KNU,KNLA -Pc အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောကျော်ညွန့်နှင့် တွေ့ဆုံခြင်း

ကျွန်တော်တို့နိုင်ငံအတွက် ငြိမ်းချမ်းရေးက သေရေးရှင်ရေးသမျှ အရေးတကြီး လို အပ်နေ . . .

၂၀၂၆ ၊ အောက်တိုဘာ ၂၂

    နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ၂၀၂၆ အောက်တိုဘာ ၁၅ ရက်က (၁၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကိုလည်း နေပြည်တော်တွင် ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပခဲ့သည်။ ၁၁နှစ် ကြာသွား ပြီဖြစ်သည့် NCA နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး/ငြိမ်းချမ်းရေးကောင်စီ KNU/KNLA - Pc အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွန့်၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားသည်။

 

TREND    ။    ။ NCA ၁၁ နှစ်ပြည့် နှစ်ပတ်လည်က  နိုင်ငံအတွက် မလွဲမသွေဖြတ်သန်းရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်ဦးမော့လာနိုင်ဖို့ အစပြု ခြေလှမ်းကောင်းတစ်ခု ဖြစ်လာတယ်လို့ ဆိုရမလား။ 
SKN    ။    ။
NCA နှစ်ပတ်လည်ပွဲ ဆိုတာကတော့ သာမန်ကျင်းပနေကျ အခမ်းအနားတစ်ခုဖြစ်တယ်။ ဟိုးပြီးခဲ့တဲ့ NCA အကောင် အထည်ဖော်တဲ့ ကာလတုန်းကတော့ လုပ်တဲ့အခမ်းအနားတွေက အသွင်သဏ္ဌာန်ကတော့ တစ်မျိုးပေါ့။ ပထမရက်မှာ အခမ်းအနားလုပ်တယ်၊ ကျန်တဲ့ရက်တွေမှာ JICM အစည်းအ ဝေးတွေပေါ့။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ညှိနိူင်းရေးကော်မတီ ကနေပြီးတော့ တစ်နှစ်တာကာလအတွင်းမှာ NCA အကောင်အထည်ဖော်မှု လုပ်ငန်းတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်တဲ့ အခင်းအကျင်းကို တစ်ဆက်တည်းပဲ လုပ်ခဲ့ကြတာ။ အခု ဒီကာလတွေကတော့ NCA အကောင်အထည်ဖော်မှု လုပ်ငန်းတွေရပ်တန့်နေတဲ့ ကာလတွေဆိုတော့ JICM အစည်းအဝေးတွေ မလုပ်နိုင်သေးဘူး။ NCA နှစ်ပတ်လည်ပွဲမှာ မနက်ပိုင်းအခမ်း အနား ပြီးသွားတယ်။ ကျန်တဲ့တစ်ရက် ခွဲမှာတော့ အလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့တယ်။ အဓိကကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်။ ဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်ဦးမော့လာနိုင်ဖို့ကိုတော့ ကြိုးပမ်းဆောင်ရွက်မှုတွေက ဘက်စုံထောင့်စုံကနေ ကြိုးပမ်းမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေ၊ ပဋိပက္ခဖြစ်ပွားတဲ့အခြေ အနေမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်ဦးမော့လာနိုင်ဖို့၊ ပြန်လည်ခေါင်းထောင်လာနိုင်ဖို့ ကြိုး ပမ်းဆောင်ရွက်နေဆဲ အခြေအနေ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းတဲ့နေရာမှာ NCA နှစ်ပတ်လည်ပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲကာလကို ပြောတာမဟုတ်ဘဲနဲ့ အစိုးရသစ်လက်ထက် အခု ၂၀၂၆ ဧပြီလနောက် ပိုင်း ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုတွေကိုလည်း ကြည့်ရမှာပါ။ အဲဒီမှာ တစ်ဖွဲ့ချင်းစီ ဖိတ်ခေါ်ကမ်းလှမ်းတာ၊ အစုအဖွဲ့အလိုက် စုပေါင်းပြီးတော့ ဖိတ်ခေါ်တာ ရှိပါတယ်။ စုပေါင်းပြီးတော့ ဖိတ်ခေါ်တဲ့အထဲမှာ 7 EAO Alliance အနေနဲ့ ဖိတ်ခေါ်တာ၊ သွားရောက်တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့တာ တတိယအကြိမ် ပြီးသွားပါပြီ။ သွားတိုင်းသွားတိုင်း ကျွန်တော်တို့ကတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုကို ဘယ်လိုအကောင်အထည်ဖော်လို့ရမလဲဆိုတဲ့ကိစ္စကို ဆွေးနွေးဖြစ်ပါတယ်။ ကျွန်တော်တို့ ခုနစ်ဖွဲ့က အဆိုပြုတာကတော့ NCA အနှစ်သာရကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါ။ ဒီနေရာမှာ သေချာတာတစ်ခုက ကျွန်တော်တို့ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ NCA စာချုပ်အတိုင်း၊ NCA ယန္တရားအတိုင်း၊ စုဖွဲ့မှုအတိုင်း ဆိုရင်တော့ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်ဖို့က အရမ်းကို ခက်ခဲပါမယ်။ ကျပ်တည်းမယ်လို့ ယူဆတဲ့အတွက်ကြောင့် NCA အနှစ်သာရကို အခြေခံသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုပြီးတော့ အဆိုပြုခဲ့တာရှိပါတယ်။ အဲဒီအထဲမှာတော့ အသေးစိတ်အချက်အလက်တွေ အများကြီး ပါပါတယ်။ ယုံကြည်မှုတည်ဆောက်တာတို့၊ သွားရမယ့်လုပ်ငန်းစဉ်မှာ အလွတ်သဘော ဆွေးနွေးပွဲတွေ၊ Formal ဆွေးနွေးပွဲတွေကို ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ လုပ်မလဲ၊ ထိုနည်းတူ ဆွေးနွေးရမယ့် Issue တွေ၊ စုဖွဲ့ရမယ့် ယန္တရားတွေအပါအဝင် ခေါင်းစဉ်ရှစ်ခု အဆိုပြုထားပါတယ်။ လက်ရှိ နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ကိုက်ညီပြီးတော့ သက်ဆိုင်သူတွေ အားလုံး လိုက်ပါနိုင်မယ့် Process က အရမ်းအရေးကြီးတယ်လို့ ရှုမြင်တဲ့အတွက် NSPNC ကို အဆိုပြုခဲ့ပါတယ်။ NSPNC ဘက်ကလည်း NCA + ပေါ့။ NCA + ဆိုတာက NCA ရဲ့ အနှစ်သာရနဲ့ အောင်မြင်မှုတွေကို အခြေခံပြီးတော့ ပိုမို ပါဝင်နိုင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မူဘောင်ပေါ့။ အဲဒါကို အဆိုပြုထားတယ်။ ဒီနေရာမှာ NSPNC ရော၊ 7 EAO Alliance
ရော တူညီတဲ့ ဘုံနားလည်ချက်ကတော့ လက်ရှိ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို NCA အတိုင်း ပြန်လုပ်ဖို့တော့ အရမ်းကို ခက်ခဲမယ်။ ဒါကြောင့်မို့လို့ ကျန်တဲ့ အင်အားစုတွေ လိုက်ပါလာနိုင်မယ့် Process တစ်ခုကို ဘယ်လိုလမ်းစရှာမလဲ၊ ဘယ်လို အစပျိုးလို့ရမလဲ ဆွေးနွေးကြပါတယ်။


TREND ။    ။ NCA က ၁၁ နှစ် ကြာသွားပြီဆိုတော့ NCA နဲ့ ပတ်သက်ပြီး သဘောထားပြောင်းသွားတာ မျိုးရှိလား။ ဘယ်လို မှတ်ချက်ပေးချင်လဲ။
SKN    ။    ။
NCA နဲ့ ပတ်သက်ပြီးတော့ သဘောထားပြောင်းသွားတာတွေ အများကြီးရှိပါတယ်။ NCA ဆိုတာက Nationwide Ceasefire Agreement လို့ ခေါ်သာခေါ်ကြတာ။ အဲဒီစာချုပ်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဆောင်ရွက်သွားမယ့် နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲတွေက ဘယ်လိုပုံစံနဲ့ လုပ်ရမလဲ၊ ဘယ်လို Time Frame နဲ့ လုပ်ရမလဲဆိုတာ အတိအကျကို စနစ်တကျ ရေးဆွဲပြဋ္ဌာန်းထားတဲ့ စာချုပ်တစ်ခု ဖြစ်ပါတယ်။ ဒါကို လွန်ဆန်လို့ မရပါဘူး။ သို့သော်လည်းပဲ NCA ကို လက်မှတ်ရေးထိုးတယ်။ လက်မှတ်ရေးထိုးပြီးတော့ အကောင်အထည်ဖော်မှု လုပ်ငန်းတွေကို လုပ်တယ်။ လုပ်ရင်း လုပ်ရင်းနဲ့ပဲ ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာတယ်။ အဲဒီမှာ NCA မှာပါတဲ့ သဘောတူညီမှုတွေအတိုင်း လုပ်ငန်းဆောင်ရွက်ဖို့ ရပ်တန့်သွားခဲ့တာ ယနေ့အထိပါပဲ။ ဒီအချိန်မှာ NCA က ပျက် ခြင်း၊ မပျက်ခြင်း၊ ရှိခြင်း၊ မရှိခြင်း ငြင်းခုံတာမျိုးမဟုတ်ဘဲနဲ့  ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ဖြစ်တဲ့ NCA ကို လေးစားအသိအမှတ်ပြုရမှာဖြစ်ပါတယ်။  ပြီးတော့လည်းပဲ ဒီစာချုပ်က အကောင်အထည်ဖော်တဲ့ လုပ် ငန်းတွေ မလုပ်နိုင်တာပဲရှိတယ်။ စာချုပ်က ပျက်ပြယ်တာ၊ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ ဆိုတော့ NCA နဲ့ ပတ်သက်ပြီး သဘောထားတွေ ပြောင်းလဲ သွားတာမျိုး ရှိတယ်။
ဒါကလည်း  ဒီလို NCA နဲ့ပတ်သက်ပြီး သဘောထား ပြောင်းလဲသွားတယ်ဆိုတာက NCA ကြောင့် မဟုတ်ဘူး၊ NCA ပေါ် ပေါက်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ကာလတွေတုန်းက အစိုးရနဲ့တပ်မတော်က တာဝန်ရှိသူတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ကြီးတွေက လိုင်ဇာတို့၊ မိုင်ဂျာယန်တို့မှာ Summit တွေ အကြိမ်ကြိမ် လုပ်ခဲ့ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အားသာချက်တွေ ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးအလှည့်အပြောင်း အခင်းအကျင်းတစ်ခုအောက်မှာ၊ NCA အပေါ်မှာသော်လည်း ကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးအပေါ်မှာသော်လည်းကောင်း၊ ဒီမိုကရေစီဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် သော်လည်းကောင်း ရည်မှန်းချက်တွေတူရဲ့သားနဲ့ လောလောဆယ် လုပ်နည်းကိုင်နည်း၊ သွားဟန်သွားနည်း ကွဲလွဲနေရတယ်။ ဒါက စိတ်ပျက်စရာ၊ အားငယ်စရာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီပြည်ထောင်စုထဲမှာ နေထိုင်ပြီးတော့၊ ပြည်ထောင်စုအကျိုးကို ရှေးရှုပြီးတော့ ပြည်ထောင်စုအကျိုးနဲ့ အဖွဲ့အစည်းအကျိုး ဒီအကျိုးတရားနှစ်ခုကို ဟန်ချက်ညီညီ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်း ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်း ရမယ်။ အဲဒီလို အခင်းအကျင်း ဖော်ဆောင်လာနိုင်ပြီဆိုရင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေကလည်း အနှေးနဲ့အမြန် ရှိလာမှာပါ။ အဲဒီတော့ NCA နဲ့ ပတ်သက်ပြီး သဘောထားပြောင်းသွားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြန်ပြောရရင် ၂၀၂၁ နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးနောက်ပိုင်း NCA ဟာ ပျက်ပြီ၊ မရှိတော့ဘူးဆိုတဲ့ သဘောထားတွေ၊ NCA ဆိုတာ မပျက်ပါဘူး။ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုထားတဲ့ စာချုပ်ဖြစ်လို့ အခိုင်အမာရှိနေတယ်ဆိုတဲ့ သဘောထားတွေ၊ ပြောဆိုတာတွေ ထွက်ပေါ်ခဲ့ပါတယ်။ သေချာတာကတော့ ၂၀၂၁ နောက်ပိုင်းမှာ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေ ရပ်တန့်သွားခဲ့ပါတယ်။ ဆိုတော့ ဒီကြားထဲမှာ ကြုံနေရတဲ့ နိုင်ငံရဲ့ ပကတိအခြေအနေအရ NCA အတိုင်းဆိုရင် ခက်နိုင်တယ်။ ဒါကြောင့်မို့လို့ တကယ်လက်တွေ့ကျပြီးတော့ အားလုံးလည်း လိုက်ပါနိုင်မယ့် Peace Process တစ်ခုကို ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ရပ်တည်မှု ကတော့ NCA ဟာ ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်တစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ တန်ဖိုးထားတယ်။ NCA အပေါ် သဘောထား ပြောင်းတာ တွေရှိနေတယ် ဆိုတာက NCA မကောင်းလို့ မဟုတ်ဘူး။ NCA ကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေမှာ အားနည်းခဲ့လို့ ဖြစ်ပါတယ်။

TREND ။    ။ လက်ရှိ ငြိမ်းချမ်းရေး အခြေအ နေအပေါ် ဘယ်လိုမြင်လဲ။
SKN    ။    ။
ပြည်တွင်းငြိမ်းချမ်းရေးကတော့ သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ငြိမ်းချမ်းရေးက သေရေးရှင်ရေးသမျှ အရေးတကြီး လိုအပ်နေပါပြီ။ ကျွန်တော်တို့က နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပေါ်နေခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ ကြိုးပမ်းဆောင်ရွက်နေရင်းကပဲ လက်နက်ကိုင် ပဋိပက္ခထဲကို ပြန်ရောက်သွားခဲ့တယ်။ ဒီတစ်ကြိမ်ကလည်း ကြီးမားတဲ့ လက်နက်ကိုင်ပဋိပက္ခထဲကို ပြန်ရောက်သွားတာ ဖြစ်တဲ့အတွက် ပေးဆပ်ခဲ့ရတာတွေကလည်း အတိုင်းထက်အလွန် အတော်များပါတယ်။ အသက်အိုးအိမ်စည်းစိမ်၊ ပစ္စည်းဥစ္စာ စသည်ဖြင့် မရေတွက်နိုင်အောင်ပါပဲ။ ဒါက ကျွန်တော်တို့ ပေးဆပ်လိုက်ရတဲ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ လူငယ်တွေဆိုရင်လည်း ပြည်ပရောက်သွားပြီး အလုပ်အကိုင်မရ၊ ဒုက္ခရောက်ကြရတာတွေ အများကြီးရှိခဲ့တယ်။ ဒီအနိဋ္ဌာရုံတွေကနေ ကျွန်တော်တို့ ကျော်လွှားချင်ပါပြီ။ လျှော့ချချင်ပါပြီ။ ပပျောက်အောင်လည်း ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည် စတင်နိုင်ဖို့ NSPNC နဲ့ 7 EAO Alliance တို့ နှစ်ဖက်တွေ့ဆုံပြီးတော့ ညှိနှိုင်းဆောင်ရွက်မှုတွေ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ တစ်ဆက်တည်းမှာပဲ Formal ဖြစ်ဖြစ်၊ Informal ဖြစ်ဖြစ်ကျန်တဲ့ ညီနောင်အင် အားစုတွေနဲ့လည်း ချိတ်ဆက်ညှိနှိုင်းစကားပြောလို့ ရအောင် စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

TREND ။    ။ NCA + ဆိုတဲ့ အသံတွေလည်း ကြားနေရတော့ NCA ထဲမှာ ဘာတွေထပ်ထည့်သင့်တယ်လို့ အကြံပေးချင်လဲ။
SKN    ။    ။
NCA ဆိုတာက ကျွန်တော်တို့ နိုင်ငံမှာ ချုပ်ဆိုဖူးသမျှ စာချုပ်ထဲမှာဆိုရင် အချက်အလက်အများဆုံးနဲ့ အပြည့်စုံဆုံး အပစ်ရပ်စာချုပ်တစ်ခု ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အကုန်လုံးလက်ခံပေးရမှာပါ။ ဒါကြောင့်မို့လို့ ဒီစာချုပ်ကို စတင်ချုပ်စဉ်တုန်းက ပါဝင်လက် မှတ်ရေးထိုးထားတဲ့ အစိုးရတာ ဝန်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေ ဘက်နှစ်ဖက်၊ ဒီနှစ်ဖက်ကနေ အပြန်အလှန် သန္နိဋ္ဌာန် ပြုခဲ့ကြတယ်ဆိုတာက ဒီစာချုပ်ပါ သဘောတူညီချက်အားလုံး ပြီးမြောက်အောင်မြင်သည်အထိ ပူးတွဲအတူတကွ အကောင်အထည်ဆောင်ရွက်သွားဖို့ အပြန်အလှန် သန္နိဋ္ဌာန်ပြု ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် အချက်အလက်တွေများပြီး ပြီးပြည့်စုံတဲ့ NCA စာချုပ်ဆိုတာ ဘယ်အချိန်မှာ ပျက်ပြယ်သလဲ မရှိပါဘူး။ နောက်ပြီးတော့ NCA စာချုပ်ကို ဘယ်လိုအချိန်မှာ ဘယ်လိုပုံစံမျိုး ပြင်ဆင်လို့ရတယ်ဆိုတာမျိုးလည်း ပြဋ္ဌာန်းထားတာ မရှိပါဘူး။ အဲဒီတုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေက တကယ့်စိတ်ရင်း စေတနာမှန်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ အဲဒီအချိန်တုန်းကဆိုရင် ယုံကြည်မှုကလည်း အရမ်းကို မြင့်မားခဲ့ကြပါတယ်။ ဒါကြောင့် မို့လို့ NCA စာချုပ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘက်က တင်တဲ့အချက်တွေကိုပဲ ဟိုတုန်းက MPC ပေါ့၊ အဲဒီ Working Committee (လုပ်ငန်းကော်မတီ) ကနေပြီး နည်းနည်းပါးပါး တည်းဖြတ်တာတို့၊ ဘာတို့ လုပ်တာပဲရှိတယ်။ တကယ့် Original ထွက်လာတာက EAO တွေထဲက လိုလားချက်တွေ၊ ရေးသားချက်တွေ၊ အကြံပြုချက်တွေ ဖြစ်ပါတယ်။ NCA နဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေ ရှိနေတယ်။ ဒါကို ဘာမှမပြောလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံအတွက် သေရေးရှင်ရေးသမျှ အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်ပေါ်ထွန်းလာနိုင်မယ့် အစီအမံတွေ၊ စဉ်းစားချက်တွေကို တစိုက်မတ်မတ် အာရုံစိုက်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ချုံ့ပြောရရင် NCA က အခန်း ခုနစ်ခန်း၊ ပုဒ်မပေါင်း ၃၃ ခု၊ အချက်အလက်ပေါင်း ၁၁၂ ချက် ပါဝင်ပါတယ်။ NCA ဟာ မြန်မာ့သမိုင်း တစ်လျှောက်ချုပ်ဖူးသမျှ အပစ်ရပ်စာချုပ်ထဲမှာ အချက်အလက်အများဆုံး၊ အပြည့်စုံဆုံး ဖြစ်ပါတယ်။ စာချုပ်အပေါ် သဘောထားပြောင်းလဲမှုတချို့ ရှိနေတယ်ဆိုတာက NCA မှာပါတဲ့ အချက်အလက်တွေ၊ သဘောတူညီတွေက မကောင်းလို့ မဟုတ်ဘူး။ NCA စာချုပ်ကိုလက်မှတ်ရေး ထိုးပြီးတော့ အကောင်အထည်ဖော်မှု လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံလာရတဲ့ အခက်အခဲတွေကြောင့်လို့လည်း မြင်မိပါတယ်။ အရင်တုန်းက ရရှိပြီးသား အပြန်အလှန် ယုံကြည်မှုတွေ ကျဆင်းသွားတာတွေကြောင့်လည်း ပါပါတယ်။ ဆိုလိုချင်တာက NCA စာချုပ်က ကောင်းတယ်၊ သို့သော် အကောင်အထည်ဖော်တွေမှာ အားနည်းခဲ့လို့ ဒီအခြေအနေကို ရောက်လာတာလို့ ပြောချင်ပါတယ်။

TREND ။    ။ အခုလိုဖြေကြာခဲ့တာ ကျေးဇူးတင်ပါတယ်။
လင်းလင်းအောင်


(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67034

© 2022 - 2026 News. All Rights Reserved.