လစာတိုးတဲ့ ကိစ္စတွေ၊ ဘာတွေ ပြောရမှာကို ရှက်တယ် . . . . ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၆ ၊ မတ် ၂၇

    "သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ သိန်း ၁၀၀ ဖိုးကို ကားသုံးစီးရတဲ့ အနေအထားထိအောင် ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ကြံ့ခိုင်ရေးအစိုးရသည် ပြည်သူလူထုအတွက် ကုန်ဈေးနှုန်းကျဆင်းရေးတွေ ဆောင်ရွက်မယ်"ဆိုသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် တွေ့ဆုံမေးမြန်းထားသည်ကို ရေးသားဖော်ပြပေး လိုက်ပါသည်။


TREND ။        ။ လွှတ်တော်ထဲ ရောက်လာခဲ့ပြီဆိုတော့ မဲပေးလိုက်တဲ့ ပြည်သူတွေကို ဘာများပြောချင်လဲ။ 
UHS    ။    ။
ကျွန်တော်တို့ လွှတ်တော် Process က အခုမှစတာ။ ကျွန်တော်တို့ကို သမ္မတရွေးဖို့၊ ပြည်ထောင်စုလွှတ်တော်က လုပ်ရမယ့်ဟာကို ရက်ချိန်းပေးတာပေါ့။ ပြည်သူ့လွှတ်တော်က ဘယ်နေ့မှာ လုပ်ပါ။ အမျိုးသားလွှတ်တော်က ဘယ်နေ့မှာလုပ်ပါ။ တပ်မတော်သား ကိုယ်စားလှယ်တွေက ဘယ်နေရာမှာ လုပ်ပါပေါ့။ တက်လာမယ့် သုံးယောက်ကို သူ့ဆီကို တင်ပါပေါ့။ အဲဒါကို ချိန်းတာ။ ချိန်းတော့ ကျွန်တော်တို့ မတ် ၃၀ ရက်မှာ ပြန်ဆုံမယ်။ ၁၀ ရက် ခွာထားတယ်။ ဒီကြားထဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်သား အစုအဖွဲ့က သက်သက်စီ လုပ်ကြမှာပေါ့။ ထိုက်တန်တဲ့ ဒုတိယ သမ္မတလောင်းတွေ ပေါ်ထွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 


TREND ။        ။ ဒုသမ္မတသုံးယောက် ရွေးချယ်မှုနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘယ်လိုစဉ်းစားထားလဲ။ 
UHS    ။    ။
ကြံ့ခိုင်ရေးပါတီအနေနဲ့ကတော့ သမ္မတအရည်အချင်းနဲ့ ပြည့်စုံတဲ့၊ အခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ပုဂ္ဂိုလ်တွေကို ရွေးချယ်ဖို့ရှိပါတယ်။ 


TREND ။        ။ တချို့က ပြောကြတယ်။ လွှတ်တော်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အများစုရှိတဲ့ လွှတ်တော်ဖြစ်သွားတော့ အစိုးရနဲ့ လွှတ်တော်ကြားမှာပွတ်တိုက်မှု သိပ်မရှိတော့ဘူးလို့ ပြောကြတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများပြောချင်လဲ။ 
UHS    ။    ။
ဒါကတော့ ပေးထားချက်ပေါ့။ ကျွန်တော်တို့က Majoritynရသွားတာပေါ့နော်။ မဲအများစု နိုင်သွားတာ။ ဒါကလည်း ပြည်သူလူထုက အမှန်တကယ် မငြိမ်းချမ်းမှု ဖြစ်နေတာတွေကို စိတ်ကုန်သွား ပြီလို့ ယူဆလို့ရတယ်။ ဒါကြောင့် အစိုးရဖွဲ့နိုင်မယ့်ပါတီ၊ တိုင်းပြည်ကို မာမာတင်းတင်း Stronger Then Future လို့ ပြောထားတဲ့အတိုင်း ပိုမိုခိုင်မာ ပြည်မြန်မာ။ အဲဒါကို ယုံကြည်ပြီးတော့ ကျွန်တော်တို့ကို မဲထည့်လိုက် တာ ဖြစ်တဲ့အတွက်ကြောင့် အစိုးရနဲ့ လွှတ်တော်ကလည်း Match ဖြစ်ဖြစ်၊ Rhythm ကျကျ ဆောင်ရွက်သွား လိမ့်မယ်လို့ ယုံကြည်ပါတယ်။ 


TREND ။        ။ NLD ခေတ်မှာတော့ လွှတ်တော်နဲ့အစိုးရနဲ့က ပွတ်တိုက်မှုနည်းခဲ့တယ်။ သူက အစိုးရ အကြိုက်လိုက်ရတဲ့ သဘောဖြစ်တာကိုး။ ပြည်ခိုင်ဖြိုးကိုလည်း အဲဒီလိုပဲ မျှော်လင့်နေကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာပြောချင်လဲ။ 
UHS    ။    ။
NLD နဲ့ ကျွန်တော်တို့ ကြံ့ခိုင်ရေးကတော့ လုံး၀ဆန့်ကျင်ဘက်ပဲ။ လုံး၀မတူကွဲပြားခြား နားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လွှတ်တော် Channel ကိုကြည့်ပါလို့ ကြော်ငြာဝင်ချင်တာပေါ့။ ကျွန်တော်တို့ရဲ့ Performance တွေ ဘယ်လိုပေးတယ်ဆိုတာကို ပြည်သူတွေ လက်တွေ့သိရပါလိမ့်မယ်။ 


TREND ။        ။ ပြည်ခိုင်ဖြိုး တစ်ကျော့ပြန်အစိုးရ ဖြစ်တဲ့နှစ်လို့ ပြောလို့ရမလား။ ဒီကာလမှာ ပြည်ခိုင်ဖြိုးအနေနဲ့အခြေခံ လူတန်းစားပြည်သူတွေကို ပြေလည်အောင် ဘာတွေလုပ်ပေးနိုင်မလဲ။ 
UHS    ။    ။
ကျွန်တော်တို့က အဲဒါကို အဓိကထားလုပ်မှာဗျ။ ၂၀၁၀တုန်းကနဲ့ ၂၀၂၅ ထိ ခင်ဗျားတို့ ပြန်စဉ်းစားကြည့်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ဖြေလျှော့မှုတွေ အများကြီး လုပ်ခဲ့တယ်။ ပြည်သူလူထုအများကြီး ချောင်လည်ခဲ့တယ်။ ဥပမာပြောရရင် သိန်း ၁၀၀ ဖိုးကို ကားသုံးစီးရတဲ့ အနေအထား ထိအောင်။ Hijet လေးတွေ၊ ခွေးဘီလူးလေးတွေ။ အခုအချိန်မှာ အဲဒီခွေးဘီလူးလေးတွေက သိန်း ၄၀၀၊ ၅၀၀ ဖြစ်နေတဲ့ အနေအထားတော့ ရှိတယ်။ ဒါကတော့ သူရဲ့ခေတ်ပေါ့ဗျာ။ အခုက ရွှေဈေးတွေ တအားတက်တယ်။ ရေနံဆိုလည်း ကမ္ဘာကြီးက ရေနံဈေးတွေ တအားတက်နေတော့ ဒါကတော့ သူ့အနေအထားအတိုင်း ဖြစ်မှာပေါ့။ သို့သော် ကျွန်တော်တို့ ကြံ့ခိုင်ရေးအစိုးရသည် ပြည်သူလူထုကို ကုန်ဈေးနှုန်း ကျဆင်းရေးတွေ ဆောင်ရွက်မယ်။ တကယ့်အပြိုင်အဆိုင်နဲ့ ဈေးကျသွားအောင် အရင်တုန်းကလို တစ်ဦး တစ်ယောက်တည်း၊ တစ်ဖွဲ့တစ်စုတည်းကို ကန်ထရိုက်ပေးမယ့်အစားများများ တင်ဒါခေါ်တာတွေ၊ များများဆောင်ရွက်နိုင်လေ အပြိုင်အဆိုင် ဈေးလျှော့ လေ။ ဈေးသက်သာလေပေါ့။ ပြည်သူလူထုက အဲဒီပုံစံကို ရအောင်သွားမယ်။ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း ကတိကဝတ် ပြုထားတာရှိတယ်။ အဲဒီကတိကဝတ်ကို ပြည်သူတွေက ကြိုက်လို့ မဲပေးလိုက်ပြီ။ ဒီကတိကဝတ်ကို တည်အောင်လုပ်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိသွားပြီ။ အဲဒါကြောင့် ပြည်သူလူထုအတွက်ကိုတော့ ကျွန်တော်တို့က ကုန်ဈေးနှုန်း ကျဆင်းအောင်လုပ်မယ်။ အခြေခံလူတန်းစားတွေရဲ့ဘ၀ မြှင့်တင်နိုင်အောင် ကြိုးစားမယ်။ အထူးသဖြင့် တောင်သူလယ်သမားတွေရဲ့ဘ၀ ပိုပြီးတော့ ကြွေးမြီ ကင်းကင်းရှင်းရှင်းနဲ့ ရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်သွား မယ်လို့ ပြောချင်တယ်။

TREND ။        ။  ပြည်သူ ရာခိုင်နှုန်း ၅၀ ကျော် မဲပေးခဲ့တဲ့ ပြည်သူ့အစိုးရ ဖြစ်လာပြီ။ သို့သော် တစ်ဖက်က တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားတဲ့သူတွေက နိုင်ငံတကာက ဒီအစိုးရကို အသိအမှတ် မပြုဖို့၊ ဒီလွှတ်တော်ကို အသိအမှတ်မပြုဖို့ ပြောကြတယ်။ အဲဒီတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု အပိုင်းနဲ့ ပတ်သက်လို့ သဘောထား ဘယ်လိုရှိလဲ။ 
UHS    ။    ။
သူတို့က သူတို့နိုင်ငံမှာ ပြောနေကြတာပေါ့။ ဒါက မြန်မာနိုင်ငံလေ။ မြန်မာနိုင်ငံက ပြည်သူလူထုက ကျွန်တော်တို့ကို မဲထည့်တာလေ။ အင်္ဂလန်က လူကို သွားပြီးတော့ မဲထည့်တာမဟုတ်ဘူး။ အမေရိကန်က ဒေါ်နယ်ထရမ့်ကို သွားပြီးတော့ မဲထည့်တာ မဟုတ်ဘူး။ ဦးလှဆွေကို မဲထည့်ကြတာ။ ကျွန်တော်က မြန်မာပြည်မှာနေတာ။ ကျွန်တော်တို့က ဟမ်ဘာဂါ မစားရလည်း ကိစ္စမရှိဘူး။ ပဲပြုတ်နဲ့ ထမင်းကြမ်းနဲ့ ငါးပိချက်နဲ့ စားရရင် ကျေနပ်တယ်။ အဲဒီပုံစံ သွားမှာ။ သူတို့က ဟမ်ဘာဂါ စားပြီးတော့ ပြောနေတဲ့အချိန်မှာ ကျွန်တော်တို့က ဒါတွေ မလိုအပ်ပါဘူး။ ကျွန်တော်ဆိုလည်း (ဆန်ရှင်) ထိထားတာပဲလေ။ ပုဂ္ဂလိက(ဆန်ရှင်) ထိထားတာပဲ။ သူတို့က ဘာဖြစ်လို့ ကျွန်တော့်ကို (ဆန်ရှင်) ပိတ်တာလဲ။ ကျွန်တော်ဆိုရင် ကိုယ့်တိုင်းပြည်အတွက် ကိုယ်ကောင်းအောင် လုပ်တာပဲ။ ဦးလှဆွေက ခရိုနီလည်း မဟုတ်ဘူး။ ဝန်ကြီးလည်း မဟုတ်ဘူး။ ဗိုလ်ချုပ်လည်း မဟုတ်ဘူး။ သို့သော် သူတို့ကျွန်တော့်ကို (ဆန်ရှင်) ချတယ်။ ဘာလို့ချလဲ။ သူတို့ကျွန်တော့်ကို ကြောက်လို့ပေါ့။ ဒီလိုပြောချင်တယ်။ 


TREND ။        ။ ပြည်သူတွေက အခု အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေးကို တအားမျှော်လင့်တယ်။ ဘာပဲပြောပြော ငါးနှစ်တာကာလမှာလည်း လက်နက်ကိုင်ပဋိပက္ခရဲ့ဒဏ်ကို တော်တော်လေး ခံခဲ့ရတယ်။ အန်ကယ် ဦးလှဆွေရဲ့ ငြိမ်းချမ်းရေးအမြင်က ဘယ်လိုရှိလဲ။ 
UHS    ။    ။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ရင် ကျွန်တော့်ကို မခေါ်ပါနဲ့လို့ ခွင့်တောင်းထားတယ်။ ကျွန်တော်နဲ့ မကိုက်လို့။ ကိုယ့်တပ်မတော်သားတွေ၊ ကိုယ့်တပြည့်တွေ၊ ကိုယ့်ရဲ့ညီအစ်ကိုတွေကို သတ်ဖြတ်သွားတဲ့၊ ဒဏ်ရာရအောင် လုပ်သွားတဲ့လူတွေနဲ့ ကျွန်တော် မညှိ နှိုင်းချင်ဘူး။ မဆွေးနွေးချင်ဘူး။ ကျွန်တော်က အဲဒီဟာနဲ့ပတ်သက်လို့ သဘောထားတင်းမာတယ်လို့ပဲ ပြောပြော၊ ကျွန်တော့်အနေနဲ့ ကတော့ CNI သတင်းဌာနက မေးသလိုပေါ့။ ဒုတိယကမ္ဘာစစ်ကြီး ဘာလို့ ပြီးသွားတာလဲ။ အဏုမြူဗုံးနှစ်လုံး ကြဲလိုက်လို့ ပြီးသွားတာ။ ဒါပါပဲ။ 

TREND ။        ။ အန်ကယ်ဦးလှဆွေအနေနဲ့က အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေကို တပ်မတော်က အပြီးသတ် ဆောင်ရွက်စေချင်တဲ့ သဘောလားဗျ။ 
UHS    ။    ။
မှန်တာပေါ့ခင်ဗျာ။ ဒါက ကျွန်တော့်တစ်ယောက်တည်းရဲ့ဆန္ဒ မဟုတ်ပါဘူး။ ပြည်သူ လူထုရဲ့ဆန္ဒလည်း အဲဒီအတိုင်းတစ်သားတည်း ကျလိမ့်မယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု လွှတ်တော်ထဲကိုရောက်လာတဲ့ ကိုယ်စားလှယ်တွေက အနယ်နယ်အရပ်ရပ်က တစ်တိုင်းပြည်လုံးက လာတာ။ ကျွန်တော်ကတော့ နေပြည်တော်ကဆိုတော့ ကားလေးမောင်းလာတာ သာသာယာယာပဲ။ တချို့က ဒဏ်ရာရ၊ လူနာကောက်တဲ့ ရဟတ်ယာဉ်နဲ့ လိုက်လာတာ ရှိတယ်။ တချို့ကလည်း ဆိုင်ကယ် တောလမ်းကနေ အဝတ်အစားလေး တွေလဲပြီးတော့ ခိုးကြောင်ခိုးဝှက်နဲ့ PDF ဂိတ်တွေ ဖြတ်ပြီး လာရတာ ရှိတယ်။ သူတို့က လက်နက်ကိုင်ပဋိပက္ခရဲ့ အနိဋ္ဌာရုံတွေကို အများကြီး တွေ့ကြုံလာခဲ့ရတာ။ သူတို့ ညှိနှိုင်းမလား၊ အပြတ်ချမလားလို့ လွှတ်တော်ထဲမှာ မဲခွဲကြည့် ဘာအဖြေရမလဲ သိပြီးသားပဲ။ ဒါ ပြည်သူလူထုရဲ့ဆန္ဒပဲ။ 


TREND ။        ။ လွှတ်တော်ကိုယ်စားလှယ်တွေ ဆီကကြားရတာက ဦးသိန်းစိန် လက်ထက်ကလည်း ဒီလစာပဲ။ NLD လည်း ဒီလစာပဲ။ အခုလည်း ဒီလစာပဲ။ ဆိုတော့ ကုန်ဈေးနှုန်း အခြေအနေအရ ဆရာတို့ ပါတီအတွင်းမှာရော လစာကိစ္စ ဆွေးနွေးတာရှိလား။ 
UHS    ။    ။
ကျွန်တော်က ပထမဆုံး လွှတ်တော်မှာ ၂၀၁၀ မှာ လစာ သုံးသိန်းရတယ်။ NLD တွေ ဝင်လာတော့ လစာနည်းတယ်ဆိုပြီး ၁၀ သိန်း ဖြစ်သွားတယ်။ အဲဒီ ၁၀ သိန်း ဖြစ်သွားတဲ့ အချိန်တုန်းက ကျွန်တော် မထောက်ခံဘူးဗျ။ မဲခွဲဆုံးဖြတ်တဲ့အခါမှာ ကျွန်တော်က ကြားနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလစာရမှ ပြည်သူလူထုအကျိုးကို လုပ်မှာလား။ လစာတိုးတာတွေ၊ လျော့တာတွေက သိပ်အရေးမပါဘူး။ လစာတိုးတဲ့ ကိစ္စတွေ၊ ဘာတွေ ပြောရမှာကို ရှက်တယ်။ ရှက်စရာကြီးဗျာ။ ဒါမျိုးတွေ ဆွေးနွေးခဲ့တဲ့ လူတွေကိုလည်း သိပ်သဘောမတွေ့ဘူး။ ကျွန်တော်နဲ့တော့ မကိုက်ဘူး။ အဲဒီလိုပဲ ပြောချင်တယ်။

TREND ။        ။ အခုလို ဖြေကြားပေးတာ ကျေး ဇူးတင်ပါတယ်။
UHS    ။    ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ကွန်းဈာန်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 35

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61171

© 2022 - 2026 News. All Rights Reserved.