှေးရှုတဲ့ အနေအထားမျိုးနဲ့ ပြောကြဆိုကြ၊ ဆွေးနွေးကြမယ်ဆိုရင်၊ ပြီးတော့ လက်ခံတဲ့သူတွေလည်း ဒီသဘောမျိုးနဲ့ စဉ်းစားကြမယ်ဆိုရင် ဖြစ်ပေါ် လာနိုင်တယ် အားလုံး တက်ရောက်လာနိုင်ပါတယ်။ ဒါအရင်က တစ်ခါဖြစ်ဖူးတယ်။ NCA စာချုပ်ဖြစ်ပေါ်ဖို့ ဆောင်ရွက်တုန်းကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေ တက်ရောက်ကြတာပဲလေ။ ဒါကို အကောင်အထည် မဖော်နိုင်တဲ့အခါကြတော့ အချိန်က ကြာသွားတာပေါ့။ ဒါကြောင့် ဖိတ်ခေါ်တဲ့အပိုင်းပေါ့။ ဒါလည်းဖြစ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ ကျွန်တော်တို့ကတော့ ဖြစ်လာလိမ့်မယ် လို့ မျှော်လင့်တယ်။ ဖြစ်မလာလို့လည်း မဖြစ်ဘူးလေ။ ပြည်တွင်းငြိမ်းချမ်းရေးက အမြန်ရဖို့ အရေးကြီးတယ်၊ ပြည်သူလူထုက တော်တော်လေး ဒုက္ခရောက်နေပြီ။ အဲဒါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပေါ်လာနိုင်အောင်လည်း ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်တယ်။

TREND ။        ။ ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်‌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်။ ဒီအခြေအနေတွေအပေါ် အားသာချက်၊ အားနည်းချက် သုံးသပ်ပေးပါဦး။
Dr.MNTJ ။    ။
အဲဒီတုန်းကလည်း အပြုသဘော ဆောင်တဲ့အပိုင်း‌‌တွေ အများကြီးရှိပါတယ်။ ပြောရရင် ပြည်တွင်း ပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုပြီး တော့မှ တွေ့ဆုံဆွေးနွေးပွဲတွေ ဖိတ်ကြားလာတာ။လက်နက်ကိုင် အဖွဲ့‌တွေကို ဖိတ်ကြားပြီး ဆွေး‌နွေးခဲ့တယ်။ ဒါက လိုအပ်တဲ့ အမှန်တရားဖြစ်ပါတယ်။ ဒါကိုလည်း သမ္မတကြီး ဦးသိန်းစိန်က လုပ်ခဲ့ပါ တယ်။ ဒီမိုက‌ရေစီ ဖယ်ဒ‌ရယ်စနစ်ကို ‌တွေ့ဆုံဆွေးနွေးခြင်းနဲ့ တည်ဆောက်ရမယ်၊ တရားဝင်ညီလာခံတွေမှာ ပြောဆိုလာခဲ့ကြတယ်။ လိုအပ်ချက်တွေ၊ တကယ် လိုအပ်တာတွေကို ပွင့်ပွင့်လင်းလင်းပြော ဆိုလာပြီးတော့မှ ပေါ်လစီချမှတ်လာတဲ့ အပိုင်းတွေဟာ တိုးတက်မှု‌တွေလို့ မြင်ပါတယ်။ အဲဒီတုန်းက ရွေးကောက်ပွဲလည်း ကျင်းပပေးခဲ့တာပဲ။ ရွေးကောက်ပွဲနိုင်တဲ့ ပါတီတွေကိုလည်း ကောင်းကောင်းမွန်မွန် ရှောရှော ရှူရှူနဲ့ အာဏာလွှဲအပ်ခဲ့တယ်။ ဒါမျိုးတွေလည်း မြင်တွေ့ပါတယ်။ နောက်ပြီး ဒီမိုကရေစီကို အလေးထားတဲ့ အပိုင်းလည်း တွေ့ရပါတယ်။
    ပြောရရင်တော့ အရှည်ကြီးပါ။ ပြုပြင်ပြောင်းလဲရေးကတော့ ဖြစ်သင့်ဖြစ်ထိုက်သလောက်၊ လုပ်သင့်လုပ်ထိုက်သလောက် အဲဒီအချိန်အခါတုန်းက လုပ်ခဲ့ပါတယ်။ ဒီအခြေအနေတွေက တပ်မတော်ကနေ ရွေးကောက်ပွဲကျင်းပပေးပြီးနောက်ပိုင်း ပြည်သူ့အစိုးရ ပေါ်ပေါက်လာအောင် လုပ်ပေးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၅ အထိပေါ့။ သမ္မတဦးသိန်းစိန် အစိုးရဖြစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ၊ လုပ် ဆောင်ခဲ့တဲ့ တချို့ကို ပြောပြတာပါ။ ၂၀၁၅ နောက်ပိုင်း NLD လက်ထက်မှာလည်း လုပ်ခဲ့တာပဲ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံ၊ ၂၁ ရာစု ပင်လုံဆိုပြီးတော့မှ ညီလာခံတွေ၊ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲတွေ လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို ကောင်းကောင်း အကောင်အထည်မဖော်နိုင်တာ တွေရှိခဲ့တယ်။ ဒါကလည်း အားလုံး သိကြပါတယ်။ အခု ပြန်ဆက်ရမယ်။ တက်လာတဲ့ အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ပြန်ဆက်ရမယ်။ လုပ်တဲ့‌နေရာမှာ လုပ်ပုံလုပ်နည်းက အစပေါ့။ အဲဒါတွေအပြင် တခြားအခက် အခဲတွေကြောင့်လည်း မအောင်မြင်ခဲ့တာတွေရှိတော့ ဒါကို အစိုးရသစ်က ဆက်လက်လုပ်နေရတဲ့ သဘောပါ။

TREND ။        ။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအကြံပြုချင်လဲ။
Dr.MNTJ ။    ။
လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့ အဓိကကတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ပါပဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူအခွင့်အရေးကို အာမခံပေး နိုင်မယ့် ဖက်ဒရယ်မူကိုကျင့်သုံးနိုင်မယ်ဆိုရင် ဒါကို ပြဋ္ဌာန်း နိုင်မယ်ဆိုရင် တိုင်းရင်းသား‌တွေအားလုံး လက်ခံမှာပါ။ ဒီနေ့ ဒီအချိန်အခါမှာ ကျွန်တော်သုံးသပ်ကြည့်ရသလောက်၊ ကျွန်တော်သိသလောက် ဆိုရင် အခု လက်နက်ကိုင်တဲ့ တိုင်းရင်းသားတိုင်းက ဖက်ဒရယ်မူရရှိရေးကို ဦးတည်ပြီးတော့ ဒါကို ရည် မှန်းပြီးတော့ လုပ်နေကြတာပါ။ ဖက်ဒရယ်မူကို ကျင့်သုံးနိုင်မယ်ဆိုရင် လက်နက်ကိုင်ထားတဲ့ အဖွဲ့အ စည်း‌‌တွေအားလုံး လက်ခံသွားကြမယ်လို့ ယုံကြည်ပါတယ်။
    ဘာကြောင့်လဲဆိုတော့ ပင်လုံစာချုပ်ပေါ့။ ပင်လုံစာချုပ်ချုပ်ဆိုတဲ့အထဲမှာ တိုင်းရင်းသားတွေ အားလုံးပါဝင်ခဲ့တာမဟုတ်ပေမယ့် အဲဒီမှာတချို့ ပါဝင်ခဲ့တယ်။ အဲဒီမှာ ဖက်ဒရယ်မူကျင့်သုံးဖို့ဆိုတဲ့ အခြေခံတွေး ခေါ်မှုပေါ့။ ဒါနဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တယ်။ အဲဒီလို ပင်လုံစာချုပ်ကို ချုပ်ဆိုပြီးတော့မှ တိုင်းရင်းသားတွေက အားလုံး ပင်လုံစာချုပ်ကို လက်ခံလာကြတယ်။ လက်ခံခဲ့ကြပေမယ့် နောက်ပိုင်းမှာ ပင်လုံစာချုပ်အတိုင်း ဖက်ဒရယ်မူကို မကျင့်သုံးနိုင်တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေထဲမှာ ပြဿနာတွေ ပေါ်လာတယ်။ လက်နက်ကိုင် တော်လှန်တာ‌‌တွေ ဖြစ်ပေါ်လာတာပဲလေ။ ဒါကြောင့်မို့လို့ ကျွန်တော် တို့က ဘာပဲဖြစ်ဖြစ်ဖက်ဒရယ်မူကို လက်မခံတဲ့ တိုင်းရင်းသားတွေဆိုတာ ရှိမယ်မထင်ဘူး။ ဖက်ဒရယ်မူဆိုတာ စောစောက ပြောသလိုပေါ့၊ စစ်မှန်တဲ့ ဖက်ဒရယ်မူကို ကျင့်သုံးမယ်။ ဒါက အဓိကကျတယ်။ အဲဒါကို ကျင့်သုံးမယ် ဆိုရင်တော့ ပင်လုံစာချုပ်ကို အလေးထားတဲ့အနေနဲ့ လုပ်ဆောင်လာတဲ့ သဘောမျိုးလို့ တိုင်းရင်းသားတွေကလည်း ကျေနပ်နှစ်သိမ့်မှု‌တွေ ဖြစ်ပေါ်လာမယ်၊ လက်ခံလာနိုင်တယ်လို့ မြင်ပါတယ်။

TREND ။        ။ တွေ့ဆုံ‌ဆွေးနွေးရေးလမ်းကြောင်း ပေါ်ရောက်မလာကြသေးတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဘာ‌ပြောချင်လဲ။
Dr.MNTJ ။    ။
ဒါကလည်းလိုအပ်ချက်တွေ တစ်ခုခုရှိလို့ ဖြစ်တာဖြစ်မှာပေါ့။ သူတို့ကို ဖိတ်ခေါ်တယ်။ သူတို့ကို လက်တွဲခေါ်ဆောင်တဲ့ နည်းနာတွေကို အစိုးရပိုင်းက မှန်မှန်ကန်ကန်နဲ့ သူတို့ကို လက်တွဲခေါ်ရမယ်။ သူတို့ကို လက်တွဲခေါ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပသွားမယ်ဆိုရင် စိတ်ဝင်စားလာကြမှာပါ။ အရေးကြီးတာက သူတို့ကို ပစ်ပယ်ထားတဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ လက်တွဲခေါ်တဲ့ ပုံစံမျိုးနဲ့ စည်းရုံးသိမ်းသွင်း ရမယ်ဗျ။ ငြိမ်းချမ်းရေး ဆွေး‌နွေးပွဲမှာလည်း ပါဝင်လာနိုင်အောင်၊ အများတကာနဲ့လည်း လက်တွဲနိုင်အောင် စည်းရုံးသိမ်းသွင်းဖို့က အရေးကြီးပါတယ်။ ဒါကို အစိုးရက စိတ်ရှည်ဖို့လိုတယ်။ စိတ်ရှည်ရှည်နဲ့ တင်းမာတဲ့ အဖွဲ့တွေလည်း လက်ခံသွားနိုင်အောင်၊ လက်တွဲလာနိုင်အောင် နည်းလမ်းရှာရမှာပဲ။ ဒီအတိုင်း ပစ်ထားမယ်ဆိုရင်တော့ ပိုဆိုးနေမှာပဲလို့ မြင်တယ်။

TREND ။        ။ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ခံယုံကြည်တဲ့ လက် နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်အတွင်းကို တဖွဲဖွဲ ဝင်ရောက်နေကြပါတယ်။ မတ်လ ၁၉ ရက်ဆိုရင် လက်နက်ကိုင် ၅၀၀ ကျော် တပ်မတော်ထံကို အလင်းဝင်ခဲ့ပါတယ်။ ကျန်နေသေးတဲ့ အဖွဲ့တွေ၊ လက်နက်ကိုင်လမ်းစဉ်တွေနဲ့ လမ်းမှားရောက်နေကြတဲ့သူ‌တွေကို ဘာပြောချင်လဲ။
Dr.MNTJ ။    ။
လူတိုင်းက အေးအေးချမ်းချမ်းနဲ့ နေချင်ကြတဲ့ သူတွေချည်းပဲလေ။ ကိုယ့်အိမ် ကိုယ့်ယာမှာ ကိုယ်နေချင်ကြတဲ့သူ‌တွေချည်းပဲ ဖြစ်တာကြောင့် ဒါကို အားလုံးက အမြင်သဘောထားကောင်းနဲ့ ညှိနှိုင်းတဲ့ အပိုင်းတွေ ပေါ်လာလို့ရှိရင် စဉ်းစားကြရမှာပါ။ ပြောရရင် ဖိတ်ခေါ်တာက စိတ်သဘောထား ကောင်းတယ်၊ စိတ်ကောင်း၊ စေတနာကောင်းနဲ့ ဖိတ်ခေါ်တာမို့ လက်ခံကြရမှာပါ။ ပြီးတော့ ဝင်ရောက် လာတဲ့သူတွေကို သက်ဆိုင်ရာ ခေါင်းဆောင်တွေက ကောင်းကောင်းမွန်မွန် ပြန်ပြီးတော့ နေရာချပေးရမယ်။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ရမယ်၊ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဘဝရပ်တည်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအတွေးအခေါ်၊ ဒီခံယူချက်ကို လက်ခံသူတွေက ဝင်လာကြ တာပေါ့။ ဖိတ်ခေါ်ဖို့က အစိုးရတာဝန်၊ ဝင်လာဖို့က လက်နက်ကိုင်အဖွဲ့တွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ 
    ကျွန်တော်ဆိုရင် KIO ထဲကို ၁၉၇၅  စရောက်ခဲ့ပြီးတော့ KIO မှာ ၃၄နှစ်လုပ်ခဲ့တယ်။ ၂၀၀၉ မှာ KIO က နုတ်ထွက်ပြီးတော့ ဥပဒေဘောင်အတွင်းကို ဝင်ရောက်လာခဲ့တယ်။ အဲဒီလို ဝင်ရောက်လာပြီးတော့မှ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လိုက်ခဲ့တာပါ။ ကျွန်တော်က ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သဘောကျတာကြောင့် မြို့ပေါ်ကနေပြီးတော့ လူထုအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ ပါတီ ထောင်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းကို လျှောက်လှမ်းခဲ့တာပါ။

TREND ။        ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဖက်ဒရယ်ဖွဲ့စည်းပုံ ပေါ်ပေါက်လာဖို့အထိ လိုလားတောင့်တနေကြတာတွေ ရှိပါတယ်။ အဲဒီအပေါ် အမြင်သဘောထားဘယ်လိုရှိလဲ။
Dr.MNTJ ။    ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ‌ကတော့ ပြင်သင့်ပြင်ထိုက်တာ‌တွေ ပြင်ရမှာပဲ။ လက်ရှိ နိုင်ငံ့ခေါင်းဆောင်တွေကလည်း ဒါကို လက်ခံပါတယ်။ ဒါကြောင့် ဒါတွေက တွေ့ဆုံဆွေးနွေးပြီးတော့မှ ဝိုင်းဝန်းဆွေးနွေးကြရမှာပါ။ ဒါကြောင့် ပြင်သင့်ပြင်ထိုက်တာတွေ ပြင်ရမှာပါ။ အဲဒီဟာကို ဒီအတိုင်း အသေထားမယ်ဆိုရင် ဖက်ဒရယ်တည်ဆောက်တဲ့နေရာမှာ ဖြစ်နိုင်ခြေမရှိဘူး လို့ မြင်ပါတယ်။ တချို့ကတော့ ပြင်ကြမှာပါ။ ပြင်ဖို့ကိုလည်း သဘောတူနိုင်ပါတယ်။ တာဝန်ရှိသူတွေဆီကိုလည်း တင်ပြထားပြီးသား အချက်တွေရှိပါတယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ဖွဲ့စည်းပုံဖြစ်လာဖို့ ပြင်သင့်ပြင် ထိုက်တာတွေ ပြင်သွား မယ်လို့လည်း မျှော်လင့်ပါတယ်။

TREND ။        ။ အထူးသဖြင့် ပြည်နယ်အခြေစိုက် ပါတီတွေ၊ တိုင်းရင်းသားပါတီကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်းကနေ ဘယ်လိုကြိုးပမ်းလုပ်ဆောင်သင့်လဲ။
Dr.MNTJ ။    ။
ဒါကတော့ အခြေအနေအမှန်ကို တင်ပြနိုင်ရမယ်။ ကိုယ့်ဒေသတိုင်းရင်းသားတွေက ကိုယ့်ဒေသ၊ ကိုယ်ရဲ့လူမျိုး၊ တိုင်းရင်းသားတွေရဲ့ အခြေအနေ အမှန်ကို တင်ပြနိုင်ရမယ်။ ဒါကို တိုးတက်ပြောင်းလဲလာအောင် လွှတ်တော်ကနေ ဝိုင်းဝန်းပြီးတော့ ဆွေးနွေးလုပ် ဆောင်ပေးရမှာပေါ့။ ကာယကံရှင်တွေက ခံစားချက်တွေကို၊ အမြင်သဘောထားတွေကို မှန်မှန်ကန်ကန် တင်ပြနိုင်ဖို့က အဓိကကျတယ်။ အဲဒီအပေါ်မှာ အများက ဝိုင်းဝန်းပြီးတော့ ဆွေးနွေးပြီးတော့ ပိုပြီး အခြေအနေကောင်းလာအောင် ပြုပြင်ပေးတဲ့ ပုံစံမျိုး ဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့်မို့လို့ ကာယကံရှင်တွေဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့  ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသားနဲ့ အတ္တမဆန်ဘဲ မှန်မှန်ကန်ကန် တင်ပြနိုင်ဖို့က အဓိက ကျပါတယ်။ အဲဒီအပေါ်မှာ လွှတ်တော်မှာပါတဲ့ အခြားကိုယ်စားလှယ်တွေအားလုံး ဝိုင်းဝန်းပြီးတော့ ‌ဖြေရှင်း ဆောင်ရွက်ပေးရမယ်။ အဲဒီလိုဆိုရင် တိုးတက်မှုတွေ အများကြီး ရရှိလာမှာပါ။

TREND ။        ။ လက်ရှိ နိုင်ငံရေးအခင်းအကျင်းဟာ တိုင်းပြည် အပြောင်းအလဲအတွက် လမ်းစပေါ်လာပြီ၊ အပြောင်းအလဲအတွက် ခြေလှမ်းတွေ လှမ်းနေတဲ့ အခင်းအကျင်းလို့ သုံးသပ်ထားတော့ ဒါနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားချင်သေးလဲ။
Dr.MNTJ ။        ။
အားလုံးရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်က ငြိမ်းချမ်းရေး ရရှိဖို့ပါပဲ။ ငြိမ်းချမ်းရေးရရှိဖို့ အစိုးရသစ်က ဦးဆောင်ရပါမယ်။ လွှတ်တော်က ဦးဆောင်ရပါမယ်။ အစိုးရနဲ့ လွှတ်တော်က ငြိမ်းချမ်းရေး ဆွေး‌နွေးပွဲတွေကို စနစ်တကျနဲ့ နည်းလမ်းတကျ ဦးဆောင်ကျင်းပပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့  အစိုးရသစ် ပေါ်လာတယ်၊ လွှတ်တော်ပေါ်လာ တယ်ဆိုတော့ ကျွန်တော်တို့ ကတော့ အားကိုးပါတယ်။ ဒီလို ပေါ်ပေါက်လာတယ်ဆိုတာကလည်း တိုးတက်ပြောင်းလဲရေးအတွက် ဖြစ်ပေါ်နိုင်စေတဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ အရေးကြီးတာက သက်ဆိုင်ရာ အစိုးရက တာဝန်ရှိပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များနဲ့ လွှတ်တော်ခေါင်းဆောင်များက ငြိမ်းချမ်းရေးရရှိရေးကိုတော့ အဓိကထားပြီးတော့ လုပ်ဆောင်ကြရမယ်၊ ပူးပေါင်းဆောင်ရွက်ကြရမယ်။ စိတ်ဝမ်းကွဲပြားမှု မရှိဘဲ တိုင်း ပြည်ငြိမ်းချမ်းဖို့ ပြည်သူလူထုမျက်နှာ ရှေးရှုပြီးတော့ လုပ်ဆောင်သွားဖို့ လိုအပ်တယ်။ အဲဒီလိုသာ လုပ် ဆောင်နိုင်မယ်ဆိုရင် လွှတ်တော်နဲ့ အစိုးရ စည်းလုံးညီညွတ်ရမယ်။ အစိုးရနဲ့ပြည်သူလူထု ထိတွေ့မှုရှိရမယ်။ စည်းလုံးညီညွတ်မှုရှိအောင် ကြိုးစားရမှာပါ။ အဲဒီလိုမျိုး တစ်စိတ်တစ်ဝမ်းတည်းနဲ့ လုပ်ဆောင်ကြ မယ်ဆိုရင် လုပ်ဆောင်ချက်တွေ အောင်မြင်နိုင်ပါတယ်။ ခွဲခြားတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်လို့ရှိရင် လိုအပ်ချက်တွေတော့ ရှိနေဦးမှာပါ။ အဓိကကတော့ စည်းလုံးမှုပါပဲ။ ဒါကိုလည်း အစိုးရသစ်က လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ပြီးသား ဖြစ်တယ်။  ဘယ်လို လုပ်လို့ရှိရင် တိုးတက်မှု မရနိုင်ဘူး၊ ဘယ်လိုလုပ်ရင်တော့ အောင်မြင်နိုင်တယ်၊ တိုးတက်မှုရနိုင်တယ် ဆိုတာ ဒါကို နိုင်ငံ့ခေါင်းဆောင်‌တွေ သိမြင်နေကြပြီးသား၊ ခြုံငုံသုံးသပ် သိရှိပြီးသားဖြစ်မှာပါ။ ဆိုတဲ့အခါကျတော့ စိတ်ကောင်းစေတနာရှိရှိနဲ့ တိုးတက်ပြောင်းလဲလာ အောင်လုပ်မယ်ဆိုရင် အစိုးရသစ်လက်ထက်မှာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအခြေအနေက အများကြီး တိုးတက်လာနိုင်ပါတယ်။ အခြေအနေ ကောင်းတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ယုံကြည်ပါတယ်။
ညီသစ်    

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 49

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61266

© 2022 - 2026 News. All Rights Reserved.