၂၀၂၆ ၊ ဇူလိုင် ၂၆
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ သွေးမြေကျခဲ့ရသည့် ဇူလိုင် ၁၉ ရက်သည် မြန်မာ့သမိုင်းတွင် ဘယ်သောအခါမှ မေ့ပျောက်၍မရနိုင်သော ဝမ်းနည်းကြေကွဲဖွယ် ဒဏ်ရာ တစ်ခုဖြစ်သလို၊ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် အမြဲတစေ သတိပေးနှိုးဆော်နေသည့် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်သည်။ ယခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖြေကြားရာ၌ "တိုင်းပြည်တိုးတက်ဖို့ဆိုရင် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုအားလုံး စုစည်းညီညွတ်ဖို့ လိုအပ်ကြောင်းနှင့် သွေးခွဲမှုများကြောင့် ပျက်ယွင်းခဲ့ရသည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ရန် အရေးကြီးကြောင်း"ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက် သည် တိုင်းပြည်ကို မည်သို့မျှော်မှန်းပြီး တည်ဆောက်ခဲ့ကြသည်ဆိုသည့် အာဇာနည်ခေါင်းဆောင်ကြီး များ၏ စိတ်ဓာတ်ကို ပြန်လည်အမှတ်ရစေကာ ပစ္စုပ္ပန်ကာလ တိုင်းပြည်အခြေအနေကို ဆန်းစစ်ရန် မီး မောင်းထိုးပြနေသည်။ အမှန်စင်စစ် တိုင်းပြည်တစ်ပြည်၏ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေခံ အုတ်မြစ်သည် 'စည်းလုံးခြင်း'ပင် ဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလကပင် သက်သေပြခဲ့ သည့် ခေါင်းဆောင်ကြီးများ၏ စည်းလုံးညီညွတ်ရေး မျှော်မှန်းချက်အတိုင်း၊ ပဋိပက္ခများကို ကျော်လွန်ကာ အားလုံးလက် တွဲညီညီဖြင့် ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနိုင်ရန်မှာ ညီညွတ်ခြင်းအပြင် စည်းကမ်း၊ ဥပဒေနှင့်အသိပညာများကို ပေါင်းစပ်ရန် လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ အတိတ်က သမိုင်း သင်ခန်းစာများကို ရယူပြီး ကြုံတွေ့နေရသည့် သဘောထား ကွဲလွဲမှုများကို ကျော်လွှားကာ စစ်မှန်သော၊ ရေရှည်ခိုင်မြဲသော စည်းလုံးညီညွတ်မှုကိုမည်သို့ ပြန်လည်တည်ဆောက်ကြမည်နည်းဆိုသည်မှာ ယနေ့ အချိန်တွင် မိမိတို့နိုင်ငံသားအားလုံး အလေးအနက်တွေးဆရမည့် အဓိကသော့ချက် ဖြစ်လာသည်။
၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးအနက်ထား အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် ဂါရ၀ပြုခဲ့ပါသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က "ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အာဇာနည်ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေက နိုင်ငံကို ဘယ်လို မျှော် မှန်းပြီးတော့ တည်ဆောက်ခဲ့ကြသလဲ၊ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တစ်ခုဖြစ်အောင် ဘယ်လို တည်ဆောက်ခဲ့ကြသလဲဆိုတာ ကျွန်တော်တို့က အမြဲတမ်းလေ့လာပြီး တန်ဖိုးထားဖို့ လိုပါတယ်။ လွတ်လပ်ရေးရပြီးတော့ စုစည်းညီညွတ်တဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့အတွက် အားလုံးက ညီညွတ်ဖို့လိုတာပေါ့။ ညီညွတ်ရုံနဲ့ မရသေးဘူး၊ တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့ လိုပါတယ်။ စည်းကမ်းရှိ ဖို့လည်းလိုတယ်။ တိုင်းပြည်မှာ စည်းကမ်းအရ လိုအပ်ချက်တွေရှိနေတာ အမှန်ပါပဲ။ ဒါကို စည်းကမ်းတကျ၊ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြမယ်ဆိုရင်၊ စွမ်းအားရှိသမျှ အလုပ်လုပ်ကြမယ်ဆိုရင် တိုင်းပြည်မဖွံ့ဖြိုး၊ မတိုးတက်စရာ အကြောင်း မရှိပါဘူး။ ကမ္ဘာနဲ့ရင်ပေါင်တန်း နိုင်တဲ့နိုင်ငံမဖြစ်စရာအကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံသားအားလုံး ခွန်အားရှိကြတယ်။ ကိုယ့်ခွန်ကိုယ့်အားကို အသုံးချနိုင်ဖို့ပဲ လိုတယ်ဆိုတာ ပြောပါရစေ။ "တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကတော့ အရေးကြီးတဲ့အချက်ပဲ၊ လွတ်လပ်ရေးမဆုံးရှုံးခင်က တိုင်း ရင်းသားတွေအားလုံး စုစုစည်းစည်း နေခဲ့ကြတယ်။ လွတ်လပ်ရေးဆုံးရှုံး ခဲ့ပြီးနောက်ပိုင်း အမျိုးမျိုးသော သွေးခွဲမှုတွေကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာလည်း အမျိုးမျိုးသော သွေးခွဲမှုတွေကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတွေ ပျက်ယွင်းခဲ့ရတယ်။ ဒါကို ကျွန်တော်တို့ပြန်ပြီး စုစည်းညီညွတ်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့လိုတာပေါ့။ မတည်ဆောက် နိုင်ရင်တော့ ပဋိပက္ခတွေ ဖြစ်နေမှာပဲ။ ဒါကြောင့် ညီညွတ်ရေးက အရေးကြီးပါတယ်။ ညီညွတ်ဖို့ဆိုရင် စည်းကမ်းကို နားလည်ဖို့လိုတယ်၊ ဥပဒေကို နားလည်ဖို့လိုတယ်၊ ဒါဆို အသိ ပညာ၊ အတတ်ပညာတွေ ကျွန်တော်တို့ရအောင် လုပ်ပါမယ်။ ဒီလိုနဲ့ ပေါင်းစပ်ပြီးလုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်မတန် အရေး ကြီးပါတယ်။ တိုင်းပြည်တိုးတက်ဖို့ဆိုရင် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုအားလုံး စုစည်းညီညွတ်ဖို့ ပြောချင်ပါတယ်"ဟု ပြည်သူလူထုကို အာဇာနည်နေ့ အကြောင်းပြုကာ သတင်းစကားပါးခဲ့သည်။
ရွေးကောက်ခံအစိုးရတစ်ရပ်၏ နိုင်ငံတော်သမ္မတတစ်ဦးဖြစ်သလို၊ နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်က ၎င်းင်းကိုယ်တိုင် မျှော်မှန်းထားသော အနာဂတ်နိုင်ငံတော်၊ မျှော်မှန်းချက်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော လိုအပ်ချက်များ ကိုပြော ဆိုကာ ပြည်သူလူထုကို အသိ၊ သတိပေးခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကြောင့် သူ့ကျွန်ဘဝမှ ရုန်းထွက်နိုင်ခဲ့သည်ကို လွတ်လပ်ရေးတည်းဟူသော သမိုင်းမှတ်တမ်းတွင် ကမ္ပည်းတင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း လွတ်လပ်ရေးရပြီး နောက် စတင်ပေါ်ပေါက်ခဲ့သည့် ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများကြောင့် စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သည့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရခြင်းကလည်း အနာဂတ်ကာလတွင် သက်သေခံလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်က စုစည်းညီညွတ်သော တိုင်းပြည်တစ်ခုကိုတည်ဆောက်ရန် အလေးထား ပြောကြားရခြင်းဖြစ်သည်။ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့် စုစည်းညီညွတ်မှုသည် အထူးလိုအပ်လာ ပြီဖြစ်ကြောင်း ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများက အချက်ပေးလာပြီ ဖြစ်သည်။ တိုင်း ပြည်တစ်ပြည်၏ ပြည်တွင်းရေး မတည်မငြိမ် ဖြစ်လာပါက အခြားသော တိုင်းပြည်များက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက် ဖိအားပေးခြင်းများ၊ လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျခြင်းများ၊ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ချန်လှပ်ခံရခြင်းများ စသည်တို့ဖြင့် ဖိအားပေးလေ့ ရှိသည်။ ဤသည်ကလည်း စည်းလုံးညွတ်ရေး ပျက်ပြားနေခြင်းကြောင့်ဖြစ်ပြီး နိုင်ငံတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံး စည်းလုံးညီညွတ်နေမည်ဆိုပါက မည်သည့်နိုင်ငံများက ဖန်တီးသော နိုင်ငံရေးအမှောင့် ပရောဂများ စွဲကပ်နိုင်ခြင်းမရှိ ပဂတိ တည်ငြိမ်အေးချမ်းသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေနိုင်မည် ဖြစ်သည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဖြစ်ပေါ်ခဲ့သော ကြာရှည်လာပြီဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများက အဆုံးသတ်သင့်ပြီဟု ထင်မြင်ယူဆမိသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဟု ဆိုရာ၌ တောင်တန်း၊ ပြည်မမကျန် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးက လိုအပ်နေပြီ ဖြစ်သည်။ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေလက်လှမ်းမီသည့် မြို့ရွာများတွင် ဖွံ့ဖြိုးတိုးတက်မှုက အရှိန်ကောင်းနေသော် လည်း လက်နက်ကိုင် ပဋိပက္ခဒဏ် ခံစားနေရသော ပြည်နယ်အချို့ရှိ တိုင်းရင်းသားပြည်သူလူထု၏ လူမှု ဘဝများ ဖွံ့ဖြိုးတိုးတက်မှုနှေး ကွေးနေခြင်း၏ အဖြေက တိုင်းရင်းသားစည်းလုံးညီညွတ် ရေး လိုအပ်ချက် ကြောင့်ပင် ဖြစ်သည်။ နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုများကို လက်နက်ကိုင်နည်း လမ်းများဖြင့် ဆက်လက် ဖြေရှင်းနေဦးမည်ဆိုပါက ယင်း၏ ဘေးထွက်ဆိုးကျိုးကို တိုင်းရင်းသားပြည်သူလူ ထုတစ်ရပ် လုံး ခါးစည်းခံနေရမည်သာ ဖြစ်သည်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တိုင်းရင်းသားအ ချင်းချင်း တွေ့ဆုံဆွေးနွေးအဖြေရှာသည့် စကားဝိုင်းယဉ် ကျေးမှုများ ထွန်းကားလာပြီး ငြိမ်းချမ်းရေးစကားများ ဝေေ၀ဆာဆာ ပြောဆိုခြင်းကလည်း လက်တွေ့ကျသည့် ကာလရှည်အကျိတ်အခဲများကို ချေဖျက်နိုင်မည့် နည်းလမ်းဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ရသည့် အခြေခံအကြောင်းအရင်းမှာ နိုင်ငံရေးသဘောထား ကွဲလွဲ၍ မကျေလည်မှုမှ စတင်သည်ဟု ဆိုရမည်ဖြစ်သည်။နိုင်ငံရေးဟုဆိုရာတွင်လည်း မတော်လောဘ နိုင်ငံရေးကို ညွှန်းဆိုခြင်းမဟုတ်ကြောင်း သိထားရမည်ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံတွင်း၌ဖြစ်ပေါ် နေသော ပဋိပက္ခများအနက် သာမန်တိုင်းရင်းသားလက်နက်ကိုင်တောင်းဆိုမှုများအပြင် နိုင်ငံရေးမတော်လောဘ ကြောင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်အကြမ်းဖက်မှုများကလည်း တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ဖြစ်နေသည်။ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံတစ်ရပ် ထူထောင်နိုင်ရေးကြိုးပမ်းရာတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော နိုင်ငံတစ်ခုဖြစ်ရန် များစွာအရေးကြီးသည်။ စည်းကမ်းဖောက်ဖျက်၍ နိုင်ငံရေး လောဘကြောင့် အာဏာ ဆက်လက်တည်မြဲရေး ကြိုးပမ်းမှုကြောင့် ကြုံတွေ့ခဲ့ရသည့် သမိုင်းသင်ခန်းစာကို အမှန်အတိုင်း နားလည်လက်ခံရန်လိုသည်။ နိုင်ငံရေး မတော်လောဘများကြောင့် တိုင်းပြည်ကို ဖျက်ဆီးရန်၊ လူငယ်ထုကို လူညွန့်တုံးစေရန် အကြံဖြင့် ဆောင်ရွက်ခဲ့ခြင်းက တိုင်းပြည်အတွက် အထိနာစေသော လုပ်ရပ်များပင်ဖြစ်သည်။ အာဇာနည်နေ့သည်ပင်လျှင် တိုင်းပြည်၏ အထင်ကရနေ့၊ အတိတ်က ဖြစ်ရပ်ဆိုးများကို သင်ခန်းစာယူ၍ အနာဂတ်ကို မည်ကဲ့သို့ အကောင်းဆုံး ပုံဖော်မည်ဟု တွေးတော်ကြံ ဆရမည်ဖြစ်သည်။ သို့သော်လည်း နိုင်ငံရေး မတော်လောဘသားများက အာဇာနည်နေ့ကိုပင် နိုင်ငံရေးအရ အသုံးချရသည့်နေ့တစ်နေ့ ဖြစ်စေရန်၊ အကြမ်းဖက်မှုများကို အားပေးအားမြှောက် ပြုရသည့်နေ့တစ်နေ့အဖြစ် ပုံဖော်မြှောက်ပင့်ပေးနေသည်အထိ တလွဲဆံပင်ကောင်းနေကြဆဲပင် ဖြစ်သည်။
ဤနေရာတွင် နိုင်ငံရေး မတော်လောဘသားများ ပုံဖော်နေကြသည့် လက်နက်ကိုင်အကြမ်းဖက်မှုအပေါ် အနည်းငယ် ဖြည့်စွက်တင်ပြလိုသည်။ လူငယ်ထုများကို လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့ကြပြီး နောက် ယနေ့အချိန်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့စွာ လူငယ်ထု၏ အတိဒုက္ခကို လက်ပိုက်ကြည့် နေကြသည့် သူ့လူတစ်စု၏ ရည်ရွယ်ချက်က ပိုမိုသိသာ ထင်ရှားလာ ပြီဖြစ်သည်။ ၎င်းတို့၏ နိုင်ငံရေး အာဃာ တဖြင့်၊ နိုင်ငံရေးအရ အာသာဖြေစိတ်ဖြင့် လေလှိုင်းအစိုးရသဖွယ် ပုံဖော်ကာ လူငယ်များကို ၎င်းတို့လက်အောက်ခံ သွတ်သွင်း၍ နိုင်ငံရေးဓားစာခံပြုကာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အသက် စတေးခံစေခဲ့သည်။ လူငယ်ထုကလည်း တဒင်္ဂမခံချင်စိတ်များဖြင့် လက်နက်ကိုင်စွဲကာ အစိုးရနှင့်တပ်မ တော်ကို ဆန့်ကျင်ပုန်ကန်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် အချိန်ကာလတစ်ခု အရောက်တွင် လက်နက်၏ အဆိပ်သင့်မှုဒဏ်ကို စောစီးစွာ ခံစားခဲ့ရသည်။ လက်နက်ကိုင် ဝါရင့်တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကျေးကျွန်များအဖြစ် အသုံးတော်ခံကာ အသက်များ အကျိုးမဲ့ပေးဆပ်ရခြင်းများ၊ လူငယ်အဖွဲ့ အချင်းချင်း သွေးထိုးမြှောက်ပင့်မှုများကြောင့် လုပ်ကြံသတ်ဖြတ်ခြင်းများဖြင့် အဆုံးသတ်လာကြရပြီ ဖြစ်သည်။ ဤအချက်ကို လူငယ်ထု အမှန်အတိုင်းရှုမြင်ကာ မိမိမိသားစု၊ မိမိရပ်ရွာ၊ မိမိမြို့များကို ပြန်လည်ဖျက်ဆီးနေခြင်းမှ ရပ်တန့်၍ လူငယ်ထု၏ အားကောင်းမောင်းသန်အင်အားများကို တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးချရန်အချိန်အခါ ကျရောက်နေပြီဖြစ်သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ပေါင်းကြာရှည် လက်နက်ကိုင်စွဲလာကြသည့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် နိုင်ငံရေးစားပွဲဝိုင်းများဆီသို့ ပြည်သူကို မျက်နှာမူကာ အရောက်လာချိန်တန် ပြီဖြစ်သည်။ ယခုဆိုလျှင် ပြည်သူလူထု လိုလားတောင့်တသော ဒီမိုကရေစီခရီးလမ်းက တစ်ဖန်ပြန်လည် လျှောက်လှမ်းလာပြီ ဖြစ်သည်။ ပြည်သူလူထု ရွေးချယ် တင်မြှောက်ထားသည့် အစိုးရ တစ်ရပ် ပေါ်ထွန်းလာခဲ့ပြီး တိုင်းပြည်၏ အပြစ်အနာအဆာများကို အမှန်အတိုင်း ရှုမြင်ကာ တိုင်းပြည်ပြု ပြင်ပြောင်းလဲရေးအတွက် ရည်မှန်းချက်ထားရှိသော နိုင်ငံ့ခေါင်းဆောင်တစ်ဦးလည်း ပေါ်ထွန်းနေချိန် ဖြစ်သည်။ ကြိုတင်ကန့်သတ်ချက်မထားသော ငြိမ်းချမ်းရေးကမ်းလှမ်းချက်များဖြင့် လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးကိုလိုလား တောင်းတနေသော နိုင်ငံ့ဦးသျှောင်၏ စေတနာကိုလည်း မြင်တွေ့နေရပြီဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းရေးကို လိုလားသည့် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် အစိုးရကြားကနဦး ထိတွေ့ဆက်ဆံဆွေးနွေးမှုများကိုလည်း မြင်တွေ့လာရသည်။ ဤသည်က တိုင်းပြည်အနာဂတ်အတွက် ကောင်းမွန်သော ငြိမ်းချမ်းရေးလမ်းစများဖြစ်သည့်အတွက် ပြည်သူ့အကျိုး ရှေးရှုသော လက်နက်ကိုင်အဖွဲ့များ၏ လမ်းကြောင်းရွေးချယ်မှုကိုလည်း ဂုဏ်ပြုကြိုဆို ရမည်ဖြစ်သည်။ မိမိတို့ လိုလားတောင့်တနေသည် အချက်များကို ပြည်သူ ရွေးချယ်တင်မြှောက်ထားသော အစိုးရထံ တင်ပြတောင်းဆိုခြင်း၊ ငြိမ်းချမ်းရေးအတွက် သေနတ်သံများ ချုပ်ငြိမ်းစေရန် ငြိမ်းချမ်းရေးစကားပြောဆိုခြင်းများက နိုင်ငံတော်အတွက် မင်္ဂလာသတင်းစကားများ ပြောဆိုခြင်းသာ ဖြစ်သည်။ လိုလားချက်များကို တစ်ဖက်နှင့်တစ်ဖက် အငြင်းအခုံဖြစ်သည်အထိ ပြောဆိုခြင်းသည် လက်နက်နှင့် အပြန်အလှန် တိုက်ခိုက်ခြင်း မဟုတ်သည့်အတွက် ငြိမ်းချမ်းရေးခရီး လျှောက်လှမ်းချိန် မည်မျှအချိန်ကြာသည်တိုင် အကျိုးမယုတ်စေသော နည်းလမ်းဖြစ်သည်။
မြန်မာ့သမိုင်းတွင် အရေးပါလှသော အာဇာနည်နေ့သည် ခေါင်းဆောင်ကြီးများ၏ ပေးဆပ်မှုများကို ဂါရဝပြုရုံသာမက တိုင်းရင်းသားအားလုံး စည်းလုံးညီ ညွတ်ရေးဟူသော အဓိကရည်မှန်းချက်ကို အမြဲတစေ သတိချပ်စေမည့် နေ့တစ်နေ့ ဖြစ်သည်ကို နိုင်ငံတော် သမ္မတကြီး သတိပေးခဲ့ခြင်းက ယနေ့ကာလတွင် အကောင်းဆုံး သတိပေးချက် ဖြစ်သည်။ တိုင်းပြည်တစ်ပြည်၏ ကြံ့ခိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက် မှုသည် ပြည်သူလူထု တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအပေါ်တွင်သာ အခြေခံတည်မှီနေပေသည်။ ထို့ကြောင့် အတိတ်မှ သမိုင်းသင်ခန်းစာများကိုရယူကာ မတူကွဲပြားမှုများကို ဘေးဖယ်၍ တိုင်းပြည်အကျိုးဟူသော ဘုံရည်မှန်းချက်အတွက် အားလုံးပူးပေါင်းပါဝင်ကြရန် လိုအပ်လှပါ သည်။
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ဖြေရှင်းရာတွင် လက်နက်ကိုင်ပဋိပက္ခ လမ်းစဉ်သည် မည်သည့်အခါမျှ အဖြေမှန်မဖြစ်နိုင်ဘဲ တိုင်းပြည်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော လူငယ်များ၏ အနာဂတ်ကိုသာ ထိခိုက်နစ်နာစေမည် ဖြစ်သည်။ ထို့ကြောင့် အပြန် အလှန် လေးစားမှု၊ နားလည်မှုတို့ ဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းကျကျ စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာသည့် ယဉ်ကျေးမှုတစ်ရပ်ကို အခိုင်အမာတည်ဆောက်ကြရမည်ဖြစ်သည်။ သို့မှသာ ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော စစ်မှန်သည့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို အပြည့်အ၀ခံစားကြရမည် ဖြစ်သည်။
အနာဂတ် မြန်မာနိုင်ငံတော်ကို စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး၏ ကိုယ်စီတာဝန်သိမှုနှင့် ဥပဒေကို လေးစားလိုက်နာမှုတို့သည် အရေးကြီးသော မောင်းနှင်အားများ ဖြစ်ကြသည်။ နိုင်ငံတကာအ လယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုသည် မရှိမဖြစ် လိုအပ်လှပေသည်။ သို့ဖြစ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် သာယာဝပြောပြီး တည်ငြိမ်အေးချမ်းသော ပြည်ထောင်စုကြီးကို အကောင်အထည် ဖော်နိုင်ရန် တိုင်း ရင်းသားပြည်သူတစ်ရပ်လုံးက ညီညွတ်သောခွန်အားများဖြင့် အတူတကွ ကြိုးပမ်းတည်ဆောက်သွားကြရမည် ဖြစ်သည်။ အာဇာနည်နေ့သည် အတိတ်က ခေါင်းဆောင်ကြီးများ၏ ပေးဆပ်မှုကို လွမ်းဆွတ်သတိရရုံသာမက၊ ၎င်းင်းတို့ မျှော်မှန်းခဲ့သည့် လွတ်လပ်ပြီး စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီး' ဖြစ်ပေါ်လာစေရန် ပစ္စုပ္ပန်ကာလ တိုင်းပြည်အခြေအနေကို ပြန်လည်ဆန်းစစ်ရမည့် သမိုင်းဝင် သင်ခန်းစာတစ်ခု ဖြစ်သည်။
မိမိတို့နိုင်ငံသားအားလုံး ရင်ဆိုင်ကျော်လွှားရမည့် အဓိကသော့ချက်မှာ ပဋိပက္ခများကို ကျော်လွန်ခြင်း၊ နှစ်ပေါင်းများစွာ အထိနာခဲ့ရသည့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပယ်ပြီး၊ အပြန်အလှန် လေးစားမှုရှိသော နိုင်ငံရေးစားပွဲဝိုင်း တွေ့ဆုံဆွေးနွေးမှု ယဉ်ကျေးမှုကို ဖော်ဆောင်ရန်၊ လူ့စွမ်းအားအရင်းအမြစ်ကို ကာကွယ်ရန်၊ လမ်းမှားရောက်နေသည့် လူငယ်ထု၏ အားမာန်များကို တိုင်းပြည်တည်ဆောက်ရေး ကဏ္ဍများတွင် မှန်ကန်စွာ ပြန်လည်အသုံးချရန်၊ စည်းကမ်းနှင့် ဥပဒေကို အခြေခံရန်၊ စစ်မှန်သော ဒီမိုကရေစီဆီသို့ လျှောက်လှမ်းရာတွင် ဥပဒေနှင့် စည်းကမ်းကို လေးစားလိုက်နာသည့် လူ့အဖွဲ့အစည်းအဖြစ် တည်ဆောက်ရန်တို့ ဖြစ်ကြသည်။
သို့ဖြစ်ရာ အတိတ်မှ ခါးသီးသော သမိုင်းသင်ခန်းစာများကို အခြေပြု၍ မတူကွဲပြားမှုများကို ဘေးဖယ်ကာ၊ မိမိတို့ မျှော်လင့်တောင့်တနေသည့် တရားဥပဒေစိုးမိုးပြီး အေးချမ်းသာယာသော၊ ကမ္ဘာ့အလယ်တွင်ရင်ပေါင်တန်းနိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တိုင်းရင်း သား ပြည်သူတစ်ရပ်လုံးက 'ညီညွတ်သော ခွန်အား'ဖြင့် လက်တွဲညီညီ ဝိုင်းဝန်း ပုံဖော်ထူထောင်သွားကြရမည် ဖြစ်ပါသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )