ကလေးသူငယ်များ ပညာသင်ကြားခွင့်ကို ခြိမ်းခြောက်ကြေညာသူများ ဆွေစဉ်မျိုးဆက် သမိုင်းတရားခံ ဖြစ်ပြီ

၂၀၂၆ ၊ ဇွန် ၆

အကြမ်းဖက်အဖွဲ့က ထုတ်သည့်စာ
    ရွာကလေးအချို့အတွက် ကျောင်းဖွင့်နိုင်ရေးက အလှမ်းဝေးနေဦးမည်ဟု သူငယ်ချင်းဖြစ်သူက ရင်ဖွင့်သွားလေသည်။ ၂၀၂၆ ပညာသင်နှစ်အတွက် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများဖွင့်လှစ်နိုင်ရေး အားခဲထားခဲ့ကြသည်ဟု ဆိုလေသည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကြီးလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ရွေးကောက်ခံ အစိုးရလည်း တရားဝင်အတည်ပြုနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးလမ်းစ မြင်ပြီဖြစ်သောကြောင့် သည်နှစ် ၂၀၂၆ ပညာသင်နှစ်အတွက် အစိုးရကျောင်း ဖွင့်နိုင်မည်ဟု အားခဲထားခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်ကတည်းက စာသင်ခန်းတံခါးများ ပိတ်ထားခဲ့ရသည့် အညာဒေသက ကျောင်းစာသင်ခန်းလေးသည် ယခုဆိုလျှင် ခြောက်နှစ်ဝန်းကျင်တိုင်တိုင် ကျောင်း မဖွင့်နိုင်ဘဲ ရှိနေခဲ့ရသည်။ဆိုခဲ့သည့်အတိုင်း ခြောက်နှစ်ဝန်းကျင် စာသင်ခန်းတံခါး ပိတ်ထားခဲ့ရသည့် ကျောင်းစာသင်ခန်းများသည် လူသူနှင့် ကင်းကွာလွန်းသောကြောင့် စာသင်ခုံ စာသင်ခန်းများ၊ အဆောက် အအုံများ ပိုးထိုး၊ ခြကိုက်သွားကာ ယိုယွင်းပျက်စီးမှုများစွာ ဖြစ်သွားခဲ့သည်။ ထိုအရာက သဘာဝဘေးကြောင့်မဟုတ်ဘဲ လူလုပ်အန္တရာယ်ကြောင့် ပျက်စီးသွားခဲ့ရခြင်းဖြစ်ပြီး ထိုအပျက်အစီးအတွက် ကျောင်း ဖွင့်ခွင့်ရမည်ဆိုလျှင် ကျောင်းသားမိဘများ၊ ရပ်ရွာဒေသခံများ အားကြိုးမာန်တက် လုပ်ဆောင်လိုက်လျှင် အခက်အခဲဟု တွက်ဆစရာပင် မဟုတ်ပေ။ အဓိကက ကျောင်းဖွင့်လှစ်နိုင်ရေးနှင့် ကလေးများ လွတ်လပ်စွာ ပညာသင်ကြားခွင့် ရရေးသည်သာ ပဓာနကျသည် မဟုတ်ပါလား။
    သို့မို့ကြောင့် သည် ၂၀၂၆ ပညာသင်နှစ်အတွက် အားခဲထားရာက NUG အကြမ်းဖက်အဖွဲ့နှင့် နောက်လိုက် အပေါင်းအပါတို့သည် ကျောင်းဖွင့်မည့်သူ များအတွက် ခြိမ်းခြောက်စာတစ်စောင် ထုတ်ပြန်လာခဲ့သည်။ သူတို့လက်ထဲတွင် လက်နက်လည်း ရှိနေလေရာ သူတို့ထုတ်ပြန်ချက်ကို လွန်ဆန်ရဲဖို့ရာလည်း မလွယ်ကူသည့် အကြောင်းပေါင်းစုံ ရှိသည်။ မတ် ၂၆ ရက် ၂၀၂၆ တွင် NUG လက်အောက်ခံ အဖွဲ့ဖြစ်သည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရဟုဆိုကာ ပုလဲပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ ထိုထုတ်ပြန်ချက်တွင် ၂၀၂၆ ပညာသင်နှစ် စစ်ကောင်စီ ကျောင်းများတွင် ကျောင်းအပ်နှံသည့် မိဘများနှင့် ကျောင်းအပ်နှံရေးအတွက် အားပေးစည်းရုံး လှုံ့ဆော် ကူညီပေးနေသူများအား အသိပေး၊ သတိပေးဆောင်ရွက်ရန် အကြောင်းကြားခြင်း"ဟုဆိုကာ ထုတ် ပြန်လိုက်သည်။ NUG နှင့် နောက်လိုက်တစ်သိုက်၏ထုတ်ပြန်ချက်တွင် "(၁)စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းတွင် NUG ကြားကာလ ပညာရေးစနစ် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် လုပ်ငန်းစဉ်များ၊ မူဝါဒများချမှတ်၍ ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။ 
    ၎င်းကဲ့သို့ လုပ်ငန်းစဉ်များ၊ မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် စစ်ကောင်စီ၏ စည်းရုံးဖြားယောင်းသွေးဆောင်မှုကြောင့်လည်းကောင်း၊ NUG ကြားကာလ ပညာရေးစနစ်ကို ဖျက်ဆီးလိုသော ဆန္ဒများကြောင့် သော်လည်းကောင်း၊ စစ်ကောင်စီလက်အောက်ခံ(ဘက) ကျောင်းများ၊ ကိုယ်ပိုင်အထက် တန်းကျောင်းများ၊ စစ်ကောင်စီဖွင့်လှစ်ထားသော ကျောင်းများ၊ ယဉ်ကျေးမှု အမည်ခံ (ဘက)ကျောင်းများ သို့ သွားရောက် အပ်နှံလျက်ရှိပါသည်။ ၎င်းကိစ္စများကို လုံးဝ(လုံးဝ) ပပျောက်နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် စည်းကမ်းချက်များကို အောက်ပါအတိုင်း ချမှတ်လိုက်သည်။ (က)စစ် ကောင်စီနှင့်ပတ်သက်သည့် ကျောင်းများကို တော်လှန်ရေး နယ်မြေအတွင်းရှိ ကျောင်းသားမိဘများ အနေဖြင့် ကျောင်းအပ်နှံခြင်း လုံးဝ(လုံးဝ) မပြုရန်၊ (ခ)အကြောင်း အမျိုးမျိုးဖြင့် စစ်ကောင်စီကျောင်းများ၌ သွားရောက် အပ်နှံပြီးပါက ၃၀-၆-၂၆ ရက် နောက်ဆုံးထားပြီး မိမိ၏ သားသမီးများအား ပြန်လည် ခေါ်ဆောင်၍ ကြားကာလ ပြည်သူ့အခြေပြု ကျောင်းများသို့ အပ်နှံကြရန်၊ (ဂ)တော်လှန်ရေးတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်နေသော ပုဂ္ဂိုလ်များအနေဖြင့်လည်း မိမိတို့ မိသားစုဝင်များ၏ သားသမီးများခြွင်းချက် မရှိ ပြန်လည်ခေါ်ယူပြီး ကြားကာလ အခြေပြုကျောင်းများသို့ အပ်နှံကြရန်၊ (ဃ)ကျောင်းသားကျောင်း သူများ၏ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို မဟန့်တားလိုသော်လည်း ဒေသနေ တော်လှန်ပြည်သူများ၏ လုံခြုံရေးစည်း မကျိုးပေါက်စေရန်အတွက် စစ်ကောင်စီကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား မိမိတို့ တော်လှန်ရေးနယ်မြေအတွင်းတွင် တော်လှန်ရေး မပြီးမချင်း  ပြန်လာခြင်းကို ခွင့်မပြုကြရန်။
    ၂။အထက်ပါ အပိုဒ်(၁)ပါ လုပ်ငန်းစဉ် စည်းကမ်းချက်များအား လိုက်နာမှု မရှိသော ပုဂ္ဂိုလ်များကို ရပ်ကျေး၊ တိုက်နယ် ပအဖ၊ ပကဖများနှင့် ပညာရေးအဖွဲ့များမှ စိစစ်ပြီး အဆင့်ဆင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
    ၃။ သို့ဖြစ်ပါ၍ ပုလဲမြို့နယ်အတွင်းရှိ ရပ်/ကျေး၊ တိုက်နယ် ပအဖ၊ ပကဖများ၊ ကျောင်းနယ်မြေ ခေါင်းဆောင်များနှင့် ကျောင်းမိသားစုခေါင်းဆောင်များအနေဖြင့် စစ်ကောင်စီကျောင်း၌ အပ်နှံသော ကျောင်းသားမိဘများ၊ စည်းရုံးလှုံ့ဆော် အားပေးနေသူများအားစိစစ်ပြီး အရေး ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိရပ်ရွာနေ မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက် နိုင်ရန်အတွက် ကျယ်ကျယ်ပြန့် ပြန့်ချပြ ရှင်းလင်းဆောင်ရွက်သွားရန်နှင့် လိုက်နာခြင်းမရှိသော ပုဂ္ဂိုလ်များအား တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။ အဖွဲ့ခေါင်းဆောင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုလဲမြို့နယ်"ဟု လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ 
    ထုတ်ပြန်ချက်တွင် ZAW ဆိုသည့် လတ်မှတ်ရေးထိုးထားရာ ဗိုလ်နဂါး၏ ရန်သူတော်မိတ်ဆွေ ဟောင်းကြီး ဇော်ထက်၊ တစ်နည်းအားဖြင့် NLD ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဇော်ထက်ပင် ဖြစ်ပါလိမ့်မည်။ NLD အမတ်တစ်ဦး၏ တိုင်းပြည်အပေါ် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်နေမှုဖြစ်သည်ဟုလည်း စာထက်အက္ခရာ တင်ထားလိုသောကြောင့် ကြေညာချက်အပြည့်အစုံ ထည့်သွင်းရေးသားထားရခြင်း ဖြစ်ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ယင်းမာပင်နှင့် ပုလဲမြို့တို့အတွက် ထုတ်ပြန်ထားခြင်းဖြစ်ရာ ထိုဒေသဝန်းကျင်တွင် ရှိနေသည့် ကျောင်းများမှာ ယခု ၂၀၂၆ ပညာသင်နှစ်အတွက် ဖြောင့်ဖြောင့် တန်းတန်း ကျောင်းဖွင့်နိုင်ရေးမည်သူက ရင်အေးနိုင်ပါတော့မည်နည်း။
    ထိုကဲ့သို့ ပုလဲမြို့နယ်ကဲ့သို့ပင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင် NUG ၏ နောက်လိုက်အပေါင်းအပါနှင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက ယခုလာမည့် ၂၀၂၆ ပညာသင်နှစ်အတွက် ကလေးများကို ကျောင်းမအပ်နှံကြရန် ခြိမ်းခြောက်စာများ ထုတ်ပြန်ထားကြသည်။

NUG အတွက်ဖျောက်ဖျက်မရသည့် သမိုင်းစာမျက်နှာ
    "ယင်းမာပင် ပအဖ ခေါင်းဆောင်သမီးလည်း ပြင်ဦးလွင်မှာ ကျောင်းထားတယ်လို့ ကြားတယ်။ သူကိုယ်တိုင်လည်း ပြင်ဦးလွင်အနီးက ဘုန်းကြီးကျောင်းမှာ ဦးပဉ္စင်းဝတ်နေတယ် ကြားရပါကြောင်း"ဟု ယင်းမာပင် နယ်ခံတစ်ဦးက အထက်ပါထုတ်ပြန်ချက်စာ၏ အောက်တွင် မှတ်ချက်ရေးထားလေသည်။ တောသား လူလည်ကျခြင်းခံရသည့် အညာသားများဟုသာ မှတ်ချက်ချလိုက်ချင်ပါသည်။ ယင်းမာပင် ပုလဲနယ်ဘက်တွင်ရှိသည့် တော်လှန်ရေးခေါင်းဆောင်များ၏ သားသမီးများ ပညာရေးအတွက် မြို့ကြီးပြကြီးများတွင် သွားရောက်၍ ပညာသင်ကြားနေကြကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးများ၏ နောက်လိုက်ကောင်း ပီသပါပေသည်ဟုလည်း ဒေသခံအချို့က မှတ်ချက်ပေးလေသည်။
    NUG ၏ တော်လှန်ရေး ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသော ဇော်ဝေစိုး၊ လွင်ကိုလတ်၊ မင်းမော်ကွန်း၊ ပန်ဆယ်လို၊ ချစ်သုဝေနှင့် လင်းလင်း၊ မြဝတ်ရည် စသော တော်လှန်ရေးတွင် ကလေးများကို ကျောင်းမတက်စေရန် ပြောခဲ့ကြသော်လည်း သူတို့၏ သားသမီးများသည် နိုင်ငံခြားကျောင်းများတွင် အသီးသီးထားရှိ နေကြသည်။ သူတို့၏ လူမှုကွန်ရက် အကောင့်များတွင် သူတို့၏ သားသမီးများနှင့် ပတ် သက်သည့် ကျောင်းအပ်သည့် ဓာတ်ပုံများ၊ ဘွဲ့ယူသည့် ဓာတ်ပုံများ၊ ပညာသင်ယူနေသည့် ဓာတ်ပုံများ အမှုမဲ့အမှတ်မဲ့ တင်လေ့ရှိကြပြီး မြန်မာပြည်တွင်းတွင် နေထိုင်ကြသည့် ကလေးငယ်များကိုမူ တော်လှန် ရေးတံဆိပ်ကပ် စစ်ကျွန်ပညာရေးဟု ကင်ပွန်းတပ်ကာ ကလေးသူငယ်များ၏ အခွင့်အရေးကို လက်နက်အားကိုးဖြင့် ပိတ်ပင်နေကြသည်။ ကလေးသူငယ်များ၏ ပညာရေးကို လက်နက်အားကိုးဖြင့် ပိတ်ပင်နေသည့် အဖွဲ့အစည်းမျိုးကိုမှ အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် မသတ်မှတ်လျှင် မည်ကဲ့သို့ သတ်မှတ်ရ မည်နည်း။
    NUG  နှင့် နောက်လိုက်နောက်ပါ လက်နက်ကိုင်အဖွဲ့အစည်းများဘက်က ကလေးများကို ကျောင်းမအပ်ရန်၊ ကျောင်းမတက်ရန် သူတို့ ဉာဏ်ရည်မီသလောက် ထုတ်ပြန်ချက်ကို တိုင်းသိပြည်သိ၊ ကမ္ဘာသိ သမိုင်းဝင်ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထိုကဲ့သို့ ထုတ်ပြန်ချက်များ၊ ကျောင်းမတက်ရန် လှုံ့ဆော်မှုများ သည် NUG နှင့် နောက်လိုက်နောက်ပါ အဖွဲ့များ၏ သမိုင်းတွင် ဖျောက်ဖျက်မရသည့် လုပ်ရပ်မျိုးကို ထပ်ဖန်တလဲလဲ ကျူးလွန်နေကြခြင်းဖြစ်သည်ဟု ပညာသင်ကြားရမည့် ကလေးများကိုယ်စား ပြောရ ပါလိမ့်မည်။


ကုသလသမဂ္ဂ၏ ကလေးများ အခွင့်အရေးကို တိုက်ရိုက်ချိုးဖောက်နေသည့် NUG
    တော်လှန်ရေးခေါင်းစဉ်အောက်က NUG ၏နောက်လိုက် အပေါင်းအပါ လက်နက်ကိုင်အဖွဲ့များသည် သူတို့ဉာဏ်မီသလောက် ကလေးများ၏ ပညာသင်ကြားခွင့်ကို ပိတ်ပင်နေခဲ့ကြသည်ဟု အထက်တွင် ဆိုခဲ့သည်။ ကလေးများ၏ ပညာသင်ကြားခွင့် ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဖျောက်ဖျက်မရသော သမိုင်းကို ရေးထိုးနေသူ များဟုလည်း ဆိုခဲ့ပါသည်။
    ထိုကဲ့သို့ မှားနေသည့်လမ်းကြောင်းကို ထပ်ဖန်တလဲလဲ လျှောက်လှမ်းနေသူများကိုလည်း တားဆီးပိတ်ပင် ဟန့်တားမည်သူ မရှိကြဘဲ အလိုတူအလိုပါ လိုက်ပါ လုပ်ဆောင်နေကြသည်။ ကလေးများ၏ ပညာသင်ကြားခွင့်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ်(၂၈) (ပညာသင်ကြားခွင့်)တွင် 'နိုင်ငံအသီးသီးသည် ကလေးတိုင်း၏ ပညာသင်ကြားခွင့်ကို အသိအ မှတ်ပြုရမည်။ ထိုအခွင့်အရေးကို တန်းတူညီမျှမှု အခြေခံပေါ်တွင် အဆင့်ဆင့် ဖော်ဆောင်ပေးရန်အတွက် အထူးသဖြင့် အောက်ပါတို့ကို ဆောင်ရွက်ရမည်။
    (က) မူလတန်းပညာရေးကို အခမဲ့ဖြစ်စေရ မည့်အပြင် ကလေးတိုင်း မသင်မနေရ တက်ရောက်နိုင်အောင် ဆောင်ရွက်ရမည်။
    (ခ) အထွေထွေပညာရေးနှင့် သက်မွေးဝမ်းကျောင်းပညာရေး အပါအဝင် အလယ်တန်းနှင့် အထက်တန်းပညာရေး ပုံစံအမျိုးမျိုးကို တိုးတက်ထွန်းကားလာစေရန် အားပေးရမည်။ ကလေးတိုင်း တက်ရောက်သင်ကြားနိုင်အောင် စီစဉ်ပေးရမည်ဖြစ်ပြီး လိုအပ်ပါက အခမဲ့ပညာရေး မိတ်ဆက်ခြင်းနှင့် ငွေကြေးအကူအညီပေးခြင်းတို့ကို ဆောင်ရွက်ရမည်။
    (ဂ) လူတိုင်းမိမိ၏ အရည်အချင်းအပေါ် အခြေခံ၍ အဆင့်မြင့်ပညာရေး (တက္ကသိုလ်ပညာရေး) ကို သင်ကြားခွင့်ရရှိစေရန် သင့်လျော်သော နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရမည်။
    (ဃ) ကလေးများ အားလုံးအတွက် ပညာရေးနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ သတင်းအချက် အလက်များနှင့် လမ်းညွှန်မှုများကို ရရှိနိုင်အောင် ဆောင်ရွက်ပေးရမည်။ 
    (င) ကျောင်းတက်ရောက်မှု မှန်ကန်စေရန်နှင့် ကျောင်းထွက်နှုန်း လျော့နည်းစေရန် နှိုးဆော်အားပေးသည့် နည်းလမ်းများကို ဆောင်ရွက်ရမည်။
    (စ) ကျောင်းစည်းကမ်းများသည် ကလေး၏ လူသားဂုဏ်သိက္ခာနှင့် ကိုက်ညီမှု ရှိစေရန်နှင့် ဤစာချုပ်ပါ အချက်များနှင့် ညီညွတ်မှုရှိစေရန် နိုင်ငံတော်က ထိန်းကျောင်းရမည်။ (ကလေးအား ကိုယ်ထိလက် ရောက် ညှဉ်းပန်းနှိပ်စက်သည့် အပြစ်ပေးမှုမျိုး မရှိစေရ) ဟူ၍ ပြန်ဋ္ဌာန်းထားသည်။
    NUG ထိပ်ပိုင်းခေါင်းဆောင်များနှင့် လက်နက်ကိုင် အကြမ်းဖက် နောက်လိုက်အပေါင်းတို့အနေဖြင့် ကလေးများ၏ ပညာသင်ကြားခွင့်ကို ပိတ်ပင်ခြင်းသည် တိုင်းပြည်၏ သမိုင်းတရားခံစစ်စစ်များ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးတွင် ထူးခြားချက်အနေဖြင့် နိုင်ငံတကာ စစ်မက်ဖြစ်ပွားရာဒေသများမှာပင် ကလေးများ၏ပညာရေးပျက် ပြားမသွားစေရန် ကာကွယ်ပေးရမည် ဆိုသည်က အခြေခံအကျဆုံး အနှစ်သာရပင် ဖြစ်သည်။ ပဋိပက္ခများ မည်မျှပင် ပြင်းထန်နေပါစေ ကလေးများ၏ ပညာရေးကို နိုင်ငံရေး၊ စစ်ရေးရည်ရွယ်ချက်အတွက် အသုံးမချရဆိုသည်က အလွန်အရေးကြီးသည့်အချက်ပင်ဖြစ်ပြီး NUG က ထိုအချက်များကို တိတိကျကျ ကျူးလွန်နေသည်ဟုပင် ပြော နိုင်ပါသည်။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 13

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62643

© 2022 - 2026 News. All Rights Reserved.