၂၀၂၆ ၊ ဩဂုတ် ၇
ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း ၉၀ သည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စားလုပ်ငန်းများ အများဆုံး ပါဝင်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်ထဲတွင် ကျန်းမာရေးထုတ်ကုန် များအား သဘာဝနည်းဖြင့် ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိသည့် အသေးစား၊ အလတ်စား လုပ်ငန်းပိုင်ရှင် လည်းဖြစ်၊ မောရွှေမြေ ကျန်းမာရေး ထုတ်ကုန်လုပ်ငန်းတည်ထောင်သူ ဒေါ်သိင်္ဂီထွန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ MSME လုပ်ငန်းအနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ စတင်တည်ထောင်ခဲ့တာပါလဲ။
DTGT ။ ။ ဒီလုပ်ငန်းကို စပြီး လုပ်ကိုင်ဖြစ်တာကတော့ ၂၀၂၄ ခုနှစ်မှာပါ။ အဓိကကတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို စိတ်ဝင်စားတယ်။ ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ အစားအသောက်တွေကိုလည်း စားသောက်တယ်။ ကျန်းမာအောင်လည်း နေထိုင်တယ်။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကိုလည်း လူတွေကို မျှဝေပြီးတော့ အားလုံးကို ကျန်းမာစေချင်တယ်။ အား လုံးကို ကျန်းမာရေးနဲ့ ညီညွတ်အောင်လည်း နေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီထုတ်ကုန်တွေကို စတင်ပြီးတော့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

TREND ။ ။ လက်ရှိမှာရော ပြည်တွင်းဈေးကွက်ထဲမှာ ဘယ်လိုမျိုး ထုတ်ကုန်တွေကို ဖြန့်ချိနေပါသလဲ။
DTGT ။ ။ အဓိကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်လေးတွေ၊ ဖျော်ရည်လေးတွေပါ။ သဘာ၀ထုတ်ကုန်တွေဖြစ်တဲ့ ကျောက်ဖရုံသီးဖျော်ရည် လေးတွေပါမယ်။ အသည်းအဆီဖုံးတာနဲ့ပတ်သက်တဲ့ ဖျော်ရည်လည်းပါတယ်။ ထုတ်ကုန်တွေကတော့ အမျိုးအစား ရှစ်မျိုးလောက်ထိ ထုတ်လုပ်ထားပါတယ်။ နောက် အရသာထူးကဲတဲ့ ချဉ်ပေါင်ဖူးဖျော်ရည်တွေ ထုတ်လုပ်ထားပါတယ်။ သဘာဝ ချဉ်ပေါင်ဖူး၊ ဆေးဖက်ဝင်အပင် တွေနဲ့ပြုလုပ်ထားပြီး ဗီတာမင်စီကြွယ်ဝတဲ့ ချဉ်ပေါင်ဖူး ဖျော်ရည် ((Maw Shwe Myay Roselle Berry Juice) ထဲမှာဆိုရင် ချဉ်ပေါင်ဖူး၊ ဂေါ်ဂျီဘယ်ရီ၊ သကြားညို၊ ဆီးသီးနှင့် မန်ကျည်းတို့ ပါဝင်ပြီး ဓာတုဆေးနှင့် အနံ့အရသာ လုံး၀မပါဝင်ပါဘူး။ အဓိကတော့ စိတ်ကို ကြည်လင်လန်းဆန်းစေခြင်း၊ အစာချေစနစ်ကို ကောင်း မွန်စေခြင်းနဲ့ မျက်လုံးအားကောင်းစေခြင်းစတဲ့ အကျိုး ကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။ ချဉ်ပေါင်ဖူးခြောက်၊ နွယ်ချို၊ ဂန္ဒမာပန်းပွင့်၊ လက်ဖက်ခြောက်၊ ဂူဂျီဘယ်ရီသီး သဘာဝအရောင်က သွေးတွင်းအဆီနဲ့ သကြားပမာဏကို လျော့ကျစေနိုင်ပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေပြီး နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ခန္ဒာကိုယ်ရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး သွေးတိုးကိုလည်း ထိန်းချုပ်ပေးပါတယ်။ နေ့စဉ်သောက် သုံးမယ်ဆိုရင်တော့ ကော်လာဂျင် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အသားအရေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ရဲယိုပျားရည်ကတော့ လေးဖက်နာသမားတွေအတွက် ရည်ရွယ်ပါတယ်။ ထမင်းစားပြီးတိုင်း တစ်ပြား၊ နှစ်ပြား စားပေးမယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ကြက်သွန်ဖြူပျားရည်စိမ်ကတော့ နှလုံးသွေးကြောကျဉ်း ရောဂါအတွက် အင်မတန်ကောင်းပါတယ်။ ထမင်းစားပြီးတိုင်း ကြက်သွန်ဥနှစ်လုံးလောက်စားမယ်၊ ပျားရည် ကိုလည်း ရေနွေးလေးနဲ့ရောပြီးတော့ စားသုံးပေးမယ်ဆိုရင် အရမ်းကောင်းပါတယ်။ ချင်းပြားသံပရာကတော့ ခန္ဒာကိုယ်ကို အဆီကျစေပါတယ်။ ဗီတာမင်စီအပြည့် ပါပြီးတော့ စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ချဉ်ပေါင်ဖူးနဲ့ပတ်သက်တဲ့ ချဉ်ပေါင်ဖူးဖျော်ရည်တို့အပြင် ချဉ်ပေါင်ဖူးယို၊ ချဉ်ပေါင်ဖူးလက်ဖက် ခြောက်တို့ကို ထုတ်လုပ် တယ်။
ချဉ်ပေါင်ဖူးယိုလေးက အစာကြေ ရင်ချောင်စေပါတယ်။ ချဉ်ပေါင်ဖူးဖျော်ရည်ဆိုရင် ဗီတာမင်စီ အပြည့်အဝပါဝင်တယ်။ ဘယ်ရီသီးတွေလည်း ပါဝင်တဲ့အတွက် မျက်စိကို အားကောင်းစေပါတယ်။ ကွန်ပျူတာရှေ့မှာ ထိုင်ပြီးတော့ အညောင်းအညာမိနေတဲ့ သူတွေ နေ့စဉ်သောက်သုံးမယ်ဆိုရင် ကြည် လင်လန်းဆန်းစေပါတယ်။ ဝမ်းချုပ်တတ်တဲ့ သူတွေအတွက်လည်း ဝမ်းမှန် စေပါတယ်။ ပင်းတယ လက်ဖက်ခြောက်ကတော့ နမ့်တောင် အချိုခြောက်ပါ။ နမ့်တောင်ဆိုတာကတော့ မိုင်း ရှူးမြို့နယ်မှာရှိတဲ့ တောင်တစ်လုံးရဲ့နာမည် ဖြစ်ပါတယ်။ အဲဒီတောင်ကြားထဲမှာထွက်တဲ့ လက်ဖက်ညွန့်တွေကို ပြန်ပြီးတော့ အချိုခြောက်ပုံစံနဲ့ ထုတ်လုပ်တာပါ။ နမ့်တောင် အချိုခြောက်ဆိုရင် သဘာဝအရသာနဲ့လည်း ထုတ်လုပ်ထားပါတယ်။
TREND ။ ။ အခုလို ပြည်တွင်းထုတ်ကုန် ထုတ်လုပ်တဲ့အခါမှာ ဆိုးဆေးကာလာတွေ အသုံးပြုထားလား။
DTGT ။ ။ ဆိုးဆေး ကာလာတွေ မပါဝင်ပါဘူး။ သဘာဝအရသာစစ်စစ်ဖြစ်တဲ့အတွက် လက်ဖက်ရည်ကြိုက်တဲ့သူတွေဆိုရင်တော့ စားသုံးစေချင်ပါတယ်။ ထုတ်ကုန်တွေကိုတော့ ရှမ်းပြည်နယ် ပင်းတယ မြို့မှာ သဘာ၀သစ်ဥသစ်ဖုတွေနဲ့ ထုတ်လုပ်ပါတယ်။ အဲဒီမှာ ထုတ်လုပ်ပြီးတော့ ရန်ကုန်မြို့အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ စတင်ပြီးတော့ ဖြန့်ဝေခဲ့တာပါ။ ထုတ်ကုန်လေးတွေက သဘာဝထုတ်ကုန်လေး တွေဖြစ်တဲ့အတွက် အားပေးမှုတွေရရှိသလို ဆက်လက်ထုတ်လုပ်သွားဖို့ လည်းရှိပါတယ်။
TREND ။ ။ ပြည်တွင်းကနေပြီး ထွက်ရှိတဲ့ အသီးအနှံတွေနဲ့ ထုတ်လုပ်တာပိုများတာတွေ့ရတယ်။ ကုန်ကြမ်းရရှိမှုအခြေ အနေလည်း သိပါရစေ။
DTGT ။ ။ ကုန်ကြမ်းထုတ်ကုန်တွေနဲ့ ပတ်သက်ပြီးကတော့ ရှမ်းပြည်နယ် ပင်းတယဘက်ကနေ တောတောင်အမြင့်ကနေပြီးတော့ အေးတဲ့ရာသီဥတုရယ်၊ တောတောင်ထဲမှာ ထွက်ရှိတာပါ။ အရသာကတော့ ပိုပြီး ထူးခြားပါတယ်။ ကျွန်မတို့နိုင်ငံမှာက သဘာဝသစ်ဥ သစ်ဖုတွေ ပေါများပါတယ်။ ကျောက်ဖရုံသီးဆိုလည်းပေါတယ်။ ချဉ်ပေါင်သီးဆိုတာလည်း နေရာတိုင်းမှာ ဝယ်လို့ရတာဆိုတော့ အဓိက သဘာဝကုန်ကြမ်းကို အခြေခံပြီး လုပ်ထားတာဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
TREND ။ ။ ထပ်မံပြီးတော့ထုတ်ကုန်အသစ်တွေရော ဆက်လက်ထုတ်လုပ်သွားဖို့ရှိပါသလား။
DTGT ။ ။ ဟုတ်ကဲ့ရှိပါတယ်။ လက်ရှိတော့ စားသောက်ကုန်၊ လူသုံးကုန် ထုတ်ကုန်အသစ်တွေကိုလည်း ဆက်လက်ထုတ်လုပ်သွားဖို့ရှိပါတယ်။ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ ပန်းကန်ဆေးဆပ်ပြာရည် တို့ကိုလည်း ထုတ်လုပ်သွားဖို့ရှိပါတယ်။ လက်ရှိတော့ အွန်လိုင်းကနေပဲ စပြီးတော့ ဈေးကွက်ထိုးဖောက်နေပြီးတော့ အသေးစား၊ အလတ်စား (SME) ပြပွဲတွေမှာလည်း မကြာခဏ ဝင်ရောက်ပြသလျက်ရှိပါတယ်။ ဒီလိုမျိုး အသေးစား၊ အလတ်စား ထုတ်ကုန်ပြပွဲတွေမှာ ဆိုရင်လည်း ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး အားပေးမှုတွေ အများကြီးရရှိပါတယ်။
TREND ။ ။ MSME လုပ်ငန်းတွေအနေနဲ့ အခက်အခဲတွေ ရှိရင်လည်း ပြောပြပေးပါဦး။
DTGT ။ ။ အခက်အခဲကတော့ လုပ်ငန်းစတင်တည်ထောင်ချိန်မှာ ရှိပါတယ်။ ဒါပေမဲ့ အားလုံးက ဝိုင်းဝန်ကူညီဆောင်ရွက်ပေးတယ်။ ပြပွဲတွေဆိုလည်း ပါဝင်ပြီးပြသတော့ ဈေးကွက်ပိုမို ချဲ့ထွင်နိုင်တဲ့ အခြေအနေလေးတွေ ရှိခဲ့တယ်။ အခုလည်း နိုင်ငံတော်က ပံ့ပိုးကူညီပေးနေတာဖြစ်တဲ့အတွက် အခက်အခဲတော့ မရှိတော့ပါဘူး။ ဌာနဆိုင်ရာတွေအနေနဲ့လည်း ကျွန်မတို့ကိုကူညီပြီး ဆောင်ရွက်ပေးပါတယ်။ နည်းပညာကတော့ အမြဲတမ်းလိုအပ်တဲ့အတွက် နည်းပညာနဲ့ ပတ် သက်တဲ့ အကူအညီတွေကိုတော့ ပံ့ပိုးပေးစေချင်ပါတယ်။ ကျွန်မတို့ ပြည်တွင်းထုတ်ကုန်က ဈေးနှုန်းကအစ ပြည်သူတွေ အဆင်ပြေဝယ်ယူ နိုင်မယ့်ဈေးနဲ့ ဆောင်ရွက်ပေးထားတာ ဖြစ်တဲ့အတွက် ဝယ်ယူတဲ့ပြည်သူတွေလည်း အဆင်ပြေပါတယ်။ ပြည်ပဈေးကွက်ကို ယှဉ်ပြိုင်ထိုးဖောက်နိုင်အောင် နည်းပညာပံ့ပိုးမှုလေးတွေကိုတော့ ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါက MSME လုပ်ငန်းတွေရဲ့ အဓိကလိုအပ်ချက် ဖြစ်ပါတယ်။ အားလုံးအတွက်ပါ။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာလေးများရှိရင် ဖြေကြားပေးပါဦး။
DTGT ။ ။ သဘာဝကျန်းမာရေးထုတ်ကုန်တွေကို နောင်လာမယ့် အနာဂတ်မှာလည်း စီးတီးမတ်နဲ့ စူပါမားကတ်တွေမှာ တင်သွင်းဖြန့်ချိသွားဖို့အတွက် ရည်ရွယ်ထားပါတယ်။ မောရွှေမြေဆိုတဲ့ နာမည်ကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သဘာဝထုတ်ကုန်ဖြစ်တဲ့အတွက် ထုတ်ကုန်လေးတွေကို ယုံကြည်စွာနဲ့ သုံးဆောင်နိုင်ပါတယ်။ ကျွန်မတို့လုပ်ငန်းက MSME လုပ်ငန်းဖြစ်တယ်၊ နိုင်ငံတော်ဘက်ကနေလည်း အဘက်ဘက်က ကူညီဆောင်ရွက်ပေးနေတာဆိုတော့ အဆင်ပြေပါတယ်။ ကျွန်မတို့ ထုတ်လုပ်သူတွေက ထုတ်ကုန်တွေကို ဈေးကွက်မှာ ပစ္စည်း ပြတ်လပ်မှုမရှိအောင် ထုတ်လုပ်နိုင်ဖို့က ပိုမိုအရေးကြီးပါတယ်။ ပြည်တွင်းမှာက စားသောက်ကုန်လုပ်ငန်းနဲ့ သဘာဝထုတ်ကုန်လုပ်ငန်းတွေကလည်း MSME လုပ်ငန်းလေး တွေ များစွာရှိတယ်။ တစ်နိုင်တစ် ပိုင်ထုတ်လုပ်ကြတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းဖွံ့ဖြိုးတိုး တက်ဖို့အ တွက် အားလုံးက ဝိုင်းဝန်းပြီး တစ်ယောက်လိုအပ်ချက်ကို တစ်ယောက် ဖေးမကူညီဆောင်ရွက်ပေးမယ်ဆိုရင် ဒီလုပ်ငန်းနယ်ပယ်မှာရှိတဲ့သူတွေ အကုန်လုံး အောင်မြင်နိုင်ပါတယ်။ ကျွန်မတို့အနေနဲ့လည်း အတွေ့အကြုံတွေကိုမျှဝေပြီး ပြပွဲတွေမှာ အမြဲတမ်း လက်တွဲပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမှာပါလို့ ပြောကြားချင်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )