အခရာကျကျ ရပ်တည်နေတဲ့ အခရာ

    ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့ နယ် (၁၄)ရပ်ကွက်ရှိ ဆွမ်းလောင်းဓမ္မာရုံကိစ္စသည် လူမှုကွန်ရက်တွင်  Hot Issue ဖြစ်သွားခဲ့သည်။ ထိုဓမ္မာရုံကို အခရာတီးဟောက်စ် (Akara Tea House) ၏ ကားပါ ကင်အတွက် ဖျက်သိမ်းပေးရမည်ဆိုသည့် သတင်းများ ပျံ့နှံ့လာခြင်းကြောင့် ထိုသို့ ပို၍ ဂယက်ရိုက်သွားခဲ့ ခြင်းဖြစ်သည်။ အဆိုပါအငြင်းပွားဖွယ်ရာဂယက်သည် အခြားတစ်ဖက်တွင်လည်း ဘာသာရေးဆိုင်ရာ ထိခိုက်လွယ်သည့် အကြောင်းအရာများဆီသို့ ကူးစက်သွားခဲ့လေသည်။ အခရာတီးဟောက်စ် ဆိုင်ပိုင်ရှင်များမှာ ဘာသာခြား ဖြစ်သည်။ ၇၈၆  ဖြစ်သည်ဆိုသည့် သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာမှုနှင့်အတူ ဓမ္မာရုံကို ဖျက်ခိုင်းပြီး ကားပါကင် ပြုလုပ်မည်ဆိုသော စွပ်စွဲချက်များကြောင့် အခရာဆိုင်၏  လုပ်ငန်း ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာ Brand Image  သည်လည်း ကြီးမားစွာ ထိခိုက်နစ်နာမှုများ ရှိလာခဲ့သည်။
    လူမှုကွန်ရက်တွင် သတင်းအမျိုးမျိုး ထွက်နေသော 'အခရာ' တီးဟောက်စ်(ရန်ကင်း)သို့ အောက်တိုဘာ ၂၀ ရက်က သွားရောက် လေ့လာခဲ့သည်။ မြန်မာနိုင်ငံသားအများစုမှာ လက်ဖက်ရည်ကို စွဲမက်စွာသောက်သုံးပြီး အိမ်တွင်ဖျော်၍ သောက်သုံးခြင်းထက် လက်ဖက်ရည်ဆိုင်များတွင် သုံးဆောင်ရသည်ကို ပို၍ နှစ်သက်ကြသည်။ နံနက်စောစောစာ (Breakfast)ကိုလည်း  လက်ဖက်ရည်ဆိုင်များတွင် စားသုံးကြ သည်။ မိတ်ဆွေအပေါင်းအသင်းများဖြင့် နံနက်၊ နေ့လယ်နှင့် ညနေခင်းဆုံရပ်များအဖြစ် လက်ဖက်ရည်ဆိုင်များတွင်ပင် ချိန်းဆိုလေ့ရှိသည်။ အခရာ ဆိုင်သို့ ညနေပိုင်းတွင် ရောက်သွားခြင်းဖြစ်ပြီး ဆိုင်အတွင်း၌  တစ်ဝိုင်းနှင့်တစ်ဝိုင်း စကားဝိုင်းဖွဲ့ပြောဆိုသံများ၊ လက်ဖက်ရည်ခွက်နှင့် ဇွန်းရိုက် ခတ်သံများနှင့်အတူ ဝန်ထမ်းများ၏ လှုပ်ရှားမှုတို့ကြောင့် သက်ဝင်လှုပ်ရှား စည်ကားနေသည်။
    အခရာမိသားစုသည် မြန်မာပြည် အထက်ပိုင်းမှ မိရိုးဖလာ လက်ဖက်ရည်လုပ်ငန်း ဖွင့်လှစ်ရောင်းချသူများဖြစ်ပြီး အစားအသောက်ထုတ်လုပ်သူများနှင့် တည်ခင်းရောင်းချသူများ စုစည်း၍ လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံလုပ်ငန်းများ ဖွင့်လှစ်ရာတွင် လိုအပ်သည့် ဝန်ဆောင်မှုများပေးရန် အခရာ စတင် ဖြစ်ပေါ်လာခဲ့ ခြင်းဖြစ်သည်။ 'အခရာ'အမည်ဖြင့် ၂၀၁၈ ခုနှစ်က စတင်ကာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ မှတ်ပုံတင်၍ စတင်တည်ထောင်ထားရှိသည်ဟု သိရသည်။ အဆင့်မြင့် လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်ရန်နှင့် ရေရှည်တွင် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်အတွက်လည်း 'အခရာ' တီးဟောက်စ်က ရည်ရွယ်ထားရှိခဲ့သည်။ ရောင်းချသည့် အစားအသောက် များမှာ လက်ဖက်ရည်နှင့် နံနက်ခင်းစာများ၊ နေ့လယ်စာ တရုတ်ဟင်းပွဲများ၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ Dimsum မျိုးစုံ၊ ကြက်၊ ဝက်၊ ပင်လယ်စာများ ရောင်းချခြင်းဖြစ်သည်။
    'အခရာ' တီးဟောက်စ်၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များတွင် အစားအသောက် ထုတ်လုပ်တည်ခင်းရောင်းချခြင်းလုပ်ငန်းများကို  ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များဖန်တီးရန်၊ အရည်အသွေးကောင်း ကုန် ကြမ်းပစ္စည်းများကို အသုံးပြုရန်၊ အရသာကောင်းမွန်သည့် အစားအသောက်များ တည်ခင်းရောင်းချရန်၊ သန့်ရှင်းသပ်ရပ်သည့် ဆိုင်အခင်းအကျင်းဖြင့် စားသုံးသူများ  စိတ်ကျေနပ်မှု ရရှိရန်၊ ဈေးနှုန်းသင့် အစားအသောက်များဖြင့် ဝန်ဆောင်မှုပေးရန်၊ ပြည်တွင်း MSME လုပ်ငန်းစုအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ချက်များဖြင့် တည် ထောင်ခဲ့ခြင်းဖြစ်သည်။
    ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆိုင်အများစုကို ဖွင့်လှစ်ထားရှိထားသော်လည်း အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း တိုးချဲ့ဖွင့်လှစ်ခြင်းများ ဆောင်ရွက်သွားရန် ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ထားသည်။ ရန်ကုန်တွင် ဖွင့်လှစ်ထားရှိမည့် ဆိုင်များအတွက် Central Kitchen & Central Warehouse  လည်း တည်ဆောက်ပြီးဆိုင်များ အရည်အသွေးကောင်းမွန်စွာ လည်ပတ်နိုင်ရန်၊ အသင့်စားသုံးနိုင်သည့်မုန့်များ ထုတ်လုပ်၍လည်း 'အခရာ'ဆိုင်များနှင့် Supermarket များမှတစ်ဆင့်လည်း ဖြန့်ဖြူးသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိသလို  အသင်းအဖွဲ့များနှင့် ပွဲလမ်းသဘင်များအတွက် လိုအပ်မည့် Catering Service လုပ်ငန်းများ၊ Lunch box များ ထုပ်ပိုးရောင်းချခြင်းနှင့် အသင့်စားအစားသောက်များ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန် ပြင်ဆင်ထားသည်။ 
    လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချသည့် လုပ်ငန်းမှာ လုပ်သားအင်အားအဖြစ် အများစုကို အသုံးပြုပြီး ဖွင့်လှစ်ရခြင်းဖြစ်သည့်အတွက် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်းနှင့်အတူ မြန်မာနိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများကို တိုးချဲ့ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားသည်။ ဆိုင်များဖွင့်လှစ်တည်ထောင်ခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစတင်၍ ယနေ့အထိ ဆိုင်ခွဲကိုးခုအထိ ဖွင့်လှစ်ထားရှိပြီး ဆက်လက်ဖွင့်လှစ်ရန်လည်း စီစဉ်နေသည်။ ရန်ကုန်တွင် ခုနစ်ဆိုင်၊ နေပြည်တော် ဂျန်းရှင်းအနီးတွင် တစ်ဆိုင်နှင့် ၁၁၅ မိုင်တွင်တစ်ဆိုင် ဆိုင်ခွဲပေါင်း ကိုးဆိုင် ဖြစ်သည်။ ကျွန်တော်ရောက်ရှိခဲ့သည့် ရန်ကင်း ကျောက်ကုန်းရှိ ဆိုင်မှာ ဆိုင်အမှတ်(၉) ဖြစ်သည်။ ထိုဆိုင်ခွဲများတွင် တစ်ဆိုင်လျှင် ဝန်းထမ်း ၈၀ မှ ၁၀၀ ကြား အလုပ်ခန့်အပ်ပေးထားပြီး အခရာဝန်ထမ်းပေါင်း ၁၃၀၀ ကျော် ရှိနေသည်။ 
    အခရာဆိုင် အများစုမှာ မြေနေရာငှားရမ်း၍ သက်ဆိုင်ရာဌာနများ၏ တရားဝင်ခွင့်ပြုချက်ရယူ၍ ဖွင့်လှစ်ရောင်းချခြင်းဖြစ်ပြီး ယခု ရန်ကင်းဆိုင် မြေနေရာသည် မြေနေရာ ငှားရမ်းဖွင့်လှစ်ထားခြင်း ဖြစ်သည်။   "များသောအားဖြင့် ကျွန်တော်တို့ရဲ့ Business model က မြေနေရာတွေကိုငှားတယ်။ ကျွန်တော်တို့ စိတ်ကြိုက်ဆိုင်ဆောက်ပြီးတော့ ဆိုင်ဖွင့်ပါတယ်။ ဆိုင်ကိုးဆိုင်လုံးက အငှားပါ။ ဝန်ထမ်းတွေကို ဆိုင်အနေအထားနဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ခန့်အပ်တာဝန်ပေးထားတာပါ။ ဒီနှစ် ၁၀ လပိုင်းမှာ ဆိုင်ဖွင့်တာ ရှစ်နှစ် ပြည့်ပါပြီ။  ဒီရှစ်နှစ်အတွင်းမှာ အစားအသောက် တည်ခင်းရောင်းချခြင်းနဲ့ မြေငှားတဲ့ Model အနေနဲ့ပဲ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ ကောင်းကောင်းမွန်မွန်နဲ့ ဈေးရောင်းမယ်။ အလှူအတန်းတွေ၊ လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်မယ်။ ပြီးတော့ ကိုယ့်ရဲ့ Branding ကို ထိန်းသိမ်းတည်ဆောက်မယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ဒီရှစ်နှစ်လုံးလုံး ဆောင်ရွက်လာတာပါ"ဟု အခရာတီး ဟောက်စ်တာဝန်ခံက ရှင်းပြသည်။

အခရာ၏ လူမှုအကျိုးပြု လုပ်ငန်းများ
    အခရာသည်  ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါ စတင်သည့်အချိန်မှစ၍ ရောဂါထိန်းချုပ်ရေးနှင့်ကုသရေးစင်တာများသို့ တန်ဖိုးသင့် ထမင်းဘူးများအား သတ်မှတ်နှုန်းဖြင့် ပေးပို့ခြင်း၊ စားသောက်ရေးအတွက် အခက်အခဲရှိသည့် နေရာများသို့လည်း အစားအသောက်များ လှူဒါန်းခြင်း၊ ဆိုင်ပိတ်ပြီး ပါဆယ်သာ ရောင်းချခွင့်ပြုသည့် ကာလများတွင်လည်း ဆိုင်ရှိဝန်ထမ်းအား နေစရာ၊ စားစရာစီစဉ်ပေးပြီး ဆေးဝါး ကုသပေးခြင်းနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုများအတွက် စီစဉ်ထားရှိခြင်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် သဘာဝဘေး အန္တရာယ် ခံစားခဲ့ရသည့် ဒေသများသို့ အစားအသောက်၊ အသုံးအဆောင်များ ပါဝင်လှူဒါန်းခဲ့သလို ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် နေပြည်တော်၊ ရမည်းသင်း၊ ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်ခံစားခဲ့ရသူများထံသို့ အစားအ သောက်၊ အသုံးအဆောင်များအား သွားရောက် ပေးအပ်လှူဒါန်းခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ဒဏ်ခံစား ခဲ့ရသည့် စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်ရှိ ပြည်သူများထံသို့လည်း အစားအသောက်နှင့် လိုအပ်သည့် အသုံးအဆောင်များ သွားရောက်လှူဒါန်းခဲ့ ကြောင်း အခရာ၏ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းတွင် တွေ့ရသည်။

အခရာမိသားစု၏ အလှူဒါနနှင့် ဘာသာရေးဆောင်ရွက်မှုတချို့
    လူမှုအကျိုးပြု လုပ်ငန်းများလည်း အမြဲမပြတ် ဆောင်ရွက်လျက်ရှိသလို ဗုဒ္ဓဘာသာနေ့ကြီး၊ ရက်ကြီးဖြစ်သည့် လပြည့်လကွယ်များတွင် သံဃာတော်များ အားဆွမ်းလောင်းခြင်း၊ တန်ခိုးကြီးဘုရားများတွင် လက်ဖက်ရည်နှင့် မုန့်များ လှူဒါန်းခြင်း၊ စားသုံးသူ ဧည့်သည်များအတွက် စတုဒိသာ ကျွေးမွေး လှူဒါန်းခြင်းများ ဆောင်ရွက်လေ့ရှိသည်။
    "နှစ်စဉ်နှစ်တိုင်း လပြည့်နေ့တွေ၊ အခါကြီးရက်ကြီးတွေမှာ အလှူအတန်း လုပ်ပါတယ်။ ဘုရားမှာသွားရောက်ပြီး အလှူလုပ်ပါတယ်။ သံဃာတော်တွေကို ဆွမ်းလောင်းပါတယ်။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တွေ၊ အချိုပွဲတွေ၊ လက်ဖက်ရည်တွေ လှူတယ်။ ဆိုင်ကို ပင့်ဖိတ်ပြီး တရားနာတာတွေ ပြုလုပ်ပါ တယ်။ လပြည့်နေ့ တိုင်းလည်း  Customer တွေကို အလှူလုပ်ပါတယ်"ဟု တာဝန်ခံက ရှင်းပြသည်။

ဆွမ်းလောင်းဓမ္မာရုံ၊ ကားပါကင်နှင့် ဌာနဆိုင်ရာ စီမံဆောင်ရွက်မှု
    ပြီးခဲ့သည့် ရက်ပိုင်းက Online တွင် ပျံ့နှံ့ခဲ့သည့်  ဆိုင်အနီးဝန်းကျင်နေရာများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ဆောင်ရွက်နေခြင်းသာဖြစ်ပြီး ထိုဓမ္မာရုံမှာလည်း ဆိုင်နေရာနှင့် ပြင်ပနေရာတွင်သာ ရှိနေသည်။ ကားပါကင်အတွက် နေရာများကို ဌာနဆိုင်ရာများသို့ တောင်းထားခြင်းမရှိခဲ့သလို ထိုနေရာများမှာလည်း ကားပါကင် အသုံးပြုရန် အဆင်ပြေခြင်း မရှိဟု သိရသည်။ ထိုအခရာအနီးတွင် ဖွင့်လှစ်ထားသော ဆိုင်အချို့လည်း တွေ့ရသည်။ ဆွမ်းလောင်းဓမ္မာရုံ၊ ပြည်ခိုင်ဖြိုးပါတီရုံး၊ မြို့နယ်ကြက်ခြေနီအသင်းရုံး၊ သမဝါယမလီမိတက် အပါအဝင် အဆောက်အအုံအချို့ ရှိသည်။ 
    ဆိုင်ဖွင့်သည့် သက်တမ်းရှစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ ဆိုင်ဖွင့်လာသည့် သက်တမ်းတစ်လျှောက် ဝန်းကျင်နှင့် ဆိုင်အနေဖြင့်သော်လည်းကောင်း၊ ဝန်ထမ်းများ အနေဖြင့်သော်လည်းကောင်း ပြဿနာ တစ်စုံတစ်ရာ ဖြစ်ခဲ့ဖူးခြင်း မရှိခဲ့ဘဲ ပတ်ဝန်းကျင်နှင့် အဆင်ပြေမှုရှိခဲ့ကြောင်းလည်း သိရသည်။
    အခရာဆိုင် ရှေ့မျက်နှာစာနှင့် ဝန်းကျင်ဧရိယာ၌ ကားအစီးရေ ၃၀ ဝန်းကျင် ရပ်နား၍ ရနိုင်သည့် အနေအထား တွေ့ရသည်။ ထိုကြောင့် ဆိုင်အတွက် ကားပါကင်ကိစ္စ အခက်အခဲမရှိနိုင်သော အခြေ အနေဖြစ်သည်။
    "ဒီရှစ်နှစ်တာ ကာလအတွင်းမှာ ကားပါကင် အခက်အခဲလည်း မရှိခဲ့ပါဘူး။ ဆိုင်ဧရိယာနဲ့ ရှေ့မျက် နှာစာတွေမှာ လုံလောက်မှု ရှိပါတယ်။ အခရာဆိုင်က ကားပါကင်လုပ်ဖို့အတွက် ဖယ်ရှားခိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ဆွမ်းလောင်းဓမ္မာရုံက တကယ်တော့ နယ်နိမိတ်ထဲမှာ မရှိဘူး။ ကျွန်တော်တို့က  အဆောက်အအုံတွေ ဖျက်ဖို့ဆိုတာမျိုးလည်း တစ်ခါမှ မပြောဖူးသလို အဲဒီလိုဆန္ဒလည်း မရှိခဲ့ပါဘူး။ ဓမ္မာရုံ တည် ဆောက်တဲ့နေရာက ဆိုင်ရဲ့နယ်မြေမဟုတ်ဘူး။ ဒါက စည်ပင်သာယာက စီမံခန့်ခွဲခွင့်ရှိတဲ့ မြေနေရာ ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဌာနဆိုင်ရာကသာလျှင် စိစစ်ပြီး ဆောင်ရွက်တာလို့ နားလည်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း သူတစ်ပါးတွေ ဒုက္ခရောက်အောင် ဖယ်ရှားလိုစိတ် မရှိပါဘူး။ အခရာ မိသားစုဝင်တွေဟာ ကံကံရဲ့အကျိုးကို ယုံကြည်တဲ့အတွက် သူတစ်ပါးရဲ့ အဆောက်အအုံတွေ၊ နေအိမ်တွေကို ရှင်းလင်းဖယ်ရှားဖို့ မတောင်းဆိုခဲ့သလို အဲဒီလိုဆန္ဒလည်း လုံးဝမရှိခဲ့ပါဘူး။ ပြီးတော့ ကားပါကင် နေရာနဲ့ပတ်သက်ပြီး မြေပိုင်ရှင်ဆီကလည်း တောင်းစရာ မလိုသလို၊ ဌာနဆိုင်ရာ စည်ပင်တို့ဆီကလည်း တောင်းစရာမလို အဆင်ပြေနေပါတယ်"ဟု အခရာတာဝန်ခံက ရှင်းပြသည်။

အခရာ၏ အစားအသောက် Menu နှင့် ဝက်သားအမယ် ၁၂ မျိုး
    အခရာတွင် မှာယူ သုံးဆောင်နိုင်သည့် အစားအသောက်စာရင်း Menu တွင် ဝက်ချိုချဉ်၊ ဝက်ချဉ်စပ်၊ ဝက်ပင်စိမ်း၊ ဝက်လက်ပေါင်းစတူး၊ ဝက်သုံးထပ်သား စီချွမ်၊ ဝက်ချင်းမွှေး စသဖြင့် ဝက်သား အမယ် ၁၂ မျိုးခန့် တွေ့ရသည်။ ရောင်းချ တည်ခင်းသည့်  Menu ကို ကြည့်ပါက ပိုင်ရှင်သည် ဘာသာခြား ဖြစ်သည်၊ ၇၈၆ ဖြစ်သည်ဆိုသော စွပ်စွဲပြောဆိုချက်သည် သတင်းအမှား ဖြစ်သည်ကို တွေ့ရသည်။
    "လိုင်းပေါ်မှာ ပျံ့နှံ့နေသလို ဆိုင်ပိုင်ရှင်ဟာ ဘာသာခြားတွေဆိုတာလည်း မဟုတ်ပါဘူး။ ပိုင်ရှင်တွေက  ဗုဒ္ဓဘာသာဝင်စစ်စစ်တွေပါ။ လုပ်ငန်းလုပ်မယ်ဆိုရင် စည်ပင်မှာ လုပ်ငန်းလိုင်စင် လျှောက် ရပါတယ်။ အဲဒီလုပ်ငန်းလိုင်စင်မှာလည်း ကျွန်တော်တို့က ဘာသာခြား မဟုတ်ဘူးဆိုတာ ပေါ်လွင် ထင်ရှားပါတယ်"ဟူ၍ တာဝန်ခံက ရှင်းပြသည်။

သတင်းအမှားများနှင့် အခရာ၏ ထိခိုက်နစ်နာမှု
    ရန်ကင်းဓမ္မာရုံကိစ္စ အခရာဆိုင်နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေမှုများနှင့် မြေပြင်အခြေအနေ လေ့လာသိရှိခဲ့ရသည့် အချက်များမှာ ကွဲလွဲနေသည်။ ပိုင်ရှင်သည် ဘာသာခြားမဟုတ်၊ ၇၈၆ မဟုတ် ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်နေသည်။  အထူးသဖြင့် ဆိုင်၏ ကားပါကင်နေရာအတွက် ဓမ္မာရုံအား ဖယ်ရှားရှင်းလင်း မည်ဆိုသည့် သတင်းမှာ မှားယွင်းနေပြီး စည်ပင်ပိုင်မြေ နေရာများကို စည်ပင်က စီမံဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိလိုက်ရသည်။ သို့သော် တစ်ဖက်တွင် Brand Image သည်လည်း ကြီးမားစွာ ထိခိုက်နစ်နာမှုများ ရှိလာခဲ့သည်။ " ဆိုင်မှာ အမြဲအားပေးနေတဲ့ Customer တွေကတော့ ဒီဆိုင်ဘယ်လို ဆိုင်မျိုးလဲ၊ ဘာတွေရောင်းလဲဆိုတာ သိတယ်။ ဒါပေမဲ့ မရောက်ဖူးသေးတဲ့ မိတ်အသစ်တွေအတွက်ကျတော့ ဒါကြီးက ဒီလိုလားဆိုတဲ့ဟာမျိုး ထင်သွားစေတဲ့ အခါကျတော့ နောင်လာမယ့် မိတ်အသစ်တွေကို Block လုပ်လိုက်သလို ဖြစ်သွားတယ်။ ဒါက ကျွန်တော်တို့ Market အတွက် ထိခိုက်ပါတယ်။ ပြီးတော့ ရှိနေတဲ့ Customer တွေထဲမှာလည်း တချို့ကကြုံလို့ လာအားပေးတာမျိုး ရှိနိုင်တယ်။ အဲဒီလို လူတွေကလည်း သေချာ ဂဃနဏ မသိသေးတော့ တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ Brand  Image က ဒီလို ဖြစ်စဉ်ကြောင့်  ထိခိုက်နစ်နာမှု ရှိပါတယ်"ဟူ၍ အခရာတီးဟောက်စ်၏ လုပ်ငန်းအကြံပေး တစ်ဦးက ပြောပြသည်။
    မြန်မာစာပေတွင် 'အခရာ'ဆိုသည့် စကားလုံးကို  အဓိကကျသော၊ အရေးပါဆုံးသော (သို့မဟုတ်) အနှစ်သာရဖြစ်သောဟူသော အဓိပ္ပာယ်ဖြင့် သုံးနှုန်းကြသည်။ အခရာဆိုသည့် အဓိပ္ပာယ်သည် အစားအသောက်လုပ်ငန်းထဲမှာ အခရာကျကျ ရပ်တည်ရန် ထိုနာမည်ပေးထားခြင်းဖြစ်သည်ဟု အခရာအကြံပေးက ရှင်းပြသည်။ အခရာကျကျရပ်တည်နိုင်ရေး အစားအသောက် အရည် အသွေး ကောင်းမွန်စေရန်၊ ဝန်ဆောင်မှုပိုင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ ကောင်းမွန်စေရန်တို့ကိုသာ အခ ရာမိသားစုသည် နေ့စဉ် ကြပ်မတ်ဆောင်ရွက်နေသည်။ သို့သော် ထွက်ပေါ်ခဲ့သည့် သတင်းများကြောင့် အများပြည်သူ စိတ်အ နှောင့်အယှက် ဖြစ်ရတဲ့အပေါ် အခရာ မိသားစုက များစွာစိတ်မကောင်း ဖြစ်နေလေသည်။
    "ကျွန်တော်တို့ကတော့ မေတ္တာထားပါတယ်။ နားလည်မှုလွဲပြီးတော့ မှားယွင်းတဲ့ Imformation တွေ ကြောင့် စွပ်စွဲခံခဲ့ရပေမယ့် ဒီအပေါ်မှာ ဘာမှတုံ့ပြန်လို စိတ်မရှိပါဘူး။ အဓိကကတော့ ကျွန်တော်တို့က မှန်မှန်ကန်ကန်နဲ့ လုပ်ကိုင်စားသောက်နေသူတွေ ဖြစ်ပါတယ်။ ဓမ္မာရုံကိစ္စ အပါအဝင် အခရာဆိုင် ပိုင်ရှင်တွေနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို လူတွေ သိစေချင်ပါတယ်"ဟူ၍ အခရာတီးဟောက်စ် တာဝန်ခံက မှတ်ချက်ပြုခဲ့သည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67184

© 2022 - 2026 News. All Rights Reserved.