၂၀၂၆ ဇန်နဝါရီ ၁၉
အခုရွေးကောက်ပွဲက တိုင်းရင်းသားပါတီတွေ ကိုယ်စားပြုခွင့် ပိုမို ရရှိလာတယ် လွှတ်တော်အခင်းအကျင်းကလည်း တိုင်းရင်းသားအသံလေးတွေ ပိုကြားလာရမှာ သေချာတယ် . . .
ကိုယ်ရေးအကျဉ်း
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယခင် SNDP (ကျားဖြူပါတီ) ကိုယ်စားပြု၍ ပူတာအိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) တည်ထောင်ချိန်၌ ပါတီနာယကအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲများတွင် ဒူးလေးပါတီကိုယ်စားပြု၍ ပူတာအိုမြို့နယ် ကိုယ်စားလှယ်အဖြစ် လည်းကောင်း ဝင်ပြိုင်ခဲ့ရာ အနိုင်မရရှိခဲ့ပေ။ ၂၀၂၃ ခုနှစ်မှစတင်၍ ပါတီဥက္ကဋ္ဌ ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ ရပြီး လက်ရှိအချိန်အထိ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအခင်းအကျင်း၊ ပါတီရွေးကောက်ပွဲ ဝင်ရောက်ခဲ့မှု အခြေအနေနှင့် ယခင်ရွေးကောက်ပွဲများထက် ယခုရွေးကောက်ပွဲက တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာမှု အခြေအနေတို့နှင့်ပတ်သက်၍ လီဆူတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသူ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့၏ အမြင်သဘောထားများကို မေးမြန်းထားသည်။
TREND ။ ။ ဒူးလေးပါတီရွေးကောက်ပွဲ ဝင်ရောက်ခဲ့မှု ရလဒ်အခြေအနေနဲ့ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ် ကို ဦးစွာပြောပြပါဦး။
ULPY ။ ။ ရွေးကောက်ပွဲမှာက ဝင်အရွေးချယ်ခံရမယ့် မဲဆန္ဒနယ်က နည်းတယ်။ အားလုံး ၁၉ နေရာပဲရှိတယ်။ တကယ်တမ်း ရွေးကောက်ခံရတာက နှစ်ဦးပဲရှိတယ်။ အဲဒီရတဲ့ နှစ်ယောက်က တစ်ဦးက ဆွမ်ပရာဘွမ်မြို့နယ်က PR စနစ်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တစ်ဦးရယ်၊ ပူတာအိုမြို့နယ် လီဆူတိုင်း ရင်းသားရေးရာ မဲဆန္ဒနယ်တစ်ဦးရယ်၊ ပါတီအနေနဲ့က ကိုယ်စားလှယ်နှစ်ဦးပဲ ရတယ်။ ရလဒ် အနေနဲ့ကတော့ ဒီနှစ်ကအဓိကက တည်ငြိမ်အေးချမ်းမှု မရှိတဲ့အခါကျတော့ ကိုယ်စားလှယ်တွေ ရှာဖွေရတာလည်း စိတ်ကြိုက်မရခဲ့ဘူး။ စိတ်ကြိုက်မရတော့ ဒီလောက်ပဲ ရွေးကောက်ခံရတာ မနည်းဘူး ကြိုး စားလိုက်ရတာ။ ကျေနပ်မှုအနေနဲ့ကတော့ မရဘူး၊ ကျွန်တော်တို့ မှန်းထားတာက ၁၀ ဦးလောက် မှန်းထားတာ။ ဒါပေမဲ့ ရွေးကောက်ပွဲမှာလည်း နေရာတော်တော်များများမှာတော့ ကျွန်တော်တို့က ပြည်ခိုင် ဖြိုးပြီးရင် ကျွန်တော်တို့ပါတီက ဒုတိယလိုက်တာပဲ။ တတိယလိုက်တာကတော့ နှစ်မြို့နယ် လောက်ရှိ တယ်။ ကျန်တဲ့မြို့နယ်တွေက အကုန်လုံး ဒုတိယနေရာ လိုက်တယ်။ ဒီအခြေအနေ၊ ဒီရလဒ်က မဆိုးဘူးလို့တော့ ပြောရမှာပါ။ ပြီးတော့ ကျွန်တော်တို့ လူတွေက မဲလာမထည့်ကြဘူး။ ကျွန်တော် တို့ပါတီကို မဲထည့်ပေးမယ့် မဲဆန္ဒရှင်တွေက မဲရုံမလာဘူး။ အဲဒါကြောင့်လည်း ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ တချို့ကျတော့လည်း လုံခြုံရေးပေါ့။ ကြောက်တာတို့၊ စိုးရိမ်တာတို့ အဲဒါတွေကြောင့်လည်း မဲရုံမလာ ကြတာပါတယ်။ တချို့ကျတော့လည်း လိုင်းပေါ်မှာ တွေ့တဲ့အတိုင်းပဲ၊ ဟိုဝါဒဖြန့်၊ ဒီဝါဒဖြန့်တွေအပေါ် ကိုယ်ကိုယ်တိုင် အမှားအမှန် မသုံးသပ်နိုင်၊ မဝေခွဲနိုင်တဲ့အခါကျတော့ သူများပြောတာကို ယုံပြီးတော့ မဲရုံ မလာကြတာတွေ များခဲ့တာပေါ့။ သို့သော်လည်းပဲ အခုရရှိခဲ့တဲ့ ရလဒ်အနေအထားကနေ လီဆူပါတီအနေနဲ့ လွှတ်တော်နိုင်ငံရေးဘက်မှာ အတတ်နိုင်ဆုံး၊ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ လာမယ့် ရွေးကောက်ပွဲတွေမှာ ကိုယ့်ပါတီ ထောက်ခံမဲတွေရအောင် ပြည်သူလူထုတွေ နားလည် အောင်တော့ ကြိုးစားသွားရမှာပါ။ ကြိုးစားသွားဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲတွေမှာ ဒီ့ထက်မက အောင်မြင်မှုရအောင် လွှတ်တော်ကဏ္ဍလည်း လွှတ်တော်ကဏ္ဍပေါ့။ ပါတီအနေနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးကဏ္ဍမှာ တတ်နိုင်သလောက် လုပ်ဆောင်ပေးမှသာ နောင်ရွေးကောက်ပွဲမှာ ရလဒ်ကောင်းတွေ ရလာအောင်လုပ်ဖို့ မျှော်မှန်းထားပါတယ်။ လွှတ်တော်နိုင်ငံရေးက အဓိကကတော့ လွှတ်တော်ထဲမှာ လုပ်လို့ရသလောက်၊ လုပ်ခွင့်ရှိသလောက် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပါ။ ပြည်သူလူထု တွေရဲ့အကျိုး၊ တိုင်းပြည်အကျိုး၊ ဒေသရဲ့အကျိုး ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ ပြီးတော့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ မငြိမ်မသက်မှုတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက အတတ်နိုင်ဆုံး တည်ငြိမ်အေးချမ်းမှုရအောင် လွှတ်တော်မှာ တိုက်တွန်းတာတွေ၊ ဆွေးနွေးတာတွေ ဒါတွေကတော့ လုပ်သွားရမှာပေါ့။

TREND ။ ။ လီဆူတိုင်းရင်းသားလူမျိုးမဲန္ဒနယ်မှာ အနိုင်ရရှိခဲ့တော့ ဘယ်ကဏ္ဍတွေကို ဘယ်လို ဆောင်ရွက်မယ်ဆိုတာမျိုး ပထမဆုံး ဦးစားပေးလုပ်မယ့်အရာက ဘာဖြစ်မလဲ။
ULPY ။ ။ လီဆူတိုင်းရင်းသားရေးရာဆိုတော့ ဒီနေရာပေးထားတယ်ဆိုတာ လီဆူလူမျိုးနဲ့ပတ်သက်ပြီးမှ တိုးတက်ရာတိုးတက်ကြောင်း၊ ပြီးတော့ လူမျိုးထဲမှာ ဖွံ့ဖြိုးမှုရလာအောင် လုပ်ရမှာပါ။ အဓိက ကတော့ အခုလောလောဆယ် ကျွန်တော်တို့လီဆူတွေရဲ့ အမည်မှန်ပေါ့။ လီဆူအမည်မှန်ရအောင် ပထမတစ်ချက်အနေနဲ့ ကြိုးစားရမယ်။ ဒုတိယတစ်ချက်အနေနဲ့ကတော့ လီဆူရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ပတ် သက်ပြီး လုပ်ရမယ့်ကဏ္ဍတွေ အများကြီးရှိတယ်။ ကိုယ့်ရဲ့ ရိုးရာအမွေအနှစ်တွေ ဖော်ထုတ်တာတို့၊ ရိုးရာအမွေအနှစ်တွေနဲ့ ပတ်သက်ပြီး ခေတ်နဲ့အညီ တီထွင်ဆန်းသစ်တာတို့ ဒါတွေကို အားပေးဖို့ လုပ်ရမှာပေါ့။ လီဆူအမည်မှန်ရဖို့ စာပေရော၊ ရိုးရာတွေ အကုန်လုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရမှာပါ။ လက်ရှိကတော့ လီဆူလူမျိုးတွေနဲ့ ပတ်သက်ပြီး စစ်ပွဲရှောင်၊ တိုက်ပွဲရှောင်လေးတွေ လုပ်ရမှာတွေ အများကြီးရှိတယ်။ ငြိမ်းချမ်းရေးရရင် သူတို့တွေကို ကိုယ့်နေရပ်၊ ကိုယ့်နေအိမ် ပြန်နိုင်ဖို့ရာ လုပ်ပေးရ မယ်။ လုပ်ငန်းရှင်ကြီးတွေနဲ့ ညှိနှိုင်းပြီး လုပ်ပေးလို့ရတာတွေ လုပ်ရမှာပေါ့။ NGO အဖွဲ့အစည်းတွေနဲ့ ညှိပြီး လုပ်လို့ရမယ့်ကိစ္စတွေဆိုရင်လည်း NGO အဖွဲ့တွေနဲ့ ညှိနှိုင်းလုပ်ဆောင်ရမယ်။ ပြီးရင် နိုင်ငံတော်က လုပ်ပေးသင့်တဲ့၊ လုပ်ပေးရမယ့် ကိစ္စတွေလည်း ကျွန်တော်တို့က အစိုးရပိုင်းက ဒါတွေဖြစ်လာအောင် တိုက်တွန်းလုပ်ဆောင်ရမယ်ပေါ့။ အခုက နွေရာသီလည်း ဝင်လာပြီ၊ ပြီးရင် မိုးတွင်း၊ တိုက်ပွဲရှောင်တွေ အဓိက ဒုက္ခရောက်တာက ဒီနွေနဲ့မိုးပဲ။ ဘာကြောင့်လဲဆိုတော့ နွေရာသီမှာ သူတို့က အမိုးအကာလေးတွေနဲ့ ဆိုတော့ တအားပူတယ်။ မိုးတွင်းရောက်တော့လည်း ဗွက်တွေ၊ ရွှံ့တွေနဲ့ဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါတွေကို ဘယ်လို ကျော်လွှားရမလဲဆိုတဲ့ဟာကိုလည်း သူတို့နဲ့ တွေ့ဆုံပြီးမှ လုပ်ပေးရမယ့် ကဏ္ဍတွေရှိတယ်။ တတ်နိုင်တဲ့ဘက်ကပေါ့။ အဓိက အရေးအကြီးဆုံးကတော့ ငြိမ်းချမ်းဖို့က အဓိက နံပါတ်တစ်ပါ။ ငြိမ်းချမ်းမှပဲ ကိုယ့်အိမ်ကိုယ်ပြန်၊ ကိုယ့်ယာကိုယ် ထွန်ယက်စိုက်ပျိုးနိုင်မှာပါ။ လတ်တ လောကတော့ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်နိုင်ဖို့လုပ်ရမှာ ပေါ့။
ပြီးတော့ ဒီတိုက်ပွဲရှောင်ဆိုတာကလည်း လီဆူတစ်မျိုးတည်း မဟုတ်ဘူး။ တခြားတိုင်းရင်းသားတွေလည်း ရှိသေးတယ်။ ကျွန်တော်တို့ ဒေသမှာရှိတဲ့ လူထုအားလုံး ဒီအခက်အခဲတွေ ကြုံတွေ့နေရတာကလည်း ဈေးနှုန်းကြီးမြင့်တာတွေ၊ ကုန်ပစ္စည်းရှားပါးတာတွေ ဒါတွေလည်း ကြုံတွေ့နေရတယ်။ အစိုးရသစ် တစ်ရပ် တက်လာပြီဆိုရင် ဒီလိုတွေ ဘာကြောင့်ဖြစ်သလဲ၊ ကုန်ဈေးနှုန်း တက်ရခြင်းရဲ့ အကြောင်း ရင်းကို လိုက်ရှာရမယ်။ လမ်းမတွေပေါ်မှာရှိတဲ့ အကောက်ခွန်တွေ၊ ဂိတ်တွေအများကြီး လုပ်ပြီးမှ သူတစ်လူ ငါတစ်မင်း ငွေကောက်နေတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ၊ နိုင်ငံတော်အစိုးရရဲ့ အာဏာစက် အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေကိုတော့ အစိုးရက လုပ်လို့ရပေမယ့် တစ်ဖက်ကတော့ လုပ်လို့ရချင်မှ ရမယ်ပေါ့။ ဒါပေမဲ့ နည်းလမ်းရှာပြီးတော့ လုပ်ရမှာပါ။ ဒီဂိတ်ကြေးကောက်ခံနေတဲ့ ဝန်တွေကြောင့်လည်း ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်နေတာ ဖြစ်တယ်။ အဲဒီတော့ ဒီဝန်တွေပေါ့သွားတာနဲ့ ကုန်ဈေးနှုန်းက အလိုက်အထိုက်တော့ ဈေးအပြောင်းအလဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့မှာက ကိုယ်ရှာလို့ရတဲ့ငွေ ကိုယ် ပြည့်ပြည့်၀၀ သုံးလို့မရတဲ့ အခြေအနေပေါ့။ ကုန်ပစ္စည်းတစ်ခုက သူ့ရဲ့တကယ်တန်တဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ရင် အဲဒီထက် နှစ်ဆလောက် ကျွန်တော်တို့က သုံးစွဲနေရတဲ့အခါကျတော့ ကိုယ်ရတဲ့ငွေရဲ့ တစ်ဝက်လောက်ပဲ ကိုယ်သုံးရတဲ့ သဘောမှာရှိနေတယ်။ အဲဒါကြောင့် ဒါတွေကိုလည်း အစိုးရသစ်ပေါ်လာရင် နည်းလမ်းတွေရှာပြီး ဖြေရှင်းဆောင်ရွက်ရမှာပါ။
TREND ။ ။ လက်ရှိ ဒေသအခြေအနေ ဘယ်လိုရှိနေလဲ။
ULPY ။ ။ လက်ရှိအချိန်ကတော့ ဝိုင်းမော်တို့၊ တနိုင်းတို့၊ ဖားကန့်တို့ကတော့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ရှိနေတာ။ နောက် ကသာတို့ဘက်မှာလည်း ပုံမှန်ဖြစ်နေတာ။ ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်၊ တနိုင်း တို့ဘက်မှာ အဓိက ဖြစ်နေတာ။ တနိုင်းဘက်မှာကတော့ ကျွန်တော်တို့ အစိုးရတပ်မတော်ဘက်က ထိုးစစ်ဆင်နေတာ။ တပ်မတော်နဲ့အတူ ဌာနေပြည်သူ့စစ်တွေလည်း ထိုးစစ်ဆင်နေတာ။ ဗန်းမော်တို့၊ ဝိုင်းမော်တို့ဘက်ကျတော့ ဟိုဘက်ကနေ ထိုးစစ်ဆင်နေတာ။ အဲဒီလိုအခြေ အနေဖြစ်နေတာ။ တစ်နေရာ တိုက်ပွဲဖြစ်လိုက် စစ်ရှောင်တွေ တိုးလိုက်၊ စစ်ဘေးရှောင်လိုက်နဲ့ဆိုတော့ ဒါနဲ့ သံသရာလည်နေတယ်။ အဲဒီလို အခြေအနေပေါ့။
TREND ။ ။ ကချင်ပြည်နယ်မှာ ဒေသအခြေအနေကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်တာရှိတယ်။ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အနာဂတ်အလားအလာ ဘယ်လိုသုံးသပ်မိလဲ။
ULPY ။ ။ ကချင်ပြည်နယ်မှာ ၁၈ မြို့နယ်ရှိတဲ့ အထဲ ၁၄ မြို့နယ်ပဲ ရွေးကောက်ပွဲ လုပ်နိုင်တယ်။ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ် အဲဒီမြို့နယ်တွေ မလုပ်နိုင်ဘူး။ အဲဒီမြို့နယ်တွေကို တစ်ဖက်က စိုးမိုးထားတာ။ အဲဒီမှာက အစိုးရနဲ့ပတ်သက်တဲ့ ဝန်ထမ်းတွေလည်း မရှိတော့ဘူး။ လေးမြို့ နယ်လုံးပေါ့။ အဲဒီမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူး။ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေကတော့ နဂိုအတိုင်းပဲ ရှိနေမှာပဲလေ။ ဘာမှ ဖွံ့ဖြိုးလာစရာမရှိဘူး။ ဖွံ့ဖြိုးရေးလုပ်ငန်းရော၊ တခြားလုပ်ငန်းတွေရော လုပ်လို့မရဘူး။ ပြီးတော့ တစ်ဖက်က သူတို့စိုးမိုးထားပေမယ့် သူတို့လည်း ဘာမှမလုပ်ဘူး။ လုပ်နိုင်တဲ့ အင်အားလည်း သူတို့မှာမရှိဘူး။ အဲဒီတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ မြို့နယ်တွေက မလုပ်နိုင်တဲ့ မြို့နယ်တွေထက် ဖွံ့ဖြိုးတိုးတက်မှုကအစ အများကြီး ကွာခြားသွားမယ်။ ရွေးကောက်ပွဲမဖြစ်တော့ အစစအရာရာ နောက်ကျသွားမှာ သေချာတယ်။ ရွေးကောက်ပွဲကြီး အောင်မြင်သွားပြီ၊ အစိုးရသစ်တစ်ရပ် ပေါ်လာမယ်၊ လွှတ်တော်တွေ ပေါ်လာမယ်။ သက်ဆိုင်ရာ လွှတ်တော်တွေက မြို့နယ်တွေရဲ့ စီမံကိန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရေတိုရေရှည်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ ဆွေးနွေး တာ၊ အတည်ပြုတာတွေ လုပ်ဆောင်မယ်။ ဒီလို လုပ်ဆောင်ဖို့ကလည်း ငြိမ်းချမ်းတဲ့ ဒေသတွေမှာပဲ ဆောင်ရွက်လို့ရမယ်။တင်ပြဆွေးနွေးတာတွေ၊ တောင်းဆိုတာတွေ လုပ်လို့ရမယ်။ ဒါကြောင့် ရွေးကောက်ပွဲဖြစ်တဲ့ မြို့နယ်တွေက ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေ အများကြီး လုပ်နိုင်မှာဆိုတော့ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေထက် အများကြီး ဖွံ့ဖြိုးတိုးတက်သွားမှာပါ။
TREND ။ ။ ရောနှောထားတဲ့ အချိုးကျ ကိုယ်စားလှယ်စနစ်ဖြစ်တဲ့ MMP စနစ်အရ ရွေးကောက် တင်မြှောက်ခံရတဲ့ ပါတီအရေအတွက် မြင့်မားလာခဲ့သလို ယခင်ရွေးကောက်ပွဲများထက် နာဂတို့၊ မွန်တို့၊ ပအိုဝ်းတို့ စတဲ့ တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်တွေ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာတဲ့အပေါ် အမြင်လေးပြောပါဦး။
ULPY ။ ။ ပြည်နယ်ဒေသတွေမှာ နိုင်ငံတော်အစိုးရ၊ မြန်မာ့တပ်မတော်တို့နဲ့ အဆင်ပြေပြီးတော့ တိုက်ခိုက်မှုတွေ မရှိဘူး၊ ပူးပေါင်းဆောင်ရွက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ အဲဒီလက် နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့နေရာ၊ ပြီးတော့ အဲဒီအဖွဲ့အစည်းတွေကလည်း လက်ရှိ ကျွန်တော်တို့ နိုင်ငံတော်အစိုးရ၊ မြန်မာ့တပ်မတော်တို့နဲ့ အဆင်ပြေတယ်၊ ပူးပေါင်းဆောင်ရွက်တဲ့ နေရာဒေသက နိုင်ငံရေးပါတီ ဘာပဲပြောပြော ရွေးကောက်ပွဲမှာ တစ်ပန်းသာသွားမှာပဲ။ ဒါကြောင့်လည်း သူတို့ နာဂတို့၊ မွန်တို့၊ ပအိုဝ်းတို့ အနိုင်ရရှိခဲ့ကြတာလို့ မြင်တယ်။ နာဂဆိုရင် နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသမှာ ငြိမ်း ချမ်းရေးအဖွဲ့တွေရှိတယ်။ ပအိုဝ်းဆိုရင် ပြည်သူ့စစ်တွေ ရှိတယ်။ မွန်ဆိုရင်လည်း မွန်ပြည်သစ်ပါတီ ရှိတယ် စသည်ဖြင့်ပေါ့။ ဒီလို တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်တွေ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာတယ်။ ဒီလိုရလာတော့ တိုင်းရင်းသားတွေရဲ့အသံ လွှတ်တော်ထဲမှာ ပိုပြီး ကြားလာရမှာပါ။ တကယ်တမ်း တိုင်းရင်းသားတွေ ဖြစ်ချင်တဲ့၊ ကျွန်တော်တို့ လိုလားတဲ့ အကြောင်းအရာတွေကတော့ ညွန့်ပေါင်း မဟုတ်တဲ့အတွက် အတိအကျဖြစ်လာဖို့တော့ မလွယ်ဘူး လို့မြင်တယ်။ အခုကတော့ တစ် ပါတီကပဲ အများစု အနိုင်ရခဲ့တာဆိုတော့ အဲဒီပါတီရဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာ အဓိက မူတည်တာကိုး။ အဲဒီတော့ ဘာပဲပြောပြော အရင်ရွေးကောက်ပွဲတွေထက်စာရင် အခုရွေးကောက်ပွဲက တိုင်းရင်းသားပါတီတွေ ကိုယ်စားပြုခွင့် ပိုမိုရရှိလာတယ်။ လွှတ်တော်အခင်းအကျင်းကလည်း တိုင်းရင်းသားအသံလေးတွေ ပိုပြီး ကြားလာရမှာ သေချာပါတယ်။ တိုင်းရင်းသားပါတီတွေဘက်က တိုင်းရင်းသား အရေးတွေ၊ ပြည်နယ်ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊ အဆိုတွေ တင်သွင်းမယ်။
အဲဒီလိုတင်သွင်းတဲ့အခါ တချို့ကိစ္စတွေကတော့ အင်အားကြီးပါတီက ပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့တိုင်းပြည်၊ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ အကျိုးဖြစ်ထွန်းမယ့်ကိစ္စ၊ တိုင်းပြည်အ တွက် အကျိုးဖြစ်ထွန်းမယ့် အဆိုတွေဆိုရင် လွှတ်တော်ထဲမှာ ပူးပေါင်းပါဝင်လာဖို့ရှိတယ်။ ဒါပေမဲ့ တချို့ကိစ္စ တွေရှိတယ်။ ဥပမာ တိုင်းရင်းသားချည်းပဲ အခွင့်အရေးတွေ အများကြီးလိုချင်ရင်တော့ တစ်ဖက်က ပါတီကြီးတွေက သူတို့သဘောတူချင်မှ တူမှာလေ။ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ သဘောတူလက်ခံဆွေးနွေးတာတွေ ရှိချင်မှလည်း ရှိမယ်။ ပြည်ထောင်စုကောင်းကျိုးအတွက်ဆိုရင် အားလုံးက ပူးပေါင်းဆောင်ရွက်ကြမှာပါ။
TREND ။ ။ လာမယ့် အစိုးရသစ်တစ်ရပ်ကိုရော ဘယ်လိုပုံစံ၊ ဘယ်လိုအစိုးရမျိုး ဖြစ်မယ်လို့ မျှော်လင့်လဲ။
ULPY ။ ။ USDP က သူတို့ရဲ့ ပါတီမူဝါဒပဲ အရေးကြီးတယ်လို့ မြင်တယ်။ သူတို့အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်တုန်းကလို ပုံစံမျိုးပေါ့။ တိုင်းရင်းသားပါတီတွေ၊ အနိုင်ရရှိတဲ့ ပါတီတွေလည်း အစိုးရအဖွဲ့ ထဲမှာ နေရာပေးတာမျိုး အရင်တုန်းက သူတို့ရဲ့ပါတီမှာ မူလေးတွေရှိတယ်။ အခု ဒီတစ်ခေါက်တော့ သူတို့မူ ဘယ်လိုလာမလဲ၊ ဘယ်လိုရှိမလဲဆိုတာ အခုအချိန်အထိတော့ မသိရသေးဘူးပေါ့။ အနိုင်ရတဲ့ပါတီ တွေကို အစိုးရဖွဲ့တဲ့အခါ နေရာပေးမလား၊ မပေးဘူးလား ဒါတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ နေရာမပေးတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ သူတို့ရဲ့ ပါတီမူဝါဒတွေအပေါ်မှာပဲ မူတည်တယ်လို့ သုံးသပ်မိပါတယ်။
TREND ။ ။ လာမယ့် အစိုးရသစ်အတွက် အဓိကစိန်ခေါ်မှုက ဘယ်အရေးကိစ္စတွေဖြစ်မလဲ။
ULPY ။ ။ အတိုက်အခံ အင်အားစုကြီးကြီး မားမား မရှိတဲ့အတွက် USDP ပါတီအတွက်တော့ စိန် ခေါ်မှု ကြီးကြီးမားမား မရှိနိုင်ပါဘူး။ အစိုးရသစ်တစ် ရပ်အတွက်ကတော့ နိုင်ငံရေး၊ စစ်ရေး၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဖြေရှင်းဆောင်ရွက်ပေးရမှာတွေ ရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက်နက် ကိုင်အဖွဲ့တွေ စားပွဲဝိုင်းမှာ လာမဆွေးနွေးသေးသရွေ့ နိုင်ငံရေး ပဋိပက္ခက ရှိနေမယ်။ နိုင်ငံတော်အစိုးရ ပိုင်းအတွက်လည်း လုပ်ရကိုင်ရတာ ခက်မယ်၊ စိန်ခေါ်မှုတွေ အများကြီးရှိမယ်လို့ မြင်တယ်။ အဓိက,ကတော့ တရားဥပဒေစိုးမိုးမှုက အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်လာနိုင်တယ်။ တော်တော်လေး လုပ်ရမယ်။ ၂၀၂၆၊ ၂၀၂၇ အထိကတော့ အစိုးရပိုင်းက လုပ်ရတာ တော်တော်လေး ကျပ်မယ့်သဘောရှိတယ်။ လွှတ်တော်ရှိပေမယ့်လည်း နိုင်ငံတော်အစိုးရကို တိုက်တွန်းလို့မရတဲ့ အပိုင်းတွေအများကြီး ရှိနိုင်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းရင်လည်း အစိုးရဘက် က လုပ်လို့မရသေးတဲ့ ကိစ္စဖြစ်နေတာမျိုးပေါ့။ ဥပမာ နိုင်ငံတကာက ပိတ်ဆို့ထားတဲ့ကိစ္စတွေ ဖြေလျှော့ မှုနဲ့ပတ်သက်ပြီး ဒါက အစိုးရအတွက် တာဝန်ကြီးတယ်လေ။ ဒီပိတ်ဆို့မှုတွေ ဖြေလျှော့မှပဲ ကျွန်တော်တို့ တိုင်း ပြည် ကိုယ်ထင်သလောက် လုပ်ကိုင်ဆောင်ရွက်လို့ရမယ်။
လွှတ်တော်တွေ ပေါ်လာပြီး အစိုးရအဖွဲ့ ဖွဲ့စည်းပြီးရင် တိုင်းပြည်အပြောင်းအလဲက ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့အပေါ် မူတည်ပါတယ်။ တက်လာမယ့်အစိုးရက နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် လုပ်ဆောင်မယ်ဆိုရင် နိုင်ငံတကာ ဖိအားတွေ လျော့ကျသွားမယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံက ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တဲ့အခါကျတော့ တချို့နိုင်ငံတွေက သူတို့အပေါ်မှာ ဖိအားတွေရှိလို့သာ ကိုယ့်နိုင်ငံကို ခပ်ကင်းကင်းလေး နေကြတာ၊ ကင်းကြတာကိုး။ အခုလို ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရဖြစ်လာပြီ ဆိုရင်တော့ တချို့နိုင်ငံတွေက သူတို့အပေါ်မှာရှိတဲ့ ဖိအားတွေအပေါ် သိပ်ဂရုစိုက်စရာမလိုတော့တဲ့အပိုင်းတွေ ဖြစ်လာမယ်။ အဲဒီလိုဆိုတော့ တချို့ နိုင်ငံတော်တော် များများက ဖြေလျှော့မှုတွေ လုပ်လာမှာသေချာပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေကတော့ ဒီလိုပိတ်ဆို့တာတွေက သူတို့ လုပ်နေကြပဲလေ။ သူတို့ကတော့ တဖြည်းဖြည်းတော့ ဖြေလျှော့လာ မယ်လို့ ထင်ပါတယ်။ နိုင်ငံတကာက ပိတ်ဆို့တာတွေ ဖြေလျှော့သွား ပြီဆိုရင် တိုင်းပြည်က အကောင်းဘက်ကို ဦးတည်လာမှာပါ။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုက နိုင်ငံတည်ငြိမ်မှု အပေါ်မူတည်ပြီး ဝင်လာလိမ့်မယ်။ တချို့နေရာတွေကိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာလိမ့်မယ်။ ငြိမ်းချမ်းတဲ့နေရာတွေပေါ့။ မငြိမ်းချမ်းတဲ့နေရာတွေကိုတော့ ရင်းနှီးမြှုပ်နှံဖို့ သူတို့ တစ်ဆို့နေဦး မယ်လို့ မြင်ပါတယ်။
TREND ။ ။ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး KIA ခေါင်းဆောင် ပြောကြားချက်တွေနဲ့ပတ်သက်ပြီး အမြင် ပြောပြပေးပါဦး။
ULPY ။ ။ ကျွန်တော်နားလည်သလောက် သူပြောတာက နိုင်ငံတော်အစိုးရနဲ့ ပြောဆိုမှုတွေရှိထား တယ်။ ဒါပေမဲ့ တည်ငြိမ်မှုရှိဖို့အတွက် ဆွေးနွေးပွဲကို တစ်ဖွဲ့ချင်းစီ လုံး၀မလုပ်နိုင်ဘူးပေါ့။ NUG ပါမှ လုပ်နိုင်မယ်၊ အားလုံးပါမှ လုပ်နိုင်မယ်ဆိုတဲ့ သဘောမျိုး သူက ပြောထားတာရှိတယ်။ အဲဒီလိုဆိုရင်တော့ KIA အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်ကို မလာဘူးဆိုတဲ့ သဘောမျိုးသက်ရောက်နေတယ်လို့ မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်အစိုးရက NUG ကို ဘယ်တော့အခါမှ ဆွေးနွေးမှာ မဟုတ်ဘူး။ ဆွေးနွေးဖို့ လည်း မဖြစ်နိုင်ဘူးလေ။ သူတို့အနေနဲ့က ရှင်းရှင်းပြောရရင် ပြည်သူလူထု ကြားကောင်းအောင်တော့ လေသံပေးတာပဲ ရှိပါမယ်။ တကယ်ဆွေးနွေးဖို့ ဆန္ဒမရှိဘူးဆိုတာ သိသာပါ တယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ သုံးသပ်မိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ကတော့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတယ်။ အမြဲတမ်း တံခါးဖွင့် ထားတာပဲ။ ဘာပဲပြောပြော NCA လမ်းကြောင်းရှိနေတယ်၊ ဒီလမ်းကြောင်းအတိုင်းပဲ သွားမှာ။ နိုင်ငံတော် အစိုးရအနေနဲ့ကတော့ ဘယ်လက်နက်ကိုင်အဖွဲ့၊ ဘယ်အဖွဲ့ပဲ လာဆွေးနွေး၊ ဆွေးနွေး NCA လမ်းကြောင်းနဲ့သွားမယ် ဒါပဲရှိတယ်။ တခြားလမ်းကြောင်းတစ်ခု သက်သက် လုပ်ဖို့ဆိုတာက မလွယ်ဘူးလေ။ ဒီ NCA ဖြစ် လာဖို့ကလည်း အချိန်အတော်ကြာကြာပေးပြီးမှ ဖြစ်လာခဲ့တာ။ ဒီလမ်းကြောင်းနဲ့ပဲ သွားဖို့ရှိတယ်။
TREND ။ ။ ရွေးကောက်ပွဲအလွန် တိုင်းပြည် အရွေ့အပြောင်းအလဲမှာ ပြည်သူတွေ ဘယ်လိုရလဒ် ကောင်းတွေ၊ အခွင့် အလမ်းတွေ ပေါ်လာမလဲ၊ လူမှုစီး ပွားဘဝတွေ ဘယ်လိုတိုးတက်လာနိုင်လဲ ဒီအပေါ် ဖြည့်စွက်သုံးသပ်ပေးပါဦး။
ULPY ။ ။ ရွေးကောက်ပွဲကြီးက အောင်အောင်မြင်မြင် ပြီးသွားပြီ၊ မကြာမီ လွှတ်တော်တွေ ပေါ် လာမယ်၊ အစိုးရသစ်တစ်ရပ်ပေါ်လာမယ်။ လွှတ်တော် ရှိလာတဲ့အတွက်၊ ပြည်သူလူထုတွေအတွက် ကောင်းသွားမယ်။ သူတို့ရဲ့အသံတွေ၊ သူတို့ရဲ့ လိုလားချက်တွေ လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးတာတွေ ရှိလာမယ်။ အခုလက်ရှိခံစားနေရတာက ကုန်ဈေးနှုန်း ကြီးမြင့်နေတာတွေ နောက်လမ်းပန်းဆက်သွယ်ရေးကိစ္စတွေ၊ သွားရေးလာရေးကိစ္စတွေ အဲဒီအခက်အခဲတွေ ရှိနေတယ်။ အခုအနေအထားမှာကလည်း ပြည်သူလူထုတွေက ဘာမှပြောရေးဆိုခွင့် မရှိကြဘူး။ လွှတ်တော်ကိုယ်စား လှယ်တွေပေါ်လာရင် သူတို့ ပြောချင်တာတွေ၊ သူတို့သိချင်တာတွေ၊ စကားတွေ၊ သူတို့ရဲ့အသံတွေက လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ဆင့် လွှတ်တော်ကို ရောက်မယ်၊ လွှတ်တော်ကနေတစ်ဆင့် အစိုးရအဖွဲ့ အသီးသီးဆီကို ရောက် သွားမယ်။ အဲဒီတော့ ပြည်သူလူထုတွေက သူတို့ရဲ့အခက်အခဲ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့သွားတယ်လို့ သူတို့ ခံစားရမှာပေါ့။ သူတို့ဖြစ်ချင်တာ သူတို့ လုပ်ချင်တာတွေကို သူတို့ကိုယ်စား ကိုယ်စားလှယ်တွေက တစ်ဖက်ကနေ လွှတ်တော်မှာ ပြောဆိုပေးနေတော့ ပြည်သူတွေ စိတ်ချမ်းသာမှု တစ်ခုရသွားနိုင်တယ်။ ဒါပေမဲ့ လွှတ်တော်မှာပြောတော့ ပြောလိုက်ပြီ။ အဲဒါကို အကောင်အထည်ဖော်ဖို့ကတော့ အချိန်အတိုင်း အတာတစ်ခုတော့ ယူရမှာပါ။တည်ငြိမ်မှု၊ လုံခြုံမှု သိပ်မရှိသေးတဲ့ အခြေအနေဆိုရင် သူတို့ဖြစ်ချင် တဲ့ကိစ္စ ဖြစ်လို့မရတာ၊ မဖြစ်နိုင်တဲ့ဟာ ရှိလာနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော ဒီအခြေအနေကတော့ ပြည် သူလူထုတွေအတွက် စိတ်သက်သာရာ သက်သာကြောင်း ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၅) ၊ အမှတ်( ၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )