ဆရာကြီးထူးမြတ်နှင့် ပါရီလူငယ်များ

    "မောင်ရင်တို့ဘာသာ မောင်ရင်တို့ ပြင်သစ်မှာပဲ ဆရာကြီးဖြစ်ခဲ့ဖြစ်ခဲ့၊ ပါရီမှာပဲ ဆန္ဒပြဖူးပြဖူး ဆရာတို့ မြန်မာပြည်က လူတွေနဲ့ တွေ့ရင်တော့ အလိုလို တပည့်ဖြစ်သွားမှာပဲ"ဟု ဆရာကြီးထူးမြတ်က အွန်လိုင်းပေါ်ကတစ်ဆင့် ပြင်သစ်က လူငယ်တွေကို သြဝါဒချွေလေသည်။ ပြင်သစ်က လူငယ်တစ်သိုက်က ဆရာကြီး၏ မျက်နှာကို အားကိုးတကြီးဖြင့် ကြည့်လေသည်။ "ဟုတ်ကဲ့ပါ ဆရာကြီး အားကိုး ပါတယ်။ ဆရာကြီးတို့လို အတွေ့အကြုံရှိတဲ့ သူတွေဆိုတာ ကမ္ဘာအနှံ့ရှာမှရှားဆိုတော့ ခုလည်း တပည့်တို့ အားကိုးတကြီး ဆက်သွယ်လိုက် တာပါဆရာကြီး"ဟု ပြင်သစ်လူငယ်တွေ သံပြိုင်ပြောကြသည်။ "စိတ်အေးအေးထားပါ..ငါ့ကောင်တို့ ဖြစ်စဉ်ကို သေချာပြောပြ"ဟုဆိုကာ ဆရာကြီးထူးမြတ်တစ်ယောက်  မုတ်ဆိတ်မွေးကို ဟန်ပါပါပွတ်ရင်း စကားလမ်းကြောင်း ဖွင့်ပေးလိုက်သည်။ "ဒီလိုပါ ဆရာကြီး ကျွန်တော်တို့လူငယ်တွေ ကျောင်းတွေထဲမှာ အခက်အခဲ ရှိတယ်။ နောက်စားစရိတ်တွေကြီးလာတာ ကြောင့် ပြင်သစ်အစိုးရကို ဆန္ဒထုတ်ဖော်ကြတာပါ။ ဒါကို ရဲတွေက ဖမ်းတာ ရက်ပိုင်းအတွင်း ကျွန်တော်တို့ ဘော်ဒါတွေ ဂျေးထဲ ရောက်ကုန်ကြတယ်။ စုစုပေါင်း လူ ၁၂၀၀ လောက် အဖမ်းခံရတယ် ဆရာကြီး။ ကျွန်တော်တို့ကို ကယ်ပါဦး"ဟု သနားစဖွယ် ပြောကြလေသည်။
    "မောင်ရင်တို့က လောတာကိုးကွ။ ကျွန်တော်တို့က လူငယ်တွေပါ...လူငယ်တွေမှာ အနာဂတ်ရှိတယ်ဆိုပြီး ပြင်သစ်ဘာသာစကားနဲ့ မကြွေးကြော်ကြဘူးလားကွ"ဟု မေးခွန်းထုတ်လိုက်သည်။ "ဘာမှအော်ချိန် မရလိုက်ပါဘူး ဆရာကြီးရယ်၊ ရဲကားတွေရောက်လာပြီး ကျွန် တော်တို့က ခဲတွေနဲ့ ဝိုင်းပေါက် တော့ တွေ့သမျှ အကုန်ဖမ်းသွားတာပဲ"ဟု ဖြေလေသည်။ "မင်းတို့က အတွေ့အကြုံနုတာကိုးကွ။ တကယ်ဆိုရင် လမ်းဘေးတွေမှာ အေးအေးဆေးဆေးထိုင်ပြီး အမှန်တရားကို ရရင်ရ... ပြန်မရရင် အဆုံးထိသွားမှာပါဆိုပြီး သီချင်းလေးအေး အေး ဆေးဆေးထိုင်ဆိုနေရမှာ"ဟု ဆရာကြီးထူးမြတ်က ထပ်ဆင့်ကာ သြဝါဒချွေလေသည်။ "နောက် မောင်ရင်တို့က မြို့တော်ခန်းမတွေကိုပါ မီးသွားရှို့တော့ ဖမ်းမှာပေါ့ကွ။ ဆရာကြီးတို့နိုင်ငံမှာဆိုရင် မြို့တော်ခန်းမရှေ့ဆိုတာ ဒံပေါက်ထုပ်တွေ၊ ကြက်ဆီထမင်းတွေ ဝေတဲ့ နေရာကွ။ မဖွယ်မရာ သွားလုပ်လို့မရဘူး။ ယုတ်စွအဆုံးကွာ ရဲတွေကို တွေ့ရင်တောင် ဘေးနားမှာ ဒံပေါက်ထုတ်နဲ့ ရေသန့်ဘူး သွားချပေးထားတာကွ။ မောင်ရင်တို့လို ရဲနဲ့ထိပ်တိုက် မတွေ့ကြဘူး" ဟု ပြောလေရာ ပြင်သစ်နိုင်ငံသား ငတိလေးတွေ မျက်လုံးအဝိုင်းသားဖြင့် ဆရာကြီးကို ကြည်ညိုစွာ ကြည့်ကြလေသည်။
    "နောက်ပြီး မင်းတို့ R2P လာမှာကို မစောင့်ကြဘဲ ဇွတ်လုပ်တော့ခံရမှာပဲ။ ခုမှ ဆရာကြီးကို လာဆက်သွယ်တာ နောက်ကျသွားတယ်ကွာ။ ငါနဲ့သာ စောစောတွေ့ရင် ၇၂ နာရီပဲစောင့် သူတို့အကွက်ထဲ မဝင်စေနဲ့ဆိုပြီး ပြောပြမှာ၊ ခုတော့ မင်းတို့လူတွေ အဖမ်းခံရပြီ။ ဖမ်းသွားတာကို မင်းတို့က ငြိမ်ခံနေရ သလားကွာ 'ချက်ချင်းလွှတ်'၊ 'ချက်ချင်းလွှတ်'ဆိုပြီး ဝိုင်းမအော်ကြဘူးလား"ဟုမေးလေရာ ပြင်သစ်လူ ငယ်တစ်သိုက် ခေါင်းခါပြလေသည်။ "အိမ်း မင်းတို့သတင်းတွေ ကြားရပါတယ်။ ဆန္ဒလည်းပြရော ဆိုင်တွေထဲ၊ အိမ်တွေထဲဝင်ပြီး လုကြ၊ ယက်ကြနဲ့ မင်းတို့က ခိုးဖို့ ဝှက်ဖို့ အားသန်နေကြတာကိုးကွ"ဟု ဆက်ပြောလေရာ ပြင်သစ်လူငယ်တစ်သိုက် ခေါင်းငိုက်စိုက်ကြသွားလေသည်။
    "သိပ်လည်းမစိုးရိမ်ကြပါနဲ့ကွာ ကမ္ဘာ့ကုလသ မဂ္ဂအဖွဲ့ကြီးက ကြည့်နေမှာ မဟုတ်ပါဘူး။ တံခါးပိတ်တာတို့၊ တံခါးဖွင့်တာတို့ဆိုတဲ့ အစည်းအဝေးတွေ လုပ် လိုက်ရင် ပြေလည်သွားမှာပါ။ နောက် UN တပ် တွေလည်း လာနိုင်တယ်သားကြီးတို့ မင်းတို့ ပြင်ဆင်ထား ဖို့လိုတယ်"ဟု ဆိုလိုက်ရာ ပြင်သစ်လူငယ်တွေ မျက်နှာရွှင်ပြဝင်းပသွားလေသည်။ "ဒီလိုလာမယ်ဆိုရင် မင်းတို့တွေ အော်ကြီးဟစ်ကျယ်ကြိုဆိုတာတွေ မလုပ်ရဘူး။ သပြေပန်းတွေ ကမ်းပေးတာတွေ မလုပ်ရဘူး။ သူတို့က အပေါ်က အမိန့်ပေးတဲ့အတိုင်း လုပ်တာဆိုတော့ သွား မနှောင့်ယှက်ကြနဲ့ ကြားလား"။ "ဟုတ်ကဲ့ပါဆရာကြီး"။ "အေး UN တပ်မှာ ပြင်သစ်လူမျိုး စစ်သားတွေပါလာ မှာဆိုတော့ အချိန်တန်ရင် သိသင့်သိထိုက်တာတွေပြော ပြလိမ့်မယ်။ ကြားလား"။ "ဟုတ်ကဲ့ပါဆရာကြီး၊ လောလောဆယ် တပည့်တို့ ဘာလုပ်ရမလဲဆရာကြီး"ဟု အားကိုးတကြီး မေးကြလေသည်။
    ဆရာကြီးထူးမြတ်တစ်ယောက် ပြင်သစ်ငတိ လေးတွေအမေးကို ချက်ချင်းမဖြေသေးဘဲ စီးကရက်တစ်ဖွာဖွာလိုက်သည်။ ပြီးမှ "လောလောဆယ်တော့ ပြင်သစ်ရဲတွေ ချက်ချင်းကြီးရပ်ကွက်ထဲတွေ ဝင်မလာအောင် သဲအိတ်တွေ ကာထားကြကွ။ ပြီးရင် ပြင်သစ်က စကီလေးတွေဝတ်တဲ့ ဘရာစီယာတွေ၊ အတွင်းခံတွေ၊ စကပ်တွေကို ကြိုးတန်းလုပ်ပြီး ရပ်ကွက်ထိပ်ကဓာတ်တိုင်တွေမှာ ချိတ်ထားရမယ်ကြားလား"။ "ဟုတ်ကဲ့ပါဆရာကြီး၊ ဟုတ်ကဲ့ပါ တစ်သဝေမတိမ်းလုပ်ပါ့မယ်"။ "အိမ်း..မင်းတို့ အရိပ်ပြရင် အကောင်မြင်သားပဲ၊ ခုမင်းတို့နိုင်ငံက အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေ သုံး၊ ရေပိုက်တွေ သုံးပြီး ဖြိုခွင်းနေတယ်ဆိုရင် လူငယ်တွေစုပြီး ပြင်သစ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဖွဲ့ပြီး လောလောဆယ် ကာကွယ်ကြပေါ့ကွာ"။ "ဟုတ်ကဲ့ပါ ဆရာကြီး"။ "အေး...နောက်ပြီး ပြင်သစ်သံအမတ် ကြီးဆီကိုလည်း ဒီကိစ္စအပေါ် ဒီမိုကရေစီ စံနှုန်းနဲ့ဆောင်ရွက် ဖို့၊ လူ့အခွင့်အရေး လေးစားလိုက်နာဖို့၊ ဖမ်းဆီးခံလူငယ်တွေကို အမြန်ဆုံး လွှတ်ပေးဖို့၊ ဆန္ဒပြဖြစ်စဉ်အပေါ် ဆရာကြီး ထူးမြတ်တစ်ယောက် အလွန်အမင်း စိုးရိမ်ကြောင်း၊ အကြမ်းဖက်နှိမ်နင်းတာတွေ မလုပ်ဖို့စာရေး လိုက်ပါ့မယ်"။ "ကျေးဇူးတင် လိုက်တာ ဆရာကြီးရယ်။ ကိုယ်ထိလက် ရောက်ကူညီပေးတာ ကျေးဇူးတင်ပါတယ်"ဟု ပြင်သစ်လူ ငယ်တစ်သိုက် မျက်ရည်စ တွေနဲ့ ကျေးဇူးတင်စကား ဆိုကြလေသည်။
    "ရပါတယ်ကွာ မင်းတို့ဆီမှာက ခေါင်းဆောင်ကောင်း မရှိလို့ ခုလိုဖြစ်တာကွ။ တို့များဆီမှာတော့ ခေါင်းဆောင်ကြီးတွေက အွန်လိုင်းပေါ်ကနေ အချိန်ပြည့် ညွှန်ကြားနေတာကွ။ နောက်ထပ်မှာချင်တာ ကတော့ မင်းတို့ ပြင်သစ်ပြည်ရဲ့ စံတော်ချိန် ည ၈ နာရီတိုင်းမှာ သံပုံးလေး၊ ဘာလေး တီးကြပေါ့ကွာ။ ဒါမှ မင်းတို့အစိုးရ နားငြီးသွားပြီး အလျှော့ပေးမှာကွ ကြားလား"။ "ဟုတ် ကဲ့ပါဆရာကြီး၊ ကျွန်တော်တို့ သံပုံးတီးပါ့မယ်။ ဒါနဲ့ဆရာကြီးတို့ တော်လှန်ရေးအခြေအနေရော"ဟုဆိုကာ ဝါးနုက ဝါးရင့်ပတ်ဖို့ အကြံဖြင့်မေးလေသည်။ ဆရာကြီး ထူးမြတ်တစ်ယောက် ခပ်ထေ့ထေ့ပြုံးရင်း "၂၀၂၉ ဆိုရင် တော်လှန် ရေးအခြေအနေတစ်ခုကို ရောက်ပြီသားကြီးတို့။ ငါတို့ခေါင်းဆောင်ကြီးတွေက မင်းတို့လိုမဟုတ်ဘူး  ရက်စွဲအတိအကျနဲ့ တော်လှန်ကြတာကွာ။ ခြောက်လပဲ တောင့်ခံတို့၊ နှစ်ကုန်ရင် ပြီးပြီတို့၊ ဘယ်နှစ်ကြရင်တော့ အပြီးသတ်မှာတို့ပေါ့ကွာ။ ခု ၂၀၂၉ ခုနှစ်ကို အတိအ ကျပြောထားတယ်။ အဲ့ဒီနှစ်ရောက်ရင် အိမ်ပြန်ကြမှာပေါ့ကွာ"
    "ခုမှ ၂၀၂၆ဆိုတော့ ကြားကာလ သုံးနှစ်မှာ ဆရာကြီးတို့ ဘာလုပ်ကြမှာလဲ"ဟု ပြင်သစ်က ကောင်တွေ လျှာရှည်ပြန်သည်။ ဒါက ဆရာကြီးထူးမြတ်ကို ပညာလာစမ်းတာပင်ဖြစ်သည်။ ဆရာကြီး ထူးမြတ်တစ်ယောက် အလွန်တရာမှ အေးတိအေးစက်နိုင်လှသော လေသံကြီးဖြင့်  "အလှူခံစားမယ် လေ"ဟု ပြောလေရာ ပြင်သစ်နိုင်ငံက လူငယ်တစ်သိုက် ဆရာကြီးထူးမြတ်ကို   ဦးညွှတ်အလေးပြုကာ 'အရေးတော်ပုံအောင်ရမည်' ဟု ကြွေးကြော်၍ ပါရီမြို့က လမ်းမများဆီသို့ ချီတက်သွား ကြလေသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67093

© 2022 - 2026 News. All Rights Reserved.