Breaking

ကမ္ဘာ့အရှက်အမဲ့ဆုံး ပြိုင်ပွဲကြီး

၂၀၂၆ ၊ ဇန်နဝါရီ ၉
    ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးက ပေါက်ကရ ပြိုင်ပွဲတွေနဲ့ လူစိတ်ဝင်စားမှု ယူနေကြသည်။ ခုလို နည်းပညာ မြင့်မားနေတဲ့ခေတ်ကြီးမှာဆိုတော့ တစ်နိုင်ငံလုံးမှာ ဘယ်လို ပေါက်ကရပြိုင်ပွဲတွေ လုပ်နေသလဲဆိုတာကို လူမှုကွန်ရက်စာမျက်နှာ အမျိုးမျိုးကနေ ကြည့်၍ရသည်။ ကမ္ဘာကြီးက ခေတ်မီတိုးတက်လာသည်နှင့်အမျှ လူတွေ၊ နေ့စဉ်ဘဝတွေ မွန်းကျပ်လာကြသည်။ ဒါကြောင့်လည်း ပေါက်ကရ ယှဉ်ပြိုင်မှုတွေနဲ့ ပျော်ပျော်ပါးပါး ယှဉ်ပြိုင် ကြသလို ကြည့်ရှုမှုနှုန်းကလည်း တိုးလာကြသည်။
    ပေါက်ကရပြိုင်ပွဲတွင် ထိပ်ဆုံးက ရပ်တည်ပြီး လူကြိုက်များလာသည်က ကမ္ဘာကျော် အချိုရည်တစ်မျိုး ဖြစ်သည့် Red Bull အချိုရည်မှ စီစဉ်သော ကစားနည်းများဖြစ်သည်။ Red Bull စီစဉ်သည့်ပွဲများက နည်းနည်း ကြောင်တောင်တောင် နိုင်သည်ဟု ပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်စက်ဘီးစီး ပြိုင်ပွဲမျိုး ကျင်းပရင်တောင် စက်ဘီးတစ်စီးစာ ချောင်ကြိုချောင်ကြား လမ်းလေးတွေ၊ လှေကားထစ်တွေ၊ မတ်စောက်သော ဆင်ခြေလျှောတွေကို ဖြတ်သန်းမောင်းနှင်ရသည်။ မည်မျှလုံ ခြုံပါသည်ဟု ဆိုသော် လည်း ကျွမ်းကျင်မှု အနည်းအများအလိုက် အန္တရာယ်တော့ရှိသည်။ သို့သော်လည်း Red Bull က စီစဉ်ကျင်းပသော သဲထိတ်ရင်ဖို နှင်းလျှောစီးပြိုင်ပွဲတွေ၊ စက်ဘီးပြိုင်ပွဲတွေ၊ ဆိုင်ကယ်နှင့် ကားပြိုင်ပွဲများ၊ လေထီး ပြိုင်ပွဲများကို ပရိသတ်က အကြိုက်တွေ့ကြသည်။
    ဒါတင်ပဲလားဆိုတော့ မဟုတ်ချေ။ Red Bull က စီစဉ်ကျင်းပသော ကြောင်တောင်တောင် နိုင်လှသည့် ပြိုင်ပွဲတွေရှိသေးသည်။ လေယာဉ်အတောင်ပံသဖွယ် အတောင်ပံတပ်ထားသော လူလုပ်အရုပ်အမျိုးမျိုးကို အမြင့်မှနေ၍ ပင်လယ်ထဲသို့ လူအုပ်စုကြီးဖြင့် တွန်းကာ လေဟုန်စီးပြီး အကွာအဝေးအများ ဆုံးရသည့်အဖွဲ့က အနိုင်ရသည့် ကစားနည်းဆိုရင်လည်း ကြောင်တောင်တောင်ပင်ဖြစ်သည်။ လေဟုန်စီးရသူက တွန်းလွှတ်လိုက် သူများကြောင့် ပင်လယ်ထဲ တစ်ဟုန်ထိုး ထိုးကြသွားသူရှိသလို လေကြောင်း အခန့်သင့်၍ ပေ ၂၀ လောက်ရောက်ပြီးမှ ထိုးကျသွားသူတွေ ရှိသည်။ နောက်ပြီး ရေကန်အကျယ်ကြီးကို ဖြတ်သန်းကာ စက်ဘီးတစ်စီးစာလမ်းဖြင့် အတားအဆီးများကို ဖြတ်ကျော်ရသော ကစားနည်းဆိုရင်လည်း ထို့အတူပင်ဖြစ်သည်။ လူနှစ်ယောက်နှင်းရသော စက်ဘီးတွေကို ဟန်ချက်ညီအောင် ဖြတ်သန်း နင်းရပြီး အတားအဆီးတွေကို ကျော်ဖြတ်ချိန်တွင် အရှိန်မထိန်းနိုင်ဘဲ ကန်ထဲသို့ ပြုတ်ကျကြသည်။ ဒီလို ယှဉ်ပြိုင်မှုတွေကို ကမ္ဘာအနှံ့က ကြည့်ရှုသူ သန်းနှင့်ချီကြသည်။ ဒါ့အပြင် ပုံစံမျိုးစုံ လူလုပ်ယာဉ်ငယ် များဖြင့် အနိမ့်အမြင့်၊ အတက်အကျ ကြမ်းသောလမ်းတစ်လျှောက် ကောက်ရိုးထုံးကြီးများကို အတားအ ဆီးပြုလုပ်ကာ ဖြတ်သန်းမောင်းနှင်ရသော ပြိုင်ပွဲဆိုရင်လည်း လူကြည့်များလှသည်။ ခေတ်မီတိုးတက် လာသော မွန်းကျပ်လှသည့် လူမှုဘဝတွင် ကလေးဆန်ဆန် ပေါက်ကရကစားနည်းများက ကြည့်ရှုရသူတို့ စိတ်ပြေလက်ပျောက်ရှိလှသည်။
    နောက်ထပ် အံ့သြဖွယ်ရာ ကစားနည်းတစ်ခု ရှိသေးသည်။ တိုက်ခိုက်ရေးကစားနည်းများကို လူစိတ်ဝင်စားမှု မြင့်တက်လာသည်နှင့်အပြိုင် အူကြောင်ကြောင် နိုင်လှသော တိုက်ခိုက်ရေးကစားနည်း တစ်ခုက ပါးရိုက်ပြိုင်ပွဲဖြစ်သည်။ ပါးရိုက်တယ်ဆိုတာက အမျိုးသမီးများ၏ လျှပ်တစ်ပြက် တိုက်ခိုက် ရေးနည်းဖြစ်သောကြောင့် အငြင်းခံရသော ပုရိသတိုင်း ခံစားရဖူးသည့် အရသာဖြစ်သည်။ အချစ်ခံရသော မောင်ထူးမြတ်ကတော့ အာဘွားသာ အပေးခံရဖူးသဖြင့် ထိုအရသာကို မသိချေ။ ထားပါ ပြောချင်တာက ခုပြောသည့် ပါးရိုက် အားကစားက ယောကျ်ားရင့်မာကြီးတွေ ကစားကြတာ ဖြစ်သည်။
    တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရိုက်ကြတာဖြစ်ပြီး မူးမေ့လဲသွားသူက အရှုံး ဖြစ်သည်။ ပါးရိုက်မည့်သူက လက်ဖဝါးကို ပေါင်ဒါကဲ့သို့ အမှုန်များ သုတ်လိမ်းထားသည်။ အရိုက်ခံရမည့်သူက လက်နောက်ပစ်ပြီး ရင်ကော့ခေါင်းမော့က ပါးကိုအရိုက်ခံရသည်။ တချို့ ကစား သမားတွေဆိုရင် ရိုက်ချက်ပြင်းသဖြင့် တစ်ချက်တည်း ပြန်မထနိုင်သည့်ဖြစ်ရပ်များ တွေ့ဖူးသည်။ ဒီကစားနည်းကိုပင် စပွန်ဆာပေးသော ကုမ္ပဏီများလည်း ရှိသည်။ ပါးရိုက်ကြသည့် အားကစားသမားများ၏ နောက်တွင်လည်း ပါးရိုက်နည်း ပြကြီးများ ဝန်းရံကြသည်။ အရပ်ထဲ၊ ဈေးထဲမှာ မိန်းမချင်း ရန်ဖြစ်စကားများရင်း ပါးရိုက်နားရိုက်လေ့ ရှိသော ဖြစ်စဉ်များကခုဆိုရင်  ကမ္ဘာကျော်ကစားနည်းတစ်ခု ဖြစ်လာသည်က တိုးတက် လာသည့် ခေတ် ကြီးတွင် အင်မတန်ပေါက်ကရနိုင်သော ကစားနည်းဖြစ်သည်။
    မြန်မာနိုင်ငံက မိရိုးဖလာကစားနည်းတွေလည်း ပရိုမိုးရှင်းတွေလုပ်ပြ၊ ကမ္ဘာကျော်အောင် လုပ်ရမည်။ လွတ်လပ်ရေးနေ့မှာ အပျော်ကစားကြသည့် ခေါင်းအုံးရိုက်ပွဲတို့၊ သံပုံးတီးတာတို့၊ ချောတိုင်တက် တာတို့ကလည်း နောင်တစ်ချိန်တွင် ကမ္ဘာကျော်အားကစား ကြီးများဖြစ်လာပြီး မြန်မာကို ကမ္ဘာကသိအောင် ကြိုးပမ်းရမည်။ ကမ္ဘာကျော်ပရိုမိုးရှင်းကြီးတွေ မြန်မာ့ရိုးရာ ကစားနည်းတွေကိုသိသွားပြီး ပြိုင်ပွဲတွေ ကျင်းပဖို့တော့လိုသည်။
    ခုလောလောဆယ်တော့ Red Bull ကိုအားကျ ပြီး မြန်မာ့ရိုးရာချဉ်ဖတ်ကုမ္ပဏီဖြစ်သော Red Peacock ကစတင်ပြီး ကမ္ဘာ့အရှက်အမဲ့ ဆုံးပြိုင်ပွဲကိုစီစဉ် ကျင်းပနေပြီဟုသိရသည်။ ဒီလိုဆိုတော့ ကမ္ဘာပေါ်မှာ သောက်ရှက်အနည်းဆုံး ဆိုသူများကလည်း ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ တချို့ကလည်း အုပ်စုလိုက် ကြီး မျက်နှာပြောင် ကြသည်။ မျက်နှာပြောင်တယ် ဆိုတာကလည်း လူတိုင်း တစ်ခါတလေ လုပ်တတ်တာဆိုတော့ သိပ်တော့မဟုတ်ချေ။ တချို့ကလည်း ကိုယ်လုံးတီးကြီးဖြင့် လူ နေထူထပ်ရာ မြို့ပြများကို ပတ်ပြေးကြသည်။ လူအမြင်မတင့် တယ်ဘူးဟုဆိုကာ ရဲဖမ်းသွားကြသဖြင့် ပြိုင်ပွဲတောင်ပြီးအောင် မပြိုင်နိုင်ကြချေ။ အမျိုးသမီးတွေကလည်း အုပ်စုလိုက်ကြီး ရင်သားတွေဖော်ပြီး လမ်းလျှောက်ကာ ဝင်ပြိုင်ကြသည်။ ဒါကလည်း အနောက်နိုင်ငံတွေမှာ အထူးအဆန်းတော့ မဟုတ်ချေ။ မကြာခဏ ရင်သားတွေဖော်ပြီး ဆန္ဒပြနေတာဆိုတော့ ရှက်စရာဟုပင် မထင်ကြတော့ချေ။
    ဒီတော့ ပြိုင်ပွဲကျင်းပရေး ကုမ္ပဏီဖြစ်သော Red Peacock မှာ ခေါင်းခြောက်ရလေတော့သည်။ တစ်ဦးချင်း ပြိုင်ပွဲဝင်သူတွေရော၊ အဖွဲ့လိုက် ပြိုင်ပွဲဝင်သူတွေက ကမ္ဘာ့အရှက်အမဲ့ဆုံးဆုနှင့် မထိုက်တန်၍ ဖြစ်သည်။နောက်ဆုံးပြိုင်ပွဲဝင်မည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသည်။စစ်ဝတ်စုံကြီးတွေ ထုတ်ဝတ်ပြီး အုပ်စု လိုက်ကြီး ဓာတ်ပုံရိုက်မည့် အနေအထား စုဖွဲ့လိုက်ကြပြီး အနည်းငယ်မူး ယစ်သောက်စားထားသော ခပ်ကြောင်ကြောင် လူတစ်ယောက်က မတ်တတ်ထရပ်က "၂၀၂၆ မှာ စစ်အနိုင်တိုက် ရေး ရည်မှန်းချက် အကောင်အထည်ဖော်မယ်"ဟု အော်ပြောလိုက်ပြီး တစ်ဆက်တည်း "ငါတို့က ဘယ်သူတွေလဲ"ဟု ဦးဆောင်အော်ဟစ်ရာ နောက်မှ လူအုပ်ကြီးကလည်း "နုကြည်တွေပါ"ဟု အော်ဟစ်လိုက်လေသည်။ ပြိုင်ပွဲကျင်းပရေး ကုမ္ပဏီသာမက ပြိုင်ပွဲကြည့်ရှုနေသူ အားလုံး ခဏတာ ကြက်သေသေသွားကြပြီး နောက် "ငါးနှစ်လုံးလုံး ပေါက်ကရတွေ ထိုင်ပြောပြီး ၂၀၂၆ ထိတောင် ရုပ်တည်ကြီးတွေနဲ့ ပေါက်ကရ ထပ်ပြောတယ်ဟေ့ နှစ်ရှည်လများ သောက်ရှက်မရှိကြဘူး"ဟုချီးကျူးပြောဆိုကာ 'ကမ္ဘာ့အရှက်အ မဲ့ဆုံးဆု' ကိုချီးမြှင့်လိုက်လေသည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ (၄) ၊ အမှတ် ( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 155

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59697

© 2022 - 2026 News. All Rights Reserved.