လာမယ့်အစိုးရတွေက အကောင်းဆုံး စီမံခန့်ခွဲမယ်ဆိုရင် ပြည်သူတွေရော၊ နိုင်ငံရော မချမ်းသာစရာ အကြောင်း မရှိဘူး . . . . ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးမောင်မြင့်နှင့် တွေ့ဆုံခြင်း . . .

၂၀၂၆ ၊ ဇန်နဝါရီ ၈

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှည်းကူးမြို့နယ် ကြာအင်းဒေသ လူထုတွေ့ဆုံပွဲကို ဇန်နဝါရီ ၁ ရက်က ကျင်းပရာ ပြည်သူလေးထောင်ကျော်ခန့် တက်ရောက်ခဲ့ကြသည်။ အဆိုပါ လူထုတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဦးမောင်မြင့်အား ရွေးကောက်ပွဲ အပိုင်း(၁)တွင် အတွေ့အကြုံများနှင့် မဲရရှိမှုအခြေအနေများကို တွေ့ဆုံမေးမြန်းထားပါသည်။

TREND    ။    ။ လှည်းကူးမြို့နယ် လူထုတွေ့ဆုံပွဲကို တက်ရောက်ဖြစ်တဲ့ အကြောင်းလေးနဲ့ ရွေးကောက်ပွဲ အပိုင်း(၁)ရဲ့ အခြေအနေလေးကို မိတ်ဆက်ပေးပါဦး။
UMM    ။    ။
ကျွန်တော်က ပြည်ခိုင်ဖြိုးပါတီမှာ CEC တစ်ယောက် ဖြစ်ပါတယ်။ CEC တွေကို နယ်မြေတွေ တာဝန်ပေးတဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီးမှာရှိနေတဲ့ မဲဆန္ဒနယ်မြေတွေရဲ့ အောင်နိုင်ရေးတွေကို တာဝန်ပေးထားတာ ဖြစ်တယ်။ ကျွန်တော့်ဘက်မှာလည်း ရွေးကောက်ပွဲက ပြီးသွားတော့ လာရောက် ကူညီပေးတဲ့ သဘောပါ။ ကျွန်တော်တို့ ပါတီကတော့ ပြီးခဲ့တဲ့အပိုင်း (၁)မှာ ၁၀၂ နေရာ ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ နေရာ ၉၀ နီးပါးလောက်တော့ အနိုင်ရရှိပြီး ဖြစ်ပါတယ်။ လှည်းကူးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုခင်မောင်စိုးတို့ကလည်း အစဉ်အလာရှိတဲ့သူ ဖြစ်တယ်။ ဒီနယ်မြေအကျိုးကို လည်း အများကြီး လုပ်ပေးခဲ့တယ်။ အထူးသဖြင့် လျှပ်စစ်ဝန်ကြီး ဖြစ်တဲ့အချိန်မှာ သူက လျှပ်စစ်မီးကို ဒီဒေသတွေအကုန်လုံးကိုရအောင် လုပ်ပေးတယ်ဆိုတာ နည်းတဲ့ကျေးဇူးမဟုတ်ဘူး။ ဝန်းရံတဲ့သူတွေ လည်းများ တယ်ဆိုတာ အထူးအဆန်းတော့ မဟုတ်တော့ဘူး။ ပြည်သူတွေက ဘယ်သူအစိုးရ ဖြစ်မလဲ ဆိုတာသိလို့ ဒီဘက်ကိုပိုပြီးယိမ်းရင် ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်တာပေါ့၊ ဒီသဘောတော့ မြင်ပါတယ်။

TREND    ။    ။ ရွေးကောက်ပွဲ အပိုင်း (၁) မှာ မဲတွေက သိသိသာသာ ပြည်ခိုင်ဖြိုးပါတီကို ပြည်သူက ယုံကြည်မှု ပိုလာတယ်လို့ ပြောလို့ရမလား။
UMM    ။    ။
မှန်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးသွားတာပေါ့နော်။ ဒါပေမဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်တုန်းက အစိုးရဖွဲ့တဲ့အချိန်မှာ သမ္မတကြီး ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ပေးတဲ့ ဆောင်ရွက်ချက်တွေက အခုအချိန်မှာ ကျွန်တော်တို့ အတွက်ကတော့ လွမ်းမောစရာလေးတွေပေါ့၊ ပြည်သူတွေအတွက် အကျိုးပြုခဲ့တာတွေက အများကြီးပါပဲ။ ကျွန်တော်တို့ ၂၀၁၅ လည်းရှုံးသွားတယ်။ ၂၀၂၀ လည်း ရှုံးသွားတယ်ဆိုပေမယ့် အဖြေကတော့ တရားဝင် မဖြစ်ဘူး။ ဒီအကြိမ်ကတော့ ကျွန်တော်တို့ တတိယအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရပါတယ်။ ၂၀၂၀ ကတော့ ထားလိုက်တော့ပေါ့။ ပြည်သူတွေလည်း အမြင်မှန်ရပြီး မျက်စိလည် ပြေပြီလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိအနေအထားမှာ အစိုးရဖွဲ့နိုင်တဲ့အနေအထားကို ရနိုင်ပြီလို့ပြောလို့ မရသေးပေမယ့်။အပိုင်းသုံးပိုင်းလုံးပြီးလို့  အစိုးရဖွဲ့နိုင်တဲ့ အချိန်ကြရင် အကောင်းဆုံး ပခုံးဝန်ထမ်းပေးမယ့် သဘောပါပဲ။

TREND    ။    ။ ကိုယ်တိုင်က မဲဆန္ဒနယ် အပိုင်း (၁) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အတွက် မဲရလဒ်အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
UMM    ။    ။
ကျွန်တော်ပြိုင်တာကတော့ ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်မှာ ပြိုင်တာ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူက ၆၆၀၀၀ ရှိတယ်။ ဒါပေမဲ့ တကယ်လာပေး တဲ့အခါမှာကြတော့ ၇၂ နဲ့ ၇၃ ရာခိုင်နှုန်းရှိတယ်။ ကျွန် တော်ကတော့ စုစုပေါင်းခိုင်လုံမဲက ၁၈၀၀၀ နဲ့ ၁၉၀၀၀ လောက်ရတယ်။ ဒုတိယအများဆုံးကတော့ ၆၀၀၀ နီး ပါးလောက်ရတယ်။ ကိုယ်စားလှယ်လောင်းတိုင်းကတော့ ရကြတယ်။ ၃၀၀၀၊ ၂၀၀၀ ရကြ တယ်။ ကျွန်တော်တို့က ပါတီစုံဒီမိုကရေစီကို သွားတဲ့အခါကြတော့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ရှစ်ယောက်လုံးက ရကြတာပဲလေ။ စည်းရုံးမှုအားပိုကောင်းတဲ့ ကျွန်တော်တို့ ခါတော်မီ စည်းရုံးတာ မဟုတ်ဘူးလေ။ စဉ်ဆက်မပြတ် စည်းရုံးထားတာ၊ ပြည်သူတွေ စားဝတ်နေရေး လိုအပ်ချက်တွေ၊ ပြည်သူတွေ သဘာဝဘေးအန္တရာယ် ထိတွေ့ခံစားရတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဖြည့်ဆည်း ပေးမှုတွေကို ပြည်သူတွေ ဘယ်မေ့မလဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အထူးစည်းရုံးစရာမလိုဘဲ ပြည်သူတွေရဲ့ မဲကို ရပါတယ်။ သို့သော်လည်း ရွေး ကောက်ပွဲမှာက မဲဆွယ်စည်းရုံးခွင့်ကာလက နှစ်လသတ်မှတ်ထားတော့ အဲ့ဒီနှစ်လလုံး လုပ်ခဲ့တယ်။ အဲဒီလိုလုပ်တဲ့အတွက် မိမိတို့ကိုထောက် ခံတဲ့ မဲဆန္ဒရှင် ပိုများလာတယ်လို့ ယူဆပါတယ်။

TREND    ။    ။ လွှတ်တော်ထဲရောက်ရှိရင် ပြည်သူတွေအတွက် ဘယ်အချက်ကို အဓိကထား ဆောင်ရွက်ပေးမယ်လို့ စဉ်း စားထားလဲ။
UMM    ။    ။
ကျွန်တော်နေခဲ့ဖူးတဲ့ နေရာတွေက ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရှစ်နှစ် ဒုဝန်ကြီး လုပ်ဖူးတယ်။ အလုပ်သမားဝန်ကြီးဌာနမှာ တစ်နှစ်၊ စက်မှုဝန်ကြီးဌာနမှာ ဝန်ကြီးအဖြစ်နဲ့ သုံးနှစ်လုပ်ဖူးတယ်။ သာမန်အားဖြင့်တော့ ကျွန်တော်တို့က လေ့လာမှုကို ရပ်မထားဘဲ၊ ဆက်လေ့လာတော့ ကဏ္ဍတော်တော်များများမှာ ကျွန်တော်တို့ သိပါတယ်။ ကျွမ်းကျင်တယ်လို့တော့ မပြော ချင်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တယ်။ သို့သော်လည်း ကျွန်တော်တို့ဘဝမှာ  မှတ်ကျောက်အတင်နိုင်ခဲ့ဆုံး ကတော့ ရှိတာပေါ့။ တကယ်တမ်းပြောလို့ရှိရင် သူများနိုင်ငံရဲ့ နယ်နိမိတ်ကို တစ်ပေ၊ တစ်လက်မရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလေ။ ဒါပေမဲ့ ကျွန်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးလုပ်တော့ ကျွန်တော် ကြိုးစားပမ်းစားလုပ်ပြီး နှစ်ဖက် ညှိလိုက်တဲ့အခါကြတော့ ကျွန်တော်တို့က မပြီးပြတ် သေးတဲ့ နယ်နိမိတ်ကို ကိုက် ၅၀ ရအောင် လုပ်လိုက်တယ်။ ဒါက စစ်တိုက်ပြီးတော့ရတာ မဟုတ်ဘူး။ ကျွမ်းကျင်မှုနဲ့ တစ်ဖက်ကလူကို နားလည်အောင် ပြောပြနိုင်မှုနဲ့ ရလိုက်တာဆိုတော့ ဒါမျိုးတွေကိုတော့ တော်ရုံတန်ရုံလူက မလုပ်ဆောင်နိုင်ဘူးလေ။ အလုပ်သမားဝန် ကြီးဌာနမှာ နေတဲ့အခါမှာလည်း ထိုင်း နိုင်ငံမှာရှိနေတဲ့ တစ်သက်လုံးက တရားမဝင်ဘူးဆိုတဲ့ လူတွေကို တရားဝင်အောင် လုပ်ခဲ့တဲ့အခါမှာ လူနှစ်သန်းလောက်နီးပါးကို တရားဝင်အောင် လုပ်ပေးခဲ့တယ်။ အခုလည်း ကျွန်တော် တို့နိုင်ငံက လူတွေက ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့အခါ ကြတော့ CI ထုတ်ပေးတဲ့ လုပ်ငန်းတွေ လုပ်နေတယ်။ တချို့ နေရာမှာလည်း အခက်အခဲတွေတော့ရှိတယ်။ ဒါမျိုးတွေ တာဝန်ပေးမယ်ဆိုရင် လုပ်နိုင်တာပေါ့။ အခု တာဝန်ပေးပြီး၊ လေ့လာပြီး သုံးလလောက်ကြာမှ လုပ်မှာမဟုတ်ဘူး။ အခုတာဝန်ပေးတာနဲ့ မနက်ဖြန် လုပ်နိုင်တယ်။ တာဝန်ပေးခြင်း၊ မပေးခြင်းဆိုတာကလည်း ကုသိုလ်ကံနဲ့ အဲဒီအချိန်မှာ ဖြစ်ပေါ်လာမယ့် နိုင်ငံတော်အကြီးအကဲရဲ့ သဘောထားပဲလေ။ နောက်ဆုံးပိတ် တာဝန်မပေးလည်း ဝမ်းနည်းစရာအ ကြောင်းတော့ မရှိဘူး။ ၂၀၁၆-၂၀၂၀ မှာ လွှတ်တော်မှာ နေပြီးတော့ အစိုးရကို ထိန်းကျောင်းခဲ့တာတွေ အများကြီး ရှိတယ်။ အစိုးရ လုပ်ချင်တာတွေအများကြီး လုပ်ပေးခဲ့ဖူးတယ်။ ဒါကြောင့်မို့ ဒါတွေက နောင်တစ်ချိန်မှာ လုပ်ချင်တယ် ဆိုတာတောင် လုပ်ခွင့်မရှိတော့ဘူး။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ စကားတစ်ခွန်း၊ မိန့်ခွန်းတစ်ခုနဲ့ အဆိုတစ်ခုနဲ့ပဲ အစိုးရကို ထိန်းကျောင်းနိုင်တာကို ဘယ်နေရာရောက် ရောက် ပြည်သူက ရွေးချယ်ပေးရင် ပြည်သူပေးတဲ့တာဝန်ကို လုပ်မယ်၊ ပြည်သူက ၆၆၀၀၀ ရှိတဲ့အထဲမှာ တကယ် တမ်းပြောရင် ဝန်ထမ်းက လေးသောင်းကျော်ရှိတယ်။ သာမန်အရပ်သားက နှစ်သောင်းကျော် ရှိတယ်ဆို တဲ့အခါကြတော့ ဝန်ထမ်းတွေအတွက် အချိန်ပို တွေကို လိုအပ်တာထက် ပိုပြီး ဆင်းနေရတဲ့ ကိစ္စတွေ၊ အချိန်ပိုကြေးမရတဲ့ ကိစ္စတွေ၊ သူတို့ရဲ့ နောင်ရေးအတွက် လူမှုဖူလုံရေးကိစ္စတွေ၊ အိမ်ရာ စီမံကိန်း ကိစ္စတွေ ဒါတွေစိတ်ထဲမှာတော့ ဆောင်ရွက်ပေးမှာတွေ အများကြီးရှိပါတယ်။

TREND    ။    ။ ပါတီအနေနဲ့ ပြည်သူတွေလိုလား တောင့်တတဲ့ လက်ရှိ ငြိမ်ချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုများ ဆောင်ရွက်ပေးသွားမလဲ။
UMM    ။    ။
ငြိမ်ချမ်းရေးကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အဓိကကျတာပေါ့။ သို့သော်လည်း ကျွန်တော်တို့က လက်နက်ကိုင် အဖွဲ့အစည်းကိုလည်း ယဉ်ပါးအောင် လုပ်ပေးရမယ်။ NCA ကို ဒီ့ထက် ပိုပြီး လေးနက်အောင် လုပ်ပေးရမယ်။ ပြီးရင် သူတို့ကိုယ် တိုင် အမြင်မှန်ရပြီး သူတို့ကိုယ်တိုင်က ပါတီတွေဖွဲ့ပြီးတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင် ပြီးတော့ သူ့နယ်မြေအကျိုးကို သူဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမှာပါ။ ဒါကတော့ ငြိမ်ချမ်း ရေးနဲ့ ပတ်သက်လို့ပါ။ လူမှုစီးပွား တိုးတက်အောင်ဆိုတဲ့နေရာမှာ စီးပွားရေးက နိုင်ငံတကာက အသိ အမှတ်ပြုတဲ့ အစိုးရကြတော့လည်း ရာနှုန်းပြည့် မဖြစ်သေးဘူး။ ရာနှုန်းပြည့်ဖြစ်အောင် အခု ရွေးကောက် ပွဲလုပ်တယ်။ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရဆိုရင်တော့ ရာနှုန်းပြည့် တဖြည်းဖြည်း ဖြစ်လာမှာ ပေါ့။ ရာနှုန်းပြည့် ဖြစ်လာတဲ့အခါကြတော့ နိုင်ငံတကာမှာ ဝင်ဆံ့မယ်။ နိုင်ငံတကာမှာက ကျွန်တော်တို့ အပေါ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ အားလုံး ဖြေလျှော့သွားမယ်။ ဖြေလျှော့သွားရင် နိုင်ငံခြားက FDI တွေ ဝင်လာမယ်။ နိုင်ငံတကာနဲ့ ကုန်သွယ်ကူးသန်းမှုတွေလည်း ပို ပြီးတော့ ကောင်းမွန်လာမယ်။ ဒါဆိုရင် ကျွန်တော်တို့ ပြည်သူရဲ့ လူမှုစီးပွားဘဝလည်း မြင့်တက်လာမယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့်ပေါ့။ ကျွန်တော် ခုနကပြောတဲ့ မုတ္တမကမ်းလွန်ပြင်မှာတွေ့ခဲ့တဲ့ M15 လုပ်ကွက်က ဓာတ်ငွေ့သိုက်ကြီး တွေ့ထားတယ်။ အဲဒီအရာက အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀ ကျော်ကို ငါးနှစ် နောက်ပိုင်းမှာ ရတော့မယ်ဆိုတဲ့ အခါကြတော့ လာမယ့်အစိုးရတွေက အကောင်းဆုံး စီမံခန့်ခွဲမယ်ဆိုရင် ပြည် သူတွေရော၊ နိုင်ငံရော မချမ်းသာစရာအကြောင်း မရှိပါဘူးလို့ ပြောချင်ပါတယ်။ 

TREND    ။    ။ ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲရောက်ရှိတဲ့အခါမှာ အရင်ဆုံးဆောင်ရွက်ပေးရမယ့် အချက်ကို ပြောပြပေးပါဦး။
UMM    ။    ။
ပြည်သူတွေ အတွက်ကတော့ ပြည်သူတွေက ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက် ပေးလိုက်တော့ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်တက်မယ်။ အဲ့ဒီ ကိုယ်စားလှယ်တွေကပဲ သမ္မတကို ရွေးချယ်မယ်။ သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်တဲ့စနစ် မဟုတ်ပေမယ့်လည်း ပြည်သူတွေက ရွေးချယ်ပေးတဲ့ လွှတ်တော် ကိုယ်စားလှယ်က သမ္မတကို ရွေးချယ် ခွင့်ရှိတယ်။ အဲဒီတော့ သမ္မတကတစ်ဆင့် သူ့ရဲ့သင့်တော်မယ်ထင်တဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေကို ဝန်ကြီးအဖွဲ့မှာ၊ အစိုးရအဖွဲ့မှာ ဖွဲ့စည်းပြီးတော့ တိုင်းပြည်ကို အကောင်းဆုံး မောင်းနှင်နိုင်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။

TREND    ။    ။ အများ ယုံကြည်နေတာတော့ ပိတ်ဆို့မှုတွေ မရှိတော့ဘူးဆိုရင် စားဝတ်နေရေးပြေ လည်ကြမယ်လို့ ယုံကြည်ကြတယ်။ ဒီအလားအလာလေးကိုလည်း ပြောကြားပေးပါဦး။
UMM    ။    ။
သေချာတာပေါ့။ ကျွန်တော်တို့ နိုင်ငံက ဟိုတစ်ချိန်တုန်းက ILO ရဲ့ ပိတ်ဆို့မှု။ အဲဒါတွေ ရှိခဲ့တယ်။ ကျွန်တော် အလုပ်သမားဝန်ကြီး ဖြစ်ခဲ့တုန်းက ILO ရဲ့ Sanction ခြောက်ခု ပြုတ်သွားတယ်။ နှစ်ခုက ကျန်နေသေးတယ်။ ကျွန်တော့်နောက်မှ ရောက်တဲ့ အလုပ်သမားဝန်ကြီးလက်ထက်မှာ နှစ်ခု ပြုတ်သွားတယ်။ Sanction မရှိဘူးပေါ့။ ဒါပေမဲ့လည်း အခုချိန်မှာကြတော့ Sanction တွေ တိုက်ရိုက်မရှိဘူး။ Article 33 အရ အရေးယူမယ်ဆိုတာတော့ ရှိသေးတယ်။ အစပျိုးနေပြီပေါ့။ အစပျိုးနေပြီဆိုတော့ အဲဒါလေးတွေကို အခြေမခိုင်ခင်မှာပဲ ပြည်သူ့အစိုးရဖြစ်လာခဲ့ရင် ILO မှာ ကျွန်တော်တို့က အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ စေလွှတ်ပြီးတော့မှ အကောင်းဆုံးဖြေရှင်း၊ တင်ပြတာ တွေလုပ်မယ်။ နိုင်ငံအတွက်ကောင်းတဲ့ အလားအလာ တွေ ရှိပါတယ်။ 

TREND    ။    ။ ရွေးကောက်ပွဲ အပိုင်း(၁)ကတော့ ပြီးသွားပြီ၊ ကျန်တဲ့အပိုင်း (၂) နဲ့ (၃) အတွက် ပြောပေးပါဦး။
UMM    ။    ။
အခမ်းအနားတစ်ခုမှာ ပြောသွားတာ ကြားလိုက်တယ်။ နိုင်ငံသားတိုင်းမှာ မဲပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့လည်း နိုင်ငံသားတွေအနေနဲ့ အတင်းအကျပ်မဲပေးဖို့ ဆောင်ရွက်မှာမဟုတ်ဘူး။ နိုင်ငံသားတွေက ဒီမိုကရေစီကို သွားတယ်ဆိုရင် ဒီမိုကရေစီရဲ့သဘော သဘာဝကို တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာကို အဓိကသိရမှာပေါ။ အဲဒီတော့ ဘာတွေကို တာဝန်ယူရမှာလဲဆိုရင် မဲပေးတဲ့ တာဝန်ကို ယူရမှာပေါ့။ ဒါမှသာလျှင် သူတို့ရွေးချယ်တဲ့ အစိုးရဖြစ်မှာပေါ့။ တကယ်လို့ သူတို့မရွေးချယ်တဲ့ အစိုးရ တက်လာခဲ့ရင်လည်း သူတို့ အဲဒီအစိုးရကို မရွေးချယ်ခဲ့ဘူး။ ဆန့်ကျင်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့ရပ်တည် ချက်ကို ယူထားတာပေါ့နော်။ အဲဒီတော့ ဒီမိုကရေစီရင့်သန်တဲ့ နိုင်ငံတွေတောင်မှ၊ အမေရိကန်တောင်မှ မဲပေး တဲ့ ရာခိုင်နှုန်းကတော့ မဲပေးခွင့်ရှိတဲ့ လူတွေရဲ့ ရာခိုင်နှုန်း ၅၀ အောက်မှာပဲ ရှိပါတယ်။ အိန္ဒိယဆိုရင် ရာခိုင် နှုန်း ၅၀ ကျော်ကျော်လေးပဲ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာကြတော့လည်း မဲပေးတဲ့သူတွေက နေပြည် တော်မှာဆိုရင် ရာခိုင်နှုန်း ၇၀ ကျော်ရှိတယ်။ တစ်နိုင်ငံ လုံးနဲ့ဆိုရင် ရာခိုင်နှုန်း ၅၀ ကျော် ရှိပါတယ်။ မဲလာပေးတဲ့သူက နည်းတယ်ဆိုတာ တစ်ဖက်ကလည်းခြိမ်းခြောက် မှုတွေ ရှိနေတယ်ဆိုတာကိုလည်း တွေ့နေရတယ်။ ဒီခြိမ်းခြောက်မှုတွေကိုလည်း ကျွန်တော်တို့ ဥပဒေနဲ့ အရေးယူ ဆောင်ရွက်နေတာဆို တာလည်း တွေ့နေရတာပဲလေ။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဖျက်လိုဖျက်ဆီး လုပ်နေတဲ့သူတွေကို ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူနေကြတော့ ပြည်သူတွေလည်း မကြောက်ကြတော့ဘူး။ မဲပေးခွင့်ရှိတဲ့ ပြည်သူက ကိုယ့်အတွက် ငါးနှစ်မှ တစ်ကြိမ်ပေးရတဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချဖို့ လိုတယ် လို့ ပြောချင်ပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59680

© 2022 - 2026 News. All Rights Reserved.