၂၀၂၅ ၊ ဒီဇင်ဘာ ၄
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ဝန်းကျင်ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်လောင်းများအနက်မှ အမျိုးသမီးလွှတ်တော်ကိုယ် စားလှယ်လောင်းတချို့၏ ရွေးကောက်ပွဲအပေါ်အမြင်၊ ရွေးကောက်ပွဲဝင်ရသည့် ရည်ရွယ်ချက်၊ မျှော် မှန်းချက်၊ မဲဆန္ဒနယ်တို့တွင် အသိပညာပေးခြင်းဆိုင်ရာတို့နှင့် ပတ်သက်သည့် ခံယူချက်၊ ရပ်တည်ချက်အမြင်သဘော ထားများကို စုစည်းဖော်ပြလိုက်ပါသည်။
ဒေါ်သူဇာဖြိုး (ပြည်သူ့ရှေ့ဆောင်ပါတီ- PPP)
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်(PR)ကိုယ်စားလှယ်လောင်း

ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ကောင်းမွန်သော အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အချိုးကျကိုယ်စားပြုစနစ် (PR) ကိုပါ ထည့်သွင်း ရွေးချယ်ပေးထားတဲ့အတွက် ပါတီတစ်ခုတည်းကနေ အနိုင်ရရှိပြီး တစ်ပါတီစနစ် အုပ်ချုပ်ရေး မဟုတ်တော့ဘဲ ပါတီစုံလွှတ်တော်ထဲ ရောက်နိုင်မယ့် အခြေအနေတစ်ရပ်ဖြစ်လို့ အလားအလာအရမ်းကောင်းပါတယ်။ ပါတီစုံရဲ့ သုံးသပ်တင်ပြမှုတွေကြောင့် တိုင်း ပြည်နဲ့လူထု လက်ရှိကာလထက် ငြိမ်းချမ်းလုံခြုံပြီး ဖွံ့ဖြိုးတိုးတက်မယ့် စနစ်ကောင်းတွေကို ဝိုင်းဝန်းဖော်ဆောင် ပေးနိုင်မယ့် အခြေနေမှာရှိလို့ ကောင်းသော ပြောင်းလဲခြင်းတွေ ဆောင်ကြဉ်းလာ နိုင်ပါတယ်။ အမျိုးသမီးကိုယ် စားလှယ်လောင်းတစ်ယောက်အနေနဲ့ တိုင်းပြည်ရဲ့လူဦးရေ ထက်ဝက်ကျော်ဟာ အမျိုးသမီးများဖြစ်နေတဲ့အတွက် တိုင်းပြည်ရဲ့ ကဏ္ဍမျိုးစုံမှာ အမျိုးသမီးများဘ၀ ဘက်စုံ မြှင့်တင်ပေးရေး၊ ကလေးသူငယ်နဲ့ လူငယ်လူရွယ်များ ပညာရေးစနစ်ကို မြှင့်တင်ပေးရေးတို့ကို ကြိုးစားခွင့်ရချင်ပါတယ်။ ဒါကြောင့်လည်း တက်ညီလက်ညီ ကြိုးစားမယ့် အမျိုး သမီး လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကို လွှတ်တော်ထဲကို များများရောက်စေချင်ပါတယ်။
ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲရောက်ခဲ့မယ် ဆိုရင်တော့ ကျွန်မတို့တိုင်းပြည်ဟာ ယခုရွေးကောက်ပွဲကနေ တိုင်းပြည်အလှည့်အပြောင်းတစ်ခု ဖြစ်စေနိုင်တယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို မလိုလားဘူးဆိုရင်တောင် ဒဏ်ရာတွေရနေတဲ့ ကျွန်မတို့တိုင်းပြည်လေးအတွက် ဒီတစ်ခါလောက် ကျွန်မတို့ကို ကြိုးစားခွင့် ပေးစေချင်ပါတယ်။ ကြိုးစားခွင့် ရခဲ့မယ်ဆိုရင် ကျွန်မတို့ပါတီရဲ့ မူဝါဒများနဲ့အညီ ပြည်သူတွေရဲ့ လိုလားချက်တွေနဲ့တကွ တိုင်းပြည်နဲ့ လူမျိုးအကျိုး၊ ဒေသအကျိုးတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားလုပ်ဆောင် သွားပါမယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည်ရဲ့ အစိုးရကို ပြည်သူတစ်ဦးရဲ့ အခွင့်အရေးကို အသုံးချပြီး ကိုယ်ကြိုက်တာကို ရွေးချယ်ပေးစေချင်တာပါ။ မဲမပေးခဲ့ရင် သူတစ်ပါး မဲပေးရွေးချယ်ထားတဲ့ အစိုးရဖြစ်လို့ ကိုယ့် စိတ်ကြိုက် ဖြစ်မလာနိုင်လို့ 'No Vote နဲ့ အကျိုးမယုတ်အောင်' မဲပေးစေချင်တဲ့သဘောလို့ ထင်ပါတယ်။
ဒေါ်ဖြိုးယဉ်မင်းထွန်း (ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ)ပန်းတောင်းမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

ရွေးကောက်ပွဲဝင်ရတဲ့ အဓိကအကြောင်းရင်းက ငြိမ်းချမ်းရေးဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက်ပါ။ တိုင်းပြည်ငြိမ်းချမ်းမှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုံး ကောင်းမှာလေ။ တိုင်းပြည်မငြိမ်းချမ်းရင် စီးပွားရေးကအစ အားလုံး မကောင်းနိုင်ပါဘူး။ အဓိကကတော့ ပါတီရဲ့ မူဝါဒဖြစ်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက်ပါ။ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာပြီဆိုရင်တော့ အားလုံးက သူ့အရည်အချင်းနဲ့သူရှိကြမှာပါ။ အရည်အချင်းတွေ မတူညီကြတာပဲ ရှိကြမှာပါ။
ဒီတစ်ကြိမ် UEC ရဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်က ၁၀ တန်းအထိ ပညာသင်ကြားထားပြီးသူပေါ့။ လူတစ်ယောက်က ၁၀ တန်း အထိ ပညာသင်ဖူးတယ်၊ ၁၀ တန်း အောင်ထား တယ်ဆိုရင် ဦးနှောက်နဲ့ ချင့်ချိန်နိုင်မယ်လို့ ထင်ပါတယ်။ ဥပဒေနဲ့ပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ် စဉ်းစားဆုံးဖြတ်ချင့် ချိန်နိုင်ကြမယ်လို့ ထင်ပါတယ်။ ဥပဒေပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းထားရင် ပိုကောင်းပါ တယ်။ လူတစ်ယောက် ဥပဒေနားလည်ထားရင် စည်းလွတ်ဝါးလွတ် မဖြစ်တော့ဘူး။ နိုင်ငံနဲ့လူမျိုးကို ထိခိုက်စေမှာမျိုး၊ တစ်ပါးသူကို ထိခိုက်စေမှာမျိုး မလုပ်ဖြစ်တော့ဘူး။ ထိန်းထိန်းသိမ်းသိမ်းလေး ဖြစ်သွား တယ်ပေါ့။ အဓိက ဒါပါပဲ။ ဒါကြောင့်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့က ရှိထား၊ သိထား၊ နားလည်ထားသင့်တဲ့ အရည်အချင်းတွေ လိုမယ်လို့ မြင်ပါတယ်။ ဒါမှလည်း ပြည်သူတွေရဲ့ ယုံကြည်မှု ပိုရစေပါမယ်။
အဓိကကတော့ ဥပေဒေတွေ နားလည်တတ်ကျွမ်းပြီး နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို စွမ်း ဆောင်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေ လွှတ်တော်ထဲ များများရောက်စေချင်ပါတယ်။ အခု မဲဆွယ်ကာလမှာတော့ ကျွန်မတို့က ဘာလုပ်ပေးမယ်ဆိုတာမျိုး ပြည်သူကိုပြောပြီး မဲမဆွယ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ လွှတ်တော်ထဲ ရောက်သွားရင် ပြည်သူ့အကျိုးအတွက် လူထုလိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ တကယ်လို့ လျှပ်စစ်မီးမရသေးတဲ့ ဒေသဆိုရင် ဒါကိုပြည်သူတွေက တောင်းဆိုစရာမလိုဘူး။
လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသလိုအပ်ချက်၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လိုက်ကြည့်ပြီး ဖော်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီဒေသမှာ ဘာလိုအပ်လဲ သွားရင်းလာရင်း ကြည့်ရပါမယ်။ ဒါကို ပြည်သူက တင်ပြစရာမလိုအောင် ကိုယ်တိုင်က သိထားရပါမယ်။ လူထုအတွက် အမှန်တကယ်လို အပ်ချက်ရှိ နေတာတွေကိုလည်း လွှတ်တော်မှာ တင်ပြဆွေးနွေး ဆောင်ရွက်ပေးရမယ့် တာဝန်ရှိပါတယ်။ ကျွန်မရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်အနေနဲ့ကတော့ သက်တမ်း ငါးနှစ်အတွင်းမှာ တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးအတွက် ဘယ်လောက် လုပ်ပေးနိုင်ခဲ့တယ်ဆိုတဲ့ နာမည်ကောင်းလေး ကျန်ချင်ပါတယ်။ ဘယ်နေရာတွေ ဘယ်လိုဖွံ့ဖြိုးတိုးတက်သွားခဲ့လဲ မှတ်ကျောက်တင်ခံချင်ပါတယ်။ ဒါကတော့ စိတ်ရင်း အမှန်ပါ။ တချို့က အရမ်းအစွန်းရောက်တယ်။ ရွေးကောက်ပွဲကိုရော၊ ဝင်ပြိုင်တဲ့သူ တွေရောအားမပေးဘူး၊ မဲမထည့်ဘူးဆိုတာမျိုး ပြောကြတယ်။
အဲဒီတော့ မဲမထည့်ဘူးဆိုရင် အခုအခြေအနေ၊ လက်ရှိဘဝကို ကြိုက်လားလို့ ကျွန်မက တစ်ခွန်းတည်း မေးလိုက်ပါတယ်။ မကြိုက်ဘူးဆိုရင် ကိုယ့်ရဲ့အခွင့်အရေးက မဲပဲလေ။ ကိုယ့်ရဲ့အခွင့်အရေးကို အဆုံး ရှုံးခံမလား၊ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးရွေးချယ်မလားလို့ ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးမှ အပြောင်းအလဲတွေဖြစ်လာမှာပါ။ ဒါကြောင့် ကိုယ်ဘာဖြစ်ချင်တာလဲ။ကိုယ်လိုချင်တာရအောင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပြီး မဲထည့်ကြဖို့၊ ကိုယ့်ရဲ့အခွင့်အရေးကို အဆုံးအရှုံး မခံသင့်ဘူးလို့ ရှင်းပြရပါ တယ်။
ဒေါ်သန္တာလှိုင် (ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP)

လက်ရှိအနေအထားမှာ ဝင်ပြိုင်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့က ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တင်ပြချင်တယ်။ ပြည်သူတွေရဲ့ အကျိုးကိုလည်း ဆောင်ရွက်ပေးချင်တာပါ။ ပြည်သူ့ရှေ့ကိုထွက်လာပြီးတော့ ပြည်သူကပေးမယ့်မဲကို ပြည်သူဆီကခံယူပြီးတော့ ပြည်သူ့အကျိုးကို ဖော်ဆောင်ချင်လို့ ရွေးကောက်ပွဲဝင်ခဲ့တာပါ။ လာမယ့်ရွေးကောက်ပွဲက တိုင်း ပြည်အတွက်၊ ပြည်သူလူထုအတွက် ကောင်းကျိုးတွေ ဖော်ဆောင်ပေးနိုင်မယ်၊ အပြောင်းအလဲဖြစ်မယ်။ အဲဒီလို ပြောင်းလဲတဲ့ အပြောင်းအလဲတစ်ခုမှာ ပြည် သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစ အရာရာ အများကြီးပြောင်း လဲတိုးတက်လာမယ်လို့လည်း ယုံကြည်ပါတယ်။ ရွေးကောက်ပွဲကြီး ပြီးသွားရင် အစိုးရသစ်တစ်ရပ် ပေါ်လာမယ်၊ လွှတ်တော်ပေါ်လာမယ်။ လွှတ်တော်ပေါ်ပေါက်လာတဲ့ အခင်းအကျင်းနဲ့အတူ အကုန်လုံး အစစအရာရာ ပြောင်းလဲသွားမယ်။ ပြောင်းလဲသွားပြီးတော့ အသစ်တွေ ပြန်ဖြစ် လာတဲ့အခါ တိုင်းပြည်ကြီးက ဖွံ့ဖြိုးတိုးတက်လာ လိမ့်မယ်လို့ မြင်ပါတယ်။ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးပါတီဖြစ်တဲ့အတွက် ပါတီရဲ့ Logo မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ ကျွန်မတို့ပါတီဝင်တွေ အားလုံးရဲ့ ရင်ထဲမှာ ကျွန်မတို့တိုင်းပြည်ဟာ ညီညီညွတ်ညွတ် စည်းစည်းလုံး လုံးနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ ဆွေးဆွေးနွေးနွေး၊ တိုင်တိုင်ပင်ပင်နဲ့ စည်းစည်းလုံး လုံးလေး ကြိုးစားသွားကြမယ်ဆိုရင် ဒီတိုင်းပြည်ကြီးက ဖွံ့ဖြိုးတိုးတက်လာမှာပါ။
ပြီးတော့ ဒီရွေးကောက်ပွဲကြီး ပြီးသွားချိန်မှာ ပြည်သူ့အကျိုးအတွက် အလုပ်လုပ်ခွင့် ရခဲ့မယ်ဆိုရင် အောက်ခြေလူတန်းစား ပြည်သူလူထုတွေခံစားနေရတဲ့ အဆင်မပြေမှုတွေပေါ့။ အဲဒီလို အဆင်မပြေမှုတွေကို ဖြေလျှော့နိုင်သလောက် ဖြေလျှော့လို့ရအောင် ဆောင်ရွက်ပေးချင်တာကတော့ ကျွန်မပေးချင်တဲ့ Message တစ်ခုပါ။ စားဝတ်နေရေး ကျပ်တည်းနေတာတွေ ချောင်လည်လာအောင်၊ ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင်လည်း စရိတ်မျှပေး ကျန်းမာရေး အစစအရာရာပေါ့။ အရင် တုန်းကလို ဆန်၊ ဆီ၊ ဆေး၊ ဆားတွေပေးတဲ့ သမဝါယမခေတ်တို့၊ အဲဒီလို အောက် ခြေလူတန်းစားတွေ အဆင်ပြေလာအောင် လုပ်ပိုင် ခွင့်လေးရရင် အများကြီး လုပ်ပေးချင်တယ်။ နောက်ပြီး နေစရာမရှိတဲ့ ကျူးကျော်တွေဆိုရင် ကျွန်မတို့ နိုင်ငံမှာ မြေဧရိယာတွေ အများကြီးရှိတယ်။ အဲဒီလို ဧရိယာတွေမှာ၊ မြေလွတ်မြေ ရိုင်းလေးတွေမှာ တန်ဖိုးနည်းအိမ်ရာတို့၊ သူတို့တစ်တွေ နေဖို့ထိုင်ဖို့ အဆင်ပြေအောင် လုပ်ပိုင်ခွင့်ရတဲ့ ဘောင်ထဲကနေ လုပ်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ကျွန်မတို့က အခု ပြည်သူနဲ့ ထိတွေ့တယ်ဆိုရင် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကို မဲပေးပါဆိုတာမျိုး မတိုက်တွန်းပါဘူး။ ပါတီအားလုံးက နိုင်ငံကောင်းဖို့၊ ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ပဲ မျှော်မှန်း ပြီးတော့ ဆောင်ရွက်နေကြတာလို့ မြင်ပါတယ်။ ဒါကြောင့် ငါးနှစ်မှတစ်ကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ၊ ပြည်သူက ရွေးချယ်တင်မြှောက်ခွင့်ရတဲ့ အချိန်လေးမှာ ကိုယ်စိတ်ဆန္ဒရှိတဲ့ ဘယ်ပါတီမဆို မဲပေးပေးပါ။ ဒီအချိန်မှာမဟုတ်ဘဲ နောင်တစ်ချိန်မှာ ပေးချင်ပါတယ်ဆိုလည်း နောက်တစ်ချိန်ကို ပြန်စောင့်ရမှာလေ။ ပြည်သူ တစ်ဦးချင်းစီမှာလည်း မဲပေးဖို့တာဝန်ရှိတဲ့အတွက် ကိုယ်ကြိုက်တဲ့ပါတီ၊ ကိုယ်ကြိုက်တဲ့ လွှတ် တော်ကိုယ်စား လှယ်လောင်းကို မဖြစ်မနေ ထွက်ပြီးတော့ မဲပေးစေချင်ပါတယ်၊ ဘယ်ပါတီမဆိုပါ။ အဓိကကတော့ ကိုယ်ကြိုက် တဲ့ပါတီကို မဲပေးဖြစ်အောင် ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ အခုက မဲမပေးကြနဲ့လို့ လှုံ့ဆော်နေကြတာ တချို့ရှိတယ်။ ဘယ်လိုပဲ လှုံ့ဆော်နေပါစေ၊ အခုရွေးကောက်ပွဲက ဥပဒေတွေနဲ့အညီဖြစ်ဖို့ စည်းကမ်းတကျ လုပ်ထားတာပါ။ ဒါကြောင့်လဲ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ကို ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
သူ့တို့ပြောတာ သူတို့အမြင်ပါပဲ။ အဓိကကတော့ ရွေးကောက်ပွဲကို အောင်မြင်အောင် လုပ်နေကြတယ်။ ရွေးကောက်ပွဲမှာလည်း ပြည်သူတွေ လာရောက်ပြီးတော့ မဲပေးဖို့လည်း နိုင်ငံရေးပါတီတွေက တိုက်တွန်း ပေးနေပါတယ်။ မမျှတဘူး၊ အတုအယောင် ရွေးကောက် ပွဲတို့၊ ဘာတို့၊ ညာတို့ ဘယ်လိုပဲ ပြောနေကြပါစေ ဒါတွေကို နားမယောင်ဖို့နဲ့ ပြည်သူလူထုက ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်စေလို ပါတယ်။ နိုင်ငံသားတိုင်းရရှိတဲ့ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးအောင် မဲထွက်ပေးကြ စေလိုပါတယ်။ ဒီရွေးကောက်ပွဲကြီး ပြီးသွားလို့ရှိရင် ကျွန်မယုံကြည်တယ် ကျွန်မတို့ တိုင်းပြည်က အပြောင်းအလဲကြီး ပြောင်းလဲသွားမှာပါ။ အခြေခံလူတန်းစားတွေရဲ့ဘ၀ အခြေအနေတွေကအစ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ တိုးတက်ပြောင်းလဲသွားမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။
ဒေါ်ကေဇာဝင်း (ပြည်သူ့ပါတီ)
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

လက်ရှိ အခြေအနေကြီးမှာ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဘာလုပ်နိုင်မှာလဲဆိုပြီး တချို့ပြောကြတယ်။ ဒီလိုအခြေ အနေဖြစ်တဲ့အတွက် ပိုပြီးတော့ လုပ်သင့်တယ်လို့မြင်တယ်။ ကျွန်မတို့နိုင်ငံမှာ ရွေးကောက်ပွဲလမ်းကြောင်းကနေပဲ နိုင်ငံတိုးတက်တဲ့အရွေ့အပြောင်းကို သွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ပညာရှင်တွေ၊ ကျွမ်းကျင်တဲ့သူတွေရဲ့ ဦးဆောင်မှုတွေအောက်မှာ ကျွန်မတို့က လိုက်ပါပြီးတော့ Manage ကောင်းကောင်းနဲ့ စီမံမှသာလျှင် တိုးတက်တဲ့အရွေ့တစ်ခုကို ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလိုအခြေအနေဖြစ်တဲ့အတွက်ကို ကျွမ်းကျင်သူတွေ၊ ပညာတတ်တွေ ပိုပြီးတော့ ထွက်ပေါ်သင့်တယ်လို့ မြင်ပါတယ်။ ပြီးတော့ လွှတ်တော်ထဲ ရောက်သွားတဲ့ ကိုယ်စားလှယ်တွေဟာလည်း တကယ်ပြည်သူ့အတွက်ကို အလုပ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အခုလိုင်းပေါ်မှာ တချို့တွေ့ရတယ်၊ အတုအယောင်ရွေးကောက်ပွဲကို မဲမပေးကြဖို့ပေါ။ ဒါက သူတို့ ခံယူချက်သူတို့အတွေးပေါ့။ ကျွန်မ ခံယူချက်ကတော့ ကိုယ့်ဆန္ဒနဲ့ကိုယ် မဲပေးရွေးချယ်မှပဲ၊ ကိုယ်ကြိုက် နှစ်သက်သူဖြစ်မယ်။ ကိုယ်ကြိုက်နှစ်သက်သူကလည်းပဲ ကိုယ့်ဒေသလိုအပ်ချက် ပြည်သူတွေ တိုးတက် ပြောင်းလဲဖို့အတွက် ရှေးရှုနိုင်မှာ ဖြစ်တယ်။
မဲမပေးကြနဲ့လို့ ပြောနေတော့ နိုင်ငံတစ်ခုမှာ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ဖို့က ရွေးကောက်ပွဲလမ်းကြောင်းကလည်း မဖြစ်မနေ ဖြတ်သန်းရမယ်၊ နိုင်ငံရေးလမ်းစဉ်ကလည်း ရွေးကောက်ပွဲ နဲ့ပဲ စရမှာပါ။ တိုင်းပြည်အပြောင်းအလဲ အရွေ့ဖြစ်ဖို့ကလည်း ရွေးကောက်ပွဲပါ။ ဒါကြောင့် လူတိုင်းလူ တိုင်းက မဲပေးသင့်တယ်လို့ မြင်ပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် လွှတ်တော်ထဲ ရောက်သွားတဲ့ ကိုယ် စားလှယ်တွေက တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုပြီးတော့ မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး စွမ်းဆောင်ပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုအတွက် ရွေးကောက်ပွဲဟာ အကောင်းဆုံးရလဒ်တွေ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မအနေနဲ့ လွှတ်တော်ထဲ ရောက်ဖြစ်ခဲ့မယ်ဆိုရင် အဓိကကတော့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍတွေမှာ ဦးစားပေးဆောင်ရွက်ချင်ပါတယ်။ လုပ်ပိုင်ခွင့်ရတဲ့ အတိုင်းအတာအပေါ်မူတည်ပြီး ပါတီရဲ့ မူဝါဒတွေအတိုင်း တစ်ခုချင်းစီ လုပ်ဆောင်သွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။ အဲဒီကဏ္ဍတွေအထဲမှာမှ စီးပွားရေးပေါ့။ အခြေခံလူတန်းစားပဲ ဖြစ်ဖြစ်၊ လူလတ်တန်းစားပဲဖြစ်ဖြစ် လိုအပ်နေတာ အခြေခံစီးပွားရေးကဏ္ဍပေါ့။ စားသောက်နေထိုင်မှု ဒါ တွေက အရေးကြီးတော့ အဲဒီကဏ္ဍကို အရင်ဦးဆုံး ဦး စားပေးပြီးတော့ ကြိုးပမ်း ဆောင်ရွက်ပေးချင်ပါတယ်။
နောက်တစ်ခုက ရွေးကောက်ပွဲဟာ တိုင်းပြည် ကို ကောင်းတဲ့အပြောင်းအလဲ ဖြစ်စေမယ်။ ဒါပေမဲ့ ရုတ်တရက်ကြီးတော့ ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး။ တစ်ခုချင်းစီ၊ တစ်ကဏ္ဍချင်းစီ အဆင့်ဆင့်တိုင်းမှာ တဖြည်းဖြည်းနဲ့ ပိုကောင်းမယ့် အရွေ့တစ်ခုဆီကို ရောက်သွားမယ်လို့ ယုံ ကြည်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူတွေကို ထပ်မံတိုက်တွန်း ပြောကြားလိုတာ ၂၀၂၅ ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲကြီးမှာ မဲပေးကြပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီကို မဲပေးရွေးချယ်ပါ၊ ဒီအခွင့်အရေးကို လက်လွှတ်အဆုံးရှုံးမခံပါနဲ့၊ မဲပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ (ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
TREND News Journal Download Link