ဆြာထူးနှင့် ဂွင်(ခွင်)ရှာကြသူများ

    အဘိုးအိုတစ်ယောက်သည် ခြံစည်းရိုးနားတွင် မြေများကို တူးဆွကာ သရက်ပင်ပေါက်ကလေး များကို စိုက်ပျိုးနေသည်။ ထိုမြင်ကွင်းကို ဆြာထူးတစ်ယောက် မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
    စိတ်ထဲကလည်း ဒီအဘိုးကြီး အလုပ်မရှိ အလုပ်ရှာတာပဲဟု တွေးနေမိသည်။ ထိုစဉ် မြင်းဖြူကြီး စီး၍  နန်းဝတ်နန်းစားဖြင့် လူရွယ်တစ်ဦး အဘိုးအိုသရက်ပင် စိုက်ရာနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ယနေ့ခေတ် ဇာတ်ပွဲတွေထဲက နန်းဝတ်နန်းစားတွေနဲ့ဆို တော့ ဆြာထူးတစ်ယောက် အံ့သြမှင်တက်နေသည်။အဘိုးကလည်း ထိုလူငယ်ကို "အရှင့်သားကြွပါ ဟို ကောင်ဖျာတစ်ချပ်ယူခဲ့စမ်း၊ ဒီမှာ အိမ်ရှေ့စံကိုယ်တော်လေး ကြွလာတယ်"ဟုဆိုကာ ဆြာထူး ဘက်ကိုလှည့်၍ ခိုင်းလေသည်။ ဆြာထူးလည်း ဖျာတစ်ချပ်ကိုယူကာ ပျာပျာသလဲ ခင်းပေးလိုက်သည်။ အဘိုးအိုကလည်း သရက်သီးတွေခွဲပြီး မင်းသားအား ဧည့်ခံလေသည်။ဆြာထူးတစ်ယောက် ထိုမြင်ကွင်းကို ရေးတေးတေး မှတ်မိလာသည်။ ဆြာထူးတို့ငယ်ငယ်က မြန်မာစာဖတ်စာထဲက ပုံပြင်အတိုင်း ဖြစ်နေသည်။ ဆြာထူးတစ်ယောက်  အချိန်ခရီးသွားများ ဖြစ်သွားသလားဆိုပြီး စဉ်းစားမိလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဟိုနန်းဝတ်နန်းစားနဲ့ အိမ်ရှေ့စံ ကိုယ်တော်လေးဆိုသူနှင့် အဘိုးအိုတို့၏ပြော စကားကို အသာငြိမ် နားထောင်နေမိသည်။
    မင်းသားက သရက်သီးများကို အားရပါးရစားပြီး "ကောင်းလိုက်တဲ့သရက်သီးဗျာ။ ဒါနဲ့နေပါဦး စောစောက အဘိုးစိုက်တဲ့အပင်ပေါက်တွေကဘာလဲဗျ"ဟုဆိုကာ ငယ်ငယ်ကသင်ခဲ့ဖူးသော ဖတ်စာထဲက ဒိုင်ယာလော့ခ်ကို ပြောချလိုက်သည်။ သေချာပြီ ဆြာထူးမြတ်တစ်ယောက် အချိန်ခရီးသွားပြီး သရက်ပင်စိုက်သည့် အဘိုးအိုထံ ရောက်သွားသည်။ ထုံစံအတိုင်း အဘိုးအိုကလည်း သရက်ပင်ပေါက်တွေ စိုက်နေတာဟု ဖြေသည်။ မင်းသားကလည်း အဘိုး ဒီအသက်အရွယ်မှစိုက်တော့  ဘယ်အချိန် စားရမလဲဆိုလေရာ ဖတ်စာထဲကလိုပဲ နောင်လာနောက်သားတွေစားဖို့ စိုက်တာဖြစ်ကြောင်း စောစောက အိမ်ရှေ့မင်းသား စားတဲ့ သရက်သီးတွေက  သူ့အဘိုးအဘွားတွေ စိုက်ခဲ့တာဖြစ်ကြောင်း ပြောလေသည်။ ပိုတောင်သေချာ သွားသည်။ ဖတ်စာအုပ်ထဲကအတိုင်း တစ်ယောက်တစ်လှည့် ပြောနေကြသည်။ နောက်ဆုံး နန်းဝတ်နန်းစား ပြောင်ပြောင်လက်လက်နဲ့ မင်းသားက ဖတ်စာအုပ်ထဲကအတိုင်း "အဘိုးဖြေသော အဖြေသည် မှတ်သားထိုက်ပေစွ၊ ကျွန်ုပ်မစဉ်းစားမဆင်မခြင် ပြောမိခြင်းကိုသည်းခံပါ။ ကျွန်ုပ်သည် ယနေ့မှစ၍ ကျွန်ုပ် ဘို့တစ်ဘို့တည်းကို မကြည့်တော့ပါ။ ကျွန်ုပ်နှင့်တကွ နောင်လာနောက်သားတို့ အကျိုးရှိမည့် အလုပ်မျိုးကိုသာ လုပ်ပါတော့မည်။ အဘိုးအား ပူဇော်ပါရစေ"ဟု ဆိုကာ ပတ္တမြားလက်စွပ်ချွတ်ပေးပြီး မြင်းကြီးကွတကွတ စီးပြီး ထွက်သွားလေတော့သည်။
    ဒီတော့မှ ပတ္တမြားလက်စွက်ကို အဘိုးအိုက အလေးချိန် ချိန်ဆက "ဟကောင်ရေငါတော့ ဒီနေ့တွက်ချေကိုက်ပြီဟ"ဟု ဆြာထူးကိုလှည့်ကာ ပြောလေသည်။ဆြာထူးလည်း မနေသာတော့ဘဲ "မဟုတ်ဘူးလေ အဘိုးရာ ဖတ်စာအုပ်ထဲကအတိုင်းဆိုရင် "ငါ့စေတနာအလျောက် စိုက်ပျိုးသော အပင်ကလေးများသည် ယခု လက်ငင်း ပတ္တမြားသီး သီးကြပေပြီ၊ ပတ္တမြားသီးသီးကြပေပြီဆိုပြီး ပြောရမှာလေ ဒါမှ ပြီးမှာပေါ့ အဘိုးရ"ဟု ဇာတ်ညွှန်းအတိုင်းဖြစ်ဖို့ ဝင်ထောက်ပေးရတော့သည်။အဘိုးကြီး သရက်ပင်ပေါက် ကိုကိုင်ကာ ဆြာထူးဘက်ကိုလှည့်၍ "ဟာ ဒီကောင် ဘာတွေလာပြောနေတာလဲ ဒါဂွင်(ခွင်)ဖန်နေတာကွ ငါတို့လူမျိုးတွေက အယုံလွယ်တယ်လေ။ ဒါကြောင့် သရက်ပင်ပေါက် စိုက်ချင်ယောင် ဆောင်တယ်။ လူတွေက အဘိုးအိုကြီး သစ်ပင်စိုက်တာကို သနားပြီး အာရကေလေးဘာလေး ပေးသွားကြတယ်။ ဒီနေ့ဂွင်(ခွင်)ကတော့ကွာ အိမ်ရှေ့စံမင်းသားကိုတို့ ဂွင် (ခွင်) အကြီးကြီးရိုက်လိုက်တော့ လက်စွပ်ပါချွတ် ပေးသွားတာပေါ့ကွာ"ဟု ပြောလေသည်။ ဆြာထူးတစ်ယောက် အံ့သြမိ သွားသည်။ မနေသာတော့ဘဲ "ဟာ...အဘိုးကြီး စောစောကချကျွေးတဲ့ သရက်သီးတွေက အဘိုးရဲ့ အဘိုးတွေ စိုက်ခဲ့တာဆို"ဟုမေး လေရာ "ဘယ်နှယ့်ကွာ ငါ့အဘိုးလည်း ငါ့လိုပဲ ခုလိုဂွင်(ခွင်)မျိုး ဖန်တာပဲကွာ။ စောစောက သရက်သီးက လည်း ဈေးထဲသွားဝယ်တာပေါ့။ တို့နိုင်ငံမှာ သရက်သီးတွေ ပေါမှပေါ့ကွာ။ စိန်တစ်လုံးဆိုရင် တရုတ် ဘက်မပို့ရတော့ မစားချင်မှအဆုံးပဲကွ"ဟုပြောလေသည်။
    ဆြာထူးတစ်ယောက် ရင်ထဲဘဝင်မကျတော့ချေ။ ဒီအဘိုးကြီး ဆြာထူးတို့ ငယ်ငယ်ကဖတ်စာထဲက ဇာတ်ညွှန်းကို ပေါက်ကရလုပ်ပြီဟုဆိုကာ "ဒါဆို စောစောက သရက်ပင်ပေါက်ကို နောင်လာနောက်သားတွေ စားဖို့စိုက်တယ်ဆိုတာ လိမ်ပြောတာပေါ့"ဟု အဘိုးကြီးကို ဘုတော တောရလေတော့သည်။ အဘိုးကြီးက ဆြာထူးကို ငကြောင်တစ်ကောင်ပဲဟူသော အကြည့်ဖြင့်ကြည့်ကာ "ဒီကောင်ကွာ ခြံစည်းရိုး အပြင်ဘက် စည်ပင်နယ်နိမိတ်မှာ ငါကသရက်ပင်စိုက်တော့ နင့်အမေလင် စည်ပင်က ခုတ်သွားမှာပေါ့ ဟ။ သရက်ပင်တစ်ပင်ဖြစ်ဖို့ နှစ်ရှည်လများ အချိန်ယူစရာ မလိုပါဘူးကွာ။ သုံးနှစ်လောက်နဲ့ ဖြိုင်ဖြိုင်သီးတဲ့ သရက်မျိုးတွေ အများကြီးပဲ။အိမ်ရှေ့ကြီးမှာ သရက်ပင်စိုက်ခဲ့ရင် နောင်လာနောက်သားတွေ ငါ့ကို ဒီအဘိုးကြီး အလုပ်မရှိအလုပ်ရှာ အပင်စိုက်ခဲ့တယ်ဆိုပြီး အပြစ်တောင်တင်ဦးမယ်"ဟုပြောလေသည်။
    "ဟာ ဒါဆို အဘိုးက လူလိမ်ပေါ့၊ လိမ်စားတာပေါ့။ သစ်ပင်စိုက်ချင်ယောင်ဆောင်ပြီး လူတွေ သနားကြည်ညိုအောင်လုပ်ပြီး ဂွင်(ခွင်)ဖန်တာပေါ့။ စောစောက နန်းဝတ်နန်းစားနဲ့ ကောင်လေးဆီက ပတ္တမြားလက် စွပ်တစ်ကွင်းကို ဂွင်(ခွင်)ဖန်တာပေါ့"ဟု ဆြာထူးတစ်ယောက် ဒေါသတကြီး အဘိုးကြီးကို ဖိကောလေတော့သည်။ အဘိုးကြီးကလည်း ဆြာထူးကို သနားစရာ သတ္တဝါတစ်ကောင်သဖွယ်ကြည့်ပြီး "ဟကောင် မင်းဘယ် ခေတ်မှာနေတာလဲ မင်းက ငယ်ငယ်က ဖတ်လာတဲ့ ဖတ်စာတွေအတိုင်း ငါက နောင်လာနောက်သားတွေစားဖို့ သရက်ပင်ပေါက်တွေပျိုးတဲ့ ဘိုးတော်ကြီးဆိုပြီး ကြည်ညိုချင်တာ မဟုတ်လား"ဟု ခပ်တည်တည် ပြန်ပြောလေသည်။ အမှန်တော့ ဆြာထူးတစ်ယောက် ဖတ်စာအုပ်ထဲကအတိုင်း အဘိုးအို၏ လုပ်ရပ်ကို ဂုဏ်ယူချင်တာဖြစ်သည်။ ခုတော့ လက်တွေ့တွင် ဂွင်(ခွင်)ဖန်နေသော အဘိုးကြီးတစ်ယောက်ကိုသာ တွေ့ရသည်။ သူက သရက်ပင်ပေါက်လေးနဲ့ ပေါက်တူးကိုထမ်းကာ တစ်နေ ရာသွားဖို့ ပြင်လေတော့သည်။ ဆြာထူးတစ်ယောက် မကျေနပ်နိုင်သေးဘဲ "အဘိုးကြီး ဒါကဘယ် လဲ"ဟုမေးရာ "ဒီဘက်မှာ လမ်းသွား လမ်းလာပါးတယ်ကွ။ တခြားနေရာရှာပြီး ဂွင်(ခွင်)ဖန်မလို့ ငါ့ကောင်ရေ၊ ကဲစိတ်ထဲ မကျေနပ်နေတာမို့လား။ ငါပြောပြမယ် နားထောင်"ဟုအစချီ၍ ဆြာထူးကို နား လည်အောင် ရှင်းပြလေတော့သည်။
    "ဒီမှာကောင်လေး ခေတ်လူငယ်ဖြစ်ပြီး သိပ်မရိုးသားနဲ့ မင်းစိတ်ထဲမှာ ငါ့ကိုမကျေနပ်ဘူးဖြစ်နေတယ်။ သစ်ပင်စိုက်သလိုလိုနဲ့ ဂွင်(ခွင်)ဖန်နေတာ အဘိုးကြီးလို့ ထင်နေတာလား။ ဒီမှာကောင်လေး ဖေ့စ်ဘုတ်လေးဘာ လေးဖွင့်ကြည့်ဦးကွ။ မြန်မာပြည်က ဘွားတော်ကြီးတစ်ယောက်ကို အကြောင်းပြုပြီး ဟိုအမေရိကန်မှာ သစ်ပင် ၈၂ ပင် စိုက်တယ်ဆိုတဲ့ သတင်းတွေ့လိမ့်မယ်။ သူတို့သစ်ပင်တွေ အလကား စိုက်တယ်ထင်လို့လား။ ၈၂ ပင် လောက်စိုက်ပြီး ဘယ်နှပင်ရှင်မယ်ဆိုတာ မင်းပြောနိုင်လား။ ဘယ်သူက သစ်ပင်တွေ ရေသွားလောင်းမှာလဲ။ ဒီက ဘွားတော်ကြီး လွတ်ဖို့ အမေရိကားမှာ သစ်ပင်စိုက်တယ်ဆိုတာ ယုတ္တိ ရှိ၊ မရှိ သဘာ၀ကျ၊ မကျစဉ်းစားလေ။ သူတို့လည်း ငါ့လို ဂွင်(ခွင်)ဖန်တာပေါ့ကွာ။ မင်းလို ဉာဏ်တုံး တဲ့ကောင်နဲ့ စကားပြောရတာ အချိန်ကုန်တယ်ကွာ။ သစ်ပင်စိုက်ချင်ယောင်ဆောင်ပြီး ဂွင်(ခွင်)ဖန် လိုက်ဦးမယ်ကွာ။ ဟို ၈၂ ပင်စိုက်တဲ့ကောင်တွေ၊ ကောင်မတွေဆိုရင် ဒေါ်လာတွေနဲ့ ဂွင်(ခွင်)တည့်မှာကွ ငတုံးရ"ဟုဆိုကာ ပေါက်တူးလေးထမ်းပြီး လေလေး တချွန်ချွန်ဖြင့် လစ်သွားလေတော့သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 74

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66794

© 2022 - 2026 News. All Rights Reserved.