နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးခြင်း နိုင်ငံရေးယဉ်ကျေးမှုအသစ်နဲ့ လက်တွဲမယ်ဆိုရင် နိုင်ငံအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုတွေ အနည်းဆုံးဖြစ်နိုင်မယ် . . .
၂၀၂၆ ၊ ဇူလိုင် ၁၆
ပြည်တွင်းငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းပေါ်တွင် ရပ်တည်လျှောက်လှမ်းနေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းအပေါ် KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး(၁) စောကျော်ညွန့်နှင့် ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။
TREND ။ ။ ဇူလိုင် ၆ ရက်က NSPNC နဲ့ KNU/KNLA-PC တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဓိက ဘယ်အ ကြောင်းအရာတွေ ပြောဆိုဆွေးနွေးဖြစ်ပါသလဲ။
SKN ။ ။ အခုတွေ့ဆုံပွဲကတော့ ကျွန်တော်တို့ Bilateral တွေ့ဆုံပွဲ ဖြစ်ပါတယ်။ အစိုးရသစ် စတက်လာပြီးတော့ ဧပြီ ၂၁ ရက်မှာ ကြိုတင် ကန့်သတ်ချက်တွေ မထားဘဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။ ဖိတ်ခေါ်တဲ့အခါမှာ ကျွန်တော်တို့ 7 EAO Alliance ကို တစ်ဖွဲ့ချင်းစီကိုလည်း ဖိတ်ခေါ်တာ ရှိတယ်။ နောက်ပြီး စုပေါင်းပြီး ခုနစ်ဖွဲ့လုံး ဖိတ်ခေါ်တာလည်းရှိပါတယ်။ ခုနစ်ဖွဲ့နဲ့ တွေ့ဆုံမှုကတော့ ကျွန်တော် တို့ ပြီးခဲ့တဲ့လပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ခုကတော့ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ထဲက တစ်ဖွဲ့ချင်းစီကို ဖိတ်တာပေါ့ဗျာ။ ဒီတော့ KNLA-PC အနေနဲ့ ဇူလိုင် ၆ ရက်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အကြောင်းအရာကတော့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးရယ်။ ရှေ့ဆက်ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရယ်။ အဲဒီအကြောင်းအရာနှစ်ခုကိုတော့ ကျွန်တော် တို့ အဓိကထားပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်ဖွဲ့ချင်းစီမှာ လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစတဲ့ ကိစ္စရပ်တွေလည်း ပါတာပေါ့ဗျာ။ ချုပ်ပြောရရင်တော့ NSPNC နဲ့ ကျွန်တော်တို့ KNLA-PC က Bilateral တစ်ဖွဲ့ချင်းတွေ့ဆုံမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ NSPNC ဘက်က အမြင်ရယ်၊ ကျွန်တော်တို့ဘက်က ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ အချက်အလက်ရယ် ဒါတွေကို အပြန်အလှန် မျှဝေပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်။
TREND ။ ။ KNLA- PC ရဲ့ဒုဥက္ကဋ္ဌကြီးကတော့ ဒေသတွင်း ဖွံ့ဖြိုးရေးလိုအပ်ချက်တွေကို အစိုးရက ဖြည့်ဆည်းပေးဖို့ပြောခဲ့တယ်လို့ သိရပါတယ်။ လိုအပ်ချက်တွေက ဘာတွေလဲ။
SKN ။ ။ ဒီကာလမှာကတော့ ကျွန်တော်တို့ဒေသတစ်ခုတည်းတော့ မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့နိုင်ငံထဲမှာ မကြုံစဖူးဖြစ်ပေါ်လာတဲ့ ငါးနှစ်ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခကြားမှာ ဒေသအချို့ မှာ ပညာရေး၊ ကျန်းမာရေး နောက်ပြီးစီးပွားရေး ဒါတွေအကုန်လုံးမှာ အခက်အခဲ ရှိကြတာပဲလေ။ ဒါကြောင့် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ကလည်း လက်ရှိ ကရင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျွန်တော်တို့ဆီမှာ ယာယီနေရပ် တိမ်းရှောင်ကြသူ ဦးရေက ငါးနှစ်တာ ကာလမှာ တော်တော်လေးများလာတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒေသတွင်းမှာ လိုအပ်နေတဲ့ ပညာရေးတို့၊ ကျန်းမာရေးတို့ စသည်ဖြင့်ပေါ့လေ။ အဲဒါတွေက တကယ်ပဲ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်။ ဒါကြောင့် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးတွေ၊ ဘာတွေ မလုပ်နိုင်ခင်ကြားမှာ ကျွန်တော်တို့ဒေသမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ ဒေသဖွံ့ဖြိုးရေးတွေအပေါ်မှာ ဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်ညှိနှိုင်းပြီးတော့ တင်ပြခဲ့ပါတယ်။
TREND ။ ။ အစိုးရသစ်လက်ထက်မှာကတော့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော၊ NCA လမ်းကြောင်းက သွေဖည်သွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ NCA မထိုးရသေး တဲ့အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မယ်လို့ ပြောထားပါတယ်။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သုံးသပ်ပေးစေလိုပါတယ်။
SKN ။ ။ အစိုးရသစ် အနေနဲ့ကတော့ ဝေဖန်မှုတွေအမျိုးမျိုး ရှိနေတဲ့ကြားကပဲ အစိုးရသစ်တစ်ရပ်ပေါ်ထွက်လာတာက ပကတိအရှိတရားပါ။ ဒီလိုဆိုတော့ အစိုးရသစ်ပေါ်လာတယ်။ လွှတ်တော်ရှိတယ်။ တပ်မတော်လည်း ရှိတယ်။ နောက်ပြီး နိုင်ငံရေး ပါတီတွေလည်းရှိတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော် တို့နိုင်ငံအနေအထားနဲ့ လိုအပ်ချက်တွေကတော့ ဘက်စုံထောင့်စုံ အများကြီး ရှိနေမှာပါ။ သို့သော်လည်း စောစောက ကျွန်တော်ပြောသလို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိတဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ဆိုရင် ကျွန်တော်တို့နိုင်ငံက ငြိမ်းချမ်းရေးက မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီအတွက်ကိုလည်း ပေါ်ပေါက်လာတဲ့ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးကတော့ အဓိက ဦးစားပေးလုပ်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်။ နားလည်း လည်ပါတယ်။ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ လွတ်လပ်ပြီးဘာမှ ကြိုတင်ကန့်သတ်ချက် တွေမထားဘဲနဲ့ ဖိတ်ခေါ်တယ်ဆိုတာကလည်း ယခင်အခြေအနေနဲ့ နှိုင်းယှဉ်လို့ရှိရင် ဒါကလည်း တိုးတက်မှု တစ်ခုပေါ့ဗျာ။ခုဆိုရင် ကျွန်တော်တို့ 7 EAO Alliance ကို စုပေါင်းပြီး ခုနစ်ဖွဲ့လည်း လာရောက်တွေ့ဆုံဖို့ ဖိတ်ခေါ်တယ်။ နောက်ပြီးတစ်ဖွဲ့ချင်းစီကိုလည်း ဖိတ်ခေါ်ပြီးတော့ ဒေသအခြေအနေတွေ ညှိနှိုင်း ဆောင် ရွက်နိုင်ဖို့ လုပ်ခဲ့တာတွေရှိတယ်။ ထို့အတူပေါ့လေ။ ကျွန်တော်တို့ မသိနိုင်တဲ့ အခြားသော လက်နက်ကိုင်အဖွဲ့တွေ၊ NCA မထိုးနိုင်သေးတဲ့ အဖွဲ့တွေ၊ NCA ကို သွေဖည်သွားတဲ့ အဖွဲ့တွေ အဲ့ဒီအဖွဲ့တွေနဲ့လည်းပဲ ကြိုးပမ်းပြီးတော့ ချိတ်ဆက်လမ်းရှာတာတို့ ရှိတယ်လို့ ကြားရတာပေါ့ဗျာ။ ဒါကလည်း တစ်ဖွဲ့ချင်းစီကိစ္စဆိုတော့ အတွင်းကျကျ မသိနိုင်ပေမယ့် ဒီနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက် မတွေ့မ ဖြစ် တွေ့သင့်တွေ့ထိုက်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံနိုင်အောင်၊ စကားပြောနိုင်အောင် ကြိုးပမ်းမှုရှိ နေတယ်လို့ ကျွန်တော်တို့ မြင်ရပါတယ်။ အခက်အခဲကတော့ အများကြီးရှိမှာပါ။ ကျွန်တော်တို့နိုင်ငံက လက်ရှိ လက်နက်ကိုင် ပဋိပက္ခက ဆက်လက် တည်ရှိနေတာကြောင့် ဒီလိုအခြေအနေမှာ ကျွန်တော်တို့နိုင်ငံအတွက် လက်နက်ကိုင်ပဋိပက္ခနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာက တော့ အင်မတန်အ ခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အမှန်တကယ် ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကရတဲ့ အတိုင်းအတာနဲ့၊ ရှိနိုင်တဲ့နည်းလမ်းတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်မှုတွေကတော့ အစိုးရသစ်အနေနဲ့ အာရုံစိုက်လုပ်ဆောင်နေတယ်လို့ နားလည်ပါတယ်။
TREND ။ ။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ကတော့ အလုံးစုံငြိမ်းချမ်းရေးကို ရည်မှန်းထားတယ်။ လက်တွေ့မှာလည်း ကြိုတင်ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲတွေ ဖိတ်ခေါ်ထားတယ်။ ဒါဟာငြိမ်းချမ်းရေးအတွက် ဘယ်လောက်ထိ အကျိုးရှိနိုင်မလဲဗျ။
SKN ။ ။ ကြိုတင်ကန့်သတ်ချက် မထားဘူးဆိုတာကို တချို့အဖွဲ့တွေကတော့ စဉ်းစားချက်ပေါင်းစုံနဲ့ ပြောကြတာ ရှိတာပေါ့လေ။ တချို့ကလည်း ၂၀၀၈ အောက်မှာပဲ ငြိမ်းချမ်းရေးဆွေးနွေးတာက ကန့်သတ်တာ မဟုတ်ဘူးလားဆိုပြီး ပြောကြတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အကျိုးတရားတစ်ခု ဖြစ်ပေါ်လာရတာ အကြောင်းတရားတစ်ခုခုရှိလို့ ဖြစ်ပေါ်လာရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ကြိုတင်ကန့်သတ်ချက်ရှိတယ်၊ မရှိဘူးဆိုတာကို ထုတ်ပြန်ချက်တွေ၊ ပြောဆိုဝေဖန်ချက်တွေ ပြောနေရုံနဲ့ ကျွန်တော်တို့ ခရီးမပေါက်နိုင်ဘူးလေ။ ဒါကို သတိထားရမယ်။ ဒါက ကန့်သတ်ချက်လား၊ ကန့်သတ်ချက် မဟုတ်ဘူးလား။ ဟုတ်တယ်ဆိုရင် ဘယ်လိုညှိနှိုင်းမလဲဆိုတာ ကျွန်တော်တို့ စကားပြောဖို့ လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ ဘယ်လို နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအခင်းအကျင်းပဲဖြစ်ဖြစ် နှစ်ဖက်ညှိနှိုင်းပြီးတော့ပေါ့။ နှစ်ဖက်လုံးအတွက် အဆင်ပြေနိုင်မယ့် တွေ့ဆုံမှုတွေကတော့ ကျွန်တော်တို့ လုပ်ဆောင်နေရမှာပါ။

TREND ။ ။ အချို့လက်နက်ကိုင်အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို အနုတ်လက္ခဏာဆောင်တဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ တုံ့ပြန်ကြတယ်။ ဒါဟာ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ် စေတယ်လို့ ပြည်သူတွေက စိတ်ပူနေတာ ရှိတယ်။ ဒီအပေါ်မှာလည်း သုံးသပ်ပေးပါခင်ဗျ။
SKN ။ ။ သတိပြုမိဖို့ ပြောရရင် ကျွန်တော်တို့ နိုင်ငံရေးအခြေအနေက သာမန်အခြေအနေ မဟုတ်ဘူး။ ဒါက အားလုံးသိရှိပြီးသား ဖြစ်မှာပါ။ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခက နှစ်ပေါင်း ၇၀ကျော် ဖြစ်ပွားခဲ့တယ်ဆိုပေမယ့် ဒီ ၂၀၂၁ နောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ လက်နက် ကိုင်ပဋိပက္ခကတော့ ကြီးမားကျယ်ပြန့်တယ်လို့ ပြောရမှာပေါ့။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ပြောတာပဲဖြစ်ဖြစ်၊ ထုတ်ပြန်တာပဲဖြစ်ဖြစ်၊ ကြေညာတာပဲဖြစ်ဖြစ် သာမန်အခြေအနေ မဟုတ်တဲ့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ သာမန်ပြည်သူ ပြည်သားတွေ၊ အစုအဖွဲ့တွေကြားထဲမှာတော့ နားလည်မှု မတူတာတို့၊ အမြင်မတူတာတို့၊ သဘောထား မတိုက်ဆိုင်တာတွေကတော့ ရှိကြပါတယ်။ ရှိလည်း ရှိနေတယ်ဆိုတာ ပကတိအခြေအနေပါ။ ဘယ်လိုပဲအမြင်သဘောထား မတူညီတာဘဲရှိရှိ ကျွန်တော်တို့ စကားပြောနိုင်အောင် ကြိုးစားကြမယ်ဆိုရင် စကားပြောရင်းနဲ့ပဲ ကိုယ်ရဲ့တိုင်းပြည်၊ ကိုယ့်ရဲ့ ပြည်ထောင်စု၊ ကိုယ်ရဲ့နိုင်ငံသားအကျိုးအတွက် တစ်စုံတစ်ရာ နည်းလမ်းရှာနိုင်ဖို့ လမ်းစတွေ ပွင့်လာနိုင်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။
TREND ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေတာက နိုင်ငံရေးပဋိပက္ခနဲ့ ဒီလက် နက် ကိုင်ပဋိပက္ခပေါ့။ ဒီအတားအဆီးတွေကို ဘယ်လိုအဖြေရှာရမလဲ။
SKN ။ ။ ကျွန်တော်တို့ နိုင်ငံရေးပဋိ ပက္ခရယ်၊ လက်နက်ကိုင် ပဋိပက္ခရယ် ဆိုတာကတော့ ကျွန်တော်တို့ အရင်တုန်းက အဲဒီလိုမျိုး ကွဲကွဲပြားပြား ပြောလေ့ပြောထတော့ မရှိပါဘူး။ ကျွန်တော်တို့ တစိုက် မတ်မတ် ပြောနေလာတာကတော့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်း စစ်ရဲ့ အရင်းခံအကြောင်းတရားက နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာဖြစ်တယ် ဆိုတာကိုတော့ အစိုးရလည်း နားလည်မှု ရှိပြီးသား၊ သဘောတူညီမှု ရှိပြီးသား ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ပဋိပက္ခတွေရဲ့ အရင်းခံအကြောင်းတရား နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းတာက အဆင်မပြေဘူး၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးခြင်း နည်းလမ်းနဲ့ အဖြေရှာတဲ့ နိုင်ငံ ရေးယဉ်ကျေးမှုအသစ်နဲ့ပဲ ကျွန်တော်တို့သွားရမယ်ဆိုတာကလည်း ကျွန်တော်တို့ ပြီးခဲ့တဲ့ NCA အကောင်အထည်ဖော်မှု ကာလတွေ မှာလည်း ကျွန်တော်တို့ နားလည်မှု ရရှိထားပြီးသား အချက်တွေပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ လို့ပဲပြောပြော၊ နိုင်ငံရေးပဋိပက္ခလို့ပဲဆိုဆို ကျွန်တော်တို့ကတော့ ဒီပဋိပက္ခတွေ ကို ကျွန်တော်တို့က လျှော့ချဖို့၊ ချုပ်ငြိမ်းဖို့ လုပ်ဖို့အတွက်ဆိုလို့ရှိရင် စစ်ရေးနည်းနဲ့ မဟုတ်ဘဲနဲ့ ဒီပဋိ ပက္ခတွေ အားလုံးက နိုင်ငံရေး မပြေလည်လို့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ နိုင်ငံရေးစားပွဲဝိုင်း ဆွေး နွေးခြင်း၊ နိုင်ငံရေးယဉ်ကျေးမှုအသစ်နဲ့ပဲ ကျွန်တော်တို့ လက်တွဲမယ်ဆိုရင် နိုင်ငံအတွက် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ အနည်းဆုံးဖြစ်နိုင်မယ်လို့ နားလည်ထားပါတယ်။
TREND ။ ။ ဖက်ဒရယ်ကို အခြေခံတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုတဲ့ ဖက်ဒရယ်စကားရပ်အပေါ် ဘယ်လိုစဉ်းစားသုံးသပ်ချက်မျိုး ရှိနေလဲခင်ဗျာ။
SKN ။ ။ ဖက်ဒရယ်လို့ ကျွန်တော်တို့ စတင်သုံးနှုန်းလာနိုင်တာကတော့ ၂၀၁၃၊ ၂၀၁၄ NCA မူကြမ်းပြုစုတဲ့ ကာလတုန်းကပါ။ ကျွန်တော်တို့ စတင်ပြီးတော့ နှစ်ဖက်အတူတူ ပြောဆို သုံးစွဲလာတဲ့ ဝေါဟာရပဲ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ NCA အရဆိုရင်တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်မယ်ဆိုတာ ကျွန်တော်တို့ အတိအလင်း ဖော်ပြထားပြီးသား ဖြစ်သလို၊ ဒီ ဘက်က ဒီ ၂၀၂၁ နောက်ပိုင်းမှာ ဖက်ဒရယ်ကို အရှေ့တင်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စသည်ဖြင့် အဲဒီလိုမျိုး သုံးနှုန်းလာတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖက်ဒရယ်ဒီမိုကရေစီလို့ ပဲခေါ်ခေါ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ပဲဆိုဆို ကျွန်တော်တို့က ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လောကပါလတရား သုံးပါးပေါ့ဗျာ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု လည်း ပြည့်၀ရမယ့် နိုင်ငံတော်ဖြစ်သလို၊ ဒီဘက်က ဖက်ဒရယ်လို့ ပြောလိုက်မယ်ဆိုရင်လည်းပဲ တိုင်းရင်းသားများအားလုံး အစဉ်အဆက်တောင်းဆိုလာခဲ့တဲ့ အမျိုးသားတန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး၊ အာမခံချက် အပြည့်အဝရှိတဲ့ ပြည်ထောင်စုကို ကျွန်တော်တို့ ဖော်ဆောင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ပဲဆိုဆို၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုလို့ပဲခေါ်ခေါ်၊ စောစောက ကျွန်တော်ပြောတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ လောကပါလတရားသုံးခုလည်း ပါရမယ်၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ လိုလားတဲ့အခွင့်အရေးသုံးခုလည်း ပြည့်ဝအောင် လုပ်နိုင်တဲ့ ပြည်ထောင်စုကိုပဲ မျှော်မှန်းပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )