Automotive Association Of Myanmar- AAM ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်း အား ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ ဇွန် ၁၁
    သက်တမ်း နှစ် ၂၀ ကျော်လွန်ယာဉ်များ၊ သက်တမ်းနှစ် ၂၀ မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား ယာဉ်အိုယာဉ်ဟောင်းများ ပယ်ဖျက်၍ EV ယာဉ်များ အစားထိုး တင်သွင်းခွင့်ပြုမည့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏  အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ Automotive Association Of Myanmar- AAM ၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်း၏ အမြင်သဘောထားကို ဆက်သွယ် မေးမြန်းထားပါသည်။

TREND ။        ။ ယာဉ်ဟောင်းများ ပယ်ဖျက်ပြီး EV ကားတွေ အစားထိုးတင်သွင်းခွင့်ပြုမည့်  အစီအစဉ်အပေါ် ဘယ်လိုသုံးသပ်မိလဲ။
UAW    ။        ။
အဲဒါက အခု နောက်ထပ် ထုတ်ပြန်လာမယ့်ဟာကို အားလုံးစောင့်နေတာ၊ ကြားထဲမှာတော့ ခန့်မှန်းကြည့်နေကြတာ။ ဥပမာ လျှပ်စစ်ကားတွေ မြန်မာပြည်ကို ရောက်လာတဲ့ နည်းလမ်း နှစ်ခုရှိတယ်။ တစ်ခုက ကျွန်တော်တို့ ဒီ CPU input ပေါ့၊ တပ်ဆင်ပြီး သားကားကို တင်သွင်းလာတာ။ နောက်တစ်ခုက SKD ပေါ့နော်။ ဒီဘက်မှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ နည်းလမ်းနဲ့ ရောက်လာတာပေါ့နော်။ ဒီနှစ်ခုမှာ SKD ကတော့ အခွန်နည်းတာပေါ့။ အခွန်စည်းကြပ်မှုကသာ နည်းတယ်။ နောက်ပြီး CPU ကျတော့ ဒီ Pilot Project လို့ခေါ်တဲ့ စမ်းသပ်ကာလ ပြီးသွားတော့ အခွန်ကောက်ဖို့ သူတို့စီမံတယ်။ တကယ်တမ်း ပြန်သွင်းမယ်ဆိုတော့ လိုအပ်ချက်များနေတော့ အခွန်ပြန်လျှော့ပေးလိုက်တယ်၊ ပြောချင်တာက ဒီနှစ်ခု၊ နည်းလမ်းနှစ်ခုနဲ့ ရောက်နေတဲ့အချိန်မှာ အခွန်ကလည်း နည်းနည်းသက်သာတာပေါ့။ တစ်စီးတစ်စီးအပေါ်မှာ ကောက်တဲ့အခွန်ကလည်း သက်သာတဲ့အချိန်ပေါ့။ အဲဒီ ယာဉ်အိုယာဉ်ဟောင်း တစ်စီးက အခု ကျွန်တော်ထင်တယ် သိန်းနှစ်ရာ၊ သုံးရာလောက်တော့ ရှိမှာပေါ့။ အဲဒီဟာကို ထပ်ပြီးတော့ တင်သွင်းမယ်ဆိုရင် ထူးခြားတဲ့ ဘယ်လိုခေါ်မလဲ Benefit လို့ခေါ်တဲ့ အားသာ ချက်ပေါ့။ ဒီမှာဆိုရင် ဒီတိုင်းလည်း အဲဒီ SKD နဲ့လည်း တင်သွင်းလို့ရနေတယ်။ အခွန်ကလည်း နည်းနည်းလေး၊ အဲဒီကားတွေကလည်း သူက အစိုးရကလည်း သတ်မှတ်ထားတဲ့ အမြတ်ပဲယူပြီး ရောင်းခိုင်းတော့ စက်ရုံတွေက ရောင်းတဲ့ဈေးက နည်းတယ်။ အဲဒီတော့ ပြောချင်တာက အဲဒီနှစ်ခုနဲ့လည်း တင်သွင်းလို့ရနေတယ်၊ ‌စောစောကပြောတဲ့ကားကို အပ်ပြီးတော့မှ တင်သွင်းလို့လည်း ရတယ်ဆိုတော့ အဲဒီမှာ ကျွန်တော်တို့ အခု တော်တော်များများက ဘာအကျိုးရှိမလဲပေါ့။ ကားအပ်တဲ့အတွက်ပေါ့။ အဲဒါကိုတော့ နည်းနည်းစောင့်ကြည့်နေကြတယ်။
    တစ်အချက်ကတော့ လက်ရှိတင်သွင်းရတာ နည်းနည်းလေး ဘယ်လိုခေါ်မလဲ နိုင်ငံခြားငွေ လိုအပ်ချက်ရှိတော့ သွင်းချင်တိုင်းသွင်းလို့မရဘူး။ သွင်းလာတဲ့ဒီကားတွေက များများမရောက်တော့ နည်းနည်းတော့ ဈေးကွာဟချက်တော့ ရှိမယ်လေ။ အဲဒီစလစ်နဲ့ သွင်းလာတဲ့ ကားကျတော့ နည်းနည်းချပေးမယ်ဆိုရင် ဈေးကွာဟ ချက်တော့ရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ထင်တာ အဲဒီ သိန်းနှစ်ရာ၊ သုံးရာပေါ့၊ အဲဒီလောက်လည်း မကွာလောက်ဘူး၊ ဒါတစ်ချက်ပေါ့။
    နောက်တစ်ချက်က သူတို့သတ်မှတ်ချက်တွေကတော့ ရှိတာပေါ့။ သတ်မှတ်ချက်ထက် ပိုမသွင်းရဘူး၊ ဒါပေမဲ့ဒီစလစ်အပ်လိုက်ရင် ဈေးကြီးတဲ့ကားကို ပြန်သွင်းမှာလား။ ဒီလိုလည်း တွေးကြည့်ကြတာပေါ့နော်။ ဈေးကြီးတဲ့ကား ပေးသွင်းတယ်ဆိုရင် ဟုတ်နိုင်တာပေါ့။ လတ်တလောကတော့ ယာဉ်အိုယာဉ် ဟောင်းအပ်ရင် အပ်တဲ့သူက ဘာအကျိုးခံစားခွင့်ရှိမလဲ၊ အဓိကကတော့ သက်သာရမှာပေါ့။ သက်သာ ရမယ်၊ မြန်ဆန်ရမယ်၊ သူ့အတွက် အကျိုးရှိရမှာပေါ့။ ဘာလို့လဲဆိုတော့ သူက သူ့ကားကို အပ်လိုက်တာ ကိုး။ ဆိုတော့ ယာဉ်အိုယာဉ် ဟောင်းအပ်ရင် အပ်နှံတဲ့သူက ဘယ်လို သက်သာခွင့်ရမလဲ အားလုံးစောင့် နေကြတယ်။  ယာဉ်အိုယာဉ်ဟောင်း တစ်စီးတန်ဖိုးက သိန်း ၂၀၀၊ ၃၀၀ ရှိနေတယ်။ ဒါက တန်ဖိုးတစ်ခုရှိနေတာကို ပြောတာပါ။ ဝယ်မယ့်သူကို ရောင်းလိုက်ရင်လည်း အဲဒီလောက်ရရမယ်လေ။ အဲဒီ ၂၀၀ က အရည်ကြိုအပ်လိုက်ရင် သူ့ကားက ပါသွားပြီလေ။ နိုင်ငံတော်က သူ့ကို ယာဉ်အိုယာဉ်ဟောင်းတင်သွင်းဖို့ စလစ်တစ်ခု ထုတ်ပေးမှာပေါ့။ အဲဒါကို သွင်းမယ်ဆိုရင် ဘာကိုသွင်းမှာလဲ၊ သူကြိုက်တာကို သွားသွင်းလာ လို့မရဘူး။ မြန်မာပြည်မှာမရောက်သေးတဲ့ Brand ၊ အာမခံမရှိတဲ့ အမှတ်တံဆိပ်တွေကို သွင်းလာလို့ မရဘူး။ သွင်းလာရင် ပြန်ပြင်ပေးမယ့်သူ မရှိဘူးလေ။
    ကားဆိုတာ ရောက်လာကတည်း ပျက်တတ်တဲ့ အမျိုးလေ။ EV ကားဆိုပေမယ့် ဒီမှာ ပြုပြင်ထိန်းသိမ်းဖို့ အခွင့်အာဏာပေးထားပြီးသား ကားတွေပဲ တင်သွင်းလို့ရမှာလေ။ သူ့ဘာသာ ဟိုဘက် ဈေးကွက်ထဲ ကနေပြီးတော့ မြန်မာပြည်မှာ မရှိတဲ့ EV ကားတစ်ခုကို သွားသွင်းလာရင်၊ ဥပမာ Tesla EV  သွင်းလာမယ်၊ ဘယ်သူပြင်ပေးမှာလဲ။ Tesla က သူ့ကို ဒီမှာပြင်ဖို့အတွက် ဘယ်သူ့ကိုမှ အခွင့်အာဏာမပေးထားတဲ့အတွက် ကြောင့် Spare Part ရော၊ ပြင်တဲ့နည်းပညာရော မရှိဘူးလေ။ ဒီလို စဉ်းစားတာပေါ့။ လုပ်ထုံးလုပ်နည်းကတော့ သူတို့သည် ယာဉ်အိုယာဉ်ဟောင်း စလစ်အပ်ပြီးရင် မလွဲမသွေ အာမခံချက်ပေးနိုင်တဲ့ SKD စက်ရုံ (ဒါမှမဟုတ်) Show Room တွေကပဲ ဝယ်ရမယ့်သဘော ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ လည်း စဉ်းစားနေတာပေါ့။ ဘယ်လို အကျိုးကျေးဇူးရှိအောင် လုပ်မလဲ ဆိုတာကို။

TREND ။        ။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသူတွေ စောင့်မျှော်နေကြတဲ့ သက်သာခွင့်ဆိုတာက ဘယ်လို အကျိုးခံစားခွင့်မျိုးလဲ။
UAW    ။        ။
အရင် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ယာဉ်အိုယာဉ်ဟောင်း တစ်စီးသွင်းပြီးရင် ဂျပန်ကား လေလံဈေးကွက်ကနေ ကားတစ်စီး တင်သွင်းခွင့်ရတယ်။ သွင်းခွင့်ရတဲ့နေရာမှာ တစ်ဦး ချင်းစီ တင်သွင်းခွင့်ပါမစ် တစ်စောင်ဆီကို လျှောက်ရတယ်။
    လျှောက်တဲ့နေရာမှာ ဂျပန်မှာ ဘယ်လောက်ပဲ ဝယ်ဝယ် ၂၀၀၂ခုနှစ် မော်ဒယ်လ်ဆိုရင် ဒေါ်လာ ၅၀၀၀ အပေါ်မှာပဲ စည်းကြပ်ပြီး ကောက်ခံတယ်။ အဲဒီတုန်းက ဈေးကြီးတဲ့ကားတွေ ဝယ်တယ်၊ ၂၀၀၂ ခုနှစ် မော်ဒယ်လ်ဆိုရင် ဘယ်လောက် ဈေးကြီးကြီး ဒေါ်လာ ၅၀၀၀ ပဲ ကောက်တယ်၊ တစ်ဦးချင်းစီ တင်သွင်းခွင့်ရတယ်။ ပြောချင်တာက ယာဉ်အိုယာဉ်ဟောင်း အပ်နှံမယ်ဆိုရင် အရင်သမ္မတကြီး ဦးသိန်းစိန် လက်ထက် ကလိုတော့ တစ်ဦးချင်းစီ တင်သွင်းခွင့်တော့ ထုတ်ပေးလို့မရဘူး။ အဲဒီလိုထုတ်ပေးလို့မရတော့ သူတို့သည် အာမခံချက်ရှိတဲ့ အခု Show Room တွေပေါ့၊ Show Room တွေက သက်ဆိုင်ရာ ထုတ်လုပ်သူတွေကနေပြီး တော့ သူ့ရဲ့အမှတ်တံဆိပ်ကို ရောင်းတဲ့အတွက်ကြောင့် မို့လို့ အာမခံချက်တွေ ပေးတာပေါ့။ အဲဒီလိုပဲ ဝယ်ရမှာပဲ ဖြစ်တယ်။ ဆိုတော့  သူတို့မှာ အားသာချက် ဘာရှိလဲ။ Show Room ကို သွားဝယ်ရမယ်၊ Show Room ကလည်း ကားတွေကို သူ့ဘာသူ အခွန်ကောက်ထားမှာပဲ။ ဆိုတော့ ယာဉ်အိုယာဉ်ဟောင်းနဲ့ လာဝယ်တဲ့သူကို သူဘယ်လို ရောင်းပေးမလဲ။ အကယ်၍ Show Room တွေကနေ ပြီးတော့ အခွန်သက်သာခွင့် ပေးမယ်ဆိုရင်လည်း အပ်ထားတဲ့ ယာဉ်အိုယာဉ်ဟောင်း တန်ဖိုး သိန်း  ၂၀၀ ကျော်ကို ကာမိပါ့မလားပေါ့။ ဒီလို စဉ်းစားတာပေါ့။ ဒါပေမဲ့ ယာဉ်အိုယာဉ်ဟောင်း အစားထိုးအစီအစဉ် အရ တစ်ဦးချင်း ကားတင်သွင်းခွင့်ပြုဖို့က လက်တွေ့မှာ အခက်အခဲရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့နိုင်ငံက 'စားသုံးသူ ကာကွယ်ရေးဥပဒေ'နဲ့ မညီညွတ်လို့ပါ။ စားသုံးသူ ကာကွယ်ရေး ဥပ‌ဒေအရ ဒီလိုတင်သွင်းလာတဲ့ ပစ္စည်းတွေအပေါ်မှာ ပြန်လည်ရောင်းချမယ်ဆိုရင် အာမခံချက်ရှိဖို့ လိုမယ်။ ဥပမာဆိုပါတော့ ယာဉ်အိုယာဉ်ဟောင်းစလစ်ကို ပေးပြီးတော့ ကိုယ့်ဘာသာ သွင်းလာမယ်၊ ပြန်ရောင်းမယ်ဆိုရင် ဝယ်လိုက်တဲ့သူအတွက် ရောင်းတဲ့သူ၊ တင်သွင်းလာတဲ့သူက ရောင်းချတဲ့ ပစ္စည်းတွေအတွက် အာမခံချက် (Warranty) နဲ့ ရောင်းချပြီးနောက် ဝန်ဆောင်မှု (After-sale Service) ပေးနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်း တင်သွင်းလာတဲ့ကားကို ပြန်လည်ရောင်းချတဲ့အခါ ဝယ်ယူသူအတွက် လိုအပ်တဲ့ အာမခံချက်၊ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုနဲ့ အပိုပစ္စည်း (Spare Parts) ပံ့ပိုးမှုတွေကို အာမခံပေးဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဝယ်ယူသူဘက်က အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ ပြီးတော့ သာမန်ပြည်သူတွေအဖို့ တရုတ်နိုင်ငံလို ပြည်ပကားဈေးကွက်တွေကနေ ကိုယ့်ဘာသာကိုယ် တစ်စီးချင်းစီ တိုက်ရိုက်ဝယ်ယူ တင်သွင်းဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ ဒါကြောင့် Warranty နဲ့ After-sale Service ပေးနိုင်တဲ့ Showroom တွေ၊ တရားဝင်ကိုယ်စားလှယ်တွေ၊ SKD စက်ရုံတွေကနေ ဝယ်ယူတင်သွင်းတဲ့စနစ်က စားသုံးသူအတွက် ပိုမို လုံခြုံစိတ်ချရတဲ့ နည်းလမ်းဖြစ်ပါတယ်။

TREND ။        ။ ဒီ ထုတ်ပြန်ကြေညာချက်အရ  နှစ် ၂၀ ကျော်ကားတွေက အပ်ကို အပ်ရမယ့် သဘောလား၊ မအပ်သေးဘဲ ဆက်ပြီး အသုံးပြုလို့ရသလား။
UAW    ။        ။
အပ်ချင်လည်း အပ်လို့ရပါတယ်။ မအပ်ချင်လည်း သုံးလို့ရတယ်။ သူသုံးလို့ရနေရင်လည်း ကညနကနေ နှစ်စဉ် လိုင်စင်ပြန်စစ်တာ ရှိတယ်။ ယာဉ်ကြံ့ခိုင်မှုကိုစစ်တာ။ စစ်လို့ အောင်မြင်တယ်ဆိုရင် စီးလို့ ရတယ်။ နှစ်စဉ် သက်တမ်းတိုးတဲ့လုပ်ငန်းက တစ်ကမ္ဘာ လုံးမှာရှိတယ်။ ကားတစ်စီးက ဒီလမ်းမပေါ်မှာ အန္တရာယ်မရှိအောင်လို့ စစ်တာပေါ့။ အဲဒီ နှစ် ၂၀ ကျော် ကားမှ မဟုတ်ဘူး၊ ကားတိုင်း ကားတိုင်းကို သူက ပုံမှန်စစ်နေတာ။ ကညနရဲ့ Regulation ပေါ့။ ပုံမှန်စစ်ပြီးတော့မှ သူက Wheel Tax ရော၊ Owner Book ရော သက်တမ်းတိုးပေးနေတာ၊ အဲဒါကတော့ နိုင်ငံတိုင်းမှာရှိတယ်။ လမ်းပေါ်သွားဖို့ သင့်တော်မှ၊ ကြံ့ခိုင်မှ သက်တမ်းတိုးပေးတာပေါ့။ လုပ်ထုံးလုပ်နည်းကတော့ ကား အပ်လိုက်ပြီဆိုရင် အခု သူက ကားတစ်စီးကို အစားထိုးပြီးတော့ ပေးသွင်းမယ်။ လမ်းပေါ်မှာ အိုဟောင်းနေ တဲ့ကားတွေ သုံးလို့ ရတဲ့ကားသုံးပေါ့။ တော်တော်စုတ် ပြတ်နေတဲ့ကား သူက အပ်ချင်တယ်ဆိုရင် အပ်လို့ရမယ်။ သူ့နေရာမှာ EV တစ်စီး အစားလဲတဲ့ သဘောပေါ့။ ပြောချင်တာက ယာဉ်အိုယာဉ်ဟောင်း လျော့သွားပြီးတော့ EV တွေ အစားထိုးမယ့်ဟာပေါ့။ အဓိကက ယာဉ်အိုယာဉ်ဟောင်းပိုင်ရှင်တွေ လာအပ်နိုင်ဖို့အတွက် သူတို့မှာ အားသာချက်တွေ ဘာရှိလဲဆိုတာ စောင့်ပြီး နားထောင်နေကြတာပေါ့။ သုံးလို့ မရတော့တဲ့ ယာဉ်အိုယာဉ် ဟောင်းတွေရှိတယ်။ အဲဒါတွေ အကုန်လုံးကို သူလက်ခံမှာပေါ့။ အခု ကားဟောင်းပေမယ့်လည်း ဈေးတစ်ခုရှိ နေတာပေါ့။ EV က ဒီအတိုင်းလည်း ဝယ်လို့ရနေတယ်လေ။ SKD စက်ရုံမှာဝယ်မလား၊ Show Room မှာ ဝယ်မလား ဝယ်လို့ရနေတယ်။ နည်းနည်းတော့ ခက်တာပေါ့၊ တန်းစီရတာပေါ့။ အဓိကကတော့ အပ်နှံတဲ့ သူတွေ များများစိတ်ဝင်စားတယ်။ များများအကျိုးရှိ တယ်ဆိုရင်တော့၊ သူတို့ အကျိုးရှိတယ် ဆိုရင်တော့ များများအပ်မယ်ပေါ့၊ များများအပ်ပြီးတော့ များများပြောင်းလာမှာပေါ့။ အကျိုးရှိနိုင်ပါတယ်။

TREND ။        ။ ယာဉ်ဟောင်းများ ပယ်ဖျက်ပြီး EV ကားတွေ အစားထိုးတင်သွင်းမယ့် အစီအမံကြောင့် ဆီကားသုံးစွဲမှု လျော့ကျနိုင်လား။
UAW    ။        ။
ပွင့်ပွင့်လင်းလင်းပြောရင် ယာဉ်အိုယာဉ်ဟောင်းဆိုတော့ ဒီမှာသုံးလို့ ရနေသေးပေမယ့်လည်း ဆီကားကတော့ ကောင်းမှာ မဟုတ်ဘူး။ ပြီးရင်လည်း အင်ဂျင်တွေကလည်း မီးခိုးဘာညာ  ကောင်းမှာ မဟုတ်ဘူး၊ နှစ်ပေါင်းများစွာ သုံးထားပြီးသားဆိုတော့။ တကယ်လို့သာ ပြောင်းသုံးလာရင်တော့ တစ်ဖက်က ဆီစားလည်း လျော့သွားမယ်၊ ကားဟောင်းက သာမန်ကားဖြစ်တဲ့အခါ အများကြီး ဆီစားမှာပေါ့။ ပတ်ဝန်းကျင် ညစ်ညမ်းတာ၊ ကားဟောင်းတွေဆိုဝောာ့ မကြာခဏလည်း ပျက်နိုင်တယ်။ အမြန်လည်း မောင်းမရဘူးဆိုတော့ သူတို့ ဒါလျော့သွားတယ်။ တစ်ဖက်က EV ကား အသစ်ထွက်လာ တယ်ဆိုရင် ကောင်းတာပေါ့။

TREND ။        ။ လက်ရှိ  EV သုံးစွဲမှု အခြေအနေကရော ဘယ်လိုရှိလဲ။
UAW    ။        ။
EV သုံးစွဲတဲ့သူကတော့ များပါတယ်။ အဓိကကတော့ နယ်တွေပါ၊ အများကြီးဖြစ်လာဖို့ ဆိုရင်တော့ Charging Station တွေ အများကြီးလိုတာပေါ့။ ရန်ကုန်မှာ တော်တော်များများသုံးကြတယ်။ ဘာလို့လဲဆိုတော့ ဆီကားနဲ့ဆိုရင် အများကြီး သူက သက်သာတယ်၊ ကားကလည်း အသစ်တွေ၊ ဆီကားတွေ ပေးမသွင်းဘူး။ ပြီးတော့ SKD ကားတွေပဲ ရှိတယ်ဆိုတော့ တော်တော်များများက EV ကားကို ကြိုက်ကြတယ်။ မော်ဒယ်လ်မြင့်တယ်၊ ကားကလည်း အသစ်ဖြစ်တယ်၊ အသံလည်းသိပ်မထွက်ဘူး၊ ဆီလည်းမစား ဘူးဆိုတော့  လူကြိုက်များတယ်၊ အသုံးများပါတယ်။ ဒါပေမဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ သုံးနိုင်ဖို့ဆိုရင်တော့ Charging Station တွေက ပိုအရေးကြီးတယ်။ ဥပမာ မော်လမြိုင်တို့၊ ပုသိမ်တို့၊ ပြည်တို့ သွားမယ်ဆိုရင် ဒီကြားထဲမှာ နေပြည်တော်နဲ့ မန္တလေးသွားတဲ့ အမြန်လမ်းပေါ်က Char-ging station တွေကို Quick Charge ပေါ့။ အမြန်သွင်း လို့ရတဲ့ Charger တွေ မရှိသေးဘူး။ အဲဒီကောင်တွေ လုပ်ပေးနိုင်ရင် အဲဒီဘက်လူတွေပါ အများကြီး သုံးလာမှာပေါ့။ အဓိကက ယာဉ်အိုယာဉ်ဟောင်းကတော့ ရန်ကုန်လိုင်စင် ရနိုင်တယ်။ ရန်ကုန်လိုင်စင် ရနိုင်ပေမယ့် အခု SKD အားလုံးကလည်း ရန်ကုန်လိုင်စင်ဆိုတော့ သိပ်တော့မထူးဘူး။ ဒါပေမဲ့ သူကတော့ ပါမစ်မြန်မြန်ရနိုင်တော့  အကျိုးကျေးဇူး ရှိမှာပေါ့။ ဒီတိုင်းဆိုရင် ပါမစ်က နည်းနည်း လေး ကြာတယ်လေ။ အဲဒီတော့ ယာဉ်အိုယာဉ်ဟောင်းက သိန်း ၃၀၀ လောက်ရှိနေတော့  သူတို့ကား အပ်ပြီး သိန်း ၃၀၀ ကျော် အကျိုးကျေးဇူးပြန်ရှိမှ သူအပ်မှာလေ အဲဒီလိုတော့ ရှိတာပေါ့။ အကျိုးကျေးဇူးအနေနဲ့ကျတော့  ရန်ကုန်လိုင်စင်ရှိမယ်၊ သွင်းခွင့်ပါမစ် မြန်မြန်ရမယ်။ ဒါပေမဲ့ ဈေးက မကွာဘူး ဆိုရင်တော့ အကျိုးကျေးဇူးက နည်းနေဦးမှာပေါ့။

TREND ။        ။ EV သုံးစွဲမှု များပြားတာ  ဘယ်လိုပုံစံမျိုးတွေ တွေ့နေရလဲ။
UAW    ။        ။
သုံးစွဲတာက လူစီးရော၊ လုပ်ငန်းတွေမှာ သုံးစွဲတာရော နှစ်ခုလုံး သုံးစွဲတယ်။ နှစ်ခုလုံးဆိုတာ တစ်ချက် ဒီ Passenger Vehicle လို့ခေါ်တဲ့ လူစီးပေါ့။ လူစီးဆိုတာက ဇိမ်ခံကားတွေ အပါအဝင် ကားအသေးလေးတွေ Mini ကားလေးတွေ ရုံးသုံး သုံးကြတယ်။ ပြီးရင် ပုံမှန်ကားအလတ်‌တွေ၊ ကားကြီးတွေ အကုန်လုံးသုံးကြသလို တစ်ဖက်ကလည်း လုပ်ငန်းသုံးလို့ခေါ်တဲ့ Truck တွေလည်း သုံးကြတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မှာက မီးလာတဲ့အချိန်များတော့ အားသွင်းနိုင်တယ်။ ပြီးရင် မြို့တွင်းစီးပွားရေး လုပ်ငန်းတွေပေါ့၊ ဥပမာ ပစ္စည်းပို့တာတွေက များတော့ EV သုံးကြတယ်။ ရောင်းလို့ မလောက်ဘူးလို့ ပြောရမှာပါ။

TREND ။        ။ EV ကားဝယ်မယ်ဆိုရင် ဘယ်အချက်တွေကို အဓိက စဉ်းစားပြီးတော့ ရွေးချယ်သင့်လဲ။
UAW    ။        ။
ဒါကတော့ ကားအသုံးပြုသူရဲ့ လုပ်ငန်းသဘာဝအပေါ် မူတည်ပြီး ကားကို ဝယ်သင့်ပါတယ်။ ဥပမာ EV ကားကို သုံးမယ်ဆိုရင် ကြားထဲမှာ မလွဲမသွေ အားသွင်းရမှာပေါ့။ ဘယ်ကိုပဲသွား သွားပေါ့။ မြို့ထဲမှာတော့ မလိုပါဘူး။ ခရီးထွက်ပြီဆိုရင် လိုပြီလေ။ မြို့‌ထဲမှာဆိုရင် တော်တော်အဆင်ပြေတယ်။ ဘယ်ကား ပဲစီးစီး ကားအသေးလေးတွေက အစပေါ့။ တစ်ညလုံး သွင်းထားလိုက်ရင် နှစ်ရက်၊ သုံးရက်လောက် မောင်းလို့ရတယ်။ အကယ်၍ နယ်ကို ထွက်ပြီဆိုရင်တော့ EV ကားသုံးစွဲသူရဲ့ လုပ်ငန်းသဘာဝအပေါ် မူတည်တာပေါ့။ အစည်း အဝေးသွားရမယ်၊ အစည်းအဝေးသွားရင် Driver အပိုပါလား။ ပြီးရင် အားသွင်းရမယ်၊ လမ်းမှာလည်း အားသွင်းရမယ်။ ပြောချင်တာက လုပ်ငန်းသဘာ၀အပေါ် မူတည်ပြီးတော့ ဝယ်ရမှာပေါ့။ များသောအား ဖြင့်ကတော့ ရန်ကုန်၊ မန္တလေးပေါ့၊ ကိုယ့်မြို့မှာပဲ သုံးမှာဆိုရင် ပြဿနာမရှိဘူး။ နယ်ကိုသွားမယ်ဆိုရင်၊ ပြီးတော့ အရေးကြီးလာလို့ အစည်းအဝေးတွေနဲ့ အချိန်ကိုက် အားသွင်းဖို့ အချိန်မရှိဘူးဆိုရင် သူက နည်းနည်းလေး ကသီတာပေါ့။ ပြောချင်တာကတော့ တစ်စီးတည်း သုံးမယ်၊ နယ်သွားမယ်ဆိုရင် နည်းနည်းကသီတယ်။ ဆိုတော့ ဒုတိယကားအနေနဲ့ အသုံးများကြတာပေါ့။ ကိုယ့်ရဲ့ လုပ်ငန်းသဘာဝက ခရီးတွေ များများထွက်ရမယ်၊ သွားတိုင်းလည်း အချိန်သိပ်မရှိဘူးဆိုရင်တော့ တချို့က EV နဲ့ သိပ်မကိုက်ဘူး။

TREND ။        ။ ဈေးနှုန်းတွေကရော အမျိုးအစားအလိုက် ဘယ်လိုအခြေအနေရှိနေလဲ။
UAW    ။        ။
ဈေးနှုန်းကတော့ Show Room တွေက ရောင်းတဲ့ဈေးရှိတယ်။ အဲဒီဈေးက အစိုးရကနေ သတ်မှတ်ထားတဲ့ အမြတ်ရာခိုင်နှုန်းယူပြီးတော့ ရောင်းရတဲ့ဈေးနှုန်း။ နောက်ပြီးတော့ SKD လည်း ဒီတိုင်းပဲ။ SKD စက်ရုံနဲ့ရောင်းတဲ့ဈေး။ အပြင်မှာကျတော့ အခု ကားလောကမှာ ဝယ်ကြ၊ ရောင်းကြ၊ ရင်းနှီးမြှုပ်နှံကြ၊ အလုပ်လာလုပ်ကြသူက များတယ်။ သူတို့လက်ထဲမှာ ရောက်သွားရင်တော့ ကားဈေးက ပိုတာပေါ့။ အဲဒီမှာ တစ်ဈေး၊ ပြောချင်တာက ဒီကားကိုပဲ ဈေးကွက်ပေါက်ဈေးနဲ့ စက်ရုံထုတ်ဈေး၊ Show Room ထုတ်ဈေးနဲ့က တော်တော်လေး ဟçနေတယ်။
    ဈေးကွက်မှာ စုံစမ်းကြည့်လိုက်တော့ EV က CPU တင်သွင်းတာနည်းတယ်။ ထုတ်လုပ်တဲ့ အစီးရေ လည်း နည်းနေသေးတော့ ဈေးကွက် လိုအပ်ချက်ကများတယ်။ များတော့ သိပ်မပေးနိုင်ကြဘူးပေါ့။ အခုက မူလရောင်းဈေးထက် သိန်း ၂၀၀ နဲ့ ၄၀၀ ကြား ကွာနိုင်တယ်။ အဲဒီလိုတော့ ပြောလို့ရတယ်။ ကားတွေက ဘက်ထရီ Size အသေးအကြီးအပေါ် မူတည်ပြီးတော့ ဈေးနှုန်းက အများကြီးရှိနေတော့  Brand တစ်ခုချင်းစီရဲ့ ဈေးနှုန်းကိုတော့ အသေးစိတ် မသိရသေးဘူး။ အကြမ်းဖျင်းကတော့ အမြင့်ဆုံးကားတွေက သိန်း ၂၅၀၀၊ ၃၀၀၀ အပြင်မှာ ပေါက်နေတယ်။ EV ကားတွေက ဟိုတစ်ခါ ဆီပြဿနာဖြစ် တုန်းကတော့ ဆောင့်တက်သွားတာပေါ့။ အခု ပြန်ကျလာတယ်။ အရင်တုန်းက Toyota BZ4X ဆိုရင် သိန်း ၃၀၀၀ အထိ တက်သွားတာ။ အခုက ၂၂၀၀ လောက်အထိပဲ ဈေးကွက်မှာ ရှိတယ်ဆိုတော့ သူတို့ရောင်းတဲ့ဈေးက သိပ်မကွာတော့ဘူး။ 

TREND ။        ။ မြန်မာ့ EV အနာဂတ် အလားအလာ ဘယ်လိုမျှော်မှန်း သုံးသပ်ချင်လဲ။
UAW    ။        ။
EV ကားကတော့ နိုင်ငံတကာမှာ Popular ဖြစ်တာပေါ့။ Popular ဖြစ်တာက ဥပမာ ကတော့ အားသွင်းစက်တွေ များများရှိပြီးတော့ အိမ်မှာ အားသွင်းနိုင်တဲ့ အနေအထားပေါ့။ အဲဒါက ကျွန်တော်တို့ နိုင်ငံရဲ့ အခုသုံးနေတဲ့ EV ပေါ့၊ ဒီ EV ဆိုတာက BEV လို့ခေါ်တဲ့ Battery EV ။ အဲဒီကောင်ကို ဝယ်ကြတာ။ ဒါပေမဲ့ ကမ္ဘာမှာ Plug in Hybrid လို့ ခေါ်တဲ့ PHEV ပေါ့။ အဲဒီကောင်က ဖြစ်တယ်။ သူက ဘာလဲဆိုတော့ ဒီ Battery က Range ကတော့ အခု ကျွန်တော်တို့ Battery EV လောက် မများပါဘူး။ အဲဒီ Range က ၁၅၀၊ ၂၀၀ လောက်ပဲ ရှိမယ်။ ဒါပေမဲ့ ဓာတ်ဆီလည်းပါတယ်။
    အဲဒီတော့ ဒီ Battery ကို အားသွင်းနိုင်တဲ့အချိန် အားသွင်း၊ အားသွင်းရင် ကီလို ၁၅၀၊ ၂၀၀ မောင်းလို့ရမယ်။ မောင်းပြီးရင် အချိန်ရှိသေးတယ်ဆိုရင် အားသွင်းမယ်၊ သွင်းလို့မရရင်တော့ ဒုတိယကား အနေနဲ့ပဲ သုံးလို့ရမယ်။ အဲဒီတော့ PHEV ကျတော့ အားသွင်းဖို့ အချိန်မရှိရင် အင်ဂျင်နဲ့မောင်း၊ အင်ဂျင်နဲ့ မောင်းတဲ့ အချိန်မှာ Battery ကို အားပြန်သွင်းမယ်။ ပြီးရင် Battery နဲ့ သူ ပြန်မောင်းမယ်။ ပြောချင်တာကတော့ အဲဒီ Plug in Hybrid ပေါ့။ အရင်တုန်းက Hybrid တွေရှိတယ်။ သူက Plug in လုပ်လို့မရဘူး။ အားသွင်းလို့ မရဘူး။ သူ့ရဲ့ Battery ရဲ့ Range က နည်းနည်း နည်းတယ်။ ပြောချင်တာက အဲဒီဟာမျိုး မဟုတ်တော့ဘဲနဲ့ အခု Plug in Hybrid ဆိုတဲ့ဟာ ပေါ်လာတယ်။ အဲဒီကောင်က ခေတ်စားတယ်။ တစ်ကမ္ဘာလုံး သုံးတာပေါ့။ အဲဒီတော့ အခု ကားတစ်စီးဝယ်မယ်ဆိုရင် First ကားပေါ့၊ ပထမဆုံးကားအနေနဲ့တော့ ဝယ်လို့ရတယ်။ BEV ကားကျတော့ ကားတစ်စီးတည်း ဝယ်မယ်ဆိုရင် မြို့ထဲမှာ သုံးမယ်ဆိုရင် အဆင်ပြေတယ်။ နယ်ထွက်မယ်။ အစည်းအ‌ဝေးတွေ သွားမယ်။ အလုပ်တွေများမယ်ဆိုရင် မရဘူး။ အခု ကမ္ဘာမှာ ခေတ်စားနေတဲ့ PHEV ဆိုရင် ဆီစားလည်း အများကြီးသက်သာမယ်၊ ဆီတစ်တိုင်ကီဆိုရင် အားသွင်းတဲ့အပေါ် မူတည်ပြီးတော့ ဆီမစားဘူး။ ကီလိုတစ်ထောင်လည်း ဖြစ်ရင်ဖြစ်မယ်။ ကီလို ၁၅၀၀ လည်း ဖြစ်ချင်ဖြစ်မယ်။ ပြောချင်တာက အားသွင်းနိုင်တဲ့အချိန် အားသွင်း၊ အားမသွင်းနိုင်တဲ့အချိန်ဆီနဲ့ မောင်းလို့ရတော့ ကသီလင်တ မဖြစ်တော့ဘူးပေါ့။ ဆီစားလည်း ကျသွားမယ်။ ဒါကြောင့် ဘက်ထရီနဲ့လည်း သုံးလို့ရ၊ အားမသွင်းနိုင်ချိန်မှာ ဆီနဲ့ မောင်းလို့ရတဲ့  Plug in Hybrid EV ကို ခွင့်ပြုပေးဖို့ မျှော်လင့်တယ်။ 
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 46

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62791

© 2022 - 2026 News. All Rights Reserved.