ထရမ့်နှင့် မလှမ်းမကမ်းက ဘီရုမာအဆိုးရ

၂၀၂၆ ၊ ဇန်နဝါရီ ၁၆

ဒီတစ်ပတ် ကမ္ဘာ့ထိပ်တန်း သတင်းတွေကတော့ အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြသည်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ ဇနီးသည်ကို အမေရိကန်က ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ဖမ်းသွားတဲ့သတင်းက ကမ္ဘာ့ရပ်ဝန်းမှာရော၊ ထူးမြတ်တို့ပါလေရာ ဘီရုမာဖေ့စ်ဘုတ် ရပ်ဝန်းမှာရော ပြောစရာတွေ ဖြစ်ကုန်သည်။ နိုင်ငံတစ်ခုက ခေါင်းဆောင်တစ်ယောက်ကို အခြားနိုင်ငံက ဖမ်းတယ်ဆီးတယ်ဆိုတာက ကိုလိုနီခေတ်ကသာ ကြားဖူးကြပြီး ခုလိုတစ်ဖန်ဖြစ်လာတော့ လူစိတ်ဝင်စားကြသည်ပေါ့။ ရေနံသယံဇာတ ပေါကြွယ်ဝသော ဗင်နီဇွဲလား နိုင်ငံဆိုတာကလည်း အမေရိကန်နိုင်ငံအတွက် မျက်စိကျစရာဖြစ်နေသည်။ ဒီတော့ အမေရိကားအထူး တပ်ဖွဲ့ကြီးက ဗင်နီဇွဲလားသမ္မတနှင့် သမ္မတက တော်ကို ဖမ်းသွားကြပြီး မူးယစ်ဆေးဝါးမှောင်ခို ဘာညာဆိုပြီး ခေါင်းစဉ်တပ် ရုံးတင်ကြလေတော့သည်။ မာဒူရိုတစ်ယောက် မူးယစ်ဆေးကုန်ကူးသလား၊ မကူးသလားဆိုတာကတော့ သေချာမသိရသော အကြောင်းအရင်းဖြစ်သည်။ ဒါကလည်း နိုင်ငံတစ်နိုင်ငံက တစ်နိုင်ငံကို ကျူးကျော်စစ်ပြုရာတွင် အကြောင်းပြချက် ရှာတာလည်း ဖြစ်နိုင်သည်။ အကျိုးအကြောင်းလေးနဲ့ ကျူးကျော်စစ်ပြုတော့ ကျန်တဲ့နိုင်ငံတွေက အပြစ်ရှာဖို့ အနည်းငယ်တုံ့ဆိုင်းလေ့ရှိသည်။
    ထူးမြတ်တို့နိုင်ငံကိုလည်း သီပေါဘုရင်လက်ထက်က ဘုံဘေဘားမား သစ်ကုမ္ပဏီကိစ္စ အကြောင်းပြကာ ကျူးကျော်စစ် ဆင်နွှဲပြီး အရှင်နှစ်ပါးကို ဖမ်းဆီးသွားဖူးတဲ့ အတွေ့အကြုံရှိသည်။ အကြောင်းပြချက်လေးနဲ့ အင်အားကြီးနိုင်ငံတွေက အင်အားနည်း နိုင်ငံတွေကို ကျွန်ပြုတာက ခုမှမဟုတ် ဟိုအရင်ခေတ်ဟောင်းက နည်းလမ်းဖြစ်လေတော့ ဗင်နီဇွဲလားကိစ္စက သိပ်တော့ အံ့သြစရာ မဟုတ်ပေ။
    မာဒူရိုကိုဖမ်းပြီး မကြာခင်ထရမ့်ဆီက ရေနံကိစ္စ အသံထွက်လာသည်။ ဒီလိုပဲ စစ်ရှုံးတဲ့ နိုင်ငံက သယံဇာတတွေကို စစ်နိုင်တဲ့နိုင်ငံက စိတ်ကြိုက်သုံးစွဲတာကလည်း သမိုင်းမှတ်တမ်း ရှိသည်။ ထူးမြတ်တို့ နိုင်ငံ သူ့ကျွန်ဘ၀ ရောက်တုန်းကလည်း နန်းတွင်းကပစ္စည်းတွေ၊ နိုင်ငံပိုင်ကျွန်းသစ်တွေ၊ သဘာဝသယံ ဇာတတွေအကုန် အင်္ဂလန်က ယူသွားကြသည်။ ခုချိန်ထိ မြန်မာ့ရှေးဟောင်း အဖိုးတန်ပစ္စည်းတွေ အင်္ဂလန်က ပြတိုက်တွေမှာ ရှိသေးသည်။ သူတို့ကတော့ ထိန်းသိမ်းထားတာဟု မှတ်ချက်ပြု သော်လည်း ထူးမြတ်ကတော့ သူခိုးတွေဟုသာ မြင်မိသည်။ ထားပါတော့ ဗင်နီဇွဲလားရေနံတွင်းတွေကလည်း မက်လောက်စရာဆိုတော့ ငပွကြီးတို့ သွားရည်ကျတာ အပြစ်တော့ မဟုတ်ချေ။ ဒီတော့ သမ္မတမာဒူရိုကိုဖမ်း လာတဲ့ ရုပ်သံအပိုင်းအစတွေကို ရုပ်သံက ထုတ်လွှင့်ပြသတော့ ကမ္ဘာက စိတ်ဝင်တစား ကြည့်ကြသည်။ အမေရိကန်တို့က ကမ္ဘာ့လူလည်ကြီးတွေဆိုတော့ အပြစ်ရှိလို့ ဖမ်းလာတယ်ဆိုတာ ပြချင်တော့ ရုံးတင်စစ် ဆေးကြသည်။ မာဒူရိုကလည်း သူ့မှာအပြစ် မရှိကြောင်း ငပွကြီးတွေ ပြန်ပေးဆွဲလာတာဖြစ်ကြောင်း ရုံးတော်မှာ အကြိမ်ကြိမ် ထွက်ဆိုသည်ဟု ကြားရသည်။ အေးလေ မသိရင် ပြန်ပေးဆွဲသလို ဆိုတော့ မာဒူရိုနေရာမှာ ထူးမြတ်ဆိုရင်လည်း ခုလိုပဲထွက်ဆိုမှာပဲ ဖြစ်သည်။
    အမေရိကန်တို့က ဗင်နီဇွဲလားသမ္မတ သာမကသမ္မတ ကတော်ကိုပါ တစ်ပါတည်း ဖမ်းဆီးပြီး ခေါ်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် သီပေါမင်းနဲ့ စုဖုရားလတ် တို့ကိုတောင် သတိရမိသေးသည်။ ခုအဖြစ်ကလည်း ဆင်တူပင်ဖြစ်သည်။ အမေရိကန်လည်းရောက်ရော သမ္မတရော သူ့ကတော်ကိုပါ စွဲချက်တင်တော့သည်။ သမ္မတကတော် ရုံးကိုရောက်လာချိန် ထွက်ပေါ်လာသော ဓာတ်ပုံကိုကြည့်၍ စိတ်မကောင်း ဖြစ်ရသေးသည်။ မျက်ကွင်းတစ်ဖက် ညိုမည်းနေသောဒဏ်ရာကို တွေ့ရသည်။ ဖမ်းဆီးတုန်းက ဆော်ပလော်အတီးခံရတာ ဖြစ်နိုင်သည်။ ဒီဖြစ်ရပ်ကို အင်မတန်လူ့အခွင့်အရေး အော်ဟစ်တတ် သော ဒီမိုကရေစီနိုင်ငံကြီးသားတွေ နှုတ်ဆိတ်နေသလို အင်မတန်စိတ်ပူတတ်သော ကုလသမဂ္ဂကြီး လည်း ဘာမှမဖြစ်သလို နေကြသည်။ မဆီမဆိုင် ဟိုကြီးတော်ကြီးတောင် သတိရမိသေးသည်။ အထဲမှာ ကြီးတော်ကြီး ခြင်ကိုက်နေသလား၊ ကြမ်းပိုးကိုက်နေသလား၊ နေမကောင်းဘူးလား လှမ်းစိတ်ပူကြသူတွေ ဗင်နီဇွဲလားသမ္မတကတော့ မျက်ကွင်းညိုတာကို အဖက်ပင် မလုပ်ကြချေ။ အမေရိကန်လုပ်တာတွေက တော်တော်လေး သမာသမတ်ကျပြီး ထိုးတာတောင် ဒီမိုကရေစီလက်သီးနဲ့ထိုးတာ ဖြစ်နိုင်သည်။ သမ္မတ ကတော်နေရာမှာ ဟိုအန်တီကြီးသာဆိုရင် ခုချိန် အမေရိကန်တို့ ဖေ့စ်ဘုတ် တံတွေးခွက်ပေါ်မှာ ပက်လက်မျောနေလောက်ပြီဖြစ်သည်။
    ဒီလို သူတစ်ပါးနိုင်ငံက သမ္မတကို ဖမ်းပြီး ရေနံတူးဖို့ကြံနေသလို ဂရင်းလန်း ဆိုသည့်နေရာကိုလည်း ငပွကြီးတို့ စားမာန်ခုပ်နေကြပြန်သည်။ ဒီသတင်းကိုဖတ်ပြီး ကိုရွှေဘီရုမာတို့က ဖေ့စ်ဘုတ်ပေါ်မှာ ထုံးစံအတိုင်း အာချောင်ကြပြန်သည်။ ဟိုသမ္မတကြတော့ ဖမ်းပြီး ဘယ်သူ့ကိုတော့ မဖမ်းဘူးဆိုတာမျိုး ပြောကြပြန်သည်။ ကိုယ်ထီးကိုယ့်နန်းနဲ့ နေချင်ကြတဲ့ လူမျိုးတွေအကြား ကိုရွှေဘီရုမာတို့က ပထွေးအရမ်းမျှော်ကြသည်။တစ်ခုခုဆိုရင် ငပွကြီးတို့နိုင်ငံကို လှမ်းလှမ်းမျှော်ရတာ အမောပင်ဖြစ်သည်။ တချို့ ပြည်ပအားကိုး သတင်းဌာန တွေဆိုရင် ဗင်နီဇွဲလားပြီးရင် ဘယ်နိုင်ငံဆိုတာမျိုး နှတ်ကြောင်း ပေးကြပြန်သည်။ ဟိုနိုင်ငံက ရေနံတွင်းကြီး ဖင်ခုထိုင်ထားလို့ မျက်စိကျတာ ဖြစ်သည်။ ကိုယ်ရွှေဘီရု မာတို့နိုင်ငံက သူတစ်လူ ငါတစ်မင်း ပြဿနာပေါင်း သောင်းခြောက်ထောင်သာ ရှိသည်။ ဒီကြားထဲ ဂျိုင်ရို ကော်ပတာ တစ်စင်း ဖင်ကြားညှပ်ပြီး သမ္မတရူး ရူးနေတဲ့ လူတွေက ရှိသေးသည်။ ဒီလိုလူတွေကို လက်ရှိအစိုးရ ကလွဲပြီး ကမ္ဘာပေါ်မှာ သည်းခံနိုင်သူ ရှိမည်မထင်ပေ။ ဒါကို ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမကြီး ပေါင်ကျိုးတာ မဆီမဆိုင် ဆွဲဆွဲထည့်ကြသေးသည်။
    ဒါပေမဲ့ ကိစ္စတော့မရှိချေ။ အဖမ်းအဆီးလက် ရဲဇက်ရဲလုပ်နေသော ထရမ့်ကြီးကို ဒီကနေ အကြံပေးချင်သည်။ ဗင်နီဇွဲလားသမ္မတကြီးကို ဖမ်းသလို ဖမ်းပေးပါလားဟု တောင်းဆိုနေကြသူတွေ ကျေနပ်အောင် တစ်ကွက်တော့ရှိသည်။ အဝေးကြီး တကူးတက လာစရာမလိုဘဲ အမေရိကန်မှာတင် ဘီရုမာနိုင်ငံက အဆိုးရအကြီး အကဲတွေကို ဖမ်းလို့ရသည်။ ဖမ်းလို့ရတာမှ အဆိုးရ အကြီးအကဲ တစ်ယောက်တည်း မဟုတ်ဘဲ အဆိုးရတစ်ဖွဲ့လုံးကို ဖမ်းလို့ရတာ ဖြစ်သည်။ ဝန်ကြီးဌာနအမည်မျိုးစုံ ပြောင်းပြီး ဟိုတလောလေးကမှတင် အရင်လူဟောင်းတွေနဲ့ အဆိုးရအသစ်ကို ကွိခနဲနေအောင် ဖမ်းလိုက်ရင် ထရမ့်ကြီး တစ်ယောက်သပိတ်ဝင် အိတ်ဝင်ဖြစ်မည်။ ဒါ့အပြင့် ကမ္ဘာပေါ်တွင် အဆိုးရအဖွဲ့ တစ်ဖွဲ့လုံးကို ဖမ်းဆီးနိုင်သော အမေရိကန်၏ ပထမဆုံးသော သမ္မတအဖြစ် မှတ်တမ်းဝင်သွားနိုင်သည်။ အဆိုးရတင် သာမက အဆိုးရထောက်ခံသူတွေပါ ဖမ်းလို့ရသည်။ ယုတ်စွအဆုံး ထိုအဆိုးရ၏ လွှတ်တော်ကိုယ်စား လှယ်ဆိုသူတွေပါ ဖမ်းလို့ရနိုင်သည်။ အားလုံးက အမေရိကားမှာ အခြေချ နေတာဆိုတော့ အထူးတပ်ဖွဲ့တွေ ဘာတွေသုံးစရာမလိုဘဲ တံခါးသွားခေါက်ပြီး ဖမ်းလိုက်ရုံပင်ဖြစ်သည်။ ပြီးရင် ခပ်တည်တည်နှင့် ဘီရုမာအဆိုးရအဖွဲ့ကြီးကို ဖမ်းလိုက်ပြီဟု ကမ္ဘာကိုကြေညာလိုက်လို့ရသည်။ ထိုအဆိုးရကြီးကို ဖမ်းလိုက်ရင် သူတို့ပိုင်သော ဒေါ်လာသန်းချီ ထရမ့်အိတ်ကပ်ထဲအသာလေး ရောက်လာမည်။ ဒါတင်မကသေး သူတို့ဝယ်ထားသော ဒေါ်လာသန်းချီတန် တော်လှန်အိမ် တော်ကြီးတွေ၊ ရောင်နီစံအိမ်ကြီးတွေပါ အကျိုးအမြတ် ထွက်နိုင်သည်။
    ထရမ့်ကြီးအနေနဲ့ဖမ်းရင် လက်သွက်ဖို့တော့ လိုသည်။ သူတို့က အရမ်းအပြေးသန်ကြသည်။ ဘီရုမာမှာ နွေဦးကာလ ဖုန်မထသေးခင်ကတည်းက အမေရိကားကို ကြိုရောက်နေကြတာကြောင့် ဖြစ်သည်။ ဖမ်းလိုက်ပြီး အမေရိကန်မှာ ရုံးတင်ရင်လည်း စွဲချက်ထွေ ထွေထူးထူး ရှာစရာမလိုချေ။ ဖေ့စ်ဘုတ်မှာ ဒရက်ဂွန်ဖလိုင်းလို့ ရိုက်ရှာလိုက်ပြီး လက်နက်မှောင်ခိုမှုနဲ့ ရုံးတင်လိုက်ရင် ကမ္ဘာကလည်း ကျေနပ်မည်ဖြစ်သည်။ သူတို့ကိုယ်တိုင်ကလည်း ယာယီသမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ ဒုဝန် ကြီးတွေ ဖြစ်တယ်ဆိုတာ ဖေ့စ်ဘုတ်မှာပဲ ရိုက်ရှာလိုက်တာနဲ့ သက်သေက လုံလောက်ပြီ ဖြစ်သည်။ နောက်ပြီး ဘီရုမာတို့နိုင်ငံက မြေကွက်တွေကို စိတ်ပိုင်းပြီး ရောင်းချထားသော အထောက်အထားတွေ တွေ့ရင် အဆိုးရတစ်ရပ်ဖြစ်ကြောင်း ပိုလို့တောင်ပေါ်လွင် ထင်ရှားသေးသည်။ ဗင်နီဇွဲလားသမ္မတနဲ့ ကတော်ကို ဖမ်းသလို အထူးတပ်ဖွဲ့တွေဘာတွေ သုံးစရာမလိုဘဲ ငှက်ပျောသီး အခွံနွှာသလောက် မခက်သည့် အဆိုးရအဖွဲ့ကို ဖမ်းလိုက်ရင် ထရမ့်ကြီးရဲ့ ဂုဏ်သတင်း မွှေးပျံ့လာ ပေလိမ့်မည်။ ဖမ်းဖို့က လွယ်လွယ်လေးပင် ဖြစ်သည်။ အိမ်ဖြူတော် ဖေ့စ်ဘုတ်စာမျက်နှာကနေ 'အရေးတော်ပုံ'လို့ တင်လိုက်ရုံ ဖြင့် အောက်မှာ 'အိမ်ရမည်'ဟု လာမန့် သူတွေကို လွယ်လွယ် ဖမ်းလိုက်ရုံပင်ဖြစ်သည်။ ထူးမြတ်

(TREND News ဂျာနယ်အတွဲ (၅) ၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59721

© 2022 - 2026 News. All Rights Reserved.