ကျားဖြူပါတီ (SNDP) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့် အား ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ မတ် ၁၂

လာမယ့်လွှတ်တော်အခင်းအကျင်းက ပြည်သူတွေလိုလားတဲ့ နိုင်ငံရေးပါတီတွေ၊ EAO တွေလိုလားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အောင်အောင်မြင်‌မြင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ် . . . 

            မကြာမီ ပေါ်ပေါက်လာမည့် လွှတ်တော်အခင်းအကျင်း၊ လွှတ်တော်၏  ရွေးချယ်တင်မြှောက်မှုတို့မှတစ်ဆင့် အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာမည့် အခြေအနေနှင့် တိုင်းပြည် အပြောင်းအလဲတို့အပေါ် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်၏ အမြင်သဘောထား၊ သုံးသပ်ချက်များအား ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ ရွေးကောက်ပွဲ ကိုယ်စားလှယ် အနိုင်ရရှိမှုအခြေအနေနဲ့ လက်ရှိ ပါတီလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ပြောပြပါဦး။

USTM   ။       ။ ရွေးကောက်ပွဲမှာကတော့ ပါတီက မျှော်မှန်းထားသလောက် အနိုင်မရခဲ့ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်ကျော်လောက် အနိုင်ရမယ်လို့ ‌မျှော်မှန်းထားတာ။ တကယ်အနိုင်ရရှိတော့ ၃၉ ဦးပဲ အနိုင်ရခဲ့တယ်။ ၃၉ ဦးမှာ ပြည်သူ့လွှတ်တော် ခုနစ်ဦးရယ်၊ အမျိုးသားလွှတ် တော်တစ်ဦးရယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်မှာ ရှစ်ဦးပဲ ရခဲ့တာပေါ့။ ကျန်တာတွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်နေရာတွေပါ။ လက်ရှိကတော့ ပါတီအနေနဲ့ မယ်မယ်ရရ လှုပ်ရှားတာတော့ မရှိသေးပါဘူး။ လွှတ်တော်ကိုယ်စားလှယ်‌တွေ၊ လွှတ်တော် တက်နိုင်ရေးနဲ့ လာမယ့်လွှတ်တော်မှာ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးသွားရင် ရှေ့လုပ်ရမယ့်၊ အဆိုတင်ရမယ့် ကိစ္စတွေကိုတော့ တိုင်ပင်ထား တာတွေ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ပါတီကနေပဲ လမ်းညွှန်မှု လုပ်ပါတယ်။

TREND ။            ။ လွှတ်တော်အခင်းအကျင်းကို ဘယ်လို ခန့်မှန်းသုံးသပ်ချင်လဲ။

USTM   ။             ။ လာမယ့် လွှတ်တော်အခင်းအ ကျင်းကို ခန့်မှန်းရတာကတော့ ခက်ပါတယ်။ ဘာလို့လဲ‌ဆိုရင် ၂၀၁၀ တို့၊ ၂၀၁၅ တို့တုန်းကတော့ ခန့်မှန်းလို့ရတယ်။ အခု ၂၀၂၅ ရွေးကောက်ပွဲအလွန် လွှတ်တော်အခင်းအကျင်းကိုတော့ ဘယ်လိုမှ ခန့်မှန်းလို့မရဘူး။ အရင်တုန်းကတော့ အနိုင်ရပါတီတွေက လွှတ်တော်အခင်းအကျင်းအတွက်ကို အပြည့်အ၀ အကုန်လုံး စီမံခန့်ခွဲတယ်လေ။ အခုကတော့ လက်ရှိအစိုးရကပဲ စီမံခန့်ခွဲမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအခြေ အနေအရပေါ့၊ ပြီးခဲ့တဲ့ ၂၀၁၀ အကူးအပြောင်းကာလတုန်းကလည်း တပ်မတော်အစိုးရကပဲ အခင်းအကျင်း အားလုံးကို ပြင်ဆင်ပြီးမှ အနိုင်ရ ပါတီကို တာဝန်လွှဲအပ်ခဲ့တာ။ အခုလည်း အဲဒီပုံစံမျိုး ဖြစ်မယ်ထင်တယ်။ ၂၀၂၅  ရွေးကောက်ပွဲကို အခုလက်ရှိ တပ်မတော်အစိုးရကပဲ ကျင်းပပေးခဲ့တာဆိုတော့ အခင်းအကျင်းအားလုံးကို စီမံဆောင်ရွက် ပေးပြီးမှ လွှတ်တော်အခင်းအကျင်းရော အစိုးရတစ်ရပ်ပဲ ထွက်ပေါ်လာမယ်လို့ မြင်တယ်။ လွှတ်တော်မှာ ပါတီလွှမ်းမိုးမှုကတော့ အရင်‌ရွေးကောက် ပွဲတွေလိုပါပဲ၊ အခုရွေးကောက်ပွဲမှာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ USDP ကပဲ အပြတ်အသတ်အနိုင်ရခဲ့တာဆိုတော့ လွှတ်တော်မှာ အများဆုံး လွှမ်းမိုးမှုရှိမှာပါ။ ဒီလို အနိုင်ရပါတီက အများစု လွှတ်တော်နေရာရထားပေမယ့်လည်း အနည်းစု အနိုင်ရတဲ့ ပါတီတွေကလည်း လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နဲ့ အဆိုတွေ တင်သွင်းတာ၊ မေးခွန်း‌တွေ မေးမြန်းတာ စသည်ဖြင့် အဲဒီလို အခွင့်အရေးတွေတော့ရှိမှာပါ။ ဒါကလည်း လွှတ်တော်ကိုယ်စားလှယ်တိုင်းရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါပေမဲ့ တင်ပြတဲ့အရာ၊ အဆိုတင်တဲ့ အကြောင်းအရာ အတည်ပြုတာ အဆို‌ အောင်၊ မအောင် ဆိုတာကတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ထောက်ခံမှု၊ ကန့် ကွက်မှုတွေအပေါ်မှာပဲ မူတည်သွားမှာပါ။ ဒါကြောင့် ကျွန်တော်ထင်တာကတော့ အရင်အတွေ့အကြုံ လည်း ရှိခဲ့တယ်။ ကျန်တဲ့ အနည်းစု အနိုင်ရပါတီတွေက ကိုယ်စားလှယ်တွေ တင်သွင်းတဲ့အဆိုတွေကို အနိုင်ရပါတီကိုယ်စားလှယ်တွေ ထောက်ခံတယ်ဆိုရင် အဲဒီအဆို အောင်မြင်မှာပါ။ သူတို့ထောက်ခံတဲ့ အနေအထားမရှိဘူး ဆိုရင်တော့ ဘယ်လောက်ပဲ အဆိုတင်တင် မဲခွဲဆုံးဖြတ်တဲ့အခါ သေချာပေါက် ရှုံးနိမ့်မှာပါ။ ကိုယ်စားလှယ်တိုင်းက လွတ်လပ်စွာ အဆိုတင်သွင်းနိုင်ခွင့်ကတော့ရမယ်။ အဆိုအောင် ခြင်း၊ မအောင်ခြင်းက အနိုင်ရပါတီ လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ သဘောထားအပေါ်မှာပဲ မူတည်ပါ့မယ်။ လွှတ်တော် အခင်းအကျင်းအနေနဲ့ကတော့ လာမယ့်လွှတ်တော်မှာ အတိုက်အခံပါတီအနေနဲ့ ရှိမှာမဟုတ်ဘူး။ ဒုတိယအများစု အနိုင်ရတဲ့ ပါတီကလည်း အတိုက်အခံ လုပ်မယ်လို့ ထင်မထားဘူး။ အတိုက်အခံ လုပ်တယ်ဆိုတာက အင်အားအသင့်အတင့်ရှိမှ လုပ်လို့ရတာ။ အခုက အင်အားအသင့် အတင့်ရတဲ့ ပါတီက မရှိဘူးလေ။ အနည်းစုပဲ လွှတ်တော်နေရာ ရခဲ့တာပါ။ အဲဒီတော့ လက်ရှိအနေ အထားအရက လွှတ်တော်မှာရော၊ အစိုးရကိုရော အတိုက်အခံလုပ်မယ့်ပါတီ မတွေ့ဘူး။

TREND ။            ။ အတိုက်အခံအင်အားစု မတွေ့မိဘူးဆိုတော့ အနည်းစုပါတီ ကိုယ်စားလှယ်တွေရဲ့ အဆိုတွေ၊ မေးခွန်းတွေက လွှတ်တော်မှာ အောင်မြင်မှုအခြေအနေ ဘယ်လိုအနေအထား ဖြစ်လာနိုင်လဲ၊ ပြီးတော့ ပြည်သူကိုပေးထားတဲ့ ကတိကဝတ်တွေကိုရော ကိုယ်စားလှယ်တွေက အပြည့်အ၀ အကောင်အထည်ဖော်နိုင်ပါ့မလား။

USTM   ။             ။ ကျွန်တော်တို့ နိုင်ငံမှာရော၊ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာရော လွှတ်တော်ကိုယ်စားလှယ်လောင်း တော်တော်များများက မဲဆွယ်တဲ့အခါမှာတော့ သူတို့က ပြည်သူလူထုကို၊ မဲဆန္ဒရှင်တွေကို မဲဆွယ်စည်းရုံးတဲ့ အခါမှာတော့ ပြောကြတာပဲ။ သူတို့ လုပ်နိုင်မယ့်ကိစ္စတွေ၊ သူတို့ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ကိစ္စတွေ၊ သူတို့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ကိစ္စတွေ တော်တော်များများ ပြောကြပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲရောက်တဲ့အခါမှာ၊ အစိုးရဖွဲ့စည်းပြီးတဲ့အခါမှာ တော့ တော်တော်များများက မဆောင်ရွက်နိုင်တာတွေ့ရတယ်။ အဲဒီတော့ စည်းရုံးတဲ့ကာလမှာ ပြောတဲ့စကားဟာ သက်ဆိုင်ရာ လွှတ်တော်ကို ရောက်တဲ့အခါ၊ အစိုးရဖြစ်တဲ့အခါ ဆက်ပြီးတော့ မလုပ်နိုင်ကြတာ များတယ်ဗျ။ ဒါပေမဲ့ လာမယ့်အစိုးရနဲ့ လွှတ်တော်ကိုတော့ မပြောတတ်ဘူး။ အခုဒါက ပြီးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ ရေးရော၊ မြန်မာ့ နိုင်ငံရေးရော လေ့လာကြည့်တဲ့အခါ အဲဒီလို တွေ့ရမှာပါ။ တစ်ခုတော့ ရှိပါတယ်။ တချို့ဖြစ် နိုင်တဲ့ကိစ္စတွေ အားလုံးကိုတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက အပြည့်အ၀ ဆောင်ရွက်ကြမယ်လို့ ထင်ပါတယ်။ ဥပမာ ဒေသအကျိုးပေါ့။ မိမိတို့ ဒေသအကျိုးနဲ့ ပတ်သက်တဲ့ကိစ္စတွေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ငယ်တယ်ဆိုပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ အာမခံထားတဲ့အတိုင်း တချို့ဒေသမှာ မိမိတို့ဒေသအတွက်တော့ ဒေသအကျိုး သယ်ပိုးဆောင်ရွက်ကြမယ်လို့ လုံး၀ ယုံကြည်ပါတယ်။

TREND ။   ။ ဘယ်လိုအဆို မေးခွန်းမျိုးဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး သဘောတူလက်ခံပြီး ပူးပေါင်းဆောင်ရွက်မှု ပေါ်ပေါက်လာနိုင်လဲ။

USTM   ။         ။ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အကြောင်းအရာတွေ၊ အဆိုတွေဆိုရင် လွှတ်တော်တိုင်းက အမြဲတမ်း ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ပြီးခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လွှတ်တော်သက်တမ်းအရ လွှတ်တော်ရောက်ရင် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက တိုင်းပြည် အကျိုး ဖြစ်မယ့်ကိစ္စတွေ၊ နောက်အကောင်းဆုံးဖြစ်မယ့် အခြေခံဥပဒေ ပြင်ဆင်ရေး၊ နောက်တိုင်းပြည်နဲ့ လူမျိုး အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ကြတာ များပါတယ်။ လွှတ်တော်ဆိုတာက အဓိကက ဥပဒေပြင်ဆင်တာ၊ အသစ်ပြဋ္ဌာန်းတာဆိုတော့  ဥပဒေပြင်ဆင်မယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ပတ်သက်တဲ့ကိစ္စတွေကို သက်ဆိုင်ရာ လွှတ်တော်ရေးရာတွေက စီမံခန့်ခွဲမယ်ပေါ့။ ဒါကတော့ လွှတ်တော်ရဲ့ အလုပ်လေ။ ပြီးတော့မှ စီမံခန့်ခွဲထားတဲ့ ကိစ္စအ၀၀ကို သက်ဆိုင်ရာ အစိုးရတွေ၊ ပြည်နယ်နဲ့တိုင်း အစိုးရတွေက လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရတာ။ ဆိုတော့ လာမယ့်လွှတ်တော်မှာတော့ အများအကျိုး၊ တိုင်းပြည်အကျိုး ပြည်သူအများစုနဲ့ ပတ်သက်ရင် အားလုံးဟာ အပြုသဘောနဲ့ပဲ ကောင်းအောင် ဆောင်ရွက်ကြတာကို တွေ့ကြရမယ်လို့ ယုံကြည်ပါတယ်။

            ပြည်သူ့အကျိုးပြု ဆိုရင်တော့ အားလုံး ပူးပေါင်းဆောင်ရွက်ကြမှာပါ။ အဲဒီလို မဟုတ်ဘဲနဲ့ တစ်ဦး တစ်ဖွဲ့ချင်းစီရဲ့ အကျိုးအတွက် ဆောင်ရွက်မယ်၊ အဆိုတင်မယ်ဆိုရင်တော့ ခက်ခဲလိမ့်မယ်။ ဥပမာ ဥပဒေတွေ ပြင်ဆင်တဲ့နေရာမှာ တစ်စုတစ်ဖွဲ့ချင်းစီအတွက် ပြောရင် အနည်းစုအတွက်ပဲ ဥပဒေတစ်ခုလုံး ကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် အဲဒါတွေက ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ပြည်သူ့အကျိုးအတွက် ပြုပြင်ပြောင်း လဲမယ်ဆိုရင်တော့ ဒါဆိုရင် အားလုံး အဆင်ပြေလိမ့်မယ်။ နမူနာအားဖြင့် ရှမ်းဆိုပါစို့ ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ အကျိုးနဲ့ပဲ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ ပိုပြီးခက်ခဲလိမ့်မယ်။ တစ်နိုင်ငံ လုံးအကျိုးအတွက် ဥပဒေတွေ ပြုပြင်မယ်၊ အဆိုတွေ တင်မယ်ဆိုရင်တော့ အားလုံးက စဉ်းစားပြီး ဆောင်ရွက်လို့ရမှာပါ။

            ရှမ်းပြည်အတွက်ပဲ လုပ်မယ်ဆိုရင် ကျန်တဲ့တိုင်းနဲ့ပြည်နယ် ၁၃ ယူနစ်က ထောက်ခံချင်မှ ထောက်ခံမယ်လေ။ အဲဒီအခါကျရင် ဒီအဆိုအောင်မြင်ဖို့ အတော်ကြီး ခက်ခဲပါမယ်။ ဒါက နမူနာပါ။ အဓိကကတော့ အနည်းစုအတွက်ပဲဆိုရင် ဥပဒေတွေက ပြုပြင်ဖို့ ခက်ပါတယ်။ ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့အချက်တွေကို ပြုပြင်မယ်ဆိုရင် အားလုံးက ပူးပေါင်းဆောင်ရွက်ကြမှာပါ။ ဥပမာ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်တဲ့ကိစ္စတွေမှာ ပါတီငယ်တစ်ခုခုက တင်တယ်၊ သို့မဟုတ်ရင် လွှတ်တော်ကိုယ်စားလှယ် နည်းနည်းလေးရှိတဲ့ ပါတီက တင်တယ်ဆိုရင် သက်ဆိုင်ရာအများစု အနိုင်ရတဲ့ ပါတီကြီးတွေက သဘောထားကြီးပြီးတော့ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး ကြည့်ပြီးတော့ အခြေခံဥပ‌ဒေကို ပြင်ဆင် မယ်ဆိုရင်တော့ ရှေ့လာမယ့် လွှတ်တော်ဟာ အားကောင်းမယ့်၊ ပြည်သူ့အကျိုးကို ဆောင်ရွက်မယ့် လွှတ်တော်တစ်ရပ် ဖြစ်လာမယ်လို့ ယူဆပါတယ်။

TREND ။       ။ NSPNC ၊ နိုင်ငံရေးပါတီ အစုအဖွဲ့နဲ့ EAO တွေ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်း သဘောတူညီထားတဲ့ အ‌ခြေခံဥပဒေပြင်ဆင်ရေး သဘောထားစုစည်းချက်တွေကရော လာမယ့်လွှတ်တော်မှာ ပြင်ဆင်တာ၊ အတည်ပြုတာ ဘယ်လိုအခြေ အနေ ဖြစ်လာနိုင်လဲ။

USTM   ။             ။ လောလောဆယ် အခြေအနေကတော့ NSPNC နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေ သဘောတူထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အချက် ၄၃ ချက် ရှိပါတယ်။ အဲဒီအချက်တွေက လွှတ်တော်ရောက်ရင် ဒီအချက်တွေကို ‌ဆွေးနွေးကြမယ်။ လက်ရှိအစိုးရဆိုတာလည်း နောက်လာမယ့် အစိုးရထဲမှာ ပါလာမယ်လေ။ တပ်မတော်နဲ့ ဆွေးနွေးရင်လည်း တပ်မတော်အစုအဖွဲ့လည်း ပါလာမယ်။ အဲဒီတော့ နိုင်ငံရေးပါတီအစုအဖွဲ့ကလည်း ပါပြီးသား၊ သဘောတူပြီးသားဆိုတော့ ဒီ ၄၃ ချက်  ဆွေးနွေးထားတာက လာမယ့်လွှတ်တော်ရောက်ရင် အခြေခံဥပဒေ ပြင်ဆင်ပြုပြင်ပြောင်းလဲရေးမှာ လာမယ့်လွှတ်တော်ကနေ သူ့ရဲ့ လုပ်ထုံးလုပ်နည်း နည်းဥပဒေအတိုင်း ဆောင်ရွက်သွားပြီးတော့ ပြုပြင်သွားမယ်လို့ ညှိနှိုင်း သဘောတူထားတာ ရှိပါတယ်။ အဲဒါကတော့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ သေချာတယ်လို့လည်း ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက အားလုံးသဘောတူထားတဲ့ အချက်တွေလေ။ သဘောတူညီ ပြီးသား ၄၃ ချက်ကို ပြင်ဆင်နိုင်မယ်၊ ပြီးရင် အဲဒီကနေ ကျန်တဲ့ ဆက်စပ်ရာပေါ့။ ဥပမာ ဥပဒေပုဒ်မတစ်ခု ပြင်တယ်ဆိုရင် ကျန်တဲ့ ဥပဒေပုဒ်မတွေပါ ဆက်စပ်ပြီး ပြုပြင်ရတယ်။ ကျွန်တော် ထင်ပါတယ်။ အဲဒီ ၄၃ ချက်ကို အဓိက မှီပြီးတော့ ပြုပြင်သွားမယ်ဆိုရင် အချိန်တော့ ယူရမှာပါ။ ဒါပေမဲ့ ၄၃ ချက်သာ ပြုပြင်ပြီးရင် ကျန်တဲ့ ဆပ်စပ်တဲ့ ပုဒ်မတွေကိုလည်း တဖြည်းဖြည်းချင်း ပြုပြင်သွားမယ်လို့ ယူဆပါတယ်။ ဖြစ်လာမယ်လို့ လည်းယုံကြည်ပါတယ်။ အဲဒါက လက်ရှိအစိုးရ NSPNC နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ ဆွေးနွေးတဲ့အခါမှာ အနိုင်ရပါတီ USDP ကလည်း ပါပြီးသား၊ တပ်မတော်ကလည်း ပါပြီးသား၊ လာမယ့်အစိုးရ သစ်မှာ လွှတ်တော်အခင်းအကျင်းမှာ ပါဝင်လာမယ့် တပ်မတော် အစုအဖွဲ့တွေလည်း သိထားပြီးသား ဖြစ်နေတယ်။ ချောချောမွေ့မွေ့နဲ့ ပြင်ဆင်နိုင်မှာပါ။ အဲဒါနဲ့အတူ နောက်ဆက်တွဲ ပုဒ်မတွေလည်း အများ ကြီးပြင်ဆင်ရမှာဆိုတော့ ဒါတွေလည်း အဆင်ပြေသွားနိုင်ပါတယ်။ အဲဒီကစပြီးတော့ ကျန်တဲ့ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ပုဒ်မတွေကိုလည်း လွှတ်တော်က အောင်အောင်မြင်မြင် ဆောင်ရွက်သွားမယ်ဆိုရင် လာ မယ့်လွှတ်တော်ဟာ နိုင်ငံရေးပါတီတွေ ပြည်သူတွေရဲ့ဆန္ဒကို အများကြီး ဖြည့်ဆည်း ဆောင်ရွက်နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။

TREND ။       ။ အဲဒီအချက် ၄၃ ချက်မှာက ဘယ်လိုပုဒ်မတွေ ပြင်မယ်၊ ပြင်ဆင်မယ့်အကြောင်း အရာတွေက ဘာတွေ ဖြစ်တယ်ဆိုတာ ပြောပြလို့ ရသလောက် ပြောပြပါဦး။

USTM   ။          ။ ဘယ်ပုဒ်မတွေ ဖြစ်တယ်ဆိုတာကတော့ အလွတ်မရဘူး။ ဥပမာ နမူနာအနေနဲ့ ပြောရရင် အခုက ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အားလုံးကို ရွေးကောက်တင်မြှောက်ပြီး ခန့်အပ်တာ။ ဒါပေမဲ့ အရေးအကြီးဆုံးဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်အုပ် ချုပ်ရေးမှူးတွေကျတော့ ရွေးကောက်ခံတာ မရှိဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြို့နယ်အားလုံးကလည်း ရပ်/ကျေးတွေလိုပဲ ရွေးကောက်တင်မြှောက်ပြီး ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်ရမယ်။ ထို့အတူ ခရိုင်အုပ်ချုပ် ရေးမှူးတွေကလည်း အားလုံး ရွေးကောက်ပွဲနဲ့ပဲ အရွေးချယ်ခံတဲ့စနစ် ပြုပြင်ပြောင်းလဲဖို့ တင်ပြခဲ့တယ်။ တင်ပြတဲ့အခါ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲကတော့ နောက်မှ တဖြည်းဖြည်းပြုပြင် ပြောင်း လဲကြရအောင်ဆိုပြီး မူအားဖြင့် သဘောတူညီ ထားတာရှိတယ်။ အခုမဟုတ်သေးဘူး၊ နိုင်ငံတော် တည်ငြိမ်လာတဲ့ အချိန်ကာလကျရင်၊ အခွင့်သာတဲ့အခါကျရင် မြို့နယ် အုပ်ချုပ်ရေးမှူးတွေကိုလည်း ရွေးကောက်ပွဲနဲ့ပဲ ရွေးချယ်ဖို့မူအားဖြင့် သဘောတူညီထားတယ်။ ဒါပေမဲ့ ခရိုင်နဲ့ပတ်သက်တဲ့ ခရိုင်အုပ်ချုပ် ရေးမှူးတွေကိုတော့  ရွေးကောက်ပွဲစနစ်နဲ့ ရွေးချယ်ဖို့ သဘောတူထားတာ ရှိတယ်။ စသည်ဖြင့်ပေါ့။ ဒါ ကျွန်တော် နမူနာပြောပြတာပါ။ ၄၃ ချက်မှာပါတဲ့ တစ်ချက်ပေါ့၊ အဲဒါမျိုးပဲ။ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ၄၃ ချက်ကိုတော့ သဘောတူထားတယ်။ အားလုံးကိုတော့ ပြောပြလို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ်လာမယ့် လွှတ်တော်ကတော့ ဒီ ၄၃ ချက်ကို စပြီး ပြုပြင်ရင်းနဲ့ပဲ ကျန်တဲ့ အခြေခံဥပဒေတွေလည်း အများကြီး ပြုပြင်ပြောင်းလဲသွားဖို့အတွက် ပြုပြင်မယ်၊ ဖြည့်စွက်မယ်၊ တချို့ကို ပယ်ဖျက်မယ်ပေါ့။ အဲဒီလို ဆောင်ရွက်နိုင်ပြီဆိုရင် အများကြီး အဆင်ပြေသွားမှာပါ။ ဒါကြောင့် လာမယ့် လွှတ်တော်အခင်းအကျင်းက ပြည်သူတွေလိုလားတဲ့ နိုင်ငံရေးပါတီတွေ၊ EAO တွေ လိုလားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အောင်အောင်မြင်‌မြင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည် ပါတယ်။

TREND ။            ။ လာမယ့် လွှတ်တော်အခင်းအကျင်းနဲ့အတူ အစိုးရတစ်ရပ်က ဘယ်လိုပုံစံ ဖွဲ့စည်းမှုမျိုးနဲ့ ပေါ်ပေါက်လာနိုင်လဲ။

USTM   ။      ဒါကိုတော့ အစိုးရတစ်ရပ်၊ နိုင်ငံရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ အကြီးအကဲနဲ့ အမြင့်ဆုံးက သမ္မတပါ။ ထုံးစံအရကတော့ နိုင်ငံတကာမှာရော၊ ကျွန်တော်တို့ နိုင်ငံမှာရော ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ သက်ဆိုင်ရာ အနိုင်ရပါတီကပဲ သင့်တော်တဲ့ ပုဂ္ဂိုလ်ကို သမ္မတခန့်တယ်။ သမ္မတ ခန့်အပ်တာ၊ ရွေးကောက်တင် မြှောက်တာကတော့ သူ့လုပ်ထုံးလုပ်နည်းအတိုင်း ပြည်သူ့လွှတ်တော်တစ်ယောက်၊ အမျိုးသားလွှတ်တော် တစ်ယောက်၊ တပ်မတော်အစုအဖွဲ့က တစ်ယောက် သုံးဦးခန့်မယ်။ ပြီးရင် ပြည်‌ထောင်စုလွှတ်တော်ကနေ မဲခွဲဆုံးဖြတ်ပြီးတော့ မဲအများဆုံးရတဲ့ ပုဂ္ဂိုလ်က သမ္မတ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက ဒုတိယသမ္မတ(၁)နဲ့(၂) ဖြစ်လာမှာပေါ့။ ဒီလိုရွေးချယ်တာပေါ့။ ဒါပေမဲ့ အခုက ဘယ်သူက သမ္မတဖြစ်မလဲ ဆိုတာကိုတော့ ဒီနေ့အထိ ခန့်မှန်းလို့ မရဘူး။ ခန့်မှန်းလို့ မရဘူးဆိုတာက ဒုသမ္မတက သုံးယောက် ရှိမယ်။ တပ်မတော်အစုအဖွဲ့က သမ္မတဖြစ်မလား၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစုအဖွဲ့တွေက သမ္မတဖြစ်မလား ဒါကို ခန့်မှန်းလို့မရဘူး။ ဒါကြောင့် လာမယ့်အစိုးရသစ်ရဲ့ အခင်းအ ကျင်းကို ကြိုတင်ပြီးတော့ ဘယ်လိုမှ မခန့်မှန်းနိုင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်အစုအဖွဲ့ကပဲ သမ္မတ ဖြစ်ပါစေ ဒါက တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားဆောင်ရွက်မယ့် ပုဂ္ဂိုလ်၊ အသင့်တော်ဆုံးပုဂ္ဂိုလ်ပဲ သမ္မတ ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။

TREND ။     ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဦးရေကို အနည်းဆုံး ငါးဦးမှ အများဆုံး ၁၀ ဦးအထိ သတ်မှတ်တာဝန်ပေးရမယ်ဆိုတဲ့ အချက်ပါတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်းလိုက်တဲ့အပေါ် ဘယ်လို မှတ်ချက်ပြုချင်လဲ။

USTM   ။             ။ ဒါက တိုင်းနဲ့ပြည်နယ် လိုအပ်ချက်အရ ဝန်ကြီးတွေကို ခန့်အပ်တာဆိုတော့ အရေအတွက်နည်းတယ်၊ များတယ်ဆိုတဲ့အပေါ်မှာ ဘာမှပြော စရာမရှိပါဘူး။ အခုလို အရေအတွက် ကန့်သတ်ထားတာကတော့ ဝန်ကြီးဖောင်းပွမှု နည်းသွားပါတယ်။ ငွေကြေးအားဖြင့်လည်း နိုင်ငံတော်က ပေးရမယ့် ထောက်ပံ့ချီး မြှင့်စရိတ်ကလည်း လျော့သွားတာပေါ့။  ကောင်းပါတယ်။ ဂျပန်မှာဆိုရင် ဝန်ကြီး နည်းနည်း ပဲရှိတာ။ ဂျပန်က ဝန်ကြီးတစ်ဦးက သုံးဌာန၊ လေးဌာန ဝန်ကြီးနေရာကို သူတို့ တွဲထားတာပဲ၊ နိုင်တာပဲ။ အဲဒါမျိုးတွေလည်း ရှိတယ်လေ။ ကျွန်တော်တို့နဲ့သိတဲ့ ဝန်ကြီးတစ်ဦးဆိုရင် ဂျပန်မှာ သူ့ရဲ့ဌာနလေးခုကို တစ်ဦးတည်း ကိုင်ထားတာ နိုင်တာပဲ။ ဒါကြောင့် ဝန်ကြီးအနည်းအများက အဓိက မဆိုင်ပါဘူး။ လုပ်ရည်ကိုင်ရည်၊ သူ့ရဲ့စွမ်းဆောင်မှုတွေနဲ့ပဲ အဓိက သက်ဆိုင်ပါတယ်။ အခုပြဋ္ဌာန်းလိုက်တယ်ဆိုတာ က ဝန်ကြီးဌာန ချုံ့ချင်ရင်လည်း ရတယ်လေ။ ဒါဆိုရင် ဝန်ကြီးတစ်ပါးက ဝန်ကြီးဌာန သုံး၊ လေးခုစာ တစ်ခါတည်း တွဲကိုင်မယ်ဆိုရင် အဲဒီလိုလည်း ရတာပဲ။ အဲဒီလို ပုံစံဖြစ်လာမယ် ထင်တယ်။ အဲဒီလိုဆိုရင် ဝန်ကြီးဌာန တော်တော်များများကို တစ်ဦးတည်းနဲ့ နိုင်သလောက်ပေါ့။ သူနဲ့တွဲပြီးတော့ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေကို တွဲပြီး ကိုင်နိုင်တဲ့ဟာ ဒါကတော့ သက်ဆိုင်ရာဝန်ကြီး၊ ဒုဝန်ကြီးတွေအပေါ်မှာ သူတို့ရဲ့ အရည်အသွေး၊ အရည်အချင်းတွေအပေါ် မူတည်သွားမယ်လို့ မြင်ပါတယ်။ အဓိကကတော့ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာဟာ ဖောင်းပွမှုကို ထိန်းချုပ်လိုက်တဲ့ သဘောလို့ ယူဆပါတယ်။

TREND ။            ။ ပေါ်ပေါက်လာမယ့် အစိုးရသစ်အတွက် အဓိကစိန်ခေါ်မှုပြဿနာက ဘာဖြစ်မလဲ။

USTM ။       ။ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အခက်အခဲ၊ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေပေါ့။ အဓိက စိန်ခေါ်မှုကတော့ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ စီးပွားရေးပါ။ ကျွန်တော်တို့ တိုင်းပြည် အ‌ခြေအနေအရ ငြိမ်းချမ်းရေးက တော်တော်ကြီးကို ကြိုးစားရမှာ။ အရင့်အရင် အစိုးရတွေထက်ကို ပေါ်ပေါက်လာမယ့် အစိုးရသစ်က ပိုပြီးတော့ ကြိုးစားမှ ငြိမ်းချမ်းရေးကိစ္စက ပိုပြီး အဆင်ပြေပါမယ်။ ဒါကြောင့် အစိုးရသစ် တက်တက်ချင်း ရင်ဆိုင်ရမယ့် အခက်အခဲက တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးရေးနဲ့အတူ ငြိမ်းချမ်းရေး ရယ်၊ နိုင်ငံရဲ့ စီးပွား ရေးအခြေအနေ ကောင်းမွန်တိုးတက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို အမှန်တကယ် လုပ်ဆောင်နိုင်မယ့်၊ စွမ်းဆောင်နိုင်မယ့် ပုဂ္ဂိုလ်တွေ အစိုးရသစ်ထဲမှာ ပါဝင်စေချင်ပါတယ်။ နေရာယူထားရုံ မဟုတ်ဘဲနဲ့ တကယ်လုပ်ဆောင်မယ့်၊ တကယ်လုပ်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်လာရင် ဒီအခက်အခဲ စိန်ခေါ်မှု‌တွေကို ဖြေရှင်းဆောင်ရွက်နိုင်ပြီးတော့ တိုင်းပြည်အတွက် အထူးကောင်းမွန် လာမှာပါ။ ပြီးတော့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံအကြီးအကဲတွေကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အကောင်းဆုံးလုပ်ပိုင်ခွင့် ပေးသင့်ပါတယ်။ သူ့ဝန်ကြီးဌာနအလိုက် သူ့လုပ်ပိုင်ခွင့်အလိုက် လုပ်ပိုင်ခွင့်တွေကို အပြည့်အဝပေးမယ်။ နောက် ဆုပေး၊ ဒဏ်ပေးစနစ်ကို ကျင့်သုံးမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီး ဌာနတွေအားလုံး၊ ဝန်ကြီးတွေအားလုံးကလည်း နိုင်ငံတော်အတွက် ကြိုးစားဆောင်ရွက်ကြလိမ့်မယ်လို့ မြင်ပါတယ်။

TREND ။     ။ မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူတော့မယ်။ အစိုးရသစ်တစ်ရပ်လည်း ပေါ်ပေါက်လာတော့မယ်။ ဒီအခြေအနေကနေ တိုင်းပြည်ရဲ့ အနာဂတ်မှာ အပြောင်းအလဲ အလားအလာ အပေါ် ဖြည့်စွက်ပြောကြားပေးပါဦး။

USTM။       ။ လွှတ်တော်တို့ အစိုးရတို့ဆိုတာက ရွေးကောက်ပွဲပြီးရင် ပေါ်လာတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပါပဲ။ တိုင်းပြည်အနာဂတ်ကတော့ တက်လာတဲ့ လွှတ်တော်ရဲ့ အရည်အချင်းနဲ့ အဲဒီလွှတ်တော်ကတော့ တင်မြှောက်တဲ့ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ မူတည်သွားမှာပါ။ လွှတ်တော်တစ်ခုလုံးရဲ့ သက်ဆိုင်ရာ လွှတ်တော်အသီးသီးရဲ့ စွမ်းဆောင်ရည်တွေကလည်း ကောင်းမွန်မယ်၊ ကြိုးစားမယ်ဆိုရင်၊ အစိုးရအဖွဲ့ကလည်း ကောင်းမွန်မယ်၊ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့အလားအလာ အနာဂတ်က လက်ရှိအခြေအနေထက် ပိုပြီးတော့ အများကြီး တိုးတက်ဖွံ့ဖြိုး လာမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုပဲ မျှော်လင့်ပါတယ်။ တက်လာမယ့်အစိုးရက ငြိမ်းချမ်းရေးကို အကောင်းဆုံး စိတ်တိုင်းကျ ဆောင်ရွက်လို့ရတယ်။ အခုလက်ရှိအစိုးရက ဒါတွေကို အဓိကထား ဆောင်ရွက်နိုင်ခဲ့သလို ဘက်စုံလည်း တိုးတက်အောင် ဆောင်ရွက်ခဲ့တယ်။

            ဘာပဲဖြစ်ဖြစ် နောက်လာမယ့် အစိုးရက လက်ရှိအခက်အခဲတွေရော၊ ငြိမ်းချမ်းရေးဆိုလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ ပီပီပြင်ပြင် ဆောင်ရွက်နိုင်လိမ့်မယ်၊ ‌ရွေး‌ကောက်ပွဲကနေ တက်လာတဲ့ အစိုးရဖြစ်တော့ တော်တော်များများ Sanctions တွေလည်း လျော့သွားမယ်၊ သို့တည်းမဟုတ် Sanctions တွေ ပြုတ်သွားမယ်။ အဲဒီတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးရေးအတွက်ကို မျှော်မှန်းလို့ရသွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အရင်တုန်းကလည်း ဒီလိုပဲ အများကြီး Sanctions တွေ မိခဲ့တာပဲ။ ရွေးကောက်ပွဲလုပ် တယ်၊ လွှတ်တော်ပေါ် လာတယ်၊ အစိုးရပေါ်လာတယ်ဆိုရင် ရွေးကောက်ခံ အစိုးရ၊ Legitimacy ရှိတဲ့ အစိုးရ ဖြစ်သွားပြီ။ တစ်ကမ္ဘာ လုံးကလည်း Legitimacy ဖြစ်တဲ့ အစိုးရလို့ သတ်မှတ်လို့ရပါပြီ။ ဒါကြောင့် စီးပွား ရေးအတွက်လည်း Sanctions တွေ လျော့သွားမယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေး၊ သံတမန် ဆက်ဆံရေး ကအစ အများကြီး ကောင်းမွန်လာမယ်၊ တိုးတက်လာမယ်။ လက်ရှိအနေအထားထက်ကို တိုင်းပြည်က အများကြီး အပြောင်းအလဲတွေ၊ တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်မယ်။ ပိုပြီးတော့လည်း စွမ်းဆောင်နိုင်မယ့် အနေအထား ရောက်လာမှာပါ။

TREND   ။           ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ (ညီသစ်)


(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )                            

Total Views ~ 28

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60933

© 2022 - 2026 News. All Rights Reserved.