တော်လှန်မျောက်၏ ဒုက္ခအသိ

၂၀၂၆ ၊ မတ် ၂၀

    တော်လှန်ရေး ဖေ့စ်ဘုတ်ဆယ်လီကြီးကတော့ ပြတ်ပြတ်သားသား အားရပါးရ ပြောချလိုက်သည်။ အရင်ကတော့ တောထဲကကလေးတွေ၊ ဂျန်ဇက်ကလေးတွေဆိုပြီး မြှောက်ပင့်ပေးပြီး ခုကြတော့ တော်လှန်ရေး အမှိုက်တွေပါကွာဟု တည့်ဝေဖန်လိုက်သည်။ အကြောင်းက တော်လှန်ဆယ်လီကြီး အားထားရတဲ့ တော်လှန်အဆိုးရကြီးရဲ့ ရင်ငွေ့ကို မခိုလှုံတဲ့ တောထဲကကလေးတွေ၊ တိုင်းရင်းသားလက် နက်ကိုင်တွေရဲ့ ထိုးကျွေးတာမခံတဲ့ တောထဲကကလေးတွေ အားလုံးကို တော်လှန် ရေးအမှိုက်တွေအဖြစ် သတ်မှတ်လိုက်တာဖြစ်သည်။ ဒီကလေးတွေကလည်း ခက်သည်။ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေက ဆန်တောင်းလို့ကောင်းအောင် မျောက်မွေးတာကို မျောက်မွေးမခံဘဲ တောထဲမှာ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေကြတာဆိုတော့ လူကြီးတွေ စိတ်ကောက်သွားတာလည်းပါသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ခုတ လော လက်သပ်မွေးလို့ မရသည့် လူတွေ၊ အဖွဲ့အစည်းတွေကို လိုက်ပြီး ဆော်ပ လော်တီးနေသည်။ တစ်ခါတလေ ထူးမြတ်တို့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေက ကလေးဘဝက လူဆိုးနဲ့ ရဲလုပ် တမ်းကစားသလိုများ ကစားနေကြသလား ထင်ရသည်။ ငယ်ငယ်က ထိုကစားနည်း ကစားရင် ဘယ်သူကမှ လူဆိုးမလုပ်ချင် ရဲပဲလုပ်ချင်ကြသည်။ ဒီတော့ ကိုယ့်ထက် အရွယ်ငယ်တဲ့ကလေးတွေ၊ ကစားဖော်ငတ်နေတဲ့က လေးတွေကိုအနိုင်ကျင့်ပြီး လူဆိုးလုပ်ခိုင်းရသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေလည်း ထို့နည်းတူစွာပင် ဖြစ်သည်။ သူတို့နဲ့ တည့်အောင်ပေါင်းရင် ဝန်ကြီးတွေ၊ ဝန်ကလေးတွေ နေရာကောင်းပေးတတ်ပြီး ကလန်ကဆန်လုပ်ရင်တော့ ဟိုဘက်ကဒလန်တွေဆိုပြီး ချက်ချင်း ခေါင်း စဉ်တပ်လေ့ရှိသည်။
    ခုလည်း တောထဲက ကလေးတွေဘက်ကို လှည့်မဲပြန်လေတော့သည်။ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေက မေတ္တာ၊ စေတနာအပြည့်ဖြင့် ငါတို့အောက်မှာနေ၊ ငါတို့ခိုင်းတာလုပ်၊ ငါတို့သေဆိုသေ၊ ရှင်ဆိုရှင်ပြီး ထားချင်တာကို တောထဲက ကလေးအဖွဲ့အချို့က လူကြီးတွေစကား နားမထောင်ကြပေ။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ စေတနာကို နားမလည်ကြတာ ဖြစ်သည်။ တော်လှန်ရေး ခေါင်း ဆောင်ကြီးတွေရဲ့ လက်အောက်မှာနေရင် အတော်လေး လုံလုံခြုံခြုံနေရသည်။ ဟိုအစ်မကြီးကိစ္စကို ကြည့်ရင်သိနိုင်သည်။ ခွေးမွေးနေ့တွေလုပ်ပြီး လက်အောက်ငယ်သားတွေကို ဆူဆူပူပူလုပ်လို့ဆိုပြီး ဝိုင်းတိုင်လိုက်ကြတာ ခုဆိုရင် နောက်ဆူဆူပူပူမလုပ်ဖို့ ပြင်းပြင်းထန်ထန်လေး ဆုံးမပေးလိုက်သည်။ ကိုယ့်လူဆိုရင် ရွှေဖော့ရိုးလေးတွေနဲ့ ရိုက်ရိုက်ပြီး ဆုံးမတတ်သည့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဘယ်လောက် ကြည်ညိုဖို့ ကောင်းလဲဆိုတာ တောထဲက ကလေးတွေ သိစေချင်သည်။ ဒီလိုလူကြီးတွေရဲ့ စေတနာကို နားမလည်ရကောင်းလားဆိုပြီး တော်လှန်ရေးရဲ့ အမှိုက်သရိုက်လေးတွေဟု သတ်မှတ်လိုက်တော့  တောထဲကကလေးတွေမှာ လေးစားအားကျရသော တော်လှန်ရေးခေါင်းဆောင်ကြီးတွေ မျက်နှာ လွှဲခဲပစ်လုပ်တာ ခံလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်မှာ သေချာသည်။ ဒါတောင် ဘာကိုမှန်းမသိ ဆက်တော်လှန်ချင်နေကြသေး သည်။ ဒုက္ခကို မျောက်သိသိတယ်ဆိုသလိုပင် ဖြစ်သည်။
    ဒီလိုဆိုတော့ တောထဲကကလေးတွေရဲ့အဖြစ်က ဒုက္ခကို ရေရေရာရာမသိသော မျောက်ကလေး ပုံပြင်နဲ့တောင် ခပ်ဆင်ဆင် တူသွားသေး သည်။ လယ်တီဆရာတော်ဘုရားကြီးဟောတဲ့ တရားထဲက မျောက်သိတဲ့ ဒုက္ခအကြောင်းလေး ပြန်ပြောပြရမည်ဖြစ်သည်။ အခါတစ်ပါးက ကွင်းပြင်ကျယ်ကြီး အလယ်တွင် အင်မတန် အရိပ်အာဝါသကောင်းသော ညောင်ပင်ကြီးတစ်ပင်ပေါ်တွင် မျောက်တစ်ကောင် နေထိုင်လေ သည်။ ဒီလိုဆိုတော့ ကွင်းပြင်ကျယ်ကြီးကို ဖြတ်သန်းသွားလာကြသည့် ခရီးသည်များ၏ နားခိုရာသည် ထိုသစ်ပင်ကြီးဖြစ်လာလေသည်။ ထိုသစ်ပင်ကြီးကို နေ့စဉ် ခရီးသွားအများအပြား လာရောက် ခရီးတစ်ထောက်နားကြလေသည်။ လာနားကြသည့် ခရီးသည်များမောပန်းမှုကြောင့် ညည်းတွားသည့် စကားက 'ဒုက္ခ' ဟူသောစကား ဖြစ်လေသည်။ အထမ်းထမ်းပြီးရွာစဉ်လှည့်ကာ ကုန်စည်ရောင်းချသူကလည်း သစ်ပင်အောက် အထမ်းချနားရင်လည်း 'သြော် ဒုက္ခ ဒုက္ခ'ဟု ညည်းတွားတတ်သည်။ ဒါ့အပြင် လှည့်ဖြင့် ကုန်စည်ကူးသန်းကြသူတွေကလည်း သစ်ပင်အောက် နွားတွေဖြုတ်ပြီး နားလျှင် 'သြော်ဒုက္ခ ဒုက္ခ'ဆိုပြီး ညည်းတွားလေသည်။
    သစ်ပင်ကြီးအောက် နေ့စဉ်လာရောက် နားခိုကြသော ခရီးသွားများထံမှ မျောက်ကလေး ကြားရသည့်စကားက 'ဒုက္ခ'ဆိုသည့် ဝေါဟာရပင်ဖြစ်သည်။ကြာလာတော့ မျောက်ကလေးမှာ လူသားတွေပြော လေ့ရှိသည့် 'ဒုက္ခ'ဆိုသည့်အရာက ဘယ်လိုသတ္တဝါလဲဆိုတာ သိချင်လှသည်။ နေ့စဉ်သူမှာ သစ်ပင်ပေါ်ကနေ လူတွေ ညည်းတွားပြောဆိုနေသည့် 'ဒုက္ခ'ဆိုသည့် သတ္တဝါကို မျက်ဝါးထင်ထင် မြင်တွေ့လိုသည်။ ဒီတော့ လူသားတွေထံ ချဉ်းကပ်ပြီး မေးမြန်းရန် အကြံရလေတော့သည်။ တစ်နေ့တော့ မျောက် ကလေးနေထိုင်ရာသစ်ပင်အောက်ကို အဘိုးအိုတစ်ဦး ရောက်လာသည်။ တောင်ဝှေးလေး ကိုအသာချ 'သြော် ဒုက္ခ ဒုက္ခ'ဟု ညည်းတွားလေရာ  ဒုက္ခကို မျက်မြင်တွေ့လိုသော မျောက်ကလေး အခွင့် သာသွားပြီး အဘိုးအိုထံချဉ်းကပ်ကာ "အဘိုးတို့လူသားတွေ ပြောပြောနေတဲ့ ဒုက္ခဆိုတာ ဘာကောင်လဲဗျ အတော်များကြီးသလား။ ကျွန်တော် တွေ့ဖူးချင်လိုက်တာဗျာ"ဟု  စကားဆိုလေသည်။ ဒီတော့ အဘိုးအိုက "ဒါများ ငမျောက်ရယ် နက်ဖြန်စောစော ဟို တောအုပ်အစပ်က  ငါ့အိမ်ကိုလာခဲ့ ဒုက္ခကို ပြမယ်"ဆိုပြီး မျောက်ကို ပညာပေးဖို့ကြံလိုက်သည်။
    ဒီတော့ 'ဒုက္ခ'ဆိုသည့်သတ္တဝါကို မြင်ဖူးချင်စိတ်ကြောင့် နောက်နေ့ မနက်အစောကြီး အဘိုးကြီး အိမ်ကို အရောက်သွားလေသည်။ အကြံ ကြီးသောအဘိုးကြီးကလည်း ကြိုတင်စီစဉ်ထားတဲ့အတိုင်း ရွာထဲမှာ အလွန်ဆိုးရွားသော၊ အကိုက်ကြမ်းသော ခွေးတစ်ကောင်ကို သေတ္တာ ကြီးတစ်လုံးထဲထည့်ပြီး မျောက်လက်ထဲကို ထည့်ပေးလိုက်သည်။ အဘိုးအိုက "ငမျောက်ရေ ဒီအထဲမှာပါတာက ဒုက္ခဆိုတဲ့ သတ္တဝါပဲကွ ခုတော့ဖွင့်မကြည့်နဲ့ ကွင်းပြောင်ပြောင်ထဲကြမှ ဖွင့်ကြည့်ဟ"ဆိုပြီး မှာလိုက်သည်။
    ဒီတော့ မျောက်ကလေးကလည်း ဒုက္ခကိုထည့်ထားတဲ့ သေတ္တာပုံးကြီးကို ယူဆောင်လာပြီး မကြာခင် ဒုက္ခတွေ့တော့မှာဆိုပြီး ပျော်ရွှင်စွာ ပြန်လာခဲ့သည်။အဘိုးကြီးမှာတဲ့အတိုင်း ကွင်းပြောင်ပြောင် ကြီးအရောက်တွင် သေတ္တာပုံးကြီးအဖွင့် ပိတ်လှောင်ခံထားရလို့ ဒေါသထွက်နေတဲ့ ခွေးကလည်း မျောက်ကို အားခဲပြီးလိုက်ကိုက်လေသည်။ အမြီးတွေ၊ လက်တွေ၊ နားရွက်တွေလိုက် ကိုက်တာကြောင့် မျောက်ကလေးမှာ ဆောက်တည်ရာမရ ပြေးလွှားပြီး အပေါ်တက်ပြေးဖို့ သစ်ပင်ငယ်တစ်ပင် တွေ့ရဖို့ သွေးအလိမ်းလိမ်းနဲ့ ပြေးရလေသည်။ ကံကောင်းထောက်မစွာ ခွေးမမီနိုင်သည့် လူတစ်ရပ်စာ သစ်ပင်တစ်ပင် အတွေ့ အားရဝမ်းသာ ခုန်တက်လေသည်။ အောက်ကခွေးကလည်း ဟောင်လိုက်၊ သွားတွေ ဖြဲပြလိုက်နဲ့ မျောက်အပေါ် ဒေါသက မပြေသေးပေ။ ခွေးကိုက်လို့ သွေးအလိမ်းလိမ်းနဲ့ဖြစ်နေသည့် မျောက်သိလိုက်သည့် အသိက ကိုယ်ပေါ်၌ရရှိထားသော ခွေးကိုက်ဒဏ်ရာတွေမဟုတ်ပဲ "ဟာ ဒုက္ခဆိုတာ အရမ်းဟောင် ပြီး သွားတွေဖြဲဖြဲပြတဲ့ သတ္တဝါပါလား"ဟု မှတ်ချက်ပြုလေ တော့သည်။
    ခုဆိုရင် အမှားကိုသိ၊ အမှန်မြင် ဒုက္ခအစစ် တွေ့ကြသူများ ဝင်လာမစဲ တသဲသဲ ဖြစ်နေကြသည်။ မောင်ညီမလေးတို့လည်း သူများမြှောက်ပေးတာ လိုက်လုပ်ပြီး ကိုယ်ရရှိထားတဲ့ ဒဏ်ရာတွေကို ဒုက္ခလို့ မမြင်ဘဲ တစ်နေ့ တစ်နေ့ အွန်လိုင်းပေါ်က ဟောက်လိုက်၊ ငမ်းလိုက်သွားတွေဖြဲပြလိုက်နဲ့ လုပ်ပြတတ်တဲ့ ကျည်လွတ်ရာက သတ္တဝါကြီးတွေကို လိုက်အာရုံစိုက်နေရင် တော်လှန် မျောက်ကလေးတွေဖြစ်နေမှာ စိုးရိမ်မိသေးသည်။  ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 38

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61067

© 2022 - 2026 News. All Rights Reserved.