ဝမ်းနည်းမှတ်တမ်း
‘သကြားမင်း ဖျက်တောင် ပျက်နိုင်ပါဘူးရှင်’ဆိုသည့် သီချင်းစာသားပင် သွားပြီး သတိရမိပါ၏။ အတွင်းမှလည်း ဖျက်သည်။ အပြင်မှလည်းဖျက်သည်ဆိုရ မလိုပင် နည်းမျိုးစုံတိုက်ခိုက် နှောင့်ယှက်ဖျက်ဆီး မှုအပေါင်းနှင့် ကြုံတွေ့နေရလင့်ကစား အဖျက်သမားပေါင်းစုံ လက်မှိုင်ချရသည်အထိ ဖြစ်နေလေသည်။ အဖျက်သမားတို့ ဖျက်ချင်တိုင်းဖျက်၍မရ မမြင်နိုင်၊ မကြားနိုင်၊ မရှုနိုင်သဖြင့် ဖျက်၍မပျက်သော အရာကိုကြည့်ပြီး ကြိတ်မနိုင်ခဲမရဖြင့် ဒေါသထွက်၍သာ နေနေကြကုန်၏။ ထိုသူတို့အတွက် ‘ဝမ်းနည်းမှတ်တမ်း’ဟုသာ ဆိုရတော့မည်ဖြစ်သည်။ ‘ဝမ်းနည်းမှတ်တမ်း’ဟု ဆိုလိုက်လျှင် နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကို ပြေး၍ မြင်မိကြမည်ဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်၏ ရှိုးပွဲနှင့်ပတ်သက်၍ ပြီးခဲ့သည့် အပတ်က မန္တလေးမြို့တွင် ကျင်းပခဲ့စဉ်ကလည်း အတိုက်အခိုက် အဖျက်အမှောင့် လုပ်လိုသူတို့ များစွာရှိခဲ့ကြသည်။
မန္တလေးမြို့က စိုင်းစိုင်းရှိုးပွဲသည် အတိုက်အခိုက်အဖျက်အမှောင့်လုပ်သူများ မည်ကဲ့သို့ရှိလင့်ကစား ခေတ်စကားနှင့် ပြောရလျှင် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည့် ရှိုးပွဲကြီး ဖြစ်ခဲ့သည့်အကြောင်း အထူးပြောရန် မလိုဘဲ အားလုံးအသိပင် ဖြစ်ကြပါသည်။ စိုင်းစိုင်း၏ ရှိုးပွဲနှင့်ပတ်သက်၍ မည်သို့သော သူများက ဖျက်လိုဖျက်ဆီးနှောင့်ယှက် တိုက်ခိုက်လိုကြသနည်းဟု မေးလာခဲ့လျှင် ‘နီပိန်းတွေပေါ့’ဟု တစ်ခွန်းတည်းဖြေရမည်ဖြစ်ပြီး တစ်နည်းအားဖြင့် ‘တော်လှန်ရေးသမား’ဆိုသည့် အမှောင်ဘက်အခြမ်းက လူများပင် ဖြစ်သည်။ ထိုနီပိန်း တော်လှန်ရေးသမား ဆိုသူတို့သည် အများပြည်သူ ပျော်ရွှင်ဝမ်း မြောက်သာယာနေသည့် မြင်ကွင်းများ၊ သတင်းစကားများကို မကြားလို၊ မမြင်လိုကြသူများဖြစ်ပြီး မည်သည့်နေရာက မည်သူ့ကို ခြေကန့်လန့် ထိုးရမည်လဲဟု အမြဲစဉ်းစားနေကြသော သူများသာ ဖြစ်ကြ၏။ စိုင်း စိုင်းခမ်းလှိုင်၏ မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ရှိုးပွဲတွင်လည်း မကျင်းပစဉ်အချိန်မှစ၍ နီပိန်းတော် လှန်ရေး အုပ်စုတို့သည် စဉ်ဆက်မပြတ် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး စိုင်းစိုင်း၏ အနုပညာပြချက် အောက်တွင် နီပိန်းအပေါင်း ဒူးထောက်သွားခဲ့ကြရသည်။ သူတို့က စိုင်းစိုင်းကို အဘယ့်ကြောင့် သဲကြီး မဲကြီး တိုက်ခိုက်နေကြသနည်းဟု မေးလာလျှင် လူအများပျော်ရွှင်အဆင်ပြေနေသည့် မြင်ကွင်းမျိုး မမြင်လိုမကြားလိုသောကြောင့်ဟုသာ ဖြေရလိမ့်မည်။
ထိုကဲ့သို့ တော်လှန်ရေးဘက်တော်သားက ဟိုဟာမလုပ်ရ၊ သည်ဟာမလုပ်ရဆိုကာ နေ့စဉ်လူမှုဘ၀ ဖြတ်သန်းမှုအပေါ်ကို အပြစ်ပြောနေသူများကို တော်လှန်ရေးထောက်ခံပါသည် ဆိုသူတို့ကပင် အမြင်ကပ်လာကြသည်။ တော်လှန်ရေးအသိုင်းအဝိုင်းကို အမြင် ကပ်လာသူများထဲတွင် တော်လှန်ရေးနှင့်အတူ နာမည်ကြီးလာသည့် ဒယ်ဂူးဆရာတော်ဆိုသူက ‘လမ်းများအားလုံး နေပြည်တော်သို့က ပြောင်းသွားပြီ။ လမ်းများအားလုံးက စိုင်းစိုင်းခမ်းလှိုင်သို့၊ လမ်းများအားလုံး ထွန်းအိန္ဒြာဗိုလ်သို့’ဟု ဆိုထားလေသည်။ ဒယ်ဂူးဆရာတော်၏ အတွေးအမြင်အရ တော်လှန်ရေးဘက်အခြမ်းက လူများသည် သူများအပြစ် များကို လိုက်ကြည့်နေရင်း ကြည့်နေရင်းမှ တော်လှန်ရေးငပေါကြီးများဖြစ်ကာ လူအများက မုန်းသွားခြင်း ဖြစ်သည်ဟု ဆိုလေသည်။ ‘တော်လှန်ရေး ၂၀၂၁၊ ၂၂ စခါစက တအားကောင်းတာ။ အခုက ကိုယ့်တော် လှန်ရေးဘက်မှာ ရှိနေတဲ့ Boycott လုပ်တဲ့ သူတွေက ငပေါဆန်သွားတယ်၊ အလကားနေ လျှောက်လုပ်နေကြတာ။ တော်လှန်ရေးဘက်က ထန်းသီးလောက်ရှိတဲ့ ကိုယ့်မျက်ချေး ကိုယ်ကြမမြင်ဘဲ မျက် ချေးလောက်ရှိတဲ့သူများ အပြစ်ကြ လိုက်မြင်နေတဲ့ဆိုတော့ မင်းတို့ တော်လှန်ရေးထဲမှာ ပါလာကြတဲ့သူ တွေတောင်မှပဲ ကိုယ့် လူသူ့ဘက်သားမဟုတ်တဲ့သူတွေတောင် လွင့်စဉ်ကုန်ကြတာ အများကြီးပဲ”ဟု တော်လှန်ရေး ငါးနှစ်ကျော်လာချိန်တွင် ငပေါတော်လှန်ရေး ဖြစ်သွားကြောင်း ဝမ်းနည်းစွာဖြင့် ထုတ်၍ ပြောလာလေတော့သည်။
ဝမ်းနည်းမှတ်တမ်း(၂)
‘မင်းတို့အကြံ ဒါ အကုန်ပဲလား’ဟု ဝိုင်းမေးနေကြသည်။ ၂၆-၉-၂၀၂၆ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စိုင်းစိုင်းခမ်းလှိုင် အပါအဝင် အနုပညာရှင်လေးဦး ဖြစ်ကြသည့် ရဲလေး၊ ဘန်နီဖြိုးနှင့် Bobby Soxer တို့ ဖျော်ဖြေကြမည် ဖြစ်သည်။ ထိုဖျော်ဖြေပွဲကို သွားရောက် အားမပေးကြရန် တော်လှန်ရေးအင်အားစုဟုဆိုကာ ခွက်ခေါက်နေသည့် အုပ်စုနှင့် ပြည်ပြေးများက လှုံ့ဆော်နေကြလေသည်။ ထိုအထဲကမှ ထိုင်း ရောက်ခွက် ခေါက်ထောက်ပို့ဆိုသူ ငစည်ဆိုသူက စိုင်းစိုင်းတို့ရှိုးပွဲကို အားမပေးရန် အာပေါင်အာရင်း သန်သန်ဖြင့် ပြောနေလေသည်။ ကျန်သည့်တော်လှန်ရေးကိစ္စများကို ပြော လျှင် ခွန်းတုံ့ပြန်လေ့မရှိသည့် ပြည်သူများက မည်ကဲ့သို့ တုံ့ပြန်မည်ကို စိတ်ဝင်စားမိ၏။ ယခင်က တော်လှန်ရေး ကိစ္စများပြောလျှင် ခွန်းတုံ့မပြန်ခြင်းဆိုသည်က ကိုယ်နှင့်မဆိုင်ဘဲ မသိချင်ယောင်ဆောင် နေကြသူများသောကြောင့်သာ ငစည်တို့ကို ထောက်ခံနေသည်ဟု ထင်နေ ကြတာဖြစ်သည်ကိုလည်း ယခုမှ သဲသဲကွဲကွဲသိလိုက် ရသည်။
ယခု စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲကို Boycott လုပ်ရန် ပြောနေသည့် ငစည်ကို ပြန်ပြောနေကြသည်မှာ တော်လှန်ရေးက စိုင်းစိုင်းရှိုးပွဲတစ်ပွဲနှင့်ပင် ခုခံနိုင်စွမ်းမရှိ အောင် အတုံးအရုံး ကျဆုံးသွားကြကုန်၏။
တော်လှန်ရေးသမားများကို ပြန်ပြောသည့် ပြည်သူများ၏ စကားသံထဲမှ ‘’Rဇာနည်၊ ဖြူဖြူကျော်သိန်းတို့ဆိုတာကြတော့ ကောင်းတယ်ပေါ့နော်။ သူများ အပြစ်ပြောချင်ရင် ကိုယ့်ဘက်က သန့်ရှင်းဖို့လိုမယ်။ အနုပညာနဲ့ ချစ်ခြင်းမေတ္တာဆိုတာ လွတ်လွတ်လပ်လပ် ထားသင့်တယ်။ ဘောင်မခတ်ပါနဲ့ ခင်ဗျားတို့အဖွဲ့အစည်း ဒီ့ထက်ဆိုးသွားလိမ့်မယ်”ဆိုသည့် အကြောင်းအရာများ Boycott လုပ်ရန် ပြောနေသူများကို အရှိုက်ကိုတည့်တည့် ထိုးသည့်ပမာ ဖြစ်နေလေသည်။
ဝမ်းနည်းမှတ်တမ်း(၃)
လုပ်စားနိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများနှင့် လူငယ်လူရွယ်များကို ဝါဒမှိုင်းတိုက်၍ အကြမ်းဖက်လမ်းစဉ်သို့ ပို့ခဲ့သူတို့သည် အရာအားလုံး သူတို့အကြိုက်ကို လိုက်၍နေထိုင်မှ သူတို့လူအဖြစ် သတ်မှတ်ကြသူများသာ ဖြစ်လေသည်။ သူတို့အကြိုက်ကို လိုက်၍ မနေကြသူများကို ရန်သူဟု သတ်မှတ်ထားကြရာ အေးချမ်းစွာ ပညာသင်ကြားသည့် ကလေးငယ်များကိုပါ ‘စစ်ကျွန်ပညာရေး’ ခေါင်းစဉ်တပ်၍ ထိုပညာသင်ကြား နေသည့်ကလေးများကိုပါ ရန်သူအဖြစ် သတ်မှတ်နေကြသူများဖြစ်သည်။
ထိုကဲ့သို့ကလေးများ၏ လွတ်လပ်စွာ ပညာသင်ကြားခြင်းကိုပင် ရန်သူကဲ့သို့ သတ်မှတ်နေသည့် တော်လှန်ရေးသမားများအဖို့ သူတို့နှင့် အကြိုက်ချင်း မတူခြင်းသည်ပင်လျှင် အလွယ်တကူ ရန်သူဟု သတ်မှတ် ခံရခြင်းမှာ မဆန်းပေ။ အထူးသဖြင့် ပြည်တွင်းတွင် ရှိနေသည့် အနုပညာရှင်အသိုင်းအဝိုင်းကို အနုပညာလုပ်ငန်းလုပ်သည်နှင့် တော်လှန်ရေး၏ ရန်သူတော်ကြီးအဖြစ်ပုံဖော်၍ သတ်မှတ်ကြလေသည်။ ပြည်တွင်းတွင် ရှိနေသည့် အနုပညာရှင်များအဖို့ ပြည်သူကို မဖျော်ဖြေလျှင် သူတို့မည်သည့်လုပ် ငန်းကို လုပ်ကိုင်ကြရမည်နည်း။
ထိုကဲ့သို့ ပြည်တွင်းတွင်ရှိသည့် အနုပညာရှင်တို့က ပြည်တွင်းတွင် အနုပညာဖျော်ဖြေပွဲများ ကျင်းပခြင်းကိုပင်လျှင် နည်းမျိုးစုံဖြင့် ပွဲဖျက်ရန် ကြိုးစားခဲ့ကြသော်လည်း ငါးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးသမားဆိုသူတို့၏ စကားကို ပြည်သူတို့က လုံးဝအယုံအကြည် မဲ့သွားကြကုန်လေသည်။ အနုပညာဖျော်ဖြေပွဲများကို အနုနည်းနှင့်လည်း ခြိမ်းခြောက်ခဲ့ဖူး၏။ အကြမ်းနည်းနှင့်လည်း ခြိမ်းခြောက်ခဲ့၏။ မည်သို့မျှခြိမ်းခြောက်၍ မရသောအခါ နည်းလမ်းတစ်မျိုး စမ်းကြည့်မည့်ပုံစံအကြောင်း နေမျိုးဇင်ဆိုသူက ပြောလာလေသည်။ ‘ပွဲကို တက်ရောက် အားပေးကြမယ့်သူတွေ ဘယ်လိုအရှက်သိက္ခာနဲ့ လာကြသလဲ။ ဘယ်လိုလူမျိုးတွေ လာကြသလဲဆိုတာ လေ့လာရင်း မြန်မာ့အနာဂတ် အခင်းအကျင်း အတွက် ဘာဆက်လုပ်သင့်သလဲ ဆုံးဖြတ်နိုင်ဖို့ပါ။ တောထဲမှာ အသေခံတိုက်နေတဲ့ ရဲဘော်လေးတွေ စားစရာ ဆန်မလောက်၊ မိုးကာမလုံ၊ ကျည်မရှိ အခက်အခဲအပြည့်နဲ့ တိုက်ပွဲဝင်နေရချိန်၊ ဘန်ကောက်လို တိုင်းတစ်ပါးရောက်နေချိန် အမိမြေလွတ်မြောက်ရေးအတွက် ဝင်မကူဘဲ အပျော်အပါးနဲ့ နေနိုင်အားတဲ့ လူတန်းစား ဘယ်လောက်များနေသလဲ လေ့လာမှတ်တမ်းတင်ထားဖို့ပါ။ နောင်တစ်ချိန် ပြည်တွင်းမှာ ပြန်ဆုံကြတဲ့အခါ အခု ပွဲလာသူများ လိပ်ပြာလုံနေပါစေလို့ ဆုတောင်းရင်းပွဲခင်း ပြင်ပတစ်နေရာမှာ ကျွန်တော်ရှိနေသင့်တယ်လို့ စဉ်းစားနေမိတယ်”ဟု ဝမ်းနည်းကြေကွဲသံဖြင့် ပြောနေလေသည်။
တော်လှန်ရေးသမားတွေ ငေးပြီး ငိုကြရမည့်ပွဲ
တော်လှန်ရေးဘက်အခြမ်းကသူတွေ အချင်းချင်းပြောနေသည့် စကားများထဲတွင်ပင် အဖြေပါနေပြီဟု ဆိုနိုင်ပါသည်။ တော်လှန်ရေးသမားဆိုသူတို့က သူတို့ပြောသည့်အတိုင်း ပြည်သူလူထုက လိုက်၍ လုပ်ကြလိမ့်မည်ဟု ထင်နေသည်ကိုက ဆေးလှုပ်၍သောက်ရန် လိုအပ်နေပြီဖြစ်သည်။ ပြည်တွင်းရှိ အနုပညာသမားတို့သည် တော်လှန်ရေးနှင့်ပတ်သက်၍ ဆိုးသည်ကောင်း သည်မပြောဘဲ ကိုယ့်အလုပ်ကိုယ် လုပ်နေခြင်းကိုက တော်လှန်ရေးကို ခလုတ်တိုက်နေသည်ဟု အထင်ရောက်နေကြလေသည်။ တော်လှန်ရေးသမားဆိုသူတို့က ပြည်တွင်းက အနုပညာရှင်တို့ကို တော်လှန်ရေးအပေါ် အရေးမလုပ်၍ အရှက်မရှိသယောင် ပြောနေသည်များလည်းရှိရာ အမှန်တကယ် ရှက်ရမည့်သူများက ကိုယ်နှင့်မတူလျှင် ရန်သူဟု သတ်မှတ်နေသူများ ငါးနှစ်ကျော်ကာလအထိ ပြည်သူနှင့်လူငယ်လူရွယ်များကို မျှော်လင့်ချက် အမှားပေး ခဲ့သည့် လုပ်စားနိုင်ငံရေးသမားများက ပို၍ ရှက်ရမည့်ဖြစ်သည်။ ပြည်သူက ကောင်းကောင်းကြီးသိ သွားပြီဖြစ်သည်။ မည်သည့်အဖွဲ့အစည်းက ပြောသည့် ကတိအတိုင်း တိတိကျကျ လုပ်တတ်သည်၊ မည်သည့်အဖွဲ့အစည်းက အာဝါဒအဖွဲ့အစည်းဆိုသည်နှင့်အတူ မည်သည့်အဖွဲ့အစည်းက ပြည်သူ့အ ကျိုးကို အစစ်အမှန် အကျိုးပြုနေသည်ဆိုသည်ကို ကောင်းကောင်းကြီးသိသွားပြီဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် တော်လှန်ရေးဘက်အခြမ်းက ပြောသည့်စကား အရေးအရာပင် မလုပ်တော့ပေ။ သည်သတင်းကို ကြည့်လျှင် ကောင်းကောင်းကြီးသိ ပါလိမ့်မည်ဟု ဆိုပါရစေ။ ‘Boycott လုပ်ဖို့ ဝိုင်းပြောကြပေမယ့် သိန်း ၃၀ ကျော်တန် လက်မှတ်တွေပါ တစ်ပတ်အတွင်း ရောင်းကုန်သွားတဲ့ ထိုင်းနိုင်ငံက စိုင်းစိုင်းခမ်း လှိုင်ရှိုးပွဲက ဘာတွေဖြစ်နေလဲ။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ပြီးခဲ့တဲ့အပတ်က မန္တလေးမှာ အောင်မြင်စွာရှိုး ပွဲပြုလုပ်ခဲ့ပြီး ပရိသတ်အများအပြား လာရောက်အားပေးခဲ့ကြပါတယ်။ အဲဒီပွဲမတိုင်မီ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲကို မသွားကြဖို့ လက်မှတ်မဝယ်ကြဖို့၊ BC လုပ်ကြဖို့ လူမှုကွန်ရက်ပေါ်မှာ ပြောကြပေမယ့် ပွဲနေ့ရောက်တဲ့ အချိန်မှာ ပရိသတ်သောင်းချီ လာရောက်အားပေးခဲ့ကြပြီး သိန်းပေါင်းနှစ် သောင်းလောက်တောင် အမြတ် အစွန်းရခဲ့တယ်လို့တောင် ပြောနေကြပါတယ်။
အခုတစ်ခါမှာလည်း ထိုင်းနိုင်ငံမှာ လာရောက်ကျင်းပမယ့် စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲကို မသွားကြဖို့၊ BC လုပ်ကြဖို့ အမျိုးမျိုးပြောဆိုနေကြတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ လက်မှတ်ရောင်းချတဲ့ အခြေအနေကိုကြည့်ရင် ပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုက တော်တော်လေး မြင့်မားနေတာကို တွေ့ရပါတယ်။ အချက်အလက်တွေအရ ဈေးအကြီးဆုံးခုံတွေက သိန်း ၃၀ ကျော်အထိရှိပြီး ဈေးအနည်းဆုံးလတ်မှတ်က လေး သိန်းနီးပါးအထိ ရှိနေတာလို့ သိရပါတယ်။ အဲဒီလို လက်မှတ်ဈေးတွေ မြင့်မားနေပေမယ့် လက်မှတ်တွေအားလုံး ရောင်းကုန်သွားတယ်လို့ သိရတာကြောင့် ပွဲအပေါ် စိတ်ဝင်စားမှုက ဘယ်လောက်အထိရှိ မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ BC လုပ်ကြဖို့ ဘယ်လောက်ပဲ ပြောနေ ကြပါစေ လက်တွေ့မှာတော့ လက်မှတ်တွေအချိန်တိုအတွင်း ရောင်းကုန်သွားတာကတော့ ပရိသတ်တွေ ရဲ့တုံ့ပြန်မှုကို ပြသနေတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်”ဟု ပြည်သူများ၏ တုံ့ပြန်မှုက တော်လှန်ရေးဘက် အခြမ်းကလူများကို လှောင်နေသကဲ့သို့ ဖြစ်နေလေသည်။ ကိုယ်နှင့်မတူလျှင် ရန်သူဟု သတ်မှတ်ကြသည့် တော်လှန်ရေးသမားများ စိုင်းစိုင်းရှိုးပွဲကြည့်ကြသူများက မြန်မာပြည်သူများ မဟုတ်ကြဘူလားဟု မေးခွန်းထုတ် ချင်မိပါ၏။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )