7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် အား ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ ဖေဖော်ဝါရီ ၂၆

ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်ဟာ အစိုးရသစ်တစ်ရပ်ရဲ့ ပေါ်လစီထဲမှာ အရေးကြီးတဲ့ Issues တစ်ခုအနေနဲ့ ပါလာနိုင်တယ်လို့ ယုံကြည်ပါတယ် . . . .

            လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ အလားအလာ၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး အလား အလာ၊ အခက်အခဲ စိန်ခေါ်မှုတို့နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော 7 EAO Alliance ၏ပြောရေးဆိုခွင့်ရှိသူ၊ KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို ဆက်သွယ်မေးမြန်း ထားပါသည်။

 

TREND ။            ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်‌ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။

SKN ။           ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး တစ်ပတ်တစ်ကြိမ် ခုနစ်ဖွဲ့ အစည်းအဝေးတွေမှာ ပြောဆိုဆွေးနွေးနေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက်က ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးမှုက အမှန်တကယ်လိုအပ်တဲ့ အရှိတရားပါ။ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလတွေမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ သေချာမလုပ်နိုင်သေးသလို NCA အကောင်အထည်ဖော်မှုတွေကလည်း ၂၀၂၁ ကတည်းက ရပ်တန့်နေတယ်။ ကြားထဲမှာ လက်နက်ကိုင်ပဋိပက္ခတွေကလည်း ကြီးမားကျယ်ပြန့်ခဲ့တော့ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲအတွက် အခက်အခဲရှိခဲ့တာပါ။ ကျွန်တော်တို့လည်း မျှော်လင့်ချက်ရှိနေပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲလည်း ပြီးသွားပြီ၊ အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာမယ့် အခင်းအကျင်းလည်း ရှိနေပါတယ်။ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အတွက် မရှိမဖြစ် လိုအပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ လာမယ့်အစိုးရ သစ်လက်ထက်မှာ ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ သို့သော် လက်ရှိအခြေအနေက ငြိမ်းချမ်းရေးနဲ့ဆန့်ကျင်ဘက် လက်နက် ကိုင်ပဋိပက္ခရှိနေတော့ အများကြီး မျှော် လင့်လို့ မရသေးပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တင်းပြည့်ကျပ်ပြည့် မလုပ်နိုင်သေးရင် တောင် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစပျိုးမှုလမ်းစ ပေါ်လာနိုင်တယ်လို့ မျှော်လင့်ချက် ရှိပါတယ်။

         ကျွန်တော်တို့လည်း အစဉ်တစိုက် ပြောလာခဲ့တာရှိတယ်။ NCA လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှုတွေ မလုပ်နိုင်ခင်မှာ ကျွန်တော်တို့ ခုနစ်ဖွဲ့အနေနဲ့ NCA ရဲ့ အနှစ်သာရသုံးချက်ကို စွဲကိုင်ထားပြီး တော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေး‌နွေးခြင်းနဲ့ အဖြေရှာတဲ့ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ထွန်းလာဖို့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ အဲဒီလိုရှိခဲ့တော့ ဒီငြိမ်းချမ်းရေးဆွေးနွေး ပွဲလို့ပြောမယ်ဆိုရင် လက်ရှိပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အင်အားစုတွေ အားလုံး၊ အစုအဖွဲ့တွေအားလုံး၊ သက်ဆိုင်သူများအားလုံး ပါဝင်လာနိုင်တဲ့ တွေ့ဆုံဆွေး‌‌နွေးမှုဖြစ်ဖို့ အဓိက ရည်မှန်းချက်ပန်းတိုင် ဖြစ်ပါ တယ်။ သို့သော်လည်းပဲ ဒီအချိန်မှာက အခက်အခဲ စိန်ခေါ်မှု‌တွေ အများကြီးရှိမှာပါ။ ကျွန်တော်တို့ ခုနစ်ဖွဲ့ အနေနဲ့က‌တော့ ပကတိဖြစ်ပေါ်နေတဲ့ အရှိတရားကို မျက်ကွက်ပြုလို့မရဘူး၊ အပြစ်ပြောလို့မရဘူး။ ကျွန် တော်တို့ဟာ တွေဝေနေတာ မဟုတ်ဘဲနဲ့ရှိတဲ့ အခြေအနေ၊ ရှိတဲ့အဖွဲ့တွေကနေ စပြီးတော့ ‌ငြိမ်းချမ်းရေး ဆွေး‌နွေးမှုကို အစပျိုးနိုင်အောင် လုပ်ဆောင်သင့်တယ်ဆိုတာမျိုး နားလည်မှု ရှိကြပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ အများကြီး လိုအပ်တယ်။ ဒါကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရမှာပါ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စကားမပြောမဆိုနိုင်ခဲ့တဲ့ အခင်းအကျင်းရဲ့ အရင်းခံအကြောင်းတရားထဲမှာဆိုလို့ရှိရင် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကျဆင်းတဲ့အပိုင်းတွေ ရှိနေတဲ့အချိန်မှာ ယုံကြည်မှုကိုရအောင် ပြန်လည်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တွေ့ဆုံမှုတွေကို အလွတ်သ ဘောပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းက ဦးဆောင်ကမကထ လုပ်တာပဲဖြစ်ဖြစ် ရသမျှ အခွင့်အရေး၊ ရသမျှ အခြေအနေကို ဖမ်းဆုပ်ပြီးတော့ တွေ့ဆုံဆွေးနွေးမှု အစဉ်အလာကို ပြန်လည် အသက်သွင်းနိုင်အောင် ကြိုးပမ်းဆောင် ရွက်သင့်ပါတယ်။

TREND ။            ။ ၂၀၂၃ ခုနှစ်လောက်ကတည်းက ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ 7 EAO Alliance ရဲ့ ငြိမ်းချမ်းရေး ခရီး၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုက  ဘယ်လိုအခြေအနေရှိနေပြီလို့ ပြောနိုင်လဲ။

SKN  ။           ။ ၂၀၂၃ ကတည်းက စုဖွဲ့ပြီး ကြိုးပမ်းလုပ်ဆောင်တယ်ဆိုပေမယ့် ခရီးမပေါက်သေးတာ ကတော့ လက်ရှိ ပကတိအရှိတရား ပါ။ ဒါကလည်းပဲ လက်ခံပေးရမယ့် အခြေအနေအမှန်ပါ။ ဒီလို လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ အခြေအနေမှာကတော့ ကျွန်တော်တို့ရဲ့ လုပ် ငန်းတွေက သိပ်ပြီး ရှင်သန်မှု မရှိဘူး။သို့သော် ကျွန်တော်တို့အဖွဲ့ရဲ့ ဦးဆောင်မှုအဖွဲ့၊ အတွင်းရေးမှူး အဖွဲ့‌တွေကတော့ တစ်ပတ်တစ် ကြိမ်၊ သုံးလ တစ်ကြိမ် ပုံမှန်တွေ့ဆုံတာတွေ ရှိပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကာလတွေတုန်းကတော့  နိုင်ငံရေးပါတီအစု အဖွဲ့တွေ၊ တခြားသော CSO အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာရှိ ပေမယ့် ‌ရွေးကောက်ပွဲနီးလာတဲ့ ကာလတစ်လျှောက်မှာတော့ ဒီလိုတွေ့‌ဆုံမှုတွေက နည်းနည်းကျဲသွားပါတယ်။ ကျွန်တော်တို့လည်း မျှော်လင့်ပါတယ်။ မကြာမီကာလအတွင်း အစိုးရအသစ်တစ်ရပ် ပေါ်လာမယ်။ ကျွန်တော်တို့ နိုင်ငံအတွက်မရှိမဖြစ် လိုအပ်နေတဲ့ ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်ဟာ အစိုးရသစ်တစ်ရပ်ရဲ့ ပေါ်လစီထဲမှာ အရေးကြီးတဲ့ Issues တစ်ခုအနေနဲ့ ပါလာနိုင်တယ်လို့ ယုံကြည်ပါတယ်။ အဲဒီအတွက်လည်း အဲဒီအခင်းအကျင်းပေါ်လာရင် ကျွန်တော်တို့ ခုနစ်ဖွဲ့ကလည်း အဆင်သင့်ဖြစ်အောင် အဖွဲ့အတွင်းထဲမှာ ကြိုး ပမ်းလုပ်ဆောင်နေပါတယ်။ ပြီးတော့ တခြားအင်အားစုတွေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ့် အခင်းအကျင်းရောက်အောင်လည်း ဆက်လက်ကြိုးပမ်း လုပ်ဆောင်ရမယ့်ကိစ္စပါ။ ကျွန်တော်တို့ ခုနစ်ဖွဲ့တည်းနဲ့ရှိနေတဲ့ပဋိပက္ခကို လျှော့ချဖို့၊ ရပ်တန့်ဖို့ဆိုတာက လက်‌တွေ့မကျပါဘူး။

            သို့သော်လည်း ရှိတဲ့ အခြေအနေကနေပြီးတော့၊ လုပ်နိုင်တဲ့ အတိုင်းအတာကနေပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ရှေ့ဆက်လုပ်ဆောင်နိုင်ဖို့ စဉ်းစားချက် အစီအမံတစ်ခုအနေနဲ့ ရှိထားပါတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေကနေ ငြိမ်းချမ်းရေးတွေ့ဆုံမှု လမ်းကျောင်းပေါ်  ပြန်ရောက် လာနိုင်တဲ့ အခင်းအကျင်းမျိုးကို ကြိုးပမ်းလုပ်ဆောင်ဖို့ အဖွဲ့အတွင်း အချင်းချင်းကြားထဲမှာ အစီအစဉ်တွေ ရှိထားပါတယ်။

TREND ။            ။ ပြီးခဲ့တဲ့ရက်ပိုင်းက NSPNC နဲ့ NCA ရေးထိုးထားတဲ့ အပစ်ရပ် EAO ခုနစ်ဖွဲ့ တွေ့ဆုံတယ်ဆိုတဲ့ သတင်း ကြားလိုက်ရတယ်၊ တွေ့ဖြစ်ခဲ့လား။ ဒီ‌တွေ့ဆုံမှုမှာ အဓိက ဘယ်အကြောင်းအရာတွေ ဆွေး နွေးဖြစ်ခဲ့လဲ။

SKN  ။           ။ တွေ့ခဲ့တာတော့ မှန်ပါတယ်။ NSPNC က ပြီးခဲ့တဲ့ကာလတွေမှာ ရွေးကောက်ပွဲကိစ္စ ရပ်တွေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ တခြားသော ဆက်စပ်နေတဲ့ နိုင်ငံရေးတွေ တစ်ပုံတစ်ပင် ရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ များများစားစား ထိတွေ့ဆက်ဆံမှုတွေ မလုပ်နိုင်ခဲ့ဘူး။ သို့ပေမယ့်ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုတက်ရင်းနဲ့ အလွတ်သဘော တွေ့ဆုံမှုတွေ ရှိခဲ့တယ် ဆိုတာတော့ မှန်ပါတယ်။ ဒါကလည်း အလွတ်သဘောပါ။ ဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည် ပေါ်ပေါက်လာဖို့ ဘယ်လိုနည်းလမ်းနဲ့ အစပြုမလဲဆိုတာထက် ဒီလိုပွဲတက်ရင်းနဲ့ တစ်‌ယောက်နဲ့တစ်ယောက် မတွေ့တာလည်းကြာပြီဆိုတော့ အခမ်းအနားတက်ရောက်ခဲ့တဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင် တွေ အလွတ်သဘော တွေ့ကြတဲ့သဘော ဖြစ်ပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အစီအစဉ်တစ်ရပ်အနေနဲ့ မဟုတ်ဘဲနဲ့ အလွတ်သဘောဖြစ်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အကျယ်ကြီးပြောဖို့၊ ဆိုဖို့ အချိန်မရခဲ့ပါဘူး။ ခရီးသွားဟန်လွဲ အလွတ်သဘောတွေ့တာမို့ Issues အများကြီးကိုလည်း မဆွေးနွေးဖြစ်ခဲ့ပါဘူး။ အဓိကကတော့ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို ကြိုးပမ်းဆောင်ရွက်ကြမလဲ၊ သူ့စဉ်းစားချက်၊ ကိုယ့်စဉ်းစားချက် အဲဒီလောက်ပဲ အလွတ်သဘော ဖ လှယ်ခဲ့တာပါ။

TREND ။            ။ 7 Eao Alliance  ခုနစ်ဖွဲ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဘယ်လို ဘုံသဘောတူညီမှုတွေ၊ ရပ်တည်ချက်တွေ ချမှတ်ထားလဲ၊ တူညီတဲ့သဘောတူညီဆုံးဖြတ်ချက်က ဘာတွေဖြစ်မလဲ။

SKN       ။           ။ အားလုံးတူညီတဲ့ အချက်တွေကတော့ ခေတ်စနစ်နဲ့အညီ ပြောင်းလဲမှု‌တွေ လုပ်ခဲ့ရတယ်။ ဟိုလွန်ခဲ့တဲ့ ၂၀၂၃၊ ၂၀၂၄ တုန်းက ဆိုလို့ရှိရင် အဲဒီအချိန်က နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုရင် ဒီမိုကရေစီဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အဆိုပြုချက်ဆိုပြီး ခြောက်ချက် ပြောဆိုခဲ့တာရှိတယ်။ အခုအချိန်မှာတော့ အချက်ငါးချက်အနေနဲ့ ဒီခုနစ်ဖွဲ့ကြားထဲမှာ နားလည်မှု ယူထားတာတယ်။ အဲ ဒီအချက်တွေကတော့ လက်ရှိ ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်သူတွေ အားလုံး ဘာမှ ကြိုတင်ကန့်သတ်ချက် မထားဘဲနဲ့ အပစ်ရပ်နိုင်ဖို့ဆိုတာပါတယ်။ အပစ်ရပ် ကြေညာဖို့ဆိုတဲ့ အချက်တစ် ချက်ပါတယ်။ အဲဒီလို သက်ဆိုင်သူတွေအားလုံးက ဘာမှ ကြိုတင်ကန့်သတ်ချက် မထားဘဲနဲ့ အပစ်ရပ် ကြေညာနိုင်ခဲ့ပြီးပြီဆိုရင် အဲဒီသက်ဆိုင်တဲ့ အစုအဖွဲ့တွေအားလုံးက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကနေတစ်ဆင့် နိုင်ငံရေးသဘောတူညီချက်တွေကို ရယူဖို့ဆိုတဲ့ အချက်တစ်ချက်ပါတယ်။ နိုင်ငံရေး သဘောတူညီချက်တွေ ရယူပြီးပြီဆိုရင် ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ဆိုတာကိုလည်း လုပ်ဆောင်ရမယ့် အဆင့်တစ်ဆင့်လို့ သဘောတူထားတာ ရှိပါတယ်။ ကျန်တဲ့အချက်တွေ ကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဖွဲ့စည်းပုံရေးပြီးလို့ရှိရင် အဲဒီ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံနဲ့အညီ ရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲကနေ ရလာတဲ့ ရလဒ်တွေနဲ့အညီ ‌နောက်ဆုံး အချက်ငါးချက် အဆင့်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်ကို တည် ထောင်ဖွဲ့စည်းပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းရေးကို အာမခံနိုင်မယ့် သက်ဆိုင် သူအားလုံးလည်း လိုက်ပါဆောင်ရွက်နိုင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတဲ့ အဆင့်ငါးဆင့်ကိုတော့ ကျွန်တော်တို့ အဖွဲ့ခု နစ်ဖွဲ့ထဲမှာ သဘောတူထားတာ ရှိတယ်။ အဲဒီအဆင့်ငါးဆင့်ကိုလည်း သက်ဆိုင်ရာ အင်အားစုတွေနဲ့ အလျဉ်းသင့်ရင်သင့်သလို အဆိုပြုတင်ပြဖို့ကိုလည်း နားလည်သဘော တူထားပါတယ်။ ကျွန်တော်တို့ သွားမယ့် လုပ်ငန်းစဉ်တွေ အနေနဲ့လည်း NCA ရဲ့ အနှစ်သာရ သုံးချက်ကို ကိုင်စွဲထားတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေး‌ နွေးခြင်းနဲ့ အဖြေရှာဖို့၊ သက်ဆိုင်သူများအားလုံး ပါဝင်ဖို့ အရပ်သားများကို အကာအကွယ်ပေးရေးဆိုတဲ့ အနှစ်သာရသုံးချက်ကို ကိုင်စွဲထားပါတယ်။ တကယ်လို့ ထိတွေ့ ဆက်ဆံစကားပြောဆိုလာနိုင်ခဲ့ရင် သက်ဆိုင်သူ တွေအားလုံး ပါဝင်နိုင်တဲ့ တခြားသော နည်းလမ်း ကောင်းတွေ ရှိတယ်ဆိုရင်လည်းပဲ အလိုက်သင့် ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ကျွန်တော်တို့ ခုနစ်ဖွဲ့က အဆင်သင့် ရှိနေပါတယ်။

            အခု ဒီမိုကရေစီဖက်ဒရယ်ဆိုင်ရာ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ အဆိုပြုချက်ငါးချက်ကတော့ ကျွန်တော်တို့ ခုနစ်ဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်ထားချက်၊ နားလည်သဘောတူထားချက်တွေ ဖြစ်ပါတယ်။ အခြေအနေအရကတော့ တခြားသော အင်အားစုတွေကို အဆိုပြုဖို့ ကြိုပမ်းနေဆဲ အဆင့်ပဲ ရှိပါသေး တယ်။ ဘယ်အင်အားစုတွေမှ အဆိုပြုတင်ပြတာ၊ ပြောဆိုဆွေး‌နွေးတာတွေ မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ စနိုင်တဲ့ အခင်းအကျင်းကနေ ပကတိအခြေအနေကို ပကတိအရှိအတိုင်း လက်ခံ ပြီးတော့ လုပ်နိုင်တဲ့ အလုပ်တွေကို စလုပ်ဖို့က အမှန်တကယ် လိုအပ်နေပါပြီ။‌ ဒါကြောင့် ကျွန်တော်တို့ ခုနစ်ဖွဲ့အနေနဲ့က NSPNC နဲ့ပဲ ဖြစ်ဖြစ်၊ ကျန်တဲ့ အင်အားစုတွေနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံခွင့်ရတဲ့အချိန် တွေ့ဆုံ စကားပြောနိုင်တဲ့ အချိန်ရောက်လာခဲ့ရင် အဆင်သင့်ပြောလို့ဆိုလို့ရအောင် ကျွန်တော်တို့ရဲ့ ပြင်ဆင်ထား မှုတွေကို အဆိုပြုချက်အနေနဲ့ သဘောတူထားတာပါ။ ဒါကလည်း အပြီးသတ်လို့ မသတ်မှတ်သလို အားလုံးလိုက်ပါနိုင်တဲ့ အခင်းအကျင်း အကြောင်းအရာ အစီအစဉ်တွေအတိုင်းပဲ ကျွန်တော်တို့က ဆောင်ရွက်လိုတဲ့ အာသီသရှိပါတယ်။

TREND ။            ။ ဒီလိုခုနစ်ဖွဲ့ထဲမှာ ညှိနှိုင်းသဘော တူညီထားတဲ့အချက်‌တွေထဲမှာ ခေတ်စနစ်နဲ့အညီ ပြောင်းလဲမှု‌တွေ လုပ်ခဲ့ရတယ်ဆိုတာက ဘယ်လိုအချက်တွေလဲ။

SKN       ။           ။ ပြီးခဲ့တဲ့ ၂၀၂၃ ကာလကဆိုရင်ရင် ဒီမိုကရေစီဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အဆိုပြုချက်ဆိုတာ ခြောက်ချက်ရှိခဲ့ပါတယ်။ စောစောကပြောတဲ့ အချက်တွေအပြင် ကြားကာလ အစိုးရလိုမျိုး၊ ကြားကာလ အာဏာပိုင်လိုမျိုး အဲဒီလို အချက်တစ်ချက်ပါတယ်။ သို့သော်လည်းပဲ ခေတ်အခြေ အနေမှာက အဲဒီကိစ္စရပ်တွေအတွက် လက်တွေ့မကျဘူး၊ မလိုအပ်တော့ဘူးလို့ ဝိုင်းဝန်းသုံးသပ်ပြီး အဲဒီ ခြောက်ချက်ထဲက ကြားကာလဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်တစ်ခုကို လျှော့ချခဲ့တယ်။ ကျန်တဲ့ အချက်ငါး ချက်ကိုလည်း ခေတ်စနစ်နဲ့ အညီသွားနိုင်ဖို့၊ ကြိုးပမ်းဖို့ သဘောတူထားတာပါ။ ဒီ အဆင့်ငါးဆင့်ကို ပြင်ဆင်ထားတယ်ဆိုတာက ကျွန်တော်တို့နိုင်ငံမှာ မရှိမဖြစ်လိုအပ်နေတဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှု အခင်းအကျင်းပေါ့။ ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေး တွေ့ဆုံစကားပြောတဲ့ အခင်းအကျင်း ပေါ်ပေါက်လာတဲ့အခါကျရင် ပေါ်ပေါက်လာတဲ့ အခြေအနေနဲ့အညီ စကားပြောခွင့်ရနေတဲ့ အစုအဖွဲ့တွေကို အဆိုပြုဖို့ ပြင်ဆင်ထားချက်တွေပါ။ အခုကတော့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ရွေး‌ကောက်ပွဲလည်း ပြီးပြီ။ အစိုးရသစ်လည်း ပေါ်ပေါက်လာတော့မယ်။ သို့သော်လည်း ငြိမ်းချမ်းရေး‌တွေ့ဆုံပွဲအတွက်၊ သက် ဆိုင်တဲ့သူတွေအားလုံး ပါလာဖို့အတွက် ပကတိအခြေအနေမှာကတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေမယ်။ ဒါကို နားလည်ပါတယ်။ သို့သော် စနိုင်တဲ့ အခင်းအကျင်းကနေပြီးတော့ ပကတိအခြေအနေကို ပကတိအတိုင်း လက်ခံပြီးတော့ လုပ်နိုင်တဲ့အလုပ်ကို စလုပ်ဖို့ ဖြစ်ပါတယ်။

TREND ။            ။ ရွေးကောက်ပွဲအလွန် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး အလားအလာ ဘယ်လိုသုံးသပ်ချင်လဲ။

SKN       ။           ။ ငြိမ်းချမ်းရေးလို့ပြောရင် စစ်ရေးနဲ့ဆန့်ကျင်ဘက်ပဲ ဖြစ်မယ်ထင်ပါတယ်။ စစ်ဘောင်ကျယ်နေရင် နိုင်ငံရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဘောင်က ကျဉ်းနေပါမယ်။ ဒါကလည်း လက်တွေ ပကတိအရှိတရားဆိုတော့ နံပါတ်(၁)အနေနဲ့ လာမယ့် အစိုးရသစ်လက်ထက်မှာ အခုဖြစ်ပေါ် နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဘယ်လောက်အချိန်အထိ လျှော့ချနိုင်မလဲဆိုတာကလည်း အဓိက ထည့်သွင်း စဉ်းစားရမယ့် ကိစ္စရပ်ပါ။ ဘယ်လိုအစိုးရမျိုး ပေါ်ပေါက်လာမလဲ ဆိုတာကတော့ မသိရသေးဘူး။ သို့သော်လည်း အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့ ပေါ်လစီချမှတ်မှုတွေ ရှိဖို့လိုအပ်သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လိုအပ်တဲ့ယန္တရားတွေ အစိုးရဘက်မှာ ခိုင်ခိုင်မာမာ ပြင်ဆင်တည်ဆောက်ထားဖို့ လိုပါတယ်။ ပြီးတော့ နိုင်ငံရေးအရ ဖြေလျှော့မှုကလည်းပဲ အရမ်းကို အရေး ကြီးပါတယ်။ ဒါကလည်းပဲ အခုက ကျွန်တော်တို့ပြောနေတဲ့ ယုံကြည်မှုတည်ဆောက်ရေးနဲ့ တိုက်ရိုက် ဆက်စပ်မှုရှိတယ်။ ဒါကြောင့် လာမယ့် အစိုးရသစ်လက်ထက်မှာ ယုံကြည်မှု တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မယ့် နိုင်ငံရေးအရ ဖြေလျှော့မှုတွေ များများစားစား လုပ်နိုင်ဖို့လည်း လိုမယ်လို့ မြင်တယ်။ အဲဒါကိုလည်း ကျွန်တော်တို့အနေနဲ့ ကြုံရင်ကြုံသလို တိုက်တွန်းသွားနိုင်ဖို့ စဉ်းစားထားတာ ရှိပါတယ်။

TREND ။    ။ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လိုအပ်တဲ့ ယန္တရားတွေ ခိုင်ခိုင်မာမာ ပြင်ဆင်တည်ဆောက်ထားဖို့ လိုတယ်ဆိုတာက ဘယ်လိုအခင်းအကျင်းမျိုးလဲ။

SKN ။           ။ ပြီးခဲ့တဲ့ အခင်းအကျင်း NCA အကောင်အထည်ဖော်ခဲ့တဲ့ အခင်းအကျင်းကာလတုန်း ကဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် JIMC ဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူ စာချုပ်ပူးတွဲအကောင်အထည်ဖော်မှု အစည်းအဝေးပေါ့။ JIMC အောက်မှာဆိုရင် JMC ရှိမယ်။ အပစ်ရပ်တဲ့ကိစ္စကို စောင့်ကြည့်ဖို့၊ သေနတ်သံတွေ မဖောက်ဖို့ စောင့်ကြည့်မယ့် ယန္တရားတစ်ခုရှိမယ်။ အဲဒီလိုမျိုး သေနတ်သံတွေ မဖောက်ဘူး၊ စစ်ပွဲတွေ မဖြစ်တဲ့အချိန်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေကို ဦးဆောင် လုပ်နေတဲ့ UPDJC ဆိုတာလည်း စုဖွဲ့ထားတာရှိတယ်။ အဲဒီအောက်မှာမှ အတွင်းရေးမှူးအဖွဲ့လား၊ လုပ်ငန်း ကော်မတီလား စသည်ဖြင့် ကဏ္ဍအလိုက် အဆင့်ဆင့်စုဖွဲ့မှုတွေ စနစ်တကျ ပြင်ဆင်ထားတဲ့ ယန္တရား လိုမျိုးပါ့။ အရင်အတိုင်းဖြစ်ချင်မှ ဖြစ်ပါမယ်။ သို့သော်လည်းပဲ နိုင်ငံရဲ့ ပကတိလက်တွေ့ အခြေအနေအပေါ်မှာ အခြေခံပြီးတော့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ဒီလို ယန္တရားတွေ ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့ လိုတယ်ဆိုတဲ့ အဓိ ပ္ပာယ်ပါ။ ဘယ်လိုယန္တရားမျိုး ဖြစ်မလဲဆိုတာက တော့ ကျွန်တော်မသိပါဘူး။ သို့သော် အဲဒီလို ငြိမ်းချမ်းရေးယန္တရားတွေ တည်ဆောက်ထားသင့်တယ်လို့ ဆိုလိုတာပါ။

TREND ။            ။ နိုင်ငံရေးအရ ဖြေလျှော့မှုကရော ဘယ်လိုအခြေအနေမျိုး ဖြေလျှော့လုပ်ဆောင်ပေး သင့်လဲ။

SKN       ။           ။ နိုင်ငံရေးအရ ဖြေလျှော့မှုဆိုတာက အမှန်တကယ် လိုအပ်ပါတယ်။ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု အခင်းအကျင်း ပြန်ပေါ်လာဖို့အတွက်ဆိုရင် နိုင်ငံရေးဖြေလျှော့မှုကလည်း ပြီးခဲ့တဲ့ ဖြတ်သန်းမှုအရ တော်တော်လေးကို အရာရောက်တယ်။ ဥပမာအားဖြင့် နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ အင်အားစုတွေ၊ နိုင်ငံရေးခေါင်း ဆောင်တွေကို လွှတ်ပေးတာတို့၊ မတရားအသင်းကြေညာ ခံထားရတဲ့ အစုအဖွဲ့တွေ ကို ပယ်ဖျက်ပေးတာတို့ စသည်ဖြင့် အများကြီးရှိမှာပါ။ ကျွန်တော်ပြောတာက ကျွန်တော် လက်လှမ်းမီတာလေး စဉ်းစားမိတာလေးပါ။ အစိုးရသစ်တစ်ရပ်အနေနဲ့ကတော့ အများကြီးအမြင် ကျယ်ပါတယ်။ ဆိုလိုချင်တာကတော့ ကျွန်တော်တို့ စကားမပြောနိုင် မဆိုနိုင် အဝေးကနေပဲ နေတာထက်စာရင် နီးကပ် လာနိုင်တဲ့ အစီအမံတွေကို အစိုးရသစ်အနေနဲ့ ကြိုးပမ်းလုပ်ဆောင်သင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

TREND ။     ။ ငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့ပတ်သက်ပြီး အစိုးရသစ်အတွက် ဘယ်လို အခက်အခဲစိန် ခေါ်မှုတွေ ကြုံလာနိုင်လဲ။

SKN       ။           ။ ဒီလို အခက်အခဲ အကျပ်အတည်းကာလကို ဖြတ်ကျော်နေရတဲ့အချိန်မှာ လာမယ့် အစိုးရသစ်တစ်ရပ်အတွက် စိန်ခေါ်မှု အခက်အခဲတွေက အများကြီးရှိမှာပါ။ ဒီအခက်အခဲတွေကို အားလုံး ပြေလည်အောင်၊ အကျပ်အတည်းတွေ ပျောက်အောင် လုပ်ဖို့ဆိုတာ အဓိက စိန်ခေါ်မှုပါ။ ငြိမ်းချမ်းဖို့အတွက် တွေ့ဆုံဆွေး‌နွေးရေးအတွက် အမှန်တကယ် လိုအပ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ လျှော့ချဖို့၊ လက်နက် ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းဖို့ကလည်း အဓိကစိန်ခေါ်မှုအခက်အခဲကြီးတစ်ခုဖြစ်မယ်လို့ သုံးသပ်မိပါတယ်။

            ဒါက ကျွန်တော် လက်လှမ်းမီသမျှ သုံးသပ်တာပါ။ ဒီ့ထက် ကြီးမားကျယ်ပြန့်တဲ့ အခြေအနေ‌တွေ ကြုံတွေ့ရမှာတွေ ရှိကောင်းရှိလာနိုင်ပါတယ်။ ကျွန်တော်က ငြိမ်းချမ်းရေးဆွေး‌နွေးပွဲဖြစ်မြောက်ဖို့ ပြော နေတဲ့အခါကျတော့ အဲဒီရဲ့ ဆန့်ကျင်ဘက် အခုဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကသာလျှင် ကျွန်တော်တို့ အစိုးရသစ်အတွက် အဓိကတွေ့ဆုံရမယ့် စိန်ခေါ်မှုကြီးကြီး တစ်ခုဖြစ်တယ်လို့ သုံးသပ်မိပါ တယ်။ ကျန်တဲ့ စီးပွားရေးတို့၊ လူမှုရေးတို့ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အကျပ်အတည်းတွေကလည်း သူ့အတိုင်းအတာနဲ့သူ ဆက်ပြီးတော့ ရှိနေဦးမယ်။ ဒီအခြေအနေတချို့ကို ဆက်ပြီးတော့ ကြိုးပမ်းဖြတ်ကျော်ရလိမ့်ဦးမယ်လို့လည်း မြင်ပါတယ်။

TREND ။            ။ ငြိမ်းချမ်းရေးဟာ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့အတွက် တိုင်းပြည်ငြိမ်းချမ်းဖို့၊ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးပွဲတွေ ပေါ်ပေါက်လာဖို့ ဘယ်လိုအခြေအနေတွေကို သင်ခန်းယူပြီး ဝိုင်းဝန်းကြိုးပမ်းကြမလဲ ဖြည့်စွက်ပြော ကြားပေးပါဦး။

SKN       ။           ။ ငြိမ်းချမ်းရေးဆိုတာ အားလုံးအတွက် ကျွန်တော်တို့ နိုင်ငံတစ်ခုလုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ သေရေးရှင်ရေးတမျှ လိုအပ်နေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ကျော်ကျော်မှာဆိုရင် ငြိမ်းချမ်းရေးတည် ဆောက်ဖို့ ကြိုးပမ်းရင်းနဲ့ပဲ ငြိမ်းချမ်းရေးနဲ့ ဝေးခဲ့ရတယ်။ အဲဒီလိုဝေးခဲ့တဲ့ နောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ တွေဆိုရင်လည်း ပြီးခဲ့တဲ့ လေး၊ ငါးနှစ်တာ အချိန်ကာလမှာ ကြုံ‌တွေ့ခဲ့ရတယ်။ ကြုံတွေ့နေရဆဲဖြစ်သလို ဆက်လက်ပြီးလည်း ကြုံတွေ့ရဦးမယ့် အခြေအနေတွေ ဆက်ရှိနေတယ်လို့ သုံးသပ်မိပါတယ်။ ကျွန်တော်တို့ ဒီငါးနှစ်တာကာလ အတောအတွင်းမှာ ကျွန်တော်တို့ ပေးဆပ်လိုက်ရတာတွေ အများကြီးရှိခဲ့တယ်။ ဆိုတော့ ဒီ့ထက်ပိုပြီး ပေးဆပ်မှုတွေ မဖြစ်အောင် လက်နက်ကိုင်ပဋိပက္ခ စစ်ဘေးစစ်ဒဏ်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေ ကို ရှာဖွေကြရတော့မှာပါ။ ပြီးလို့ရှိရင် အားလုံးနားလည် မှုတူတာက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀က ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခကိုပဲ ကြည့်ကြည့်၊ အခု ငါးနှစ်တာကာလ အများကြီး ပေးဆပ်လိုက်ရတဲ့ လက်နက်ကိုင်ပဋိပက္ခကိုပဲ ကြည့်ကြည့် ဒါဟာ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ဖြစ်တယ် ဆိုတာ အကုန်လုံးသိရှိထားပြီးသားပဲလေ။ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို စစ်ရေးနည်း နဲ့မဟုတ်ဘဲနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ပဲ ဖြေရှင်းကြဖို့ တစ်ချိန်တုန်းက အတူတူ နားလည်မှု ရှိခဲ့တယ်၊ အတူတူ ယုံကြည်မှုရှိ ခဲ့ကြပါတယ်။ အဲဒီလို နားလည်မှု၊ ယုံကြည်မှုရှိခဲ့တဲ့ကြားကနေ အခုလို အခြေအနေ ရောက်လာပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ဒီအခြေအနေတွေအောက်ကနေ အားလုံး ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အများကြီး ပေးဆပ်ခဲ့ရပြီးပြီ။ ဒါ့ထက်ပိုများတဲ့ ပေးဆပ်မှုတွေ ထပ်မဖြစ်လာအောင် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးတွေ့ဆုံဆွေး‌နွေးခြင်းနည်းနဲ့ပဲ အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ပြန်လည်တည်ဆောက် လာနိုင်အောင် လာမယ့်အစိုးရသစ်အနေနဲ့ ရှိသမျှအစွမ်းနဲ့ သမိုင်းပေး တာဝန်တစ်ခုအနေနဲ့ ကြိုးပမ်း ဆောင်ရွက်ဖို့ အဓိက အခရာဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

TREND   ။           ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(ညီသစ်)

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )                            

Total Views ~ 35

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60547

© 2022 - 2026 News. All Rights Reserved.