KNU ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ မေ ၇

    နိုင်ငံတော်အစိုးရက လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့်  ဆွေးနွေးပွဲများကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းရေး ကမ်းလှမ်း ဖိတ်ခေါ်ထားသည်။ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို အသိအမှတ်ပြုပြီး ဆွေးနွေးပွဲများ ဆောင်ရွက်သွားကြရန် ဖိတ်ခေါ်ထားသည်။
    NCA လက်မှတ်ထိုးထားသည့် EAO များ၊ လက်မှတ်မထိုးရသေးသည့်အဖွဲ့ EAO များ၊ လက်မှတ်ရေးထိုးထားပြီး အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖည်နေသည့် EAO များဟူ၍ အပိုင်းများ ခွဲကာ ဖိတ်ခေါ်ထားပြီး ယင်းအခြေအနေနှင့်ပတ်သက်၍ နိုင်ငံ ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် တွေ့ဆုံဆွေး‌နွေး အဖြေရှာလိုပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို မလိုလားသူ၊ ငြိမ်းချမ်းရေးဖြစ် စဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ KNU ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း၏ အမြင် အယူအဆ သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။


TREND ။        ။ သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အပေါ် အမြင်လေး ပြောပြပါဦး။
SSM     ။    ။
အစိုးရသစ်က အခုလို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တာဟာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကောင်းပါတယ်။ ငြိမ်းချမ်းရေးရရှိနိုင်အောင် တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တာကြောင့် ဒီလို ဖိတ်ခေါ်လိုက်တာဟာ အင်မတန်ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ် နေတာဟာ ကြာခဲ့ပြီလေ။ နှစ်ပေါင်းက ၇၀ ကျော် ၈၀ အတွင်း ရောက်တော့မှာ။ အဲဒီတော့ ငြိမ်းချမ်းရေးကို ဆောင်ရွက်သင့်တာက ကြာပါပြီ။ ဒီလို မဆောင်ရွက်ခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ နိုင်ငံကလည်း အမျိုးမျိုးအဖုံဖုံ ဖြစ်နေခဲ့တာကိုး။ ပျက်စီးယိုယွင်းမှုတွေ ဆင်းရဲဒုက္ခတွေ သေကျေပျက်စီးမှုတွေ အမျိုးမျိုး အားလုံးကြုံတွေ့နေရတယ်။ ဒီအခြေအနေ‌တွေမှာ ဖိတ်ခေါ်တယ်၊ ကမ်းလှမ်းပြီးတော့မှ ငြိမ်းချမ်းအောင် ဆောင်ရွက်ကြရမယ်။ ဆောင်ရွက်သင့်တယ်၊ ဘယ်လို ဆောင်ရွက်ကြမလဲ၊ ဒါတွေကို ပြောဆိုဆွေးနွေး သင့်တာလည်း ကြာပါပြီ။ တွေ့ဆုံဆွေးနွေးသင့် ပါပြီ။

TREND ။        ။ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က  တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်လဲ။
SSM     ။    ။
ဒီပဋိပက္ခကြောင့် ပြည်သူတွေက နစ်နာလွန်းအားကြီးပြီ။ ပြည်သူ့မျက်နှာကို ထောက်ပြီးတော့မှ ကျွန်တော်တို့ တွေ့ဆုံသင့်တာပေါ့။ အားလုံးကတော့ ပြည်သူ့အကျိုးကို သယ်ပိုးချင်ကြတဲ့သူ တွေချည်းပဲ။ သယ်ပိုးမယ်လို့ ပြောကြတဲ့သူတွေ ချည်းပဲမို့လို့ ပြည်သူ့မျက်နှာကို ထောက်ပြီးတော့မှ တွေ့ဆုံသင့်တာပေါ့။ တွေ့တဲ့နေရာမှာ ကြိုတင်ကန့်သတ်တာတော့ ဒါကတွေ့ ဆုံနိုင်ဖို့အတွက် အတားအ ဆီးတစ်ခုလို ဖြစ်နေတယ်။ ဒါကြောင့် ကြိုတင်ကန့်သတ်ချက် မရှိတာက တွေ့ဆုံဆွေးနွေးမှုတွေ ပိုမိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကန့်သတ်မှုတွေ မထားဘဲ တွေ့ဆုံမယ်ဆိုလို့ရှိရင် တွေ့ဆုံမှုအတွက် ပိုပြီးတော့ အဆင်ပြေသွားမှာမို့လို့ ဒါက ကန့်သတ်တာနဲ့ မကန့်သတ်တာကို သုံးသပ်ရရင် မကန့်သတ်တာက ပိုပြီးတော့ တွေ့ဆုံမှုဖြစ်နိုင်ခြေများတယ်။ ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံကြတာက အလားအလာ ကောင်းပါတယ်။ အရင်ဆုံး ကန့်သတ်ချက်မထား ဘဲတွေ့ကြမယ်။ ဘာတွေဖြစ်မယ်၊ ဘာတွေလုပ်ကြမလဲဆိုတာကို ပြန်ပြီးတော့ တွေ့ဆုံတဲ့အခါ ပြောဆိုဆွေးနွေးပေါ့။ ကန့်သတ်ထားတယ် ဆိုတာက စိုးရိမ်မှုတွေ ထည့် သွင်းစဉ်းစားလွန်းတဲ့အပေါ်မှာ ဒါက ထားရှိကြတာ ဖြစ်ပါတယ်။ အမှန်မှာ စိုးရိမ်မှုဆိုတဲ့ နေရာမှာ ပြန်ကြည့်ရမှာက ကျွန်တော်တို့နိုင်ငံ တော်တော် ဆင်းရဲဒုက္ခဖြစ်နေပြီ။ တွေ့နိုင်ဖို့အတွက်က စိုးရိမ်စိတ်တွေ၊ သံသယစိတ်တွေနဲ့၊ အာဃာတစိတ်တွေနဲ့ ဒီလောက်ထားကြဖို့ မသင့်တော့ဘူးလေ။ လူထုတွေက နစ်နာလွန်းအားကြီး သွားပြီ၊ တိုင်းပြည်ကလည်း အကျပ်အတည်းဖြစ်နေပြီ။ သံသယစိတ်တွေ၊ အာဃာတစိတ်တွေနဲ့ ဒီလောက်မထားသင့်တော့ပါဘူး။ တွေ့သင့်တယ်။ ပြောသင့်တာ တွေ သွားပြောဖို့၊ ဆိုဖို့ အဓိက ထားသင့်တယ်။ အခုလို  ကြိုတင်ကန့်သတ်ချက်မရှိဘူးဆိုဝောာ့ ပိုပြီးတော့ တွေ့ဆုံနိုင်ဖို့ အခြေအနေကောင်းတွေ ပိုပြီးတော့ ဖြစ်လာမှာပါ။ တွေ့ပြီးတော့ စကားပြောဖို့ပဲ လိုအပ်တာပါ။ တွေ့ဖြစ်သွားတယ်ဆိုရင် ကိုယ်ဖြစ်ချင်တာ ကိုယ့်ရဲ့ဆန္ဒ၊ ကိုယ့်ရဲ့ ဖြစ်စေချင်တဲ့အရာတွေကို ဆွေးနွေး ညှိနှိုင်းလို့ ရတာပေါ့။

 

TREND ။        ။ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်မှာ NCA လက်မှတ်ထိုးထားတဲ့ EAO တွေ၊ NCA မထိုးရသေးတဲ့ NCA တွေ၊ လက်မှတ်ရေးထိုးပြီး NCA လမ်းကြောင်းမှ သွေဖည်နေတဲ့ EAO အဖွဲ့တွေဆိုပြီး အဲဒီလို သုံးပိုင်းလောက်ခွဲပြီး ဖိတ်ခေါ်ထားတာ တွေ့ရတယ်။ ဒီအပေါ် အမြင်လေး ပြောပြပါဦး။
SSM     ။    ။
ဒါကလည်း ကိုယ့်ရဲ့အခြေအနေ၊ ကိုယ့်ရဲ့ အနေအထားအရ အဲလိုမျိုး အပိုင်းလေးခွဲပြီး ဆောင်ရွက်ရမှာပဲ။ ဒါက ဘယ်အလုပ် မဆိုပါ။ အဖွဲ့အစည်းတွေကလည်းပဲ များတယ်။ ပြီးတော့ ဒီပဋိပက္ခတွေကလည်း ရှည်ကြာတယ်။ ဒီရှည်ကြာလာတာနဲ့အမျှ အဖွဲ့အစည်းတွေကလည်း ပုံသဏ္ဌာန်က အမျိုးမျိုး ဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးတဲ့ အချိန်ကျလို့ရှိရင်လည်း သူ့ပုံစံနဲ့သူ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီမှု၊ အခြေအနေ မတူညီမှု၊ အနေအထား မတူညီတဲ့အပေါ်မှာ အဲဒီလိုပုံစံမျိုးတော့ ရှိမှာပါ။ တွေ့ဆုံ ဆွေးနွေးတဲ့ပုံစံက တစ်ထပ်တည်းတော့ ဖြစ်မှာမဟုတ်ဘူး။ အဲဒီလိုဆိုရင် တချို့တွေရဲ့အမြင်မှာ ခွဲပြီးတော့တွေ့ဆုံတယ်တို့ မြင်တာမျိုး၊ နောက် မကောင်းတဲ့ဘက်က မြင်တာမျိုး အဲဒီလိုရှိလာမယ်ဆိုရင်လည်း သူ့အမြင်နဲ့သူမို့လို့ ဝေဖန်ချင်ဝေဖန်ကြမှာပါ။ ဒါပေမဲ့ အခြေအနေနဲ့ ကိုက်ညီအောင် ဆိုလို့ရှိရင် သူ့အဖွဲ့ရဲ့ အနေအထားနဲ့ သူ့အဖွဲ့ရဲ့ အခြေအနေကတော့ အခြေခံမတူတော့ ပုံစံကတူမှာ မဟုတ်ဘူး။ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကတော့ ထိုးပြီးသားတွေကို ဒီအတိုင်း မသွားတော့ဘဲနဲ့၊ ပြောဆိုထား တဲ့အတိုင်းမသွားဘဲနဲ့ တခြားလမ်း‌ကြောင်းတွေကနေ ရွေးချယ်ဆောင်ရွက်ကြတာတွေ ရှိတယ်။ ဒီအပေါ် မှာ ဒါကလည်း ပုံစံတစ်မျိုး ဖြစ်သွားမှာပေါ့။
    NCA ဆိုတာကလည်းပဲ အမှန်တော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မဆောင်ရွက်တော့ဘဲနဲ့ တွေ့ဆုံဖို့ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ။ ဒါကတော့ အခြေအနေအရ အပစ်ရပ်ပြီးတော့မှ ဆွေး‌နွေးတာကတော့ ပိုပြီးတော့ ခရီးရောက်မယ်။ NCA အတိုင်းသွားမယ်၊ NCA အတိုင်း ဆောင်ရွက်မယ်ဆိုတဲ့ အမြင်နဲ့ သွားတာပဲ။ ဒါပေမဲ့ NCA ဟာ အလုပ်မဖြစ်တော့ဘူးဆိုပြီး အခြားလမ်းကြောင်း ရွေးချယ်ဆောင်ရွက်တဲ့ သူတွေကျတော့ အခြားပုံစံနည်းနဲ့ ဘယ်လိုမျိုး တွေ့ဆုံသင့်လဲ၊ ဘယ်လိုမျိုး တွေ့ဆုံမှုဖြစ်အောင် လုပ်ကြမလဲဆိုတဲ့ လမ်းကြောင်း အသစ်အနေနဲ့ သွားတဲ့သူလည်း ရှိကောင်းရှိမှာပါ။ မသွားဘဲနေမယ်၊ ဒီလိုမျိုးပဲ ပစ်ခတ် တိုက်ခိုက်နေတာထက် ပစ်ခတ်တိုက်ခိုက်မှုကို ရပ်ပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာတာက အကောင်းဆုံးပါပဲ။

 

TREND ။        ။ NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းတွေက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့  တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေကို အခြေခံရမယ်၊ ဒါတွေကို အခြေခံပြီးတော့ NCA ပါ သဘောတူညီချက်တွေကို ပြီးစီး အောင်မြင်တဲ့အထိ  အတူပူးတွဲ အကောင်အထည်ဖော်နိုင်ဖို့ တွေ့ဆုံဆွေးနွေးရမယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ဒါက ဘယ်လိုဆွေးနွေးမှု အခင်းအကျင်းတွေ ပေါ်လာနိုင်လဲ။
SSM     ။    ။
အမှန်မှာက သန္နိဋ္ဌာန်ချပြီဆိုရင် ချလိုက်တဲ့ သန္နိဋ္ဌာန်၊ ကိုယ်ပြုလိုက်တဲ့ ကတိကဝတ်တွေအတိုင်း ဆောက်ရွက်ကြရမယ့်တာဝန် ရှိပါတယ်။ လူမှာကတိ မင်းမှာသစ္စာ မဟုတ်လား။ အဲဒီတော့ ကျွန်တော်တို့က သန္နိဋ္ဌာန်ချပြီးတော့မှ ပေးထားတဲ့ ကတိက ဝတ်တွေအတိုင်း ဆုံးခန်းတိုင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဘာအကြောင်းကြောင့် မဆောင်ရွက်ဖြစ်တာ လဲဆိုတာကို ထပ်တွေ့ပြီးတော့ ထပ်ပြီး ပြောဆိုဆွေးနွေးရမယ်။ ရင်ဖွင့်ရမှာပေါ့။ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ပြန်ဖွင့်ပြီးတော့ စကားပြောကြဖို့ လိုအပ်တာပေါ့။ ဒီအတိုင်းပဲ ကတိပေးလိုက်ပြီးတော့ ကတိအပေါ်မှာလည်း မတည်ဘဲနဲ့ ဖောက်လွှဲ ဖောက်ပြန်လုပ်လိုက် အဲဒါမျိုးဆိုရင် ဒါက မကောင်းဘူး။ တိုင်းပြည်လည်း နစ်နာတယ်။ ပြည် သူလူထု တွေအတွက် နစ်နာတာပေါ့။ အဲဒါကြောင့်မို့လို့ ကိုယ်ပြောထားတဲ့ သန္နိဋ္ဌာန်ချက်ဟာ ခိုင်မာဖို့လိုတယ်။ အဲဒီ သန္နိဋ္ဌာန်ချက်အတိုင်း ခိုင်ခိုင်မာမာ ဆောင်ရွက်သင့်ပါတယ်။ ပေးထားတဲ့ ကတိတွေအတိုင်း ဆောင်ရွက်ဖို့ မသင့်ရတဲ့ အကြောင်းရင်း ပြဿနာရဲ့အဖြေကို ရှာရမယ်။ ဘယ်လိုမျိုးအကြောင်းတွေကြောင့်လဲ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးသင့်တာပေါ့။ ဘာအကြောင်းကြောင့် ကတိပျက်ရလဲ။ အဲဒီလိုမျိုး မေးခွန်းထုတ်ပြီးတော့ တွေ့ဆုံ‌ပြောဆို ဆွေး‌နွေးကြမယ်ဆိုရင် အဖြေကောင်းတစ်ခု ပေါ်လာမယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း တွေ့ဆုံဆွေး‌နွေးသင့်ပါတယ်။

TREND ။        ။ NCA မရေးထိုးရသေးတဲ့ အဖွဲ့တွေ ကိုယ့်ဒေသနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှစ်ဖက်သဘောတူညီထားတဲ့ သဘောတူညီချက်တွေအတိုင်း အစိုးရနဲ့ လက်တွဲပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ ရှိပါတယ်။ ဒီဖိတ်ခေါ်ချက်အပေါ် ဘယ်လိုမြင်လဲ။
SSM     ။    ။
မထိုးရသေးတဲ့ အဖွဲ့‌တွေအနေနဲ့က ဒီလို လက်နက်ကိုင်နည်းနဲ့ ဆောင်ရွက်နေတာဟာ ဘာအကျိုးရလဒ်တွေ ဖြစ်ပေါ်လဲဆိုတာ သူတို့လည်းပဲ ဒီနှစ်အပိုင်းအခြားလောက်ဆိုရင် သိကောင်း သိမှာပါ။ သိကြမှာပါ။ NCA မထိုးတဲ့ အဖွဲ့‌တွေက လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ သွားနေကြတယ်။ သူတို့က လက်ရှိအထိတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောဆိုဆွေးနွေးတာ မရှိသေးဘူး။ လက်ရှိအစိုးရကို အကောင်းဆုံးမြင်တာ တွေရှိသလို၊ မမြင်တဲ့သူတွေလည်း ရှိနေတာကိုး။ မမြင်တဲ့သူ‌တွေကလည်း မမြင်တဲ့အပေါ်မှာ အပြုတ်တိုက်ရေးအနေနဲ့ သွားနေတယ်ဆိုတော့ ဒီလောက်နှစ်အပိုင်းခြား ဆိုရင် အဲဒီနည်းနဲ့ ဆက်သွားရင် ‌ကောင်းတာဖြစ်သလား၊ ဆိုးကျိုးတွေပဲရှိသလား ဘယ်အကျိုးရလဒ်ဖြစ်လဲ အခု လောက်ဆိုရင် သူတို့ သိနေပါပြီ။ အခုဖိတ်ခေါ်ချက်အရ  အစိုးရတစ်ရပ်အနေနဲ့ ဆောင်ရွက်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သွားမှာကိုး။ တစ်နိုင်ငံလုံးမှာ ရှိနေ တဲ့ တိုင်းရင်းသားဒေသ အသီးသီးမှာက ပုံစံအခြေအနေ အနေအထားက မတူဘူး။ မတူတော့ ဥပမာ 'ဝ' ဒေသ ဆိုရင်လည်း 'ဝ'ဒေသ အနေအထားပေါ့။ ပြီးတော့ အခုလို အစိုးရဘက်က ထုတ်ပြန်တယ်၊ ပြောတယ်ဆိုလို့ရှိရင် အမျိုးမျိုး မြင်ကြတယ်။ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရနဲ့ လက်ရှိ 'ဝ'တွေ တိုင်းရင်းသား အုပ်စုတွေပေါ့။ သူ့ဒေသနဲ့သူ ဆောင်ရွက်သင့်တဲ့ဟာ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် အကျိုးရှိမယ့် အရာတွေကို ဒီလို ညှိနှိုင်းပြီးတော့ ပြောဆို ဆောင်ရွက်ကြရမှာပါပဲ။ ဒါကြောင့် နှစ်ဖက်သဘောတူညီထားတဲ့ သဘော တူညီချက်တွေအတိုင်း အစိုးရနဲ့ လက်တွဲပူးပေါင်းဆောင်ရွက် သွားမယ်လို့ မြင်ပါတယ်။

TREND ။        ။ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းက သွေဖည်နေတဲ့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများနဲ့ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအဖြေရှာနိုင်ဖို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု (Political Dialogue)များ ပြန်လည်လုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီအပေါ် အမြင်လေး သိပါရစေ။
SSM     ။    ။
ဒါကလည်း အမှန်မှာက မပွင့်လင်းလို့ ဖြစ်ခဲ့တဲ့ဟာတွေ ပါတာပေါ့။ အဲဒါကလည်း အချက်တစ်ချက်ဖြစ်နေတာပေါ့။ အရင်တုန်းက သဘောတူညီထားတဲ့ အချက်တွေအတိုင်း ဆောင်ရွက်မယ်ဆိုပြီး သဘောတူသန္နိဋ္ဌာန်ချပြီးတော့ ဆောင်ရွက်လာခဲ့ကြတာ။ အဲဒီနောက်ပိုင်းမှာ အကြောင်းအမျိုး မျိုးကြောင့် ဖြစ်လာတဲ့ မဖြစ်သင့်တဲ့အရာတွေ ရှိနေတာကိုး။ အဲဒါ ဘာကြောင့် ဒီလိုဖြစ်လာရလဲဆိုတာ နှစ်ဖက်လုံးမှာ လျှို့ဝှက်မှုမရှိဘဲ ပွင့်ပွင့်လင်းလင်းပေါ့။ ဘာဖြစ်လို့ ဒီလိုဆောင်ရွက်ရတာလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြန်ပြီးတော့ ဆွေးနွေးသင့်တာပေါ့။ အခုလို ဖိတ်ခေါပြီး ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအဖြေ ရှာမယ်ဆိုတာ ကောင်းပါတယ်။ အဲဒီလိုလည်း ဖြစ်သင့်ပါတယ်။ ပြည်သူအပေါ် မှာ ‌စေတနာထားရှိမယ်။ နိုင်ငံအပေါ်မှာ ‌စေတနာထား ရှိကြမယ်ဆိုလို့ရှိရင် နှစ်ဖက်လုံးက ပွင့်ပွင့်လင်းလင်းနဲ့ ထုတ်ဖော်ပြောကြ ပြီးတော့မှ အဖြေရှာရင် ပိုပြီးတော့ ရလဒ်ကောင်း ထွက်လာမှာပါ။ အဖြေမှန်ရလာမှာ သေချာတယ်လို့ မြင်ပါတယ်။ 

TREND ။        ။ ဒီငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်က NCA မထိုးရသေးတဲ့ အဖွဲ့တွေ၊ NCA လမ်းကြောင်းကနေ သွေဖည်နေတဲ့ အဖွဲ့တွေအပေါ်မှာရော သက်ရောက်မှု  ဘယ်လိုအခြေအနေရှိနိုင်လဲ။
SSM ။        ။
အခု NCA ရေးထိုးထားတဲ့ အဖွဲ့တွေကို ပြန်ကြည့်မယ်ဆိုရင် အရင့်အရင်ကတည်းက လက်နက်ကိုင် အကြမ်းဖက်နည်းကို ဆောင်ရွက်လာခဲ့တဲ့ အဖွဲ့တွေချည်းပဲဖြစ်တယ်။ ဒီတော့ လက်နက်ကိုင်ပြီးတော့ အဖြေရှာတာနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ အဖြေရှာတာ ဘယ်ဟာက လူထုအတွက် အကျိုး ဖြစ်ထွန်းစေမလဲ။ ဘယ်ဟာက လူထုအတွက် အကျိုးရှိစေမလဲ။ အားလုံးကတော့ လူထုအတွက် လုပ်‌‌နေကြတာလို့ ပြောကြတယ်။ ဒီပြည်သူ‌‌တွေအတွက် လုပ်တဲ့အပေါ်မှာ အကြမ်းဖက်နည်းနဲ့ ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူ‌‌တွေ ဘယ်လောက် အကျိုးဖြစ်ထွန်းမှုတွေ ရှိသွားလဲ။ တွေ့ဆုံဆွေးနွေးပြီးတော့ ညှိနှိုင်းပြီးတော့ အဖြေရှာတာက ပိုပြီးအကျိုးရှိစေသလား၊ အကြမ်းနည်းနဲ့ ဆောင်ရွက်ခြင်းအား ဖြင့် လူထုအတွက်၊ ပြည်သူအတွက် ပိုပြီးတော့ အကျိုးရှိ‌ နေသလားဆိုတာ သူတို့အတွေ့အကြုံအရ သိရှိထားပြီးသား ဖြစ်မှာပါ။ အဲဒါကြောင့် သူတို့ပဲ ဆုံးဖြတ်ချက် ချရတော့မယ်။ သူတို့ စဉ်းစားရတော့မှာပေါ့၊ ဆုံးဖြတ် ကြရတော့မှာပေါ့။ လူထုအတွက် အကောင်းဆုံးဖြစ်စေတဲ့၊ အကျိုးရှိတဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်ကြလိမ့်မယ်လို့ မြင်တယ်လေ။ ဒါကြောင့်မို့လို့ ဒါ‌တွေဟာ တစ်ချိန်တုန်းက NCA ထိုးခဲ့တယ်။ ထိုးခဲ့တဲ့အပေါ်မှာ ရရှိတဲ့အကျိုးဖြစ်ထွန်းမှု၊ လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ ဆောင်ရွက်တာ လူထုဘယ်လောက် ဆိုးကျိုး‌တွေဖြစ်ပေါ်စေလဲ၊ အဲဒါတွေကို ချိန်ဆပြီးတော့မှ လူထုအတွက် အကျိုးအရှိဆုံးလမ်းကြောင်းကို သူတို့ ရွေးချယ်သွားမှာပဲလို့ပဲ မြင်ပါတယ်။  ဒါကြောင့် NCA မထိုးရသေးတဲ့ အဖွဲ့ရော၊ ထိုးပြီးဝောာ့မှ NCA ကို သွေဖည်သွားတဲ့ အဖွဲ့တွေအပေါ်မှာရော ထိုးဖြစ်လာအောင်ပေါ့၊ ထိုးဖြစ်လာအောင် ဆိုတာထက် တွေ့ဆုံမှုတွေ ဆောင်ရွက်လာနိုင်အောင် နိုင်ငံတော်အစိုးရဘက်က သဘောထားကြီးပေးဖို့၊ စိတ်ရှည်သည်းခံပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ 

TREND ။        ။ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း အသိအမှတ်ပြုပြီး ဆွေးနွေးကြမယ့် အခင်းအကျင်းပါ။ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းဆောင်ရွက်နေတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်လာကြဖို့ ဖြစ်စေချင်တဲ့ဆန္ဒကို ဖြည့်စွက်ပြောကြားပေးပါဦး။
SSM ။        ။
ကျွန်တော်တို့နိုင်ငံမှာ ကိုယ့်ပြည် သူလူထုတွေရဲ့ အကျိုးအတွက် ကိုယ်နေထိုင်ရာဒေသ၊ ကိုယ့်နိုင်ငံအကျိုးတွေကို ဆောင်ရွက်နေကြတဲ့သူတွေမို့လို့ လက်ရှိ ဆောင်ရွက်နေကြတဲ့ အကြမ်းဖက်နည်းနဲ့ ပစ်ခတ် တိုက်ခိုက်မှုနဲ့ ဆောင်ရွက်တဲ့ နည်းလမ်းဟာ ကိုယ့်ပြည်သူတွေအတွက် အကျိုးမဲ့စေတဲ့ အရာတွေ ချည်းပဲဖြစ်တယ်။ ဒီလိုအကြမ်းဖက်ပစ်ခတ်တိုက်ခိုက်တဲ့ နည်းလမ်းတွေဟာ ကိုယ့်ပြည်သူတွေ အကျိုးမဲ့စေတဲ့ အရာတွေချည်းပဲဆိုတာ မြင်တဲ့အတွက် အားလုံးက အကြမ်းဖက်လုပ်ရပ်ကို ရပ်တန့်ပြီးတော့ ရှေ့ဆက် ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ပြည်သူတွေအတွက်ကို ငြိမ်းချမ်းတဲ့ ‌နည်းနဲ့ ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီပဋိပက္ခတွေကလည်း ရှည်ကြာနေပြီ။ အကြမ်းနည်းနဲ့လည်း ဖြေရှင်း ဆောင်ရွက်ခဲ့ကြပြီးပြီ။ ပြီးတော့ တွေ့ဆုံတဲ့နည်းလမ်းနဲ့လည်း တွေ့ဆုံဆွေးနွေး ဖြေရှင်းလာခဲ့ကြ ပြီးပြီ။ ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ပစ်ခတ်တိုက်ခိုက်ကြတဲ့အပေါ်မှာ ဒါကလည်း အမျိုးမျိုး ဖြစ်လာမှာပဲ၊ ဒါတွေက ဒဏ်ရာဒဏ်ချက်တွေ ဖြစ်လာတာတွေကို သင်းပုန်းချေကြရမယ်။ တစ် ဖက်နဲ့တစ်ဖက် အာဃာတတွေ မထားရှိကြတော့ဘဲ ပြီးခဲ့တဲ့ကိစ္စတွေ နာကြည်းစရာတွေ သင်ပုန်းချေ ကြရမယ်။ ပြန်ပြီး ခွင့်လွှတ်သည်းခံပြီးတော့မှ တစ်ဖက်နဲ့တစ်ဖက် နာကြည်းစိတ်တွေကို ချန်ထားခဲ့ပြီး တော့မှ မေတ္တာတွေ ပွားများကြဖို့ပဲ၊ ဒီလိုပဲ မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူတွေလည်း နာကြည်းလွန်း နေပါပြီ။ ဒါကြောင့် ပြည်သူကို ငဲ့ပြီးတော့မှ ကိုယ့်ရဲ့အတ္တစိတ်တွေကို လျှော့ကြပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးက တစ်နိုင်ငံတည်း သားတွေပဲ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက်နဲ့က ဆောင် ရွက်မှုတွေမှာ သူ့ဘက်ကိုယ့်ဘက် အမှားအယွင်းတွေရှိကြမှာပါ။ အဲဒီရှိကြတဲ့ အမှားအယွင်းတွေကို အာဃာတတွေမထားဘဲ သင်ပုန်းချေပြီးတော့ ပြန်ပြီးတော့ ချစ်ချစ်ခင်ခင်နဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ကြစေချင်ပါတယ်။        ညီသစ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 44

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61910

© 2022 - 2026 News. All Rights Reserved.