၂၀၂၆ ၊ ဇူလိုင် ၃
ဆရာမနိုင် နှစ်ဆောင်ပြိုင်
'သူတို့စခဲ့တဲ့ ဇာတ်လမ်း သူတို့ကိုယ်တိုင် ပြန်သိမ်းချိန် နီးကပ်လာပါပြီ'ဟု ယင်းမာပင်ဒေသခံ သူငယ်ချင်းဖြစ်သူက ဖုန်းဆက်၍ ပြောလေသည်။ တော်လှန်ရေးဘက်အခြမ်းက ဆိုနေသည့် သီချင်းတစ်ပုဒ်ရှိသည်။ 'မြန်မာအစ ပုဂံကဆိုရင် တော်လှန်ရေးက အညာက စတယ်'ဟူသည့် စာသားဖြင့် ဉာဏ်နည်းကြောင်း ဖွဲ့နွဲ့ဆိုထားသည့် သီချင်းတစ်ပုဒ်ပင်ဖြစ်သည်။ တော်လှန်ရေးကို အညာကစသည်ဟု ဂုဏ်ယူနေသူတို့ လက်ရှိအညာသည် မည်ကဲ့သို့ ဖြစ်နေပြီဆိုသည်ကို အေးချမ်းသောအရပ်နှင့် နှိုင်းယှဉ်၍ကြည့်လျှင် ဉာဏ်နည်းမနည်း ကွက်ကွက်ကွင်းကွင်း သိနိုင်မည် ဖြစ်သည်။ သူငယ်ချင်းပြောသည့် စကားကို ပြန်ဆက်ရလျှင် သူတို့စခဲ့သည့်ဇာတ်လမ်း သူတို့ပြန်၍ ဇာတ်သိမ်းနေပြီ ဆိုသည်မှာ သူတို့ယင်းမာပင်နှင့် ပုလဲနယ်က PDF များ အချင်းချင်းရှင်းလင်းသတ်ဖြတ်မှုများ အကြောင်းကြောင့်ပင် ဖြစ်သည်။ ၂၀၂၁ ခန့်က ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာတွင် ဦးသောပါက ဆိုသည့် ဘုန်းကြီးတစ်ပါးက စခဲ့သည့် ဇာတ်လမ်းဟု ဆိုနိုင်ပါသည်။ သပြေအေးက ဦးသောပါကသည် ပရဟိတ လုပ်သယောင်ယောင်၊ ကလေးများအတွက် ပညာသင်ပေးသယောင်ယောင်နှင့် ထိုနယ်ဝန်းကျင်က အလုပ်မရှိ အကိုင်မရှိသည့် လူငယ်လူရွယ်များစွာကို သင်တန်းပေး၍ စည်းရုံးထားသဖြင့် နောက်လိုက်နောက်ပါ အင်အားတောင့်တင်းသူဟု ဆိုနိုင်ပါသည်။ ထိုသို့ အင်အားတောင့်တင်းနေခဲ့ရာက NUG နှင့်ချိတ်ဆက်ကာ ဦးသောပါကဘွဲ့ကို စွန့်လွှတ်၊ ဗိုလ်သံမဏိဘွဲ့ခံကာ တော်လှန်ရေးလုပ်ငန်းများကို စ၍လုပ်ကိုင်ခဲ့သည်။ ထိုအချိန်က တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လက်နက်ကိုင်ကြသူ နည်းပါးကြသည့် အချိန်ဖြစ်ပြီး ယင်းမာပင်နယ်တွင် ဗိုလ်သံမဏိနှင့် ဗိုလ်နဂါးတို့ လူသိများကြသည်။ ထိုလူသိများကြသူများအနက် NUG ၏ လက်အောက်ခံဖြစ်သည့် ဗိုလ်သံမဏိတို့သည် NLD ပုလဲမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဇော်ထက်တို့နှင့် ပူးပေါင်းပြီး လူသတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့ကြသည်ကို အားလုံးအသိပင် ဖြစ်သည်။ ဗိုလ်သံမဏိတို့ အဖွဲ့က အလုပ်မရှိအကိုင်မရှိ လူငယ်လူရွယ်များနှင့်ပေါင်းပြီး လာပို့ ရွာက မီးသတ်တပ်ဖွဲ့ဝင်များ အပါ အဝင် လူပေါင်း ၁၀ ယောက်ကျော်ကို သတ်ဖြတ်ခဲ့သည်။ သည်အကြောင်းအရာများက ယင်းမာပင်မြို့နယ်၏ တော်လှန်ရေး အဖွင့်စာမျက်နှာပင်ဖြစ်ကြောင်း အားလုံးသိကြသည်ပင်။ ထိုကဲ့သို့ တော်လှန်ရေးအဖွင့်စာမျက်နှာ စကတည်းက ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ တော်လှန်ရေးသမား အချင်းချင်း သတ်ဖြတ်ခြင်းအပြင် လူသတ်၊ မုဒိမ်းမှု ကျူးလွန်မှုပေါင်းများစွာနှင့် ယင်း မာပင်နှင့် ပုလဲက တော်လှန်ရေးသမားတို့က နာမည်ကြီး ပြီးသားဖြစ်သည်။ ယခင်က အလုပ်မရှိအကိုင်မရှိသည့် သူတို့သည် ရပ်ထဲရွာထဲတွင် အရေးမပါ အရာမရောက်သူတို့က တော်လှန်ရေးခေါင်းစဉ်အောက်တွင် လက်နက်ကိုင်ခွင့်ရပြီး အရေးပါ အရာရောက်လာခဲ့ကြသည်။ အချင်းချင်း သတ်ဖြတ်မှုအဖြစ် ပုလဲမြို့နယ်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် NLD အမတ် ဇော်ထက် ပ.အ.ဖ တာဝန်ယူထားသူက ပုလဲမောင်ကို သတ်ဖြတ် ၍သူ၏ နေအိမ်အောက်တွင် မြှုပ်ထားခဲ့သည်အထိ ဖြစ်ခဲ့သည်။ ၂၀၂၅ ခုနှစ်က ပုလဲမောင်ဆို သူ ပ.လ.ဖ တာဝန်ယူထားသူက ဇော်ထက်နှင့် စကားအချေအ တင်ဖြစ်ရာကနေ ဇော်ထက်က သတ် ဖြတ်၍ အလောင်းဖျောက်ဖျက်ပစ်သည်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို ၂၀၂၅ ခုနှစ်က ပုလဲမောင် ဆိုသူကို ဇော်ထက်က သတ်ခဲ့ပြီး လက်ရှိ ၂၀၂၆ ဇွန် ၂၆ ရက်တွင်လည်း ပုလဲမောင်ဆိုသည့် ပုလဲက အမည်တူတစ်ယောက်ကို PDF လက်နက်ကိုင်အချင်းချင်းက သတ်ဖြတ်လိုက်လေသည်။
"ဒီယင်းမာပင်ခရိုင်ထဲမှာ ရှိနေတဲ့ တပ်ရင်းမှူးဆိုတဲ့ ပုလဲမောင်ကို ဓားမဆိုင်းစွမ်းသူမောင် ဦးဆောင်တဲ့အဖွဲ့က သတ်လိုက်တာ"ဟု ရှင်းပြသည်။ ထိုကဲ့သို့ အချင်းချင်း သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်လာခြင်းကြောင်း ယင်းမာပင်ကစခဲ့သည့် တော်လှန်ရေးဇာတ်လမ်းသည် ယင်းမာပင်ကပင် အဆုံး သတ်တော့မည်ဟုဆိုခြင်းပင် ဖြစ်သည်။ သူတို့၏ဇာတ်ကြောင်းကို ဇာတ်ရည်လည်ရန်က တော်တော်မလွယ်ဟု ဆိုနိုင်ပါသည်။ တော်လှန်ရေးခေါင်းစဉ်တပ်ပြီးကတည်းက လူရာမဝင် အလုပ်အကိုင်မရှိသူတို့က စိတ်ကူးယဉ်ဆန်ဆန် အမည်နာမများပေးပြီး သူရဲကောင်းဇာတ်လမ်းများ စတန့်ထွင်နေခဲ့ခြင်းကြောင့် ရှုပ်ယှက်ခတ်နေကြသည်ဟုဆိုလေသည်။ ယခင်က အလုပ်အကိုင်မရှိသဖြင့် MLM ဝင်လုပ်နေသူက ဗိုလ်ဗျဂ္ဃဟု အမည်ပေးကာ တော်လှန်ရေးလုပ်နေသူကလည်း ပြည်သူ့စစ်ရွာလေးများကို အားလျှင်ဝင်တိုက် လိုက် အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းက သစ်ခိုးထုတ်လိုက်၊ ဆက်ကြေးကောက်လိုက်၊ မိုက်ကြေးခွဲလိုက်၊ ဆီမှောင်ခိုကူး၊ ရွှေတူးသူများထံက ငွေကြေးကောက်ခံခြင်းဖြင့် အကျိုးအမြတ်များ ရရှိနေသည်ဟု မိတ်ဆွေဖြစ်သူက ဆိုလေသည်။ ယခုလည်း PDF ဘက်တော်သားအချင်းချင်း သတ်ဖြတ်မှု ကြောင့် ပုလဲမောင်ဆိုသည့် အမည်တူ နှစ်ယောက်ပင် သေဆုံးသွားခဲ့ပြီး ပထမဆုံး ပုလဲမောင်ကို သတ်ခဲ့သည့် ဇော်ထက်ကို NUG က ယခုထက်အထိ အရေးယူနိုင်ခြင်း မရှိပေ။ ယခု ပုလဲမောင်ကို သတ်ခဲ့သူ ဓားမဆိုင်းစွမ်းသူမောင်၏ လူကို နယ်စပ်သို့ပို့၍ အရေး ယူထားသည်ဟု NUG နှင့် နီးစပ်သူတို့က ပြောကြားထား လေသည်။ ဆရာမနိုင် နှစ်ဆောင်ပြိုင်များ ဖြစ်ကုန်ကြ လေသည်။
အလုပ်ကြီးအကိုင်ကြီး
တရားဥပဒေ မစိုးမိုးသည့်အရပ်တွင် လက်နက်ကိုင်ထားပြီး လက်နက်မဲ့ပြည်သူအပေါ် ဗိုလ်ကျစိုးမိုးရသည့် အရသာကို PDF လက်နက် ကိုင်တို့ သာယာသွားပြီဟု ဆိုနိုင်ပါသည်။ "သူများတွေကို ထောက်ခံလို့ ဘာအကျိုးရှိမှာလဲ ကိုယ်ကိုယ်တိုင် လက်နက်ကိုင်လိုက်မှ ဘယ်သူ့မှ ကြောက်ဖို့မလိုဘူး။ ကိုယ်လုပ်ချင်ရာလည်း လုပ်လို့ရတယ်"ဟု PDF တစ်ယောက်က သူ့အဒေါ်ကို ပြောသည့်စကား ကြားရသည့်အခါ လက်နက်ကိုင်ခြင်းက ဘယ်ပြည်သူ့အတွက်မျှ မဟုတ်ကြတော့ဟု ပြောနိုင်ပါသည်။ အချို့သော အညာဒေသက PDF တို့သည် လက်နက်ကိုင်ရန်အတွက် မြို့ရွာကိုစွန့်ခွာ၍ တောအရပ်သို့ သွားရောက်ရခြင်းမျိုး မဟုတ်တော့ဘဲ ရပ်ထဲရွာထဲတွင် အများပြည်သူနှင့်အတူ ရောနှောနေ ထိုင်ကုန်ကြ သည်။ ရပ်ထဲရွာထဲတွင် သေနတ်ကြီးတကားကားနှင့် ယခင်က လူရာမဝင်သူတို့ လူရာဝင်ကုန်ကြ၏။ တရားဥပဒေ မစိုးမိုးသည့်အရပ်ဒေသ ဖြစ်သောကြောင့် တောကြောင်လက်ခမောင်းခတ်သည်မှာ မဆန်းပေ။ မကြာသေးမီက အဖြစ်အပျက်တစ်ခုကို ဖောက်သည်ချ ချင်ပါသည်။
မြို့ကျောင်းလည်းမတက်၊ တောကျောင်းလည်း မဖွင့်၊ အလုပ်အကိုင်လည်း မယ်မယ်ရရမရှိ၊ လက်နက်လည်းမကိုင်လိုသည့် လူငယ်သုံး၊ လေးဦးခန့်သည် မိဘများထံ ငွေရင်းငွေနှီးတောင်းကာ စီးပွားရေးလုပ်ရန် ကြံစည်ကြသည်ဟူ၏။ သူတို့လုပ်သည့်စီးပွားရေးက နှစ်လုံး၊ သုံးလုံးနှင့် ဘောလုံးဒိုင်ကိုင်သည့် လုပ်ငန်းပင်ဖြစ်သည်။ တရားဥပဒေမစိုးမိုးသည့်အရပ် ဖြစ်နေလေရာ စစဉ်းစားကတည်းက လောင်းကစားလုပ်ငန်းဖြစ်သည်။သူတို့ဒိုင်ကိုင်သည့် လုပ်ငန်းက တတ်နိုင်သည့် ပမာဏတစ်ခုကိုသာ ကန့်သတ် ထားပြီး ကန့်သတ်ချက်ကျော်လွန်သည့် ထိုးကြေးများအတွက် သူတို့ထက် ဓနအင်အား တောင့်တင်းသည့် လက်ကြီးဒိုင်ထံ သွားရောက် တင်ပေးကြသည်။ ကနဦးစတင်စဉ်က အဆင်ချောနေကြသည်။ ကိုယ်နိုင်သည့်ပမာဏကို အလျော်အစားလုပ်မနိုင်သည့် အကွက်များအား ဒိုင်ကြီးတွင်တင်ပေးပြီး ကော်မရှင်စားနှင့် အပေါက် အလမ်း တည့်နေကြလေသည်။ ထိုလူငယ် လေးများသည် ဒိုင်ကြီးကို လှမ်း၍တင်သည့် ဂဏန်းအကွက်များကို Viber ဖြင့်လှမ်းတင်ကြသည်။
တစ်ရက်သောအခါတွင် သူတို့အတွက် မနိုင်သည့်ငွေပမာဏဖြင့် ထိုးသားဘက်က ထိုးသည့်အခါ ဒိုင်ကြီးထံသို့ Viber မှ ဂဏန်းလှမ်း၍တင်လိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုဂဏန်းက ပေါက်ဂဏန်း ဖြစ်သွားရာ ထိုးသားကို လျော်ရန် ဒိုင်ကြီးဖြစ်သူဆီသွား၍ ပေါက်ဂဏန်းမှ ငွေကြေး သွားထုတ်ကြလေသည်။ ဒိုင်ကြီးဖြစ်သူကလည်းသူထံသို့ ထိုဂဏန်း Viber မရောက်ဟုငြင်းရာ ဒိုင်လေးနှင့်ဒိုင်ကြီး ရန်ပွဲအသွင် ထိ ဖြစ်ကုန်ကြရလေသည်။ ထိုအခြေအနေကို ဒိုင်ကြီးလုပ်သူက PDF ကို လက်တို့လိုက်လေသည်။ အလုပ် မရှိ၍ ချဲ၊ နှစ် လုံးဒိုင်ကိုင်မိသည့် လူငယ်လေးများ မြွေကိုက်သည့်အကွက် ဆိုက်လေတော့သည်။ သူတို့ ထံတွင် ပေါက်ဂဏန်း ပေါက်သူတို့ကလည်း အလျော်လိုချင် သူတို့၏ဒိုင်ကြီး ဆိုသည့်ဘက်ကလည်း လက်နက်ကြီး ထုတ်သုံးထားသဖြင့် စားစရာမရှိ လျော်စရာရှိဟူသော အကွက်ကို ထုတ်သုံးကာ ယခင်ရှိ သည့်အရင်းအပြင် ရှိသည့်ပစ္စည်းများပါ ရောင်းချပေါင်နှံ၍ လျော်လိုက်ရပြီး နှစ်လုံး၊ သုံးလုံးရောင်းချသည့် ဇာတ်လမ်း အဆုံးသတ်သွားလေသည်။ PDF တို့၏ အလုပ်အကိုင်က ချဲဒိုင်၊ နှစ်လုံးဒိုင်တို့ကို စောင့်ရှောက်ရ သည်အထိ ထိုမျှပင် ကြီးမြတ်လာခဲ့သည်ဟု မိတ်ဆွေဖြစ်သူက သူ၏ ကိုယ်တွေ့များကို ပြောပြသွားလေသည်။
အသုံးချခံ အညာ PDF
အညာ PDF များ၏ ပြည်သူအပေါ် စိုးမိုး မင်းမူနေသည့် အကြောင်းများသည် စာဖွဲ့၍ပင် မကုန်နိုင်ပေ။ ထိုသို့ ပြည်သူကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခဲ့သော နည်းလမ်းကို ပေးခဲ့သူက KIA ဖြစ်သည်။ KIA က လက်နက်ကိုင်ပြီး ပြည်သူနှင့်အတူ ရောနှောနေထိုင်တတ်ရန်၊ ပြည်သူများထံက အခွန်ဆက်ကြေး ကောက်တတ်ရန်၊ သဘာဝသယံဇာတ ခိုးထုတ်ရောင်းချ တတ်ရန် အညာသူ အညာသားများကို လက်ထပ်သင်ကြားခဲ့သည်။ ပုလဲမောင်ကို သတ်ဖြတ်ခံရခြင်း ကိစ္စများနှင့် PDF အချင်းချင်း သတ်ဖြတ်မှုများတွင်လည်း KIA ၏ စနက်မကင်းကြောင်း PDF အချင်းချင်းက မကျေမချမ်းနှင့် ဖွင့်ဟလာခဲ့ပြီ ဖြစ်သည်။ တော်လှန်ရေး ဘက်အခြမ်းက KIA နှင့်ပတ်သက်၍ "တော်လှန်ရေး ခေါင်းစဉ်အောက်ကနေပြီးတော့ အညာ PDF တွေ ကျွန်တော်ပြောမယ်နော် ကိုယ့်ဘာသာကိုယ် စဉ်းစားကြတော့။ မင်းတို့ အခု ဘာဖြစ်လဲ၊ အညာမြေထဲမှာ ပိုပြီး ပြာမကျစေချင်ရင် မင်းတို့ အဓိက မိန်း KIA ကို မောင်းထုတ်ကြ။ KIA ကို မမောင်းထုတ်လို့ရှိရင် မင်းတို့ကောင်တွေ အကုန်လုံး မင်းတို့ လက်ရှိနေတဲ့ အညာမြေက ပြည်သူလူထုတွေ၊ လုပ်ကိုင်စားနေတဲ့ ပြည်သူလူထုတွေအကုန် ဒုက္ခရောက်မယ်"ဟူ၍ ဖွင့်ပြောလာလေသည်။
တော်လှန်ရေးခေါင်းစဉ်အောက်အတူတူထဲမှ အညာက ပိုဒုက္ခ ရောက်နေရခြင်းအကြောင်းကို " KIA လက်နက်ကိုင်အဖွဲ့အစည်းကနေပြီးတော့ မင်းတို့ NUG ကို ခိုင်းနေတာ သိလား။ NUG ခိုင်းတဲ့ဟာကို KIA အဖွဲ့အစည်းမှာ ဘာမှလုပ်လို့မရဘူး။ NUG ခိုင်းတဲ့ဟာက KIA / EAO တွေကြားထဲမှာ ဘာမှအသုံးမဝင်ဘူး သိလား။ NUG ကို ငါတစ်ခု ထပ်ပြောမယ်။ NUG ၊ MOD ဒီ KIA ? EAO တွေ လက်နက်ကိုင်ကြားထဲမှာ ဘာမှ အသုံးမဝင်ဘူး။ ဘာမှလုပ်လို့မရဘူး သိလား။
အခုလက်ရှိ အညာဘက်က PDF တွေက အခု ဘယ်လိုဖြစ်သွားပြီလဲဆိုတော့ ဟင်္သာကိုးသောင်း ကိန်းဆိုက်နေပြီ သိလား။ အဲဒါ ဘယ်သူက လုပ်တာလဲ၊ မင်းတို့ KIA က လက်နက်တပ်ဆင်ပြီး မင်းတို့ အညာမြေဒေသမှာ စစ်မီး လာမွှေးတာ"ဟု တော်လှန်ရေးဘက် အခြမ်းက KIA ကို ပြန်ဆော်ရန် မကျေမချမ်းနှင့် အသံထွက်လာနေလေသည်။
လက်ရှိ ယင်းမာပင်နှင့်ပုလဲနယ်တွင်ရှိသည့် အညာသား PDF တို့သည် အမိမဲ့သား ရေနည်းငါးပမာ ဖြစ်ကုန်ကြလေပြီ။ NUG ၏ ခိုင်းစေချက်ကြောင့်အချင်းချင်း ဖြိုခွဲနှိမ်နင်းမှုများ ဖြစ်လာခဲ့သည်။ NUG ကိုမကျေ နပ်သည့်အဖွဲ့၊ KIA ကို မကျေနပ်သည့်အဖွဲ့နှင့် အချင်းချင်း ပုဂ္ဂိုလ်ရေးမကျေနပ်သည့်အဖွဲ့ဟူ၍ အစိတ်စိတ် အမြွှာမြွှာ ကွဲကုန်ကြပြီ ဖြစ်သည်။ တော်လှန်ရေးခေါင်း စဉ်တပ်ပြီး အချင်းချင်း ဖြိုခွဲ နှိမ်နင်းခံ ရသည်ကို မကျေနပ်သည့်အဖွဲ့က တပ်မတော်နှင့် ပူးပေါင်းကာ NUG ဘက်က PDF စခန်းများ၏ တည်နေရာကို ပစ်မှတ်ပေးသည်။ သစ်ခိုးထုတ်၊ ဆက်ကြေးကောက်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲနေသည့် အညာ PDF တို့ သူတို့ စခဲ့သည့် ဇာတ်လမ်း သူတို့ကိုယ်တိုင် အဆုံးသတ်နေကြလေသည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )