သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၆ ၊ ဩဂုတ် ၁၃

ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဦးစားပေးပြီး ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းကြပါ . . .
 

    တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လွှတ်တော်တွင်းဆောင်ရွက်ချက်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များအပေါ် အမြင်များနှင့် ပတ်သက်၍ သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံနှင့် ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။


TREND ။        ။ အခုဆိုရင် တတိယအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွေ ပြီးသွားပြီ။ တတိယအကြိမ် ဒီမိုကရေစီအစိုးရ သက်တမ်းမှာကနဦး ကြုံတွေ့ရတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အတွေ့ အကြုံ နည်းနည်းပြောပြပေးပါ။
SKTS    ။    ။
လွှတ်တော်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေက အနည်းစုပေါ့။ ကျွန်တော်တို့ ပါတီဆိုရင် ပြည်ထောင်စုအဆင့်မှာ ရှစ်ဦးပဲ ရှိတယ်။အဲဒီပေါ်မှာတော့ ကျွန်တော်တို့ကတော့ ကြိုတင်ခန့် မှန်းချက်အတိုင်း အနည်းစုဖြစ်တဲ့အတွက် အားနည်းမှုလေးတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ့် လုပ်ပိုင်ခွင့်ရှိတဲ့ အထဲကနေ လုပ်ပိုင်ခွင့်ရှိသလောက် လုပ်သွားပြီးတော့ အကောင်းဆုံး ဆောင်ရွက်သွားပါ တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ကတော့ ထူးပြီးတော့လည်း ပြောပြစရာတော့ မရှိဘူး။ သို့သော်လည်း တချို့သော လုပ်ကိုင်ခွင့်လေးတွေ၊ ဆောင် ရွက်မှုတွေမှာတော့ လွတ်လပ်ပြီးတရားမျှတတဲ့ အခွင့်အရေး အချို့လေးတွေတော့ လိုအပ်ချက်တွေ ရှိပါတယ်။
    အမှန်တကယ်ကတော့ ကျွန်တော်တို့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေအတွက် တန်းတူညီမျှမှုပေါ့ဗျာ။ ကျွန်တော်တို့ကို တန်းတူညီမျှမှု အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့် နေရာလေးတွေပေးဖို့ လိုအပ်တာပေါ့နော်။ ဥပမာအားဖြင့် ကျွန်တော်တို့ လွှတ်တော်မှာ လွှတ်တော်ကော်မတီလို့ခေါ်တဲ့ ရေးရာကော်မတီတွေရှိတာ။ ရေးရာကော်မတီတွေမှာ အင်အားကြီး ပါတီတွေက ကျွန်တော်တို့ကို လက်တွဲခေါ်ပြီးတော့ ရေးရာကော်မတီရဲ့ အတွင်းရေးမှူးသော် လည်းကောင်း၊ ဥက္ကဋ္ဌသော် လည်းကောင်း တာဝန်ပေးအပ်ဖို့ သင့်လျော်တယ်ပေါ့။ ဒါပေမဲ့ လက်တွေ့ ကျွန်တော်တို့ လွှတ်တော်ကော်မတီ အဖွဲ့တွေ ဖွဲ့တဲ့အခါမှာ ကော်မတီတွေရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုတာ အာဏာရပါတီရဲ့ ပံ့ပိုးမှုမှာ ပါရှိနေတဲ့ အနေအထားရှိနေတာ တွေ့ရတယ်။ ဒီတော့ တိုင်းရင်း သားပါတီငယ်တွေအနေနဲ့ နေရာတစ်ခုမှ ရရှိမှု မရှိဘူး။ အဲဒါမျိုးတော့ ကျွန်တော် နည်းနည်း ထောက်ပြချင်ပါတယ်။ လွှတ်တော် သတင်းထုတ်ပြန်ရေး အဖွဲ့မှာတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ပါဝင်ခွင့်ရထားပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေတော့ ရှိပါတယ်။

TREND ။        ။ လက်ရှိအနေအထားကို ပြောရရင် တတိယအကြိမ် လွှတ်တော်မှာ အရင်အစိုးရလက်ထက်နဲ့ယှဉ်ရင် အစိုးရနဲ့ ပွတ်တိုက်တာမျိုး မတွေ့ရတော့ ဒါက အလားအလာကောင်းလို့ မြင်တယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက်တွေပေါ် လွှတ်တော်က ဘယ်လောက် အတိုင်းအတာ အထိ လိုက်ပါ ဆောင်ရွက်သွားနိုင်မလဲ။
SKTS    ။    ။
အဓိကကတော့ ကျွန်တော်တို့က လွှတ်တော်နဲ့ အစိုးရဆိုတာက ဟန်ချက်ညီညီသွားဖို့လိုတယ်။ ဆိုလိုချင်တာက Check and Balance ဖြစ်ဖို့လိုတယ်။ လက်ရှိ လွှတ်တော်မှာလည်း ကျွန်တော်တို့က တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က နှစ်ကြိမ် ကျင်းပပြီးသွားပြီ။ နှစ်ကြိမ် ကျင်းပပြီးတဲ့အခါမှာ ကျွန်တော်တို့က အစိုးရရဲ့ပေါ်လစီချမှတ်တဲ့အခါမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ် စားလှယ်တွေ အပြည့်အဝကြီးတော့ လိုက်ပါဆောင်ရွက်နိုင်မှု မရှိသေးဘူး။ ကျွန်တော်တို့ ဒီတစ်ခေါက်ဆိုရင် ကျွန်တော်တို့က Online ငွေကြေးလိမ်လည်မှုဆိုင်ရာ ဥပဒေတွေနဲ့ပဲ ကျွန်တော်တို့က ဒီကိစ္စတွေနဲ့ ပြီးသွားတဲ့သဘော။ ဒါပေမဲ့ အဲဒီလိုပြောဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတိုင်းအတာတစ်ခုကတော့ လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့က ပြောဖို့စောနေသေးတယ်။ လောလောဆယ် ပြစရာမရှိသေးဘူးလို့ဘဲ ဆိုပါစို့။


TREND ။       ။ နိုင်ငံတော်သမ္မတကြီးပြောထားတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၃ ချက်ကိုလည်း ပြည်ထောင် စုလွှတ်တော်ကို ပို့ထားတယ်။ ဒီ ၄၃ ချက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့ ဆွေးနွေးရာကနေ ပေါ်ထွက်လာတဲ့ ၄၃ ချက်လို့ ကျွန် တော်တို့ အကြမ်းဖျင်းအားဖြင့် သိထားတယ်။ ဒီတော့ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒတွေ အများကြီးပါ ဝင်လာမယ်ဆိုတဲ့အတွက်  ဒါနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်မိပါ သလဲခင်ဗျ။
SKTS    ။    ။
ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးက ၄၃ ချက်ပေါ့။ ဒါကျွန်တော်တို့ဆီတော့ မရောက်သေးဘူး။ ဘာပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲမှုအတွက်တော့ အများကြီးအထောက်အကူ ပြုမယ်လို့လည်း ယုံကြည်ပါတယ်။ အဓိက ကျွန်တော်တို့ တိုင်းရင်းသား ဒေသတွေကတော့ အဓိက လိုအပ်တာကတော့  တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်အရေးပေါ့။ အခုပြင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဥပမာပေါ့ ကျွန်တော်တို့ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို ကိုယ့်ပြည်နယ်က ခန့်အပ်လာမှုပေါ့၊ သမ္မတက တိုက်ရိုက်မခန့် တာမျိုးတွေပေါ့။ ဒီလိုဟာမျိုးတွေလည်း လိုအပ်ပါတယ်။ 

TREND ။        ။ သမ္မတကြီးအနေနဲ့ကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို အခြေခံတဲ့နိုင်ငံ တည်ဆောက်ဖို့ သန္နိဋ္ဌာန်ချပြီး ကြိုးစားနေတယ်လို့ ပြောထားတာရှိတယ်။ အဲဒီအတွက်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရအနေနဲ့ တော်တော်လေးကို အားစိုက်လုပ်လာတာ တွေ့ရတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးအရ တွေ့ဆုံမှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်လာတယ်ဆိုတဲ့အတွက် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေအပေါ် သုံးသပ် ပေးပါဦး။
SKTS    ။    ။
နိုင်ငံတော်သမ္မတကြီးအနေနဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုမှာလည်း အားစိုက်လုပ်တာကိုလည်း လက်ရှိမှာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရမယ်လို့လည်း မျှော်လင့်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ကတော့ မပါသေးဘူး။ ကျွန်တော်တို့ကတော့ တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာတော့ ကျွန်တော်တို့ ပါဝင်ခွင့်ပေးမယ်၊ ပါဝင်နိုင်တယ်ဆိုရင်လည်း ကျွန်တော်တို့က တတ်နိုင်တဲ့ဘက်ကနေ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ လက်ရှိအခြေအနေမှာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ်ကို ကြိုဆိုတယ်။ ဝမ်းသာစရာကိစ္စ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေလည်း အောင်မြင်ပါစေလို့လည်း ကျွန်တော်တို့ ဆုတောင်းတယ်။ အဓိက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း ကျွန်တော်တို့က အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေကို နှစ်ဦးနှစ်ဖက် ဆောင်ရွက်နေကြတဲ့အတွက် ဒီအပေါ်မှာတော့ ကျွန်တော်တို့ အမြင်ကတော့ ဝမ်းသာကြိုဆို ထောက်ခံပါတယ်။

TREND ။        ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဖို့ မျှော်လင့်ထားလဲ၊ ဘာတွေများ ဆောင်ရွက်ချင်တာမျိုးတွေ ရှိလဲဗျ။
SKTS    ။    ။
အဓိက ကျွန်တော်တို့ မျှော်လင့်တာက UPDJC ပေါ့။ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခါမှာ လိုအပ်တဲ့ UPDJC ပြန်ဖွဲ့ဖို့ မျှော်လင့်တယ်။ နောက်ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေမှာ ကျင်းပဆောင် ရွက်သွားဖို့လည်း မျှော်လင့်တယ်။ ဒါမှလည်း ကျွန်တော်တို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုရဲ့ အသံ၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

TREND ။   ။ ခုလွှတ်တော်တွေပြီးလို့ ကိုယ့်အရပ်ဒေသကို  ပြန်သွားပြီဆိုတဲ့အခါမှာ ပြည်သူလူထုရဲ့ တုံ့ပြန်မှုက ဘယ်လိုတွေ ကြုံနေရလဲ။ နောက်ပြီး ပြည်သူလူထုတွေကရော လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် ဘယ်လောက်အားကိုးမှုအတိုင်းအ တာတွေ ရှိနေလဲဗျ။
SKTS    ။    ။
ကျွန်တော်က ဒေသကိုပြန်ရောက်ပြီဆိုရင် ကျွန်တော် လူထုတွေ့ဆုံပွဲတွေ လုပ်တယ်။ ပြီးတော့ သွားလို့မရဘူးဆိုတာ မရှိရလေအောင်လည်း ကျွန်တော် ရအောင်သွားပြီးတော့ တွေ့ဆုံတယ်။ အခက်အခဲတွေကိုလည်း ကျွန်တော် မှတ်သားတယ်။ တချို့ ကိစ္စတွေကို ကျွန်တော်တို့ကတော့ သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ တချို့ကိစ္စတွေကို လွှတ်တော်လုပ်ငန်းဆောင်တာတွေအဖြစ် ဆောင်ရွက် သွားဖို့ ရှိနေပါတယ်။ လွှတ်တော်မှာလည်း ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့ တိုင်းရင်းသား တွေရဲ့အသံတွေကို ထုတ်ဖော်ပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုလည်း လွှတ်တော်နဲ့တူသော လွှတ်တော်ဖြစ်အောင် ပြည်သူလူထုရဲ့ ဆန္ဒပြည်သူ့ဆန္ဒ၊ လွှတ် တော်ဆန္ဒဆိုသည့်အတိုင်း ပြည်သူတွေရဲ့ တကယ့်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တဲ့နေရာဌာနကြီးတစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။

TREND ။ ။ နိုင်ငံတော်သမ္မတကြီးနဲ့တကွ နိုင်ငံတော်အစိုးရအပေါ်မှာရော ဘာများအကြံပြုချင်တာ မျိုးရှိလဲဗျ။ တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးအနေနဲ့ပေါ့။
SKTS    ။    ။
ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး ရက် ၁၀၀ စီမံချက်မှာ သိသာတဲ့ စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုသော်လည်းကောင်း သိသာတဲ့ပြောင်းလဲမှုကိုတော့ဖြင့် ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ ဆက်လက်ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့၊ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေအပေါ်၊ တိုင်းရင်းသား နိုင်ငံရေးသမားတွေအပေါ် စာနာထောက်ထားမှု အပြည့်အဝပေးပြီးတော့ ဒေသဖွံ့ဖြိုးရေးနဲ့ နောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ 

TREND ။        ။ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ ပွင့်လင်းစွာ ဆွေးနွေးတာရှိတယ်။ နောက်ပြီးတော့ အစိုးရဘက်ကလည်း ကြိုတင်ကန့်သတ်မထားဘူးလို့ ပြောထားတဲ့အတွက် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေကို ဘယ်လို သတင်းစကား ပါးချင်တာမျိုး ရှိပါသလဲ။
SKTS    ။    ။
လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းမငြိမ်မသက်မှုတွေ ဖြစ်လာတယ်ပေါ့။ ကျွန်တော်တို့ နှစ်ပေါင်းဆယ်စုနှစ်မက မြောက်မြားစွာ ဖြစ်လာခဲ့တာ။ ဒီသမိုင်းကဖြစ်ခဲ့တဲ့ သင်ခန်းစာလေးကို မှတ်သားပြီးတော့ ပစ္စုပ္ပန်မှာ ကောင်းအောင် ကြိုးစားရမှာပေါ့။ ကောင်းအောင် ကြိုးစားဖို့ဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေး နည်းလမ်းတွေကလွဲရင် မဖြစ်နိုင်ပါဘူး။ အဲဒါ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဦးစား ပေးပြီးတော့ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းကြပါ။ စစ်ပွဲမှာ အဖြေရှာခြင်းထက် စားပွဲဝိုင်းမှာ အဖြေရှာခြင်းက ပိုမိုကောင်းမွန်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

TREND ။        ။ မဲဆန္ဒနယ်က ပြည်သူတွေကို ကျွန်တော်တို့ သတင်းဌာနကနေပြီးတော့ ဘယ်လို သတင်းစကားပါးချင်တာမျိုး ရှိပါသလဲ။
SKTS    ။    ။
ကျွန်တော်ကတော့ ကျွန်တော့်သီပေါမဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူတွေအတွက်ကို ရွေးကောက်ပွဲ ကတိကဝတ် ပြုထားတာရှိပါတယ်။ ဘာလဲဆိုရင် ကျွန်တော့်ကို ရွေးချယ်တင်မြှောက်ရင် ခေါင်းပြားအောင်အိပ်ရမယ်ပေါ့။ ဆိုလိုချင်တာက ဒေသတွင်းငြိမ်းချမ်းရေးအတွက် အဓိကထားပြီး ဆောင်ရွက်မယ်ဆိုတာပေါ့။ ဒါကြောင့် ကျွန်တော့်ဒေသရဲ့ တည်ငြိမ်အေးချမ်းရေးကိုလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ပူး ပေါင်းဆောင်ရွက်နေပါတယ်။ တည်ငြိမ်အေးချမ်းပြီဆိုတော့မှ နောက်ကလိုက်လာရမှာဖြစ်တဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့က တစ်ဆင့်ထက်တစ်ဆင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ကျွန်တော့် မဲဆန္ဒရှင်ပြည်သူတွေကိုလည်း ကျွန်တော်မျက်နှာ မငယ်အောင် ထားမှာပါလို့ ပြောချင်ပါတယ်။

TREND    ။    ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 36

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64434

© 2022 - 2026 News. All Rights Reserved.