၂၀၂၆ ၊ မေ ၂၉
"တောင်းရမ်းစားသောက်သူများ ညီညွတ်ရေးအဖွဲ့ မဟာဗျူဟာမြောက် တောင်းရမ်းရေး အစည်းအဝေး"
"ဟိုက်ရှားဘား"
ဆြာထူးမြတ်တစ်ယောက် နဖူးပြောင်ပြောင်ကြီးကို လက်ဝါးနှင့်ဖြန်းခနဲနေအောင် ရိုက်လိုက်မိသည်။ ဆြာထူးနေထိုင်ရာ မြို့ဆင်ခြေဖုံး ရပ်ကွက်တစ်ခုအနီးက ကျူးကျော်တဲစုအနီး ကွင်းပြင်တွင် အရက်၊ ဘီယာ ကြော်ငြာဗွီနိုင်း၏ ကျောဘက်တွင် ဆော့ပင်ဖြင့် ရေးသားထားသော အနှီအစည်းအဝေး ကြီး၏ ခေါင်းစဉ်ကိုဖတ်ပြီး အံ့သြမိလေသည်။ မအံ့သြဘဲ ရှိပါ့မလား။ တောင်းရမ်း စားသောက်တာတောင် မဟာဗျူဟာမြောက် တောင်းရမ်းစားသောက်တယ် ဆိုတော့လည်း အထူးအဆန်းလို ဖြစ်နေသည်။ ခုတလောကလည်း လူမှုကွန်ရက်မှာ တောင်းရမ်းနည်း အဖုံဖုံက ခေတ်ထနေသည်။ လတ်တလော နာမည်ကြီးနေတဲ့ အဘိုးကြီး၊ အဘွားကြီးစုံတွဲ တောင်းရမ်းပုံကလည်း လူပြောများနေသည်။ လူသွားလူ လာလမ်းမဘေးတွင် အဘွားကြီးက အဘိုးကြီးရင်ခွင် ထဲမှာမှီပြီး အဘိုးကြီးက ယပ်တောင်လေး တစ်ဖျပ်ဖျပ် ခပ်ပေးနေသည်။ ထိုမြင်ကွင်းကို မကြည့်ရက်သော ပရဟိတစိတ်ရှိသူတွေက အဘိုးကြီး၊ အဘွားကြီးကို ကူညီဖို့ မေးလားမြန်းလား လုပ်ကြသည်။ ဆေးရုံဆေးခန်း ပို့ပေးမယ်ဆိုရင် ငွေကြေးမတတ်နိုင်လို့ ဆေးရုံမသွားချင်ကြောင်း အိမ်ကိုလိုက်ပို့ဟု တောင်းဆိုတတ်ကြသည်။ ဒီတော့ သနားစိတ်ဝင်ပြီး အဘိုးကြီး၊ အဘွားကြီးကို ကားပေါ်ခေါ်တင်ပြီး သူတို့နေထိုင်ရာ ရပ်ကွက်ထဲလိုက်ပို့ရင် ဇာတ်လမ်းကစပြီ ဖြစ်သည်။ ဟိုရောက်ရင် အဘိုးကြီး၊ အဘွားကြီး၏ ဘက်တော်သားတွေ အုပ်စုလိုက်ကြီး ထွက်လာပြီး ဘယ်လောက်တော့ လှူခဲ့၊ မလှူရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ပြဿနာရှာကြတာကြောင့် ရှိသမျှ အကုန်လှူခဲ့ရသူ တွေရှိကြောင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ထိုအဘိုးကြီး၊ အဘွားကြီးစုံတွဲ၏ အ ကွက်ကျကျ အလှူခံဓားပြတိုက်မှုက ဖေ့စ်ဘုတ်ပေါ်မှာ ပလူပျံနေသည်။ ဒါကလည်း မဟာဗျူဟာ တစ်ရပ်ပင်ဖြစ် သည်။
ထားပါတော့လေ။ ခုလည်း ကျူးကျော်တဲစု အနီးကျင်းပသည့် ]တောင်းရမ်းစားသောက်သူများ ညီညွတ်ရေးအဖွဲ့ မဟာဗျူဟာမြောက် တောင်းရမ်းရေး အစည်းအဝေး} ဆိုတာကြီးကို ဆြာထူးတစ်ယောက် စိတ်ဝင်စားမိပြီး မလှမ်းမကမ်းက ရပ်ကြည့်နေမိသည်။ မကြာမီအချိန်အတွင်း တောင်းရမ်းစားသောက်သူ တွေ အဖွဲ့လိုက်ကြီး စုရုံးရောက်ရှိလာသည်။ တချို့မျက်မှန်း တန်းမိနေသော တောင်းရမ်းစားသောက် သူတွေဆိုရင် လမ်းဘေးမှာ တောင်းရမ်းတုန်းက အဝတ်အစားခပ်နွမ်းနွမ်းဆိုသော်လည်း အစည်းအဝေးကို စမတ်ကျကျ ဝတ်စားလာကြသည်။ အေးပေါ့လေ ဒူးနေရာဒူး၊ တော်နေရာတော် ဝတ်စားကြတာ ဖြစ်မည်ထင်သည်။ ခုကာလကလည်း တောင်းတာတောင် ခေတ်စနစ်နဲ့အညီ ပြောင်း လဲတောင်းရမ်း လာတာဆိုတော့ အရင်ခေတ်ကလို ပတ်တီးအဖွေးသား ယင်ကောင်တဝဲ၀ဲနဲ့ တောင်းရမ်းသူအရမ်းရှားသွားပြီ ဖြစ်သည်။ ဒါကြောင့်လည်း စတိုင်ကျကျ လက်ထဲမှာ ဟန်းဖုန်းကိုယ်စီဖြင့် အနယ်အနယ်အရပ်ရပ်က တောင်းရမ်းစားသောက်သူတွေ အစည်းအဝေးသို့ စုရုံးရောက်ရှိလာကြတာ ဖြစ်သည်။ လူစုံတက်စုံ ရောက်လာပြီး အစည်းအဝေးစတင်ကြောင်း ကြေညာလိုက်သည်နှင့် တောင်းရမ်းစားသောက်သူ ညီ ညွတ်ရေးအဖွဲ့ ခေါင်းဆောင်ကြီးက အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် ရောက်လာသည်။
"အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့တောင်း ရမ်းစားသောက်သူများ ညီညွတ်ရေးအဖွဲ့ အင်္ဂလိပ်လို Beggars' Solidarity Organization အဖွဲ့ရဲ့ မဟာဗျူဟာမြောက် တောင်းရမ်းရေး အစည်းအဝေးကို ကြွရောက်လာကြတဲ့ တောင်းရမ်းစားသောက်သူများကို မဟာဗျူဟာမြောက် တောင်းရမ်းရေးနည်းလမ်းများကို ချပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဆြာထူးတစ်ယောက် ပိုပြီး စိတ်ဝင်စားသွားသည်။
တောင်းရမ်းစားသောက်တာတောင် မဟာဗျူဟာမြောက်ဆိုတော့ ဒီသတင်းမျိုးက မျက်ခြည်ပြတ်လို့ မဖြစ်ချေဘူးဆိုပြီး အသာလေး နားစွင့်မိသည်။
"ခေါင်းဆောင်ကြီးတို့ကလည်းဗျာ။ တောင်းစားတာတောင် မဟာဗျူဟာတွေ လိုလို့လား အရင်တစ်ခါကလည်း လမ်းအားလုံး ပန်းဆိုးတန်းဆီသို့ဆိုပြီး မြို့ထဲမှာ သွားတောင်းတာ အဆင်ပြေရဲ့သားနဲ့ ခုဘာထပ်လုပ် ဦးမလို့လဲ"ဟု အစည်းအဝေးတက်လာသော တောင်းရမ်း စားသောက်သူတစ်ဦးက ထပြောလေသည်။ ဒီတော့ အဖွဲ့ခေါင်းဆောင်ဖြစ်သူက လက်ကိုအသာအယာကာပြပြီး "ဒီမှာကိုယ့်လူ တောင်းစားတယ်ဆိုတာ တစ်သမတ်တည်း ထိုင်တောင်းလို့ မရတော့ဘူး၊ အရင်ကလို 'တစ်သံတည်းညီ တစ်ချီတည်းတောင်း'၊ 'လမ်းအားလုံး ပန်းဆိုးတန်းဆီသို့'၊ 'တစ်ခွက်ပြီး တစ်ခွက်လာမယ်'၊ 'မပြီးသေးဘူး ငါတို့တောင်းဖို့ ကျန်သေးတယ်'ဆိုတာက ၂၀၂၀ ကနေ ၂၀၂၅ အထိ သုံးလာတဲ့နည်းတွေ ရိုးသွားပြီ။ ခုဟာက မဟာဗျူဟာမြောက် တောင်းရမှာဗျ"ဟု ပြောလေသည်။ ဆြာထူးတစ်ယောက် ကြားဖူးနား၀ရှိသော စကားလုံးတွေနဲ့ ခပ်ဆင်ဆင်တူသော စကားလုံးများကို ကြားရသဖြင့် နားရွက်တောင်မခပ်ရဲဘဲ ဆက်နားထောင်မိနေသည်။
"ခုဆိုရင် ကျုပ်တို့ တောင်းရမ်းစားသောက် သူတွေရဲ့ လျှို့ဝှက်ချက်တွေကို လူတွေတော်တော်များများကသိနေကြပြီ။ လူတွေကလည်း တစ်ယောက်သိတာနဲ့ ဖေ့စ်ဘုတ်ကနေ ကီးဘုတ်တင်း အမြန်ဖြန့်ဆိုသလို ဘယ်သူတွေကတော့ ဘယ်လိုနည်းနဲ့ တောင်းနေတာ၊ လိမ်တောင်းနေကြတာဆိုပြီး ရေးကြသားကြ၊ ဖြန့်ဝေကြနဲ့ ကျုပ်တို့ရဲ့ တောင်းရမ်းတဲ့ နည်းတွေကလည်း အလုပ်မဖြစ်တော့ဘူး။ နောက်ပြီး ကျုပ်တို့ တောင်းရမ်းစားသောက်သူတွေ စိုးမိုးထားတဲ့ နယ်မြေတွေက တဖြည်းဖြည်း လျော့သွားပြီ။ စည်ပင်က ဖမ်းလိုက်၊ လိမ်တောင်းတာ ပေါ်သွားလို့ ရှောင်လိုက်နဲ့ခုဆိုရင် နယ်မြေကျဉ်းသွားပြီ။ ဒီတော့ မဟာဗျူဟာ မြောက် တောင်းရမ်းဖို့ နည်းလမ်း ရှာရမှာပဲ"ဟု ခေါင်းဆောင်က ဆက်ပြော လေသည်။
"ဒါတော့ ဟုတ်တယ် ခေါင်းဆောင်ကြီး။ မြေပြင်မှာ ကျွန်တော်တို့ တောင်းရမ်းစားသောက်သူတွေ အင်အားနည်းလာသလို ပြည်သူတွေကလည်း မယုံသင်္ကာ ဖြစ်လာကြပြီ။ တောင်းစားဖို့ နယ်မြေတွေက တဖြည်းဖြည်းကျဉ်းလာပြီး အခြေအနေမကောင်းတော့ဘူး။ ခေါင်းဆောင်ကြီးတို့လို့ အမြော်အမြင်ရှိတဲ့ တောင်းရမ်းသူတွေရဲ့ မဟာဗျူဟာမြောက် တောင်းရမ်းနည်းတွေကိုပဲ အားကိုးရတော့မှာ"ဆိုပြီး တောင်း ရမ်းစားသောက်သူတစ်ယောက်က ထပြီး ထောက်ခံစကား ပြောလေသည်။
"ဒါပြောတာ ကျုပ်တို့ ငါးနှစ်လုံးလုံးနည်းမျိုးစုံနဲ့ တောင်းလာလိုက်တာ ပြည်သူတွေက အထာနပ်ကုန်ပြီ ဒီတော့ မဟာဗျူဟာကျကျ တောင်းရမ်းစားသောက်ဖို့အတွက် နယ်မြေအလိုက် တောင်းရမ်း စားသောက်သူတွေ စုဖွဲ့တဲ့ယူနစ် နယ်မြေတွေ သတ်မှတ်ပြီး တောင်းစားရမှာပဲ။ ဥပမာ ကျုပ်ဆိုရင်သာ ကေတီးယားယူနစ် ခေါင်းဆောင်လုပ်မယ်။ ကိုယ့်ဒေသမှာ ကိုယ်တောင်း လို့ရတာ ယူမယ်။ ဇိုးစကားပြောရရင် ကိုယ့်အပိုင်၊ သူ့အပိုင်ပေါ့ဗျာ ဟုတ်ဘူးလား။ ဒါကို မဟာဗျူဟာကျကျ တောင်းရမ်းကြဖို့ ခုလို အစည်းအဝေး ခေါ်ယူရတာပဲ"ဟု ခေါင်းဆောင်ဖြစ်သူက တောင်းရမ်းစားသောက်ကြသူများကို အစည်းအဝေးခေါ်ယူရခြင်း အကြောင်းအရင်းကို စကားကြီး စကားကျယ်ပြောကာ ပဏာမ မဟာဗျူ ဟာမြောက် တောင်းရမ်းရေးအစည်းအဝေး ပထမနေ့ကို အဆုံးသတ်လေသည်။
အစည်းအဝေးတက်ရောက်လာကြသူအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြပြီး တောင်းရမ်းစားသောက်သူများအဖွဲ့ Beggars' Solidarity Organization Facebook Page မှ တစ်ဆင့် 'မဟာဗျူဟာမြောက်တောင်းရမ်းရေး ခေါင်းဆောင်ကြီးများဆွေးနွေး'ဟူသော ကပ်ပရှင်ဖြင့် သတင်းဓာတ်ပုံများ ဖြန့်ဝေလိုက်လေသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )