တော်လှန် ကမ္ဘာ့ဖလား

၂၀၂၆ ၊ ဇွန် ၁၉

    ကမ္ဘာ့တစ်ဝန်းက ဘောလုံးချစ်ပရိသတ်တွေက ကမ္ဘာ့ဖလားဆီ အာရုံရောက်သွားကြသည်။ လေးနှစ်တစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့ဖလားဆိုတော့လည်း ဘောလုံးဝါသနာရှင်တွေ ကိုယ့်နိုင်ငံကိုယ်စားပြုအသင်း ဝင်ကန်ရသည် ဖြစ်စေ၊ မကန်ရသည်ဖြစ်စေ ကိုယ်ကြိုက်နှစ်သက်သည့် ကမ္ဘာကျော် ဘောလုံးသမားတွေ ပါဝင်သည့်အသင်းကို အားပေးကြသည်။
    ထူးမြတ်တို့လို့ အရှေ့တောင်အာရှအတွင်းက နိုင်ငံငယ်လေးရဲ့ ဘောလုံးချစ် ပရိသတ်ကြီးများကလည်း ကမ္ဘာ့ဖလားကို အာရုံစိုက်ကြသည်။ ဘောလုံးကို အင်မတန် ချစ်မြတ်နိုးသော လူမျိုးကိုပြောပါဆိုရင် မြန်မာလူမျိုးတွေကို လက်ညှိုးထိုးပြရမည်။ အဘယ်ကြောင့်ဆိုသော် တစ်ကမ္ဘာလုံးက မည်သည့် နိုင်ငံက ကန်သည့်၊ မည်သည့် လိဂ်ပွဲမဆို အားပေးကြတာကြောင့် ဖြစ်သည်။ ပရီးမီးယားလိဂ်ဆိုရင် မြန်မာလူမျိုးများ၏ အသည်းစွဲဖြစ်သည်။ ရေခြားမြေခြားက မျက်နှာဖြူတွေကန်တဲ့ ဘောလုံးပွဲကြည့်ပြီး ရန်တွေလည်း ဖြစ်ကြသည်။ တစ်ယောက်နဲ့တစ် ယောက်မင်းက ဘယ်အသင်းဖန်မို့လို့၊ ငါကဘယ်အသင်း ဖန်ကွဆိုပြီး ဖန်တွေလည်း ခွဲကြသည်။ စကားမစပ် ဒီနှစ်ပရီးမီးယားလိဂ် ချန်ပီယံက အာဆင်နယ်အသင်း ဖြစ်သည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကံမကောင်းအကြောင်းမလှလို့ ချန်ပီယံလွဲချော်ခဲ့တာကို ပြောင်ချော်ချော်လုပ်သော တခြားအသင်းဖန်တွေကို ဘီယာခွက်တွေနဲ့ ဆော်ပလော်တီးခဲ့သည့် ဖြစ်ရပ်က ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်ယူရမည်ဖြစ်သည်။
    မြန်မာဆိုတာက ကျန်တဲ့နေရာမှာ ဖန်ကွဲပေမယ့် မြန်မာဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲတွေဆိုရင်တော့ အာရှကျားကြီး လာပြီဟေ့ဆိုပြီး တစုတစည်းတည်း အားပေးလေ့ရှိကြသည်။ အတိတ်ကအာရှမှာ မြန်မာဘောလုံးက မခေခဲ့တော့ အာရှကျားကြီး ပြန်လာနိုးဖြင့် ထူးမြတ်တို့လည်း မြန်မာဘောလုံးအသင်းကို မပြတ် အားပေးလာခဲ့သည်။ ဒီလိုနဲ့ နယူးဇီလန်မှာ လက်ခံကျင်းပတဲ့ ယူ ၂၀ ကမ္ဘာ့ဖလား မန်ယူအသင်းကို ဂိုးသွင်းဖူးတဲ့ မောင်မောင်လွင်တို့လို့ လူငယ်ကစားသမားလေးတွေ သွားရောက် ယှဉ်ပြိုင်ခဲ့စဉ်က မြန်မာကွဆိုပြီး ဂုဏ်ယူလိုက်ရတာ ယနေ့ထက်တိုင် ဖြစ်သည်။ မြန်မာဘောလုံး ပရိသတ်ဆိုတာကလည်း အင်မတန်အသည်းမာလှသည်။ မြန်မာကိုယ်စားပြု ဘောလုံးအသင်း ပွဲစဉ်တွေ ရှိပြီဆိုရင် ချွေးနှဲစာလေးနဲ့ ဂျာစီတွေ ဝယ်ကြ၊ ဘောလုံးပွဲ လက်မှတ်တွေဝယ်ကြ၊ မြန်မာအလံကြီးတွေခြုံပြီး ကွင်းထဲ အရောက်သွားကြသည်။ တစ်ပွဲလောက်နိုင်ရင် 'အာရှကျားကြီး၊ အာရှကျားမလေး၊ အာရှကျားပေါက်' လေးတွေဆိုပြီး ချီးမွှမ်းခန်း ဖွင့်ရတာ အမောပင် ဖြစ်သည်။ နောက်တော့လည်း ကစားသမားတွေနဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဖက်ငိုကြတဲ့မြင်ကွင်းနဲ့ အဆုံးသတ်ရသည်။ ဥက္ကဋ္ဌကြီးလည်း ဖက်ငိုရလွန်းလို့ မြန်မာ့ဘောလုံးလောက စိတ်နာသွားဟန်တူသည်။ ဟို တစ်နေ့က အင်တာဗျူးတစ်ခုမှာ နောက်ဥက္ကဋ္ဌရွေးပွဲကျရင် လာအရွေးခံကြဖို့တာဝန်က အနားယူပြီဖြစ်ကြောင်း ပြောလာသည်။ ဒီလိုဆို တော့လည်း စိတ်မကောင်း ဖြစ်ရသည်။ မြန်မာဘောလုံးလောက ဖက်ငိုစရာ ဥက္ကဋ္ဌကြီး မရှိရင်ဆိုပြီး မျက်ရည်ဝဲမိသည်။ ထူးမြတ်တစ်ယောက်လည်း ဥက္ကဋ္ဌလုပ်ဖို့ အစီအစဉ် မရှိချေ။ ဘာကြောင့်လဲ ဆိုတော့ အသည်းနုတော့ မဖက်ခင်ကတည်းက ငိုချင်တာကြောင့် ဖြစ်သည်။
    သြော် ပြောချင်တာက ကမ္ဘာ့ဖလားအကြောင်းကနေ မြန်မာ့ဘောလုံးလောက ရောက်သွားတာ ဖြစ်သည်။ ခုဆိုရင် ကမ္ဘာ့ဖလားအုပ်စုပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင် စတင်ကျင်းပနေပြီ ဖြစ်သည်။ အိမ်ရှင်က သုံးနိုင်ငံဆိုတော့ ဖွင့်ပွဲသုံးပွဲ ကြည့်ရသည်။ ကမ္ဘာ့ဖလားဆိုသည့်အတိုင်း နိုင်ငံစုံကလာတော့ ပြဿနာစုံကြသည်။ အိမ်ရှင်နိုင်ငံတွေကလည်း မျက်နှာကြောမတည့်သည့် နိုင်ငံကိုယ်စား ပြုအသင်းတွေလာရင် ကိုးလို့ကန့်လန့်တိုက်ပြီး ပညာပြကြသည်။ မင်းတို့အသင်းကတော့ ကစားသမားတွေပဲ ဝင်ခွင့်ပြုမယ် ကျန်တဲ့သူတွေ မဝင်ရဘူးဆိုတာမျိုး အထိညစ်ကြသည်။ ဒိုင်လူကြီးတောင် မင်းက ဘယ်နိုင်ငံက လာတာ။ ငါ့နိုင်ငံထဲ မဝင်နဲ့ဆိုတာလည်း ရှိသည်။ တချို့အသင်းတွေဆိုရင် လေ့ကျင့်ရေးကွင်းမှာ မြွေတွေတွေ့လို့ လေ့ကျင့်ရေးမဆင်းနိုင်ဘဲ ဖြစ်ကုန်ကြသည်။ ပရိသတ်တွေကလည်း လက်မှတ်တွေဈေးကြီးတာနဲ့ ပတ်သက်ပြီး ပွစိပွစိ ပြောကုန်ကြသည်။ ဘီယာကုမ္ပဏီကြီးတွေလည်း ငါတို့နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ ဘီယာဘယ်လောက် ပမာဏတော့ ရောင်းရမှာပဲဟု စီးပွား တွက် တွက်ကုန်ကြသည်။ ဒီအချက်ကြည့်ရင် ကမ္ဘာပေါ်မှာ ထူးမြတ်လို ဘီယာသမားတွေအများသားဟု ကြံဖန်ဂုဏ် ယူရသေးသည်။ ဗီဇာအခက်အခဲ တွေ၊ တည်းခိုရေးအ ခက်အခဲတွေနဲ့ စတင်ခဲ့သည့် ကမ္ဘာ့ဖလားကြီးကတော့ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာတစ်ဝန်းက ဘောလုံးချစ် ပရိသတ်ကြီးအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပင် ဖြစ်သည်။
    ကဲဒီလိုဆိုတော့ ထူးမြတ်တို့ ရွှေပြည်ကြီးမှာလည်း ဘောပရိသတ်တွေများတာကြောင့် ဘယ်ရုပ်သံလိုင်းက ပြမှာလဲဆိုပြီး စောင့်ကြည့်နေကြသည်။ ဒီတော့ ဖီဖာခေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံအတွက်  တစ်ခုတည်း မူပိုင်ပြသခွင့်ကို ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် မိုင်တဲလ်ကို ခွင့်ပြုခဲ့သည်။ နိုင်ငံကပြည်သူတွေ ကြည့်ခွင့်ရဖို့ ခုလိုစွမ်းဆောင်နိုင်ခဲ့ပြီး အခပေး ရုပ်သံလိုင်းတွေကလည်း ထပ်ဆင့် ထုတ်လွှင့်ပြသပေးကြသည်။ ထုံးစံအတိုင်း ရွှေပြည်ကြီး နှစ်ဖွဲ့ ကွဲကြပြန်လေသည်။ ပြည်ပ သတင်းဌာနတွေကလည်း မြန်မာနိုင်ငံကို ကမ္ဘာ့ဖလားပြသခွင့်ပေးတဲ့ အော်ပရေတာက ဘယ်အဖွဲ့အစည်းကပိုင်တာ၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး မီးစထိုးပေးကြသည်။ ဒီမှာတင် တော်လှန်ရေး အုပ်စုကြီးကလည်း ဒီကိစ္စကို ဖီဖာကို တိုင်မယ်၊တောမယ် ဖြစ်ကုန်ကြသည်။ တချို့ကလည်း ဘောလုံးပွဲ ဘယ်ကပြပြ ကြည့်ရဖို့အရေးကြီးတယ်။ မင်းတို့တော်လှန်ရေး ခဏထား ကမ္ဘာ့ဖလားပြီးမှ ပြန်စဆိုပြီး ဖြစ်လာကြသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဆီကို ကန့်ကွက်ကြောင်း စာတွေပေး ပို့ကြသည်ဟု ဆိုပြန်သည်။ ဟိုမှာက ဒီလောက်အလုပ်များနေတဲ့အချိန် ကန့်ကွက်စာပေးတာ ဖတ်ချိန်ရပါ့မလား စိတ်ပူမိသေးသည်။ ကမ္ဘာ့ဖလားပြီးရင်တော့ အချိန်ရရင် ဖတ်ကြည့်ကြပေလိမ့်မည်။
    ကိုတော်လှန်တို့၊ မတော်လှန်တို့ကလည်း ကမ္ဘာ့ဖလားကို ဘွိုင်းကောက်လုပ်ကြဖို့ လှုံ့ဆော်ကြ ပြန်သည်။ တချို့ကြလည်း ကမ္ဘာ့ဖလားပွဲစဉ်တွေ တိုက်ရိုက်မကြည့်ဘူး၊ ဟိုက်လိုက်ပဲကြည့်မယ်ကွာဆိုပြီး ရဲရဲတောက်ကြပြန်သည်။ တချို့ကလည်း လေးနှစ်တစ်ကြိမ်မှ ကြည့်ရတဲ့ အခွင့်အရေး လက်လွတ်မခံဘူး၊ တော်လှန်ရေးက ကမ္ဘာ့ဖလားပြီးမှလည်း ဆက်တော်လှန်လို့ရတာပဲဆိုပြီး ဖြစ်ကုန်ကြသည်။ တချို့က လည်း ဂိုးရလဒ်သိရ ရင်ပြီးရော ဖြစ်ကုန်ကြသည်။
    ဒီကြားထဲ အညာတစ်ခွင်က ဖုန်းတာဝါတိုင်တွေကို တိုက်ခိုက်ချေမှုန်းထားနိုင်သည့် တောထဲက ကလေးတွေကလည်း ငါတို့မှာ ဖုန်းလိုင်းမှမရှိတာ ဘယ်လိုကြည့်ရမှာလဲဆိုပြီး ငိုချင်းချကြသည်။ ရွှေပြည်ကြီးမှာ ဖြစ်ပျက်နေတာက ကမ္ဘာ့ဖလား လက်ခံကျင်းပပြီး ဝင် ကန်ရသည့်နိုင်ငံက လူတွေထက်တောင် ဝေဖန်ရေးလေကန်ရေး လုပ်နေကြသည်။ တချို့ကလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေဖြစ်ပြီး ကမ္ဘာ့ဖလား ထုတ်လွှင့်ခွင့်တောင်ရအောင် မလုပ်ပေးနိုင်ကြဘူးဆိုပြီး အပြစ်တင်ကြသည်။
    တော်လှန်အဆိုးရကြီးကလည်း မိုးရာသီအစဆိုတော့ နှာစေးနေကြသည်။ ဖေ့စ်ဘုတ်ပေါ်မှာ အကောင့်ပေါင်းများစွာ ဖွင့်ကာ နည်းပညာမြင့် အဆိုးရ တစ်ရပ်ဖြစ်ပြီး ဘောလုံးပွဲလေးတောင် မလွှင့်ပေးနိုင်တာ စိတ်ဆိုးမိသေးသည်။ နည်းပညာမြင့် ဇွန်းမီတင်ဖြင့် လွှတ်တော်တွေကျင်းပနေသည့် အဆိုးရကြီး၊ ဝန်ကြီးဌာန အလိုက် ဖေ့စ်ဘုတ်အကောင့်ပေါင်းများစွာ ဖွင့်ပြီး အုပ်ချုပ်နေသော တော်လှန်အဆိုးရလူကြီး တွေများ ဒီတစ်ခေါက်တော့ နောက်ကောက်ကျလေခြင်းဟုဆိုပြီး ထူးမြတ်တောင် မိုင်တဲလ် အက်ပလီကေးရှင်းက ဘောပွဲကြည့်ရင်း တောက်တစ်ခေါက်ခေါက်ဖြင့် မချိတင်ကဲ ဖြစ်ရလေသည်။
    ဒီတော့ တော်လှန်အဆိုးရကြီးကို အကြံပေးချင်သည်။ တော်လှန်အဆိုးရကို ထောက်ခံကြသူတို့ ကမ္ဘာ့ဖလားကြည့်လို့ရအောင် အမေရိကန်ရောက် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ စွမ်းဆောင်နိုင် လိမ့်မည်ထင်သည်။ ခုကမ္ဘာ့ဖလားကျင်းပရာနေရာက တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ အခြေချရာ အမေရိကား အနီးတစ်ဝိုက်က နိုင်ငံတွေမှာဆိုတော့ လူကြီးမင်းတို့အတွက် ကမ္ဘာ့ဖလားထုတ်လွှင့်ဖို့ဆို တာ မခက်ခဲကြချေ။ပြည်သူကို သိပ်ချစ်တဲ့ ခေါင်းဆောင်ကြီးတွေ လူစုခွဲပြီး  ကမ္ဘာ့ဖလားပွဲတွေ သွား ကြည့်ရမည်။ ပြီးရင် ကွင်းထဲရောက်တာနဲ့ ဖုန်းတစ်လုံးထုတ်ပြီး တော်လှန်ဖေ့စ်ဘုတ် စာမျက်နှာတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပေးရမည်ဖြစ်သည်။ တတ်နိုင်ရင် ဘောလုံးပွဲအစီအစဉ် ကြေညာသူတွေပြောသလို "တော်လှန်ဘောလုံးချစ် အားကစားဝါသနာရှင် ပရိသတ်များခင်ဗျာ။ လိမ်ရင်းပတ်ရင်း ထပ်လိမ်ရင်းနဲ့ ကျွန်တော်တို့ရဲ့ တော်လှန်ဘောလုံးပွဲ အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်နေမှုကို ဒီမှာပဲရပ်နား ပါရစေ"ဆို တာမျိုးလေး ပြောပေးစေလိုပါသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 46

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63039

© 2022 - 2026 News. All Rights Reserved.