တော်လှန်ရေးမှ စွန့်လွှတ်ခြင်းအနုပညာ

လူလည်များ
    ထူးထူးဆန်းဆန်း မတွေ့ဖြစ်သည်မှာ ကြာပြီဖြစ်သည့် သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာလေသည်။ သူပြောလိုသည့်စကားက အာလာပလ္လာပ မဟုတ်၊ ရင်ဖွင့်လိုသည့် အကြောင်းရှိ၍ ဖုန်းဆက်ခြင်း ဖြစ်သည်။ ဟိုတုန်းက သိပ်ခင်မင်ရင်းနှီးသည့် သူငယ်ချင်း ဖြစ်သောကြောင့် သူရင်ဖွင့်စရာရှိသည့်အရာကို ပွင့်ပွင့်လင်းလင်း ပြောလိုသဖြင့် ဖုန်းဆက်ခြင်းဖြစ်သည်။ "ငါ့ကောင်ကြီးရေ မင့်တော့ သိချင်မှ သိမှာ"ဟု အစရှိသည့် သူကြုံတွေ့ရသည့် ဇာတ်ကြောင်းကို ပြောလေတော့၏။
    သူ့တွင် သူငယ်ချင်းတစ်ယောက်ရှိ၏။ ထိုသူငယ်ချင်းက အနုပညာဘက်တွင် သိပ်ပြီး ခေသူ မဟုတ်ပေ။ ပန်းချီတွင်လည်း ကောင်းသကဲ့သို့ ဂစ်တာတီးရာတွင်လည်း အတော်ချွန်ကာ ဒရမ်တီးရာတွင်လည်း မညံ့ပေ။ စာနှင့်ကဗျာကိုလည်း စိတ်ဝင်စားပြီး အနုပညာနှင့်ပတ်သက်လျှင် ဟိုစပ်စပ်၊ သည်စပ်စပ် ပါတတ်သူ ဖြစ်သည်။ ထိုသူငယ်ချင်းက လွန်ခဲ့သည့် ငါးနှစ်ကျော်က အင်မတန်တက်ကြွသည့် ကြက်ဖကြီးဟု ဆိုလေသည်။ တော်လှန်ရေးနှင့်ပတ်သက်၍ သွေးမအေးစေရန် အားထုတ်လိုသူလည်း ဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်အချိန်ကလည်း တော်လှန်ရေးအကြောင်း မပြောလျှင် လူရာမဝင်သည့် အနေအထားဖြစ်သည်ဟု သူငယ်ချင်းဖြစ်သူက ဆိုလေသည်။ သို့နှင့် သူငယ်ချင်းပြောသည့် သူက တော်လှန်ရေးအကြောင်း မပြောလျှင်ပင် လူ့ခွစာဟု အထင်ခံရသဖြင့် သူနှင့်အဆက်အသွယ် အတော်ပင် ပြတ်သွားသည်ဟု ဆိုလေသည်။ နောက်ဆုံး ထိုတော်လှန်ရေး၏ တက်ကြွသည့် ကြက်ဖကြီးက မြန်မာနိုင်ငံတွင် တော်လှန်၍ အားမရသဖြင့် ပြည်ပနိုင်ငံအထိ သွားကာ တော်လှန်လေသည်ဟုဆိုသည်။ 'အကြောင်းပြချက်က မြန်မာပြည်ထဲမှ တော်လှန်ရသည်က မလုံခြုံ'ဟုခံစားရ၍ ပြည်ပထွက်ပြေး တော်လှန်ရေး လုပ်သည်ဟု ဆိုလေသည်။ အတော်လည်း တရားကျစရာကောင်းပါ လားဟုပင် အတွေးပေါက်မိ၏။ သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်ပြီး ကျန်သည့်သူများကို တော်လှန်ရေး ခေါင်းစဉ်အောက်က စစ်အတွင်း သေကွင်းသေကွက်များထဲ ရှင်သန်ခိုင်းနေသူများ ဖြစ်ကြ၏။
    သူ့စကားကိုဆက်ရလျှင် "အဲဒါလူလည်တွေ ကွ"ဟုဆို၏။ ဟုတ်သည်။ ယောက္ခမပိုက်ဆံနှင့် နိုင်မြင်းထင်ပြီး လောင်းခဲ့ကြသူများ ဖြစ်သည်ဟု သူငယ်ချင်းဖြစ် သူက ဆိုသဖြင့် ရယ်ပင်ရယ်ချင်သွားပါသည်။ 'ကွဲချင်ကွဲ ကိုယ့်အိုးမှ မဟုတ်တာ'ဆိုသည့်အတိုင်း သူတို့ကို ထိခိုက်ခြင်း မဟုတ်သဖြင့် မြှောက် ပေးရသည့် အလုပ်က သက်သာကြရဲ့ မဟုတ်လား။ အနေအစားချောင်သကဲ့သို့  သူတို့သည်သာလျှင် သောတာပန်နီးပါး သူတော်ကောင်း ကြီးဖြစ်ကြောင်း ကြွားလုံးထုတ်ရသည့် အရသာကလည်း ကောင်းသည်ဟု ဆိုလေသည်။
    ထိုကဲ့သို့ တက်ကြွသည့်ကြက်ဖကြီး၊ နိုင်ငံခြားအထိသွားကာ တော်လှန်ခဲ့သူကြီးနှင့် မကြာသေး မီရက်ပိုင်းက ဆုံတွေ့ဖြစ်သည့် အကြောင်းကို သူက စိတ်ဝင်တစား ရင်ဖွင့်နေ၏။ "ဟေ့ကောင်ရေ ဒီလိုအပြောင်းအလဲမျိုး တစ်ခါမှမမြင်ဖူးဘူး"ဟုဆိုကာ Vocal Tone မြှင့်၍ ပြောလေတော့သည်။ ယခင်က တက်ကြွသည့် ကြက်ဖကြီးသည် နိုင်ငံရေးအကြောင်းတစိုးတစိမှ ပြန်၍မဟဘဲ ထန်းဖိုထန်းလျက်ကဲ့သို့ ခပ်ပြောင်ပြောင် နေနေလေသည်ဟု ဆိုလေသည်။ 'ဘယ့်နှဖြစ်ရပါလိမ့်'ဟု အံ့သြနေရလောက်အောင်ပင် ပြောင်းလဲနေ၍ "စီးပွားရေးလုပ်ချင်တာ ဘာလုပ်ရင်ကောင်းမလဲ"ဟုပင် သူ့ကို တိုင်ပင်နေသေးသည်ဟု ဆိုလေသည်။ ထိုအချိန်ရောက်မှ သူငယ်ချင်းဖြစ်သူ ရင်ဖွင့်လိုသည့် ဆိုလိုရင်းကို ကျွန်တော်သဘော ပေါက်သွားပါတော့သည်။ လူလည်များ၏ တော်လှန်ရေးဆိုသည်မှာ အခြေအနေမကောင်းမှန်း သိသွား၍ တိတ်တဆိတ် စွန့်ခွာခြင်းဟု နားလည်လိုက်မိပါ၏။
    ငယ်နုစဉ်အခါက ကျွန်တော်တို့ အပေါင်း အသင်းတစ်သိုက်သည် မည်သည့်အလုပ်ကိုလုပ်လုပ် အနုပညာဆိုသည့် ခေါင်းစဉ်တပ်၍ ပျော်ပျော်ရွှင်ရွှင် လုပ်ခဲ့၏။ ဥပမာ ဖွဲခြင်ခြင်းကိုပင် ဖွဲခြင်ခြင်း အနုပညာ၊ ရေကူးခြင်းကို ရေကူးခြင်းအနုပညာဟု ပြောဆိုခဲ့ဖူးရာ  သူငယ်ချင်းပြောသည့် သူအကြောင်း ကို ပြောချိန်တွင်  "တော်လှန်ရေးက စွန့်လွှတ်ခြင်းအနုပညာပါလား"ဟု အတွေးပေါက်မိသွားသည်။

ပြုံး၍ မေးချင်သောစကား
    လွန်ခဲ့သည့် နှစ်လ၊ သုံးလခန့်က ဖြစ်သည်။မိတ်ဆွေတစ်ယောက်က အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး ကျွန်တော်နှင့် စကားပြောချင်၍ သီးသန့်လာကြောင်း ဆိုလေသည်။ ဖုန်းမဆက်ဘဲ အိမ်အထိလာသည်မှာ သာမညောင်ည မဖြစ်နိုင်ဟု တွက်ဆထား၏။ သူပြောသည့် အကြောင်းအရာကလည်း စိတ်ဝင်စား ဖွယ်ဖြစ်သည်။ သူက ရန်ကုန်မြို့သို့ မရောက်ဖြစ်သည်မှာ ကြာ၍ အလည်သွားကြောင်း၊ ထိုသို့အလည်သွားရာမှ သတင်းသမားလောက အသိုင်းအဝိုင်းက လူအချို့နှင့် ပြန်၍ ဆုံစည်းဖြစ်ကြောင်း ဆိုသည်။ ထိုသို့ ပြန်၍ဆုံဖြစ်ချိန် Streamer တစ်ယောက်၏ စိတ်နေသဘောထားအကြောင်း စိတ်မကောင်းခြင်းကြီးစွာဖြင့်လာ၍ ရင်ဖွင့်ခြင်းဖြစ်သည်။
    သူပြောပြသည်က သတင်းလောကတွင် ရှိနေသူတို့နှင့် စကားစမြည်ပြောဖြစ်ချိန် ရုပ်သံသတင်း တင်ဆက်သူတစ်ယောက်က ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေဆိုသည့် စကားအတိုင်းမဟုတ်ဘဲ အမုန်းတရားကို ရှည်ချင်နေသောအကြောင်း ဖြစ်သည်။ နိုင်ငံတော်က ပွင့်လင်းလာတော့မည့်အချိန်တွင် ပြည်ပကသူများ မြန်မာနိုင်ငံသို့ အသီးသီးပြန်၍ ဝင်ရောက်လာကြတော့မည် ဖြစ်သည်။ ထိုအချိန်တွင် မီဒီယာလုပ်ကိုင်သူများလည်း ပြန်ဝင်လာတော့မည်ဖြစ်ကြောင်း မီဒီယာလောက၏ထုံးစံကို သိနေကြောင်း ဆို၏။ ထိုကဲ့သို့ မီဒီယာသမားများပါ ပြန်၍ ဝင်လာပါက ရုပ်သံတင်ဆက်သူကြီးသည် ခွင့်မလွှတ်နိုင်ကြောင်း ဆိုနေလေသည်ဟု စိတ်မကောင်းစွာနှင့် ပြောပြ၏။ မိတ်ဆွေ စိတ်မကောင်းဖြစ်သည် က နိုင်ငံ တော်အစိုးရက ခွင့်လွှတ်၍ ပြန်လာကြမည့်သူများအကြောင်းကို သိပြီး သူက အဘယ့်ကြောင့် ခွင့်မလွှတ်နိုင် ရသနည်းဆိုသည်ကို စိတ်မကောင်းခြင်း ဖြစ်မိ၏။ မိမိ၏ လုပ်ရပ်အပေါ် သမိုင်းနှင့်ပြည် သူက ဆုံးဖြတ်မည့်ကိစ္စကို ကြားကဝင်၍ နာနေသည်မှာ သူ၏ အငုံစိတ်ကို မြင်နေရသဖြင့် ပို၍ စိတ်မကောင်းဖြစ်မိသည်ဟု ဆိုလေသည်။ "သူ့အတွက်ပဲကြည့်တာ၊ ပြည်တော်ပြန်ဝင်လာမယ့်သူတွေက မီဒီယာလုပ်ရင် သူ့အနေအစားပျက်မှာ ပူနေတာ၊ လာပါစေ သူ့တို့သမိုင်းကို ပြည်သူက ဆုံးဖြတ်မှာ"ဟု ဆိုလေသည်။
    မီဒီယာလုပ်ငန်းက ချမ်းသာသည့် လုပ်ငန်းမဟုတ်ဘဲ မီဒီယာဖြင့် ချမ်းသာချင်ပြီး အမုန်းတရားပေါ် အခြေမခံမှ ပြည်သူနှင့် နိုင်ငံတော်အပေါ် တာဝန် ကျေသည့် သတင်းမီဒီယာသမားဖြစ်မည်ဟု မိတ်ဆွေက  ဆိုလေသည်။ 'ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့'ဆိုသည့် စကားပုံအတိုင်း ပြည်တော်ပြန်များ ဝင်လာမည့်သူများကို  ကိုယ်တွေက ပြုံးပြုံးကြီးကြည့်ပြီး "သားကြီးရေ အေးဆေးပဲလား"ဟုသာ မေးလိုက်စမ်းပါဆိုသည့် မိတ်ဆွေ၏စကားကို သတိရမိပါသည်။ တော်လှန်ရေးကို စွန့်လာမည့်သူများနှင့် တွေ့လျှင်လည်း သူတို့လုပ်ရပ်ကို သူတို့ ဘာသာရှက်တတ်ရန် မိတ်ဆွေ၏ စကားအတိုင်း "သားကြီးရေ အေးဆေးပဲလား"ဟုသာ ပြုံး၍ မေးဦးမည်ဟုသာ ဆိုချင်ပါသည်။

အရောင်ဆိုးမခံကြနဲ့
    "ဒီကောင်တွေက ရယ်ရတယ်ဟေ့"ဟုဆိုကာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက အားပါးတရ လှမ်းပြော၏။ "ဆွမ်းကျွေးမှာ ဇွန်းရွေးမနေနဲ့တဲ့ဟေ့"ဟုဆိုကာ လှမ်းပြောခြင်းဖြစ်၏။ ထန်းလျက်လုံး ခွေးလျက်သကဲ့သို့ တဖြည်းဖြည်းကျဆင်းနေသော တော်လှန်ရေးကို ဟာသဉာဏ်ရှိသူက မှတ်ချက်ပေးတတ် ပုံကို ဖတ်မိပြီး သဘောကျကြောင်း ပြောနေခြင်းဖြစ်၏။ 
    "တော်လှန်ရေးဆိုတာ ကြီးကျယ်ခမ်းနား ရမှာဟ..အခုဟာက နောက်စရာပြောင်စရာ ဖြစ်နေပြီ ပြောခဲ့သည့် သူငယ်ချင်းဖြစ်သူ၏ ဆိုစကားကိုလည်း သတိရမိ၏။ လက်ရှိက တော်လှန်ရေးလုပ်နေသူ များဆို သူတို့က အချင်းချင်း လက်ညှိုးထိုးကုန်ကြပြီ ဖြစ်သည်။ ထိုအထဲက ဝါဒမှိုင်းမိ၍ လက်နက်ကိုင်မိသော လူငယ်တို့က NUG က လူကြီးများ၏ စကားကို မယုံတော့သဖြင့်  အဆဲလေးနှင့် တုံ့ပြန်နေကြ၏။ ဝါဒမှိုင်းတိုက်စဉ်က လူငယ်များကို ဦးစားပေးသည်ဟုပြောကာ လက်နက်ကြီးပဲ ကိုင်ခိုင်းနေ၏။ သူရဲ ကောင်းကြီးသဖွယ် မြှောက်ပင့်ထား၏။ ဂျန်ဇီလေးတွေတော်ကြောင်း အရောင်တင်ပေး၊ အရောင်ဆိုးပေးကြ၏။ အရောင်တင်ပေး၊ အရောင်ဆိုးပေးသူတို့သည် ကျည်ကွယ်ကျည်လွတ်မှနေ၍ ဂျန်ဇီဆိုသော လူငယ်တို့ကို 'ချ...ချ'ဟုသာ လုပ်ပေးနေပြီး လက်ခုပ်တီးနေကြသူများသာ ဖြစ်သည်။ 
    ထမင်းဖြင့် ဝအောင် မကျွေးနိုင်၊ အဝတ်အစားပင် ဖြစ်မြောက်အောင် မဆင်ယင်နိုင်ဘဲ တော်လှန်ရေးက စွန့်ခွာသူတို့ကို သွေးကြောင်သလားဟု စကားနာထိုးနေပြန်၏။ အရောင်ဆိုးထားသမျှ အရောင်မပြယ်စေရန် ထပ်ဖန်တလဲလဲ သွေးထိုးနေသည့်စကား များဖြစ်သည်။ ခြောက်လသာ တောင့်ခံဟုပြောပြီး ယခု ခြောက်နှစ်ဆိုလျှင် ပြောသည့်သူများက လွန်သလား၊ ပြောစကားယုံသည့်သူများက လွန် သလားဟု တွေးကြည့် တော်မူကြပါကုန်။ PDF လေးတစ်ယောက်သည် ငှက်ပျောဖက်ဖြင့် ထမင်းထည့်စားကာ အိမ်ပြန်ချင်သည့်အကြောင်း လူမှုကွန်ရက်တွင် တင်ထား၏။ ထိုကဲ့သို့ မြင်ကွင်းမျိုးကို နှလုံးသားရှိ သူတို့က စာနာတတ်ပါလိမ့်မည်။ တော်လှန်ရေးဘက်အခြမ်းက သူတော်ကောင်းဆိုသည့် သူများက 'သွေးကြွေးမှာ ဆွေးနွေးစရာမရှိ'ဆိုသည့် ကြက်တူရွေးစာချသကဲ့သို့ အလွတ်ကျက်ထားသည့် စကားများဖြင့် ထို PDF လူငယ်လေးကို အရောင်ဆိုးနေကြလေသည်။ ထိုကဲ့သို့ အရောင်ဆိုးနေသည့်စကား ကို ဟာသဉာဏ်ရှိပြီး တော်လှန်ရေးကို သရော်ချင်သူများက 'ဆွမ်းကျွေးမှာ ဇွန်းရွေးစရာမရှိ'ဟု ကလိခြင်း ဖြစ်ပါလိမ့်မည်။
    နှစ်ကြာလာလေ လုပ်ငန်းကတိုးတက်လာရ မည်ဖြစ်သော်လည်း မင်းတို့တော်လှန်ရေးက အပြစ်ပြောစရာ၊ နောက်စရာ၊ ပြောင်စရာ ဖြစ်လာနေပါပြီဟု ဆိုသည့် သူငယ်ချင်း၏ စကားကို သတိရမိပါ၏။ စိတ်ကိုရှင်းရှင်းထား၍ အသုံးချခံဖြစ်သွားပြီလားဟု တွေးကြည့်၍ လွတ်လပ်မှုကို ရှာဖွေကာ အနာဂတ်ကို တည်ဆောက်ခြင်းက နောင်တကင်းဝေးမည်ဖြစ်ကြောင်း စေတနာရှေ့ထားပြောလိုပါသည်။ လူလည်များ က တော်လှန်ရေးစွန့်လွှတ်ခြင်း အနုပညာဖြင့် အခွင့်အခါကောင်းကို ရှာနေကြပြီဆိုသည်ကို တိတိကျကျ ကြားရမြင်ရသည်များကို ဝေမျှခြင်းဖြစ်ပါသည်။ အကျိုးယုတ်မည့်စကားကို မတိုက်တွန်းလို စေတနာ စကားသာဖြစ်သည်ဟု ခေတ်ကာလကို ဖြတ်သန်းနိုင်မည့် စကားကို ပြောပါရစေ။ ခေတ်ကာလကို ဖြတ်သန်းနိုင်သည်ဆိုသည့် စကားက  'ခြောက်လပဲ တောင့်ခံ'၊ 'တွဲတိုင်းမှာ စက်ခေါင်းပါတယ်'ဆိုသည့် စကားများကို မြှောက်ပင့်ပြောပြီး ထွက်ပြေးသွား သူ၏ စကားမဟုတ်ကြောင်း ပြောချင်ပါ၏။    ရွှေထီး  

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 40

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65016

© 2022 - 2026 News. All Rights Reserved.