ခေတ်သစ် ဒေါင်းယောင်ဆောင်သော ကျီး

၂၀၂၆ ၊ ဇွန် ၁၂

    ငှက်တွေဆိုတာက ခုမှမဟုတ်ဘူး သမိုင်းနဲ့ချီပြီးကို အချင်းချင်း ပြဿနာတက်လေ့ရှိသည်။ ဥပမာ ဇီးကွက်နှင့် ကျီးကန်းဆိုလျှင် ကမ္ဘာ့ရန် ဖြစ်သည်။ ဖြစ်ရတဲ့ အကြောင်းအရင်းကလည်း ကျီးကန်းဆိုတာက နေ့ဘက်မှာ ကျင်လည်ကျက်စားသော သတ္တဝါဖြစ်ပြီး ဇီးကွက်က ညမင်းသား ဖြစ်သည်။ ဒီတော့ နေ့ဘက် အမြင်အာရုံနည်းသော ဇီးကွက် တစ်ကောင်လောက်များတွေ့ရင် ကျီးကန်းတွေက အုပ်စုလိုက် ဝိုင်းသမ ကြတော့သည်။ ကျီးကန်းဆိုတဲ့ အမျိုးကလည်း အုပ်စုတောင့်လို့ကတော့ လူတောင် ရန်မူချင်တဲ့ ငှက်မျိုး စိတ်ဖြစ်သည်။ 'အား အား'ဟူသော အသံပါဝါကောင်းကောင်းနဲ့ ကျီးအာလိုက်လျှင် နားမခံနိုင်ကြပေ။ တချို့ကလည်း အိမ်ရှေ့လာပြီး ကျီးအာလျှင် ဧည့်သည်လာတတ်သည်ဟု ကြံဖန်ပြောကြသေးသည်။ ထူးမြတ်တို့ငယ်ငယ်က အိမ်ရှေ့က သစ်ပင်ပေါ် ကျီးကန်း လာအာပါက လူကြီးမိဘတွေက 'ပေးမယ့် ကမ်းမယ့် ဧည့်သည်ပဲလာဟေ့'ဆိုပြီး အော်ပြောတတ်ကြသည်။ ပြီးတော့ 'ရွှေကျီးလေး သာတယ်တော့' ဆိုပြီး အမွှမ်းတင်ကြသေးသည်။ ယနေ့ခေတ်လို ကုန်ဈေးနှုန်းက ခေါင်ခိုက်နေတဲ့ကာလမှာ အိမ်ရှေ့မှာ ကျီးလာသာရင် ဧည့်သည်လာမှာစိုးပြီး လေးခွနှင့်ပစ်ကြမှာ သေချာသည်။
    ငှက်တွေအကြောင်း ပြောရင်း ငယ်ငယ်က မူလတန်းဖတ်စာမှာ သင်ခဲ့ရသည့် ဒေါင်းယောင်ဆောင်သော ကျီးအကြောင်းလေး ပြောပြချင်မိသည်။ ယနေ့ခေတ် မူလတန်းဖတ်စာမှာ ထိုသင်ခန်းစာ ထည့်သွင်း သင်ကြားခြင်း ရှိ၊ မရှိမသိရသော်လည်း ထူးမြတ်တို့ငယ် ဘဝအကြောင်း ယနေ့ခေတ် လူငယ်တွေသိအောင် ပြောပြလိုခြင်း ဖြစ်သည်။ အနှီပုံပြင်က မူလတန်းဖတ်စာ အုပ်မှာကတော့ စာကြောင်းရေ ၁၀ ကြောင်း မပြည့်တပြည့် ဖတ်စာဖြစ်ပြီး မိမိအမျိုးကို ချစ်တတ်ဖို့ သင်ခန်းစာပေးသည့်သဖွယ် ရေးသားထားခြင်း ဖြစ်သည်။ ထိုဖတ်စာအတိုင်း ဖော်ပြရင် ခုခေတ်လူငယ်တွေက ထူး မြတ် တစ်ယောက် ငါတို့ကို စာပြန်သင်ပေးနေသည်ဟု ထင်ကြပေလိမ့်မည်။ ထို့ကြောင့် ယနေ့ခေတ်လူငယ်များ ဖတ်လို့ကောင်း အောင် ရေးပြဖို့လည်း လိုလာသည်။ 'ဒေါင်းယောင်ဆောင်သောကျီး ပုံပြင်'ကို ခေတ်နှင့်လျော်စွာရေးသား ရန် အကြံထုတ်ရလေတော့သည်။ ပုံပြင်တို့၏ထုံးစံအတိုင်း ရှေးသရောအခါက အစပြုရမည် ဖြစ်သော်လည်း ခေတ်နှင့်လျော်ညီစွာ နွေဦးကာလက စရမည်ဖြစ်သည်။
    နွေဦးကာလအစက တောတို့ရဲ့ အရှင်သခင် ကေသရာဇာ ခြင်္သေ့မင်ကြီးက တောသုံးတော၊ တောင်သုံးတောင်မှာ ဒေါင်းတွေ ပရမ်းပတာ လုပ်တာကြောင့် မဖြစ်ချေဘူးဆိုပြီး ရာဇမာန်ဖြင့် ဟိန်း ဟောက်လိုက်ရာ ဒေါင်းတွေ ဟိုတစ်အုပ်၊ ဒီတစ်အုပ် တောပြောင်းပြေးကြတော့သည်။ ဒေါင်းဆိုတဲ့ အမျိုးကလည်း ကတဲ့ဒေါင်းကက၊ ခွပ်တဲ့ဒေါင်းက ခွပ်ဆိုတော့လည်း သူတို့အချင်းချင်း မတည့်တာမျိုးလည်း ရှိတတ်သည်။ ကဒေါင်း
အမျိုးအစားကလည်း ဒေါင်းအချင်းချင်းကြား အလှအပကို ကြွားဝါချင်တာကြောင့် အမြီးကို ဖြန့်ဖြန့်ပြီး ကပြကြသည်။နောက်ကကြည့်ရင်တော့ ဒေါင်းဖင်ပြောင်ကြီး ဖြစ်နေသည်။ ခွပ်ဒေါင်း ဆိုတာကလည်း ဒေါင်းအချင်းချင်း တွေ့တာနဲ့ ခွပ်ဖို့ချောင်းနေသည်။ ပုံပြင်ပြန်ဆက်ရလျှင် အခြေအနေ မကောင်းလို့ တောပြောင်းသွားတဲ့ ဒေါင်းတွေ ဟိုတစ်စု၊ ဒီတစ်စုနေကြပြီး တစ်အုပ်စုမှာ ဒေါင်း ခေါင်း ဆောင် တစ်ကောင်စီဖြင့် ဒေါင်းဆရာကြီးတွေ လုပ်ကြသည်။ ဒီလိုဆိုတော့ ဒေါင်းမျိုးကွဲပေါင်းများစွာ ပေါ်ထွက်လာသည်။ တချို့ဒေါင်းတွေကလည်း အိုးဝေ  အိုးဝေဖြင့် အသံခပ်စွာစွာ အော်ဟစ်ပြီး တောဘုရင်ကြီး ကေသရာဇာခြင်္သေ့မင်းကြီးကို မကျေနပ်ကြောင်း ပြောကြသည်။ တချို့ ဒေါင်းတွေကလည်း ဘယ်နားရောက်ရောက် အကအလှနဲ့ ရှိုးပွဲတွေကျင်းပပြီး ဒေါင်းမင်းသား မင်းသမီးတွေ ဖြစ်ကုန်ကြသည်။ တချို့ဒေါင်းတွေကလည်း မည်းမည်းမြင်ရာ ခွပ်ကြရင်း သေပွဲဝင်တဲ့ကောင်ကသေ၊ ကျိုးကန်းအမြီးကျွတ်တဲ့ ကောင်တွေနဲ့ ဒေါင်းဒုက္ခိတတွေ ဖြစ်ကုန်ကြသည်။
    တောပြောင်းတဲ့ ဒေါင်းတွေထဲမှာ အနေအထိုင်အတတ်ဆုံးကတော့ ကဒေါင်းတွေ ဖြစ်သည်။ လူလို ပြောရရင် အနုပညာရှင် ဒေါင်းတွေ ဖြစ်သည်။ အခြား ဒေါင်းတွေလိုမခွပ်တတ်တော့ အိုးဝေဆိုပြီး တေးသီချင်း တွေဆိုလိုက်၊ အမြီးလေးဖြန့်ပြီး ကလိုက်နဲ့ အလုပ်ဖြစ်နေကြသည်။ တောပြောင်းသွားတဲ့အထဲမှာ ဒေါင်းတွေသာမက တခြားငှက်မျိုးစိတ်တွေလည်း ပါကြသည်။ခြင်္သေ့မင်းကြီးကို ဒေါင်းတွေက ဆန့်ကျင်မယ်ဟေ့ ဆိုတာနဲ့ ငါတို့လည်း တောင်ပံနှစ်ဖက်ပါတာပဲ ဒေါင်းတွေလို ပျံလို့ရတဲ့ငှက်မျိုးစိတ်ပဲဆိုပြီး တောပြောင်းတဲ့နောက် ကောက်ကောက်ပါအောင် လိုက်သွားကြသည်။ ဒေါင်းတွေကတော့ လေဟု န်စီး ဖရီးရိုက်ပြီး ခပ်ဝေးဝေးတောတွေ ရောက်သွားကြသော်လည်း ရောယောင်ပြီး လိုက်ပျံတဲ့  တချို့ငှက် တွေ လမ်းခုလတ်မှာ အတောင်ညောင်းပြီး ဟိုမရောက် ဒီမရောက် ဖြစ်ကြရသည်။ ဒီလိုဆိုတော့ အုပ်စုတောင့်တဲ့ ဒေါင်းတွေနဲ့အတူ ကျီးကန်းတစ်ကောင် စ၊ နှစ်ကောင်စ ပါသွားကြသည်။
    ပြဿနာက အမျိုးအစားမတူဘဲ အတူတကွ အုပ်စုဖွဲ့နေချင်ရာက စတာဖြစ်သည်။ အနုပညာသည် ဒေါင်းတွေကလည်း ကမယ်ခုန်မယ်၊ ပျော်ကြပါးကြမယ်ဆိုတော့ အသံပြဲကြီးနဲ့ တအားအား အော်တတ်ပြီး မကတတ်တဲ့ ကျီးကန်းတွေအတွက် အခက်တွေ့ကြရသည်။ ထိုကျီးကန်းတွေထဲ 'မည်းမည်း' အမည်ရ ကျီးကန်းမတစ်ကောင်က အဆိုးဆုံးဖြစ်သည်။ အနေအစားချောင်အောင် ဒေါင်းအဖိုတစ်ကောင် ကို ရအောင်ကြံမယ်ဆိုပြီး ဒေါင်းအသိုက်အဝန်းနဲ့ရောပြီး ဒေါင်းယောင်ဆောင်တော့သည်။ အရောင်အသွေးက မွဲမွဲခြောက်ခြောက် ကျီးကန်းဆိုတော့ ဒေါင်းယောင်ဆောင်ဖို့က ပုံပြင်ထဲကလို ဒေါင်းတွေ ကျွတ် ကျသည့် အမွှေးတွေကို လိုက်လံစုဆောင်း သည့် နည်းလမ်းဟောင်းအစား ဒေါင်းတွေရဲ့ကြွေးကြော် သံဖြစ်သည့် 'ဒေါင်းတို့အာဏာ ဒေါင်းကို ပြန်ပေး'ဟု ဟစ်ကြွေးကာ ဒေါင်းတွေနဲ့ ရောနှောနေထိုင်လေသည်။ ကျီးမလေး 'မည်းမည်း'က ၎င်းအကြံအတိုင်း ဒေါင်းဖိုတစ်ကောင်ကို အပိုင်ကြံပြီး ဒေါင်းမျိုးဆက်ရဖို့ အစီအမံတွေ လုပ်တော့သည်။ ဒေါင်းဖိုနေထိုင်ရာ အသိုက်တွေ အထိလိုက်ပြီး ဒေါင်းနဲ့ နီးစပ်ရရရေး အကြံထုတ်လေသည်။ ခက်တာက အတောင်နှစ်ဖက်ကြား နှုတ်သီးထွက်သော ငှက်သတ္တဝါချင်းတူသော်လည်း အရွယ်အစား အရောင်အသွေး မတူတာကြောင့် ဒေါင်းဖိုကလည်း ကျီးမကို အသိုက်နား အကပ်မခံချေ။
    ဒီလိုဆိုတော့ ကျီးမ မည်းမည်းတစ်ကောင် အခက်တွေ့ပြီး ဒေါင်းတွေမကောင်းကြောင်း ဒေါင်းတွေ ကြားသွေးခွဲစကား ဆိုလေသည်။ ဒေါင်းဖိုကြီးက ဒေါင်းသာပြောတာ ဒေါင်းစိတ်ဓာတ်မရှိကြောင်း၊ ခပ်ကြောင်ကြောင် ဒေါင်းဖြစ်နိုင်ကြောင်း၊ ငှက်အချင်းချင်း သင့်သင့်မြတ်မြတ်နေရမယ့်အစား ဒေါင်းအသိုက်ကို ကျီးမလာရ၊ ကျီးအသိုက်ကိုလည်း ဒေါင်းတွေမသွား ဟူသော ငှက်အဆင့်အတန်းခွဲခြားကြောင်း ကုန်းချောစကား ဆိုလေသည်။ ဒီလိုဆိုတော့ ဒေါင်းတွေလည်း အချင်းချင်းသွေး ကွဲကုန်ကြပြီး တချို့ဒေါင်း လည်း ငါတို့ဒေါင်းက မျိုးရိုး ဂုဏ်သိက္ခာနဲ့နေတဲ့ ဒေါင်းမျိုးကွာ လာမဆိတ်နဲ့ဆိုတာမျိုး၊ တချို့ဒေါင်း တွေကလည်း ကျီးလည်းငှက်ပဲ သူလည်း ဒေါင်းဖြစ်ခွင့်ရှိကြောင်း၊ အမွေးအရောင် မတူသော်လည်း ဒေါင်းစိတ် ဒေါင်းမာန်ရှိရင် ဒေါင်းဖြစ်လို့ ရတယ် ဆိုတဲ့အထိ သွေးကွဲကြကုန်သည်။ ဒေါင်းယောင်ဆောင်တဲ့ ကျီးပြဿနာက တဖြည်းဖြည်းကြီးမားလာပြီး တောင်အနှံ့ ထိုသတင်း ပျံ့သွားလေသည်။ နောက်ဆုံးတော့ ထုံးစံအတိုင်း တိရစ္ဆာန်ပုံပြင်တွေထဲမှာ မပါမဖြစ် ပညာရှိ ဇီးကွက်ကြီးထံ ရောက်သွားပြီး အဆုံးအဖြတ် ခံယူကြလေသည်။
    ဇီးကွက်ကြီးနဲ့ ကျီးကန်းကလည်း နဂိုကတည်းက ကမ္ဘာ့ရန်ဆိုတော့ ခေတ်သစ်ဒေါင်းယောင်ဆောင်သောကျီးပြဿနာကို ဖြေရှင်းရေးတွင် ဒေါင်းတွေဘက်က ဘက်လိုက်ပြီး "ကျီးကန်းတွေ နောက် နောင် ဒေါင်းတွေနဲ့ ရောနှောမနေထိုင်ဖို့၊ ငှက်အချင်းချင်း ခုလိုဖြစ်နေတာ ဒေါင်းတို့၏ မိခင်ကြီးသိရင်လည်း စိတ်ကောင်းမှာ မဟုတ်ကြောင်း"ပြောဆို ဆုံးမလိုက်လေတော့သည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 41

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62800

© 2022 - 2026 News. All Rights Reserved.